← Chapters

အခန်း (၈၁၁-၈၁၂)

Vol. 69 Ch. 811-812

အခန်း (၈၁၁-၈၁၂)

Vol. 69 Ch. 811-812

အပိုင်း (၈၁၁)

အင်အားကြီး သိုင်းသမား ခေါင်းဆောင် လော်ယဲ့က ပြောလိုက်သည်။ “ကျန်တဲ့ အင်ပါယာရဲ့ ဧကရာဇ် အများအပြားကတော့ အခု အိမ်သာကျင်းတွေကို သေချာ ရှင်းလင်းနေရပြီး အောက်တန်းအကျဆုံး ကျွန်တွေ ဖြစ်နေကြပြီ။ လူတွေ ခေါ်လာခဲ့စမ်း...”

ခဏအကြာတွင် သိုင်းသမား တစ်ဦးက ကျွန်တစ်ယောက်ကို ခေါ်ဆောင်လာ၏။

ဤကျွန်သည် အလွန် ချောမော၏။ အနည်းဆုံးတော့ မျက်နှာ တစ်ဝက်က အလွန် ချောမောသော်လည်း ကျန်တစ်ဝက်ကတော့ ပျက်စီးနေသည်။

သူသည် ယခင်က အဆင့်မြင့် နေရာတွင် ရှိခဲ့ဖူးပြီး နိုင်ငံငယ်လေး တစ်ခု၏ ဘုရင် ဖြစ်ခဲ့ဖူးပုံ ရသော်လည်း ယခုအခါ သူ၏ နိုင်ငံက ဖျက်ဆီးခံလိုက်ရပြီး သူသည် ကျွန် တစ်ယောက် ဖြစ်သွားခဲ့သည်။ ထို့အပြင် သူသည် သင်းကွပ်ခံထားရပြီး မိန်းမလျာ တစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်၏။

လော်ယဲ့က ပြောလိုက်သည်။ “သူက အရင်က မာလာ အင်ပါယာရဲ့ ဧကရာဇ် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ အောက်တန်းအကျဆုံး မိန်းမလျာ ကျွန်တစ်ယောက် သက်သက်ပဲ။ ကျုပ်ရဲ့ သေးအိုးကို သယ်ပေးရတဲ့ ကောင်ပဲ။”

ထို့နောက် သူက ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ကြည့်ကာ ဆက်ပြော၏။ “ကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်လို့ ပြောနေတဲ့သူ၊ ခင်ဗျားက သူ့ထက် ပိုချောတယ်လို့ ကျုပ် ထင်တယ်။ အကယ်၍ ခင်ဗျားမှာ တခြား စွမ်းရည် မရှိဘူး ဆိုရင် သင်းကွပ်လိုက်ပြီး ကျုပ်ရဲ့ မိန်းမလျာ ပျော်တော်ဆက် ယောက်ျားကျွန် လုပ်ရင်ကော ဘယ်လိုလဲ။ အနည်းဆုံးတော့ ထမင်း တစ်လုပ် စားရမှာပေါ့၊ ငတ်သေမှာ မဟုတ်ဘူးလေ။”

ယွင်ကျုံးဟဲ့သည် အလွန် တည်ငြိမ်နေ၏။ မျက်မှောက်ရှိ လော်ယဲ့၏ သိုင်းပညာသည် အလွန် အင်အား ကြီးမားသော်လည်း တကယ်ကို အသိဉာဏ် နည်းပါးပြီး မာနကြီးကာ ရယ်စရာ ကောင်းလှသည်။

‘ခင်ဗျားက တာ့ယန် အင်ပါယာသစ် အကြောင်းကို မသိရင်တောင် ပျံသန်းလာတဲ့ အဲဒီ လေသင်္ဘောကြီးကို ခင်ဗျား ကြည့်လိုက်လေ။ အဲဒါက ဘယ်လောက်တောင် ခေတ်မီပြီး အင်အားကြီးတယ် ဆိုတာကို ခင်ဗျား သိသင့်တယ်။

ဒဟေးယန် အင်ပါယာက လူတွေကတော့ ကိုယ့်ရဲ့ သိုင်းပညာ မြင့်မားတာကို အားကိုးပြီး အဆုံးအစမရှိတဲ့ သာလွန်မှု ခံစားချက်တွေ ပြည့်နှက်နေကြတာပဲ။ တကယ်ကို အသိဉာဏ် နည်းပါးလွန်းတယ်။’

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “အမတ်ကြီး လော်ယဲ့... ဒါဆို ခင်ဗျားတို့ရဲ့ ဧကရာဇ်ကို တွေ့ရအောင် ကျုပ် ဘယ်လို လုပ်ရမလဲ။”

လော်ယဲ့က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “အရမ်း လွယ်ပါတယ်။ ကျုပ်တို့ ဟေးယန် အင်ပါယာမှာ ချင်ဝမ် ကိုးယောက် ရှိတယ်။ ချင်ဝမ်တွေမှပဲ ဧကရာဇ်ကို တွေ့ခွင့် ရှိတာ။ ခင်ဗျား ဧကရာဇ်ကို တွေ့ချင်ရင် ချင်ဝမ် အရင် ဖြစ်အောင် လုပ်လိုက်အုံး။”

ထို့နောက် လော်ယဲ့က အေးစက်စွာ ပြုံးကာ ဆက်ပြော၏။ “ခင်ဗျားက ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ ကောင်ဆိုတော့ ခင်ဗျားက ကျွန် လုပ်ဖို့ပဲ ထိုက်တန်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားက ကျုပ်နဲ့ လူမျိုးတူနေသေးတယ်။ လူမျိုးတူတဲ့ ကျွန်တွေက မျိုးဆက်ပွားခွင့် မရှိဘူး၊ သင်းကွပ် ခံရမှာပဲ။ လူတွေလာကြ... ဒီလူ့ကို ဆွဲခေါ်သွားပြီး သင်းကွပ်လိုက်။”

လော်ယဲ့၏ အမိန့်ပေးသံနှင့်အတူ ချက်ချင်းပဲ သိုင်းသမား လေးဦး ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ကို ဆွဲခေါ်သွားကာ သင်းကွပ်ရန် ပြင်လိုက်သည်။

ယွင်ကျုံးဟဲ့က ပြော၏။ “အမတ်ကြီး လော်ယဲ့... ဘယ်အချိန်ကျမှ ကျုပ် ခင်ဗျားနဲ့ ပုံမှန် စကားပြောလို့ ရမလဲ။ ဘာလို့ အမြဲတမ်း ဓားတွေ သုံးပြီး သွေးထွက်သံယို ဖြစ်အောင် လုပ်နေရတာလဲ။”

လော်ယဲ့က အထင်သေးစွာ ရယ်မောကာ ပြောလိုက်သည်။ “အားနည်းသူတွေ အားလုံးက ပုရွက်ဆိတ်တွေပဲ။ ခင်ဗျားက ကျုပ်နဲ့ စကားပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ။ ကျုပ်နဲ့ တန်းတူညီမျှ ဆက်ဆံဖို့ ခင်ဗျားမှာ ဘာအရည်အချင်း ရှိလို့လဲ။ ခင်ဗျားကိုယ်ခင်ဗျား တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင်လို့ ပြောနေပေမယ့် ကျုပ်တို့ အမြင်မှာတော့ ခင်ဗျားက ဝက်တွေ၊ ခွေးတွေလောက်တောင် မတန်ဘူး။”

ယွင်ကျုံးဟဲ့က ပြော၏။ “ကျုပ် နားလည်ပါပြီ။ အင်အားကြီးသူတွေမှပဲ ခင်ဗျားတို့နဲ့ တန်းတူညီမျှ ဆက်ဆံခွင့် ရတာ မလား။”

လော်ယဲ့က ဖြေသည်။ “ဟုတ်တယ်။ အဲဒီအတိုင်းပဲ။ ကျုပ်တို့က အင်အားကြီးသူတွေကို လေးစားတယ်။ အင်အားကြီးသူတွေမှပဲ ကျုပ်တို့နဲ့ စကားပြောခွင့် ရှိတာ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျားတို့ကို ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ကျုပ်ကို လေးစားလာအောင် ခင်ဗျားတို့ လူဘယ်နှယောက်ကို ကျုပ် သတ်ရမလဲ။ အယောက်တစ်ရာလား၊ တစ်ထောင်လား၊ ဒါမှမဟုတ် အဲဒီထက် ပိုများများလား။”

လော်ယဲ့က ခနဲ့လိုသည့် လေသံဖြင့် မေးလိုက်သည်။ “ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ ခင်ဗျားလို လူချောလေးကလား။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လဆန်း ကိုးရက်နေ့၊ စိန်ခေါ် သိုင်းပြိုင်ရက်... ဟေးယန် အင်ပါယာရဲ့ စည်းမျဉ်းအရ ဘယ်ဟွာလူမျိုးမဆို သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့် ရှိတယ်မလား။ သိုင်းပြိုင်ပွဲမှာ နိုင်တာနဲ့ အင်ပါယာရဲ့ အထက်တန်းလွှာ ဖြစ်လာပြီး အာဏာ ရရှိနိုင်တယ် မလား။”

လော်ယဲ့က ဖြေလိုက်သည်။ “ဟုတ်တယ်။ အင်ပါယာရဲ့ ဥပဒေကို ချိုးဖောက်လို့ မရဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ဒီသိုင်းပြိုင်ပွဲမှာ ကျုပ်ဘာသာကျုပ် လက်နက် ရွေးချယ်ခွင့် ရှိလား။”

လော်ယဲ့က ဖြေသည်။ “သေချာပေါက် ရတာပေါ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် လာတုန်းက အထုပ်ကြီး တစ်ထုပ် ယူလာတယ်။ ကျေးဇူးပြုပြီး အဲဒီအထုပ်ကို ပြန်ပေးပါ။ အထူးသဖြင့် အဲဒီအထဲက စောင်းတစ်လက်ပါ။”

လော်ယဲ့က ဖြေသည်။ “ရတယ်။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “အဲဒီနေ့ သိုင်းပြိုင်ပွဲမှာ ပါဝင်မယ့်သူ ဘယ်နှယောက် ရှိလဲ။”

လော်ယဲ့က ဖြေလိုက်သည်။ “သုံးဆယ့်ကိုးယောက်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူတို့က ဘယ်အဆင့်တွေလဲ။”

လော်ယဲ့က ဖြေသည်။ “သိုင်းသမား နှစ်ဆယ့်ကိုးယောက်၊ ဆယ်စုမှူး ရှစ်ယောက်၊ ရာစုမှူး သုံးယောက်။”

ဤနေရာရှိ သိုင်းသမားများသည် ဆယ်စုမှူး နေရာကို လုယူရန် ဖြစ်ပြီး ဆယ်စုမှူးများသည် ရာစုမှူး နေရာကို လုယူရန် ဖြစ်ကာ ရာစုမှူးများကြား သိုင်းပြိုင်ခြင်းမှာမူ ထောင်စုမှူး နေရာကို လုယူရန် ဖြစ်ကြောင်း ထင်ရှား၏။

ဟေးယန် အင်ပါယာ၏ ထောင်စုမှူးများ၏ သိုင်းပညာမှာ အလွန် အံ့မခန်း ဖြစ်နေပြီ ဖြစ်၏။ ဤသိုင်းပြိုင်ပွဲသည် ထောင်စုမှူး တစ်ဦး သေဆုံးသွားသောကြောင့် နေရာလွတ် ဖြစ်ပေါ်လာပြီး သွေးထွက်သံယို ရက်စက်သော သိုင်းပြိုင်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး ထပ်မံ၍ စဉ်းစားကာ ခံစားကြည့်ပြီး ခေါင်းထဲတွင် ကြိုတင် လေ့ကျင့်ကြည့်လိုက်၏။

ဟုတ်ပေသည်။ အရင်က သူသည် လက်ခြောက်ချောင်း စောင်းနတ်ဆိုးစွမ်းရည်ဖြင့် ထျန်းယန်ဧကရာဇ်အား တိုက်ရိုက်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း ထျန်းယန်ဧကရာဇ်၏ သိုင်းပညာမှာ အလွန်ပင် မြင့်မားလွန်း လှသောကြောင့် မအောင်မြင်ခဲ့ပေ။

သို့ပေမည့် ယခု ယွင်ကျုံးဟဲ့သည် ထိုစဉ်ကနှင့် မတူတော့ပေ။ မီတျဲချိုင့်ဝှမ်း၏ ဆေးလုံးများကို မှီဝဲခဲ့သည့်အတွက် သူ၏ စိတ်စွမ်းအားမှာ များစွာတိုးတက်လာခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ ထိုသူတို့၏ သိုင်းပညာသည် အလွန်မြင့်မားသော်ငြား ထျန်းယန်ဧကရာဇ်၏ အဆင့်သို့မူ မရောက်ရှိသေးခြင်းပင်။

တာ့ယန်အင်ပါယာသစ်၌ တေးဂီတဖျော်ဖြေပွဲများကို မရေမတွက်နိုင်အောင် ကျင်းပခဲ့ပြီး ဘီသိုဗင်၏ စွမ်းရည်ကို အကြိမ်ကြိမ် အသုံးချခဲ့သည့်အတွက် လက်ခြောက်ချောင်း စောင်းနတ်ဆိုး၏ သတ်ဖြတ်နိုင်စွမ်းမှာ ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို သိုင်းပြိုင်ရက်ကျရင် ခင်ဗျား စီစဉ်ပေးလိုက်ပါ။ အချိန် မဖြုန်းပါနဲ့တော့။ ကျုပ် တစ်ယောက်တည်းက သူတို့ သုံးဆယ့်ကိုးယောက်လုံးကို ရင်ဆိုင်မယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဟေးယန် အင်ပါယာ တပ်မှူး အံ့ဩသွားသည်။ ‘ဒီလောက်တောင် မောက်မာနေတာလား။ ဒီလောက်တောင် ရူးသွပ်နေတာလား။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားတို့ ဟေးယန် အင်ပါယာမှာ အင်အားကြီးသူတွေမှပဲ စကားပြောခွင့် ရှိတာ မလား။ ဒါဆို ကျုပ်က အင်အားကြီးမားတဲ့ စွမ်းအားကို ပြသပြီး ရေတွင်းထဲက ဖားသူငယ်လို ဖြစ်နေတဲ့ ခင်ဗျားတို့ကို သေချာ ကြည့်ခိုင်းမယ်။ ခင်ဗျားတို့ ဘယ်လောက်တောင် အပေါ်ယံဆန်ပြီး မိုက်မဲတယ် ဆိုတာကိုပေါ့။

ကျုပ်က နတ်ဘုရားတွေလို ဆန်းကြယ်တဲ့ နည်းလမ်းနဲ့ အင်အားကြီးမားတဲ့ သိုင်းသမား သုံးဆယ့်ကိုး ယောက်စလုံးကို တပြိုင်နက်တည်း သတ်ပစ်မယ်။ သူတို့ကို လုံးဝ ပြန်မခုခံနိုင်အောင် လုပ်ပြီး အဆိုးရွားဆုံးနဲ့ အခမ်းနားဆုံး နည်းလမ်းနဲ့ သေဆုံးသွားစေမယ်။”

ယွင်ကျုံးဟဲ့က ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောသည်။ “အဲဒီအချိန် ရောက်ရင် ခင်ဗျားတို့ မျက်လုံး ဖွင့်ပြီး ကျုပ်ကို လေးစားမှု ပြသလာဖို့ မျှော်လင့်ပါတယ်။ အဲဒီအခါကျမှ ခင်ဗျားတို့ ဟေးယန် အင်ပါယာက ကျုပ်နဲ့ တန်းတူညီမျှ ဆွေးနွေးလို့ ရမယ်။”

ဟေးယန် အင်ပါယာ၏ အင်အားကြီးမားသော သိုင်းသမား တပ်မှူးသည် ချက်ချင်း ကြောင်အမ်းသွားပြီး အတော်ကြာမှ တစ်ခါမှ မရှိဖူးသော ကျယ်လောင်သည့် ရယ်မောသံကြီးကို ထုတ်လွှတ်လိုက်၏။

“ဟား... ဟား... ဟား... ဟား...ဟား... ဟား...”

သူ၏ ရယ်မောသံသည် ထပ်မံ၍ တိမ်များကို ဖောက်ထွင်းသွားပြီး နားစည်များ ပေါက်ပြဲသွားမတတ် ဖြစ်ကာ ဦးနှောက်များ တုန်ခါသွားစေသည်။

ဤလူ၏ သိုင်းပညာက တကယ်ကို အလွန် မြင့်မားလှသည်။ သို့ပေမည့် ကျင်းကျုံးယွဲ့ ကိုတော့ မမီသေးပေ။ လမင်းက မည်မျှ အင်အားကြီးကြောင်း သိသာလှ၏။

အတော်ကြာမှ လော်ယဲ့က ပြောလိုက်သည်။ “လူချောလေး... ခင်ဗျားက ကျုပ်ရဲ့ ရယ်သံကိုတောင် မခံနိုင်ဘဲ သွေးအန်တော့မလို ဖြစ်နေပြီ။ နားရွက်တွေလည်း ကွဲတော့မလိုပဲ၊ ခေါင်းလည်း ပေါက်ကွဲတော့မလို ဖြစ်နေပြီ။ ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ ခင်ဗျားလို အရူးက သင်းကွပ်ခံရပြီး မိန်းမလျာ ပျော်တော်ဆက် ယောက်ျား လုပ်ဖို့ပဲ အသုံးဝင်တာပါ။ ခင်ဗျားကို သိုင်းပြိုင်ကွင်းပေါ် တက်ခိုင်းတာက အရှက်ကွဲတာပဲ။ ခင်ဗျားက အင်ပါယာရဲ့ သိုင်းသမားတွေနဲ့ သိုင်းပြိုင်ဖို့ လုံးဝ အရည်အချင်း မမီဘူး။ ဒါပေမဲ့...”

လော်ယဲ့က လေသံပြောင်းကာ ပြောလိုက်၏။ “ဒါပေမဲ့ ဟေးယန် အင်ပါယာရဲ့ ဥပဒေမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ဘယ်သူမဆို သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့် ရှိတယ်။ ဝက်ခွေးလောက်တောင် မတန်တဲ့ အသုံးမကျတဲ့လူ ဖြစ်နေရင်တောင်၊ ချက်ချင်းပဲ တစ်စစီ အဖြဲခံရမယ် ဆိုရင်တောင်မှပေါ့။ လူမျိုးတူတဲ့သူ ဖြစ်နေသရွေ့ သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့် ရှိတယ်။ ဒါက လူမျိုးတူတဲ့ သူတစ်ယောက်ရဲ့ အခွင့်အရေးပဲ။ အဲဒါကြောင့်...”

လော်ယဲ့က မေးသည်။ “ခင်ဗျား နာမည် ဘယ်လို ခေါ်လဲ။”

“ယွင်ကျုံးဟဲ့...”

လော်ယဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ အသုံးမကျတဲ့ လူချောလေး ယွင်ကျုံးဟဲ့... ခင်ဗျားကို ကျုပ် ဖြည့်ဆည်းပေးမယ်။ ဒီသိုင်းပြိုင်ပွဲမှာ ခင်ဗျားကို ပါဝင်ခွင့် ပေးမယ်။ ခင်ဗျားအတွက် အရမ်း ရက်စက်တဲ့ အစီအစဉ် တစ်ခု ပြင်ဆင်ထားပေးမယ်။ သိုင်းသမား ဆယ်ယောက်ကျော်က ချက်ချင်း ပြေးတက်လာပြီး ခင်ဗျားကို တိုက်ရိုက် တစ်စစီ ဆွဲဖြဲပစ်လိမ့်မယ်။ မြင်းငါးကောင်နဲ့ ခန္ဓာကိုယ်ကို ဆွဲဖြဲတာထက် ပိုဆိုးရွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ခင်ဗျား စောင့်ကြည့်နေလိုက်ပါ။ ခင်ဗျားတို့ ဟေးယန် အင်ပါယာ တစ်ခုလုံးက လူတွေ အားလုံး စောင့်ကြည့်နေကြပါ။ ခင်ဗျားတို့ ဘယ်လောက်တောင် မိုက်မဲပြီး မာနကြီးတယ် ဆိုတာကို ခင်ဗျားတို့ကို ကျုပ် သိအောင် လုပ်ပြမယ်။”

လော်ယဲ့က အေးစက်စက် ပြောလိုက်၏။ “လူတွေလာကြ။ သူ့ကို ခေါ်သွားပြီး မြေအောက်ခန်းထဲ ပြန်ပို့လိုက်။ သူ့ရဲ့ အထုပ်ကို ပြန်ပေးပြီး လဆန်း ကိုးရက်နေ့ သိုင်းပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ ပြင်ဆင်ခိုင်းလိုက်။ “

“ကောင်းပါပြီ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် မြေအောက်ခန်း အတွင်းသို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရသည်။

မြေအောက်ခန်းသို့ ပြန်ရောက်ချိန်မှာတော့ သူ၏ အထုပ်သည် ထိုနေရာတွင် ရှိနေပြီ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရ၏။

ပစ္စည်း တစ်ခုမှ မပျောက်ဆုံးခဲ့ဘဲ အရေးအကြီးဆုံးမှာ အထူး ပြုလုပ်ထားသော စောင်း ဖြစ်၏။ အခြား ပစ္စည်းများလည်း ရှိသေးပြီး ဥပမာအားဖြင့် မီတျဲ ချိုင့်ဝှမ်း၏ ဆေးလုံးများ ဖြစ်သည်။

ဟေးယန်အင်ပါယာမှာ တကယ်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူတို့သည် မာနကြီး၍ ရောင့်တက်ကြပြီး ရက်စက်ကာ မည်သူ့ကိုမှ ဂရုမစိုက်ကြသော်လည်း လောဘကြီးခြင်းကား မရှိကြချေ။

အနည်းဆုံးအားဖြင့် ယွင်ကျုံးဟဲ့၏ အဖိုးတန်ပစ္စည်းများထဲမှ တစ်စုံတစ်ရာ ပျောက်ဆုံးသွားခြင်း မရှိခဲ့ပေ။ လူတိုင်းမှာလည်း သိုင်းပညာဆိုင်ရာ စိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေကြသည်။

ထိုသို့သောသူမျိုးကို အင်အားကြီးမားသည့် စွမ်းအားဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ နိုးထလာစေရမှာဖြစ်ပြီး၊ သူတို့အား တုန်လှုပ်ချောက်ချားသွားစေရမှာဖြစ်၏။

ထို့ကြောင့်ပင် ယွင်ကျုံးဟဲ့သည် လက်ခြောက်ချောင်းစောင်းနတ်ဆိုး၏ ပြင်းထန်သော သတ်ဖြတ်မှုမျိုးအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ ဤသည်မှာ သာမန်သိုင်းပညာထက် အဆပေါင်းများစွာ သာလွန်သည့်အပြင် ထိုကဲ့သို့သော သတ်ဖြတ်မှုမျိုးမှာလည်း လွန်စွာအံ့ဩဖွယ်ကောင်းလှသည်။

သိုင်းပြိုင်ပွဲ ရောက်ဖို့ နှစ်ရက် လိုသေးသည်။ ယွင်ကျုံးဟဲ့သည် မြေအောက်ခန်း အတွင်းတွင် မျက်စိမှိတ်ကာ တင်ပျဉ်ခွေ ထိုင်ရင်း ခေါင်းထဲတွင် အကြိမ်ကြိမ် အဖန်ဖန် ကြိုတင် လေ့ကျင့်နေ၏။

လက်ခြောက်ချောင်း စောင်းနတ်ဆိုး၏ အလှပဆုံး ကြီးမားသော သတ်ဖြတ်မှုကို မည်သို့ ပြုလုပ်ရမည်နည်း။ အရူးသွပ်ဆုံးသော ဟန်ရေးပြမှုကို မည်သို့ ပြုလုပ်ရမည်နည်း။

.........

အပိုင်း (၈၁၂)

နှစ်ရက်ဟူသော အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားပြီး လဆန်းကိုးရက်နေ့ စိန်ခေါ် သိုင်းပြိုင်ရက် ရောက်ရှိလာခဲ့၏။ မြေအောက်ခန်း တံခါး ထပ်မံ ပွင့်လာသည်။

“သွားမယ်။”

သိုင်းသမား ခေါင်းဆောင် တစ်ဦးက ပြောလိုက်၏။ “ခင်ဗျား ပြိုင်ရမယ့်အချိန် ရောက်ပြီ။ သိုင်းပြိုင်ကွင်းကို သွားကြမယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ဆေးလုံး တစ်လုံးကို ယူကာ စောင်းကို လွယ်ပြီး အပြင်သို့ ထွက်လာခဲ့၏။ ပြီးနောက်

ခမ်းနား ကြီးကျယ်သော သိုင်းပြိုင်ကွင်းကြီးဆီသို့ လျှောက်သွားတော့သည်။

ဤအချိန်တွင် သိုင်းပြိုင်ကွင်း တစ်ခုလုံးတွင် လူများ ဆူညံနေသည်။ ယခင်က ကောင်းကင်ယံမှ ကြည့်စဉ်က သိပ်မသိသာလှသော်လည်း ယခု မြေပြင်မှ ကြည့်လိုက်ချိန်မှာတော့မှ ထိုအရာ၏ ကြီးမားမှုကို တကယ် ခံစားလိုက်ရပြီး စတုရန်းမီတာ သောင်းချီ ကျယ်ဝန်း၏။

ထို့အပြင် အမြင့်ဆုံး နေရာမှာ မီတာ သုံးဆယ်ကျော်ပင် ရှိလောက်ပြီး ကျောက်တုံးကြီးများဖြင့် တည်ဆောက် ထားသော ဧရာမ အဆောက်အအုံကြီး တစ်ခု ဖြစ်သည်။

အတွင်းတွင် လူသောင်းချီ ပြည့်ကျပ်စွာ ထိုင်နေကြပြီး အားလုံးမှာ ဟေးယန် အင်ပါယာ၏ အထက်တန်းလွှာများ ဖြစ်ကြ၏။

“အနက်ရောင်နဂါးဘုရင်...”

“အနက်ရောင်နဂါးဘုရင်… သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။”

သိုင်းပြိုင်ကွင်း တစ်ခုလုံးရှိ အသံများမှာ နားကွဲမတတ် ဆူညံနေပြီး မြေကြီး တစ်ခုလုံးပင် အနည်းငယ် တုန်ခါနေသည်။

အဆက်မပြတ် အော်ဟစ်သံများကြားတွင် ယွင်ကျုံးဟဲ့သည် သိုင်းပြိုင်ကွင်း၏ အခန်းငယ် တစ်ခုအတွင်းသို့ ဝင်ရောက်သွားရာ အတွင်းတွင် လူသုံးယောက် ရှိနေနှင့်ပြီ ဖြစ်၏။

အင်အားကြီးမားသော သိုင်းသမား သုံးဦးမှာ ယွင်ကျုံးဟဲ့ ဝင်လာသည်ကို မြင်သော်လည်း သူတို့သည် မျက်လုံးပင် ဖွင့်မကြည့်ကြပေ။

ဤသည်မှာ မလေးစားမှုကို ပြသခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ယွင်ကျုံးဟဲ့၏ အားနည်းသော အငွေ့အသက်ကို ခံစားသိရှိနိုင်သောကြောင့်ပင်။

ဟေးယန် အင်ပါယာတွင် အားနည်းသူများသည် တန်ဖိုးမရှိသူများ ဖြစ်ကြပြီး တစ်ချက်ပင် အကြည့်မခံရပေ။

သေချာပေါက် ဤကဲ့သို့ ကြက်လေး တစ်ကောင်တောင် မသတ်နိုင်သော သူတစ်ယောက်က သိုင်းပြိုင်ပွဲမှာ ဘာလာလုပ်သနည်း ဆိုသည်ကိုတော့ သူတို့ စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်၏။ ဤသည်မှာ တကယ်ကို ရယ်စရာ ကောင်းလွန်းလှသည်။

ယွင်ကျုံးဟဲ့ ကတော့ ဤလူသုံးယောက်ကို အသေးစိတ် လေ့လာနေသည်။ တစ်ယောက်ချင်းစီတိုင်းက နှစ်မီတာကျော် အရပ်ရှိသော လူသန်ကြီးများ ဖြစ်ကြပြီး ကိုယ်အလေးချိန်မှာ ပေါင် သုံးရာခန့် ရှိသည်။ ဤမျှ ကြီးမားသော ခန္ဓာကိုယ်ဖြင့် လျင်မြန်သွက်လက်ရန်မှာ ခက်ခဲလှ၏။

သို့ပေမည့် သူတို့၏ ကြွက်သားများ၊ အရိုးများ၊ သွေးကြောများသည် သာမန် လူသားများထက် အများကြီး သာလွန်သည်။

ထို့ကြောင့် သူတို့၏ ခွန်အား၊ အမြန်နှုန်း၊ ခံနိုင်ရည်တို့မှာ အလွန် အံ့မခန်း ဖြစ်ပြီး အတွင်းအားများကိုလည်း လေ့ကျင့်ထားကြသေး၏။

ထို့အပြင် လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များ ပြည့်နှက်နေပြီး ရေတွက်၍ပင် မရနိုင်ပေ။ တစ်ကိုယ်လုံးရှိ ကြွက်သားများတွင် ပေါက်ကွဲထွက်မတတ် အင်အားများ ပြည့်နှက်နေသည်။

ယွင်ကျုံးဟဲ့ သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း မျက်စိမှိတ်လိုက်သည်နှင့် လူသားများနှင့် အတူတူ ရှိနေသည်ဟု မခံစားရဘဲ တောခွေးရိုင်းများ၊ ကျားရိုင်းများကြားတွင် ရှိနေရသကဲ့သို့ ခံစားရ၏။

ထို့နောက် လူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ “ဟေးယန်အင်ပါယာရဲ့ သိုင်းသမားတွေ၊ ယဇ်ပုရောဟိတ်တွေ၊ အမတ်ကြီးတွေ၊ သိုင်းပညာ သင်ယူနေသူတွေ... အားလုံးပဲ မင်္ဂလာ နံနက်ခင်းပါ။ ဒီနေ့ဟာ လစဉ် စိန်ခေါ် သိုင်းပြိုင်ရက် ဖြစ်ပါတယ်။ မစတင်ခင်မှာ ကြီးမြတ်တဲ့ ဧကရာဇ်ကို အရင်ဆုံး အရိုအသေ ပေးကြပါစို့။”

“ဟေးယန် အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ၊ ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။”

ချက်ချင်းပဲ လူသောင်းချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ ဟု အော်ဟစ်ကြသည်။

“ဒီနေ့ သိုင်းပြိုင်ပွဲက မူလက သိုင်းသမားတွေရဲ့ တိုက်ပွဲဖြစ်ပြီး ကျွန်တွေရဲ့ တိုက်ပွဲ၊ သားရဲတွေရဲ့ တိုက်ပွဲ မဟုတ်ပါဘူး။”

လော်ယဲ့က ကျယ်လောင်စွာ ပြောလိုက်၏။ “ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ်တို့ရဲ့ အနက်ရောင်နဂါးမြို့ကို လူတစ်ယောက် ရောက်လာပြီး ကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင် လို့ ပြောပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ တစ်ကွင်းလုံးရှိ လူသောင်းချီက တစ်ပြေးညီ လှောင်ပြောင်သံများ ထုတ်လွှတ်လိုက်ကြပြီး ၎င်းမှာ အရှက်ခွဲသော အော်ဟစ်သံ တစ်မျိုး ဖြစ်သည်။

လော်ယဲ့က ပြောလိုက်၏။ “ကျုပ်တို့က အင်ပါယာတွေ၊ နိုင်ငံတွေ မရေမတွက်နိုင်အောင် ဖျက်ဆီးခဲ့ဖူးပါတယ်။ ဒီလောကကြီးက မူလတည်းက အရမ်း ရယ်စရာ ကောင်းပါတယ်။ ခွေးလို၊ ကြောင်လို လူတွေတောင် ကိုယ့်ကိုယ်ကိုယ် အင်ပါယာလို့ ခေါ်နေကြပြီ။ ဒါပေမဲ့ ဒီလောကမှာ တကယ့် ဧကရာဇ် ဆိုတာ တစ်ပါးတည်းပဲ ရှိပါတယ်။ အဲဒါက ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ ဘုရင်၊ အနက်ရောင်နဂါးဘုရင်ပါပဲ။ အရှင်... သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ။”

တစ်ကွင်းလုံး ထပ်မံ၍ စိတ်လှုပ်ရှား တက်ကြွသွားကြပြန်သည်။

လော်ယဲ့က ပြောလိုက်၏။ “ဒီလို လူရွှင်တော်မျိုးကို ကျုပ်က တိုက်ရိုက် သင်းကွပ်ပြီး မိန်းမလျာ ကျွန်တစ်ယောက် အဖြစ် ပြောင်းပစ်သင့်တာပါ။ ဒါပေမဲ့ မရဘူးလေ။ သူက ကျုပ်တို့နဲ့ လူမျိုးတူနေတယ်။ အင်ပါယာရဲ့ ဥပဒေအရ ဟွာလူမျိုးတိုင်းဟာ သိုင်းပြိုင်ကွင်းကနေတစ်ဆင့် သိုင်းသမားအဖြစ် ရာထူးတက်ဖို့ အခွင့်အရေး ရှိတယ်။ အဲဒါကြောင့် ဒီနေ့ သူလည်း သိုင်းပြိုင်ပွဲမှာ လာပါဝင်ရမယ်။ ဒါဆို ဒီလူချောလေးရဲ့ သိုင်းပညာက ဘယ်အဆင့် ရှိမလဲ။”

လော်ယဲ့က ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်။ “ကြက်လေး တစ်ကောင်တောင် မသတ်နိုင်ဘူး၊ ပေါင်ဆယ်ဂဏန်းလောက် ရှိတဲ့ အထုပ်လေး တစ်ထုပ်ကိုတောင် လွယ်ပြီး ဖြောင့်ဖြောင့် မလျှောက်နိုင်တဲ့သူ တစ်ယောက်ကို ကျုပ်တို့ ဟေးယန် အင်ပါယာက ငါးနှစ်အရွယ် ကလေး တစ်ယောက်တောင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်ပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက ထပ်မံ၍ အထင်သေးစွာ ကျယ်လောင်စွာ ရယ်မောလိုက်ကြ ပြန်၏။

လော်ယဲ့က ဆက်ပြောလိုက်သည်။ “ဒီနှစ်ပေါင်း တစ်ထောင်ကျော် အတွင်းမှာ ကျုပ်တို့ ဟေးယန် အင်ပါယာက သိုင်းပညာကိုပဲ အာရုံစိုက်ခဲ့ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ အင်အားကြီးသထက် ကြီးလာခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့နဲ့ လူမျိုးတူတဲ့ သူတွေက ဘာတွေ လုပ်နေကြလဲ။ သူတို့က အဆက်မပြတ် ယိုယွင်း ပျက်စီးနေကြတယ်။ အခုဆို ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ အသုံးမကျတဲ့ လူကတောင် ကျုပ်တို့ရဲ့ သိုင်းပြိုင်ကွင်းမှာ လာစိန်ခေါ်ရဲနေပြီ။ တကယ်ကို ရေတွင်းထဲက ဖားသူငယ်လိုပါပဲ၊ မိုက်မဲပြီး ရယ်စရာ ကောင်းလွန်းပါတယ်။”

တစ်ခဏချင်း အတွင်းမှာပင် လူသောင်းချီက ထပ်မံ၍ လှောင်ပြောင် ရယ်မောလိုက်ကြပြန်၏။

ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေသည်။ ဤကမ္ဘာပေါ်တွင် မာနကြီးမှုနှင့် ဘက်လိုက်မှုများ အလွန် များပြားလှသည်။

ဟေးယန် အင်ပါယာသည် မိမိတို့၏ အင်အားကြီးမားမှုထဲတွင် နစ်မွန်းနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သူတို့သည် သိုင်းပညာကိုသာ အဓိကထားသည့် လမ်းကြောင်းပေါ်တွင် အမြဲ လျှောက်လှမ်းခဲ့ပြီး သိုင်းပညာဘက်တွင် ပို၍ ပို၍ အင်အားကြီးလာခဲ့၏။

အနက်ရောင်နဂါးဘုရင် အာဏာရလာပြီးနောက် သူတို့သည် နယ်မြေ ချဲ့ထွင်မှု မူဝါဒများကို စတင်ခဲ့ပြီး ဤတိုက်ကြီးပေါ်တွင် အခြား နိုင်ငံများကို ဖျက်ဆီးရာ၌ ရွှံ့ရုပ်များကို ဖျက်ဆီးရသကဲ့သို့ လွယ်ကူခဲ့သောကြောင့် မာနကြီးနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

ထို့အပြင် ဤတစ်ကြိမ် တတိယ ကိုလိုနီ နယ်မြေကို ဝင်ရောက် တိုက်ခိုက်ရာတွင် တာ့ယန် အင်ပါယာသစ်၏ အထူးချွန်ဆုံး စစ်တပ်ပင်လျှင် သူတို့၏ ပြိုင်ဘက် မဟုတ်ခဲ့သောကြောင့် သူတို့ကိုယ်သူတို့ လောကတွင် ပြိုင်ဘက်ကင်းသည်ဟု ပို၍ပင် ထင်မြင်သွားစေခဲ့သည်။

လော်ယဲ့က ဆက်ပြော၏။ “ပြီးတော့ ပိုပြီး ရယ်စရာ ကောင်းတာက ဒီကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်လို့ ခေါ်နေတဲ့သူက တစ်ယောက်တည်းနဲ့ လူသုံးဆယ့်ကိုးယောက်ကို စိန်ခေါ်ချင်တယ်တဲ့။

ငါးနှစ်အရွယ် ကလေးကိုတောင် မနိုင်တဲ့သူက အင်အားကြီးမားတဲ့ သိုင်းသမား သုံးဆယ့်ကိုး ယောက်ကို တပြိုင်နက်တည်း စိန်ခေါ်မယ် ဆိုတာ တကယ်ကို အဓိပ္ပာယ်မဲ့လွန်းပြီး အရမ်းကို ရယ်စရာ ကောင်းလွန်းပါတယ်။”

ဤစကားက ထိုနေရာရှိ လူသောင်းချီကို လုံးဝ ဒေါသထွက်သွားစေ၏။

ထို့အပြင် ယွင်ကျုံးဟဲ့၏ ရှေ့ရှိ သိုင်းသမား သုံးဦးကိုလည်း ဒေါသထွက်သွားစေပြီး သူတို့က တပြိုင်နက်တည်း မျက်လုံး ဖွင့်ကာ ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် ဒေါသနှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။

လော်ယဲ့က အေးစက်စက် ပြောလိုက်၏။ “ဒီလူချောလေး အသုံးမကျတဲ့ ဘုရင်ကို ကျုပ် ပြောချင်တာက ခင်ဗျားမှာ ကျုပ်တို့ရဲ့ သိုင်းသမားတွေကို စိန်ခေါ်ဖို့ အရည်အချင်း မရှိသေးဘူး ဆိုတာပဲ။ ဒီနေ့ဟာ သိုင်းသမားတွေ စိန်ခေါ် သိုင်းပြိုင်တဲ့နေ့ဖြစ်ပေမယ့် သွေးပူ လေ့ကျင့်ခန်း အနေနဲ့ သားရဲတွေနဲ့ အရင် တိုက်ခိုက်ခိုင်းလို့ ရပါတယ်။ ဒီလူချောလေး အသုံးမကျတဲ့ ဘုရင်ကို သားရဲတွေနဲ့ အရင် တိုက်ခိုက်ခိုင်းရင်ကော ဘယ်လိုလဲ။”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...” လူသောင်းချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“လူချောလေး ဘုရင်ကို ခေါ်ထုတ်လာခဲ့။” လော်ယဲ့က ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

သံတံခါး ပွင့်လာပြီး သိုင်းသမား တစ်ဦးက ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “ထွက်ခဲ့။”

ယွင်ကျုံးဟဲ့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ သူ့ကို ကြိုဆိုနေသည်မှာ စူးရှသော အကြည့်များ၊ လူသောင်းချီ၏ အကြည့်များနှင့် နားကွဲမတတ် ဆဲဆိုသံများပင် ဖြစ်၏။

“အသုံးမကျတဲ့ ကောင်၊ အသုံးမကျတဲ့ ကောင်၊ အသုံးမကျတဲ့ ကောင်။”

“ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ အသုံးမကျတဲ့ ကောင်။”

လူသောင်းချီက တပြိုင်နက်တည်း သူ့ကို ဆဲဆို လှောင်ပြောင်ကြသည်။

ယွင်ကျုံးဟဲ့သည် တစ်ဒသမရှစ်မီတာကျော် အရပ်ရှိပြီး သာမန် လူသားများကြားတွင် အရပ်ရှည်သည်ဟု ဆိုနိုင်သော်လည်း ဟေးယန် အင်ပါယာတွင်မူ လူတိုင်းထက် ခေါင်းတစ်လုံးခန့် ပုနေသည်။

ထို့အပြင် သူ၏ ကိုယ်အလေးချိန်မှာ ဟေးယန် အင်ပါယာ သိုင်းသမားများ၏ တစ်ဝက်သာ ရှိသောကြောင့် ကြည့်ရသည်မှာ တကယ်ကို အားနည်းလွန်းလှသည်။

“လူချောလေး... လက်နက်ကို စိတ်ကြိုက် ရွေးပါ။”

လော်ယဲ့က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ခင်ဗျား ရင်ဆိုင်ရမှာက ကြောက်စရာကောင်းတဲ့ သားရဲ သုံးကောင် ဖြစ်လို့ပဲ။ အဲဒီ သားရဲ သုံးကောင်ကို နိုင်မှသာ ခင်ဗျားက ကျုပ်တို့ရဲ့ သိုင်းသမားတွေကို စိန်ခေါ်ဖို့ အရည်အချင်း ရှိမှာ။ အချိန် နည်းနည်း ကျန်သေးတုန်း မြန်မြန် လက်နက် ရွေးလိုက်။”

ယွင်ကျုံးဟဲ့သည် လက်နက်စင်ဆီသို့ သွားကာ လက်နက် စတင် ရွေးချယ်ပြီး ဓားတစ်လက်ကို ကောက်ကိုင်ရန် ပြင်လိုက်သည်။

ရလဒ် ကတော့...

‘ချီးတဲ့မှ... ဒီလောက်တောင် လေးတာလား။ လုံးဝ မနိုင်ဘူး၊ လက်နှစ်ဖက်နဲ့တောင် မနိုင်ဘူး။ ရူးနေတာလား။ ဓားတစ်လက်တောင် ဒီလောက် လေးရသလား။’

ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ လူတိုင်းက ထပ်မံ၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြန်သည်။ ဤလူချောလေးက အားနည်းတယ် ဆိုတာ သိသော်ငြား ဤမျှအထိ အားနည်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ထို့နောက် ယွင်ကျုံးဟဲ့သည် လေးတစ်လက်ကို ကောက်ကိုင်ရန် ထပ်မံ ပြင်လိုက်ပြန်သည်။ ရလဒ်မှာ ပိုပြီးတော့တောင် လေးနေသေး၏။

‘လေးတစ်လက်က ပေါင်ဆယ်ဂဏန်းလောက် လေးနေတယ်၊ ဘာတွေ လုပ်နေတာလဲ။ ဒီလောက်တောင် ချဲ့ကားထားတာလား။’

ယွင်ကျုံးဟဲ့သည် လေးကို လက်ထဲတွင် ကိုင်ထားရုံမျှဖြင့်ပင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထို့နောက် လေးကြိုးကို အနည်းငယ်ဆွဲကြည့်လိုက်ရာ၊ ပို၍ပင် ခက်ခဲသွား၏။ လေးကြိုးမှာ မည်သို့မှ လှုပ်ရှားခြင်း မရှိသည့်အပြင် မည်သို့ပင် ကြိုးစားဆွဲသော်လည်း လုံးဝဆွဲ၍မရအောင် တောင့်တင်းနေသည်။

“ဟား... ဟား... ဟား... ဟား......”

တစ်ကွင်းလုံးရှိ လူသောင်းချီက ထပ်မံ၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြန်ပြီး ယွင်ကျုံးဟဲ့ကို လူရွှင်တော် တစ်ယောက်လို ကြည့်နေကြ၏။

‘ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ လက်နက်စင် တစ်ခုလုံးမှာ ကျုပ် သုံးလို့ရတဲ့ လက်နက် တစ်ခုမှ မတွေ့ရဘူး၊ ကိုင်တောင် မကိုင်နိုင်ဘူး။ လက်နက် မရှိရင်တော့ လက်ဗလာနဲ့ပဲ တိုက်ရမှာပေါ့။’

ထိုအချိန်၌ သိုင်းပြိုင်ကွင်း၏ ခေါင်းလောင်းသံ ထွက်ပေါ်လာရာ သားရဲများကို လွှတ်ပေးတော့မည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

တစ်ကွင်းလုံးရှိ လူအားလုံး၏ အကြည့်များ ချက်ချင်း ရက်စက်လာကြသည်။ လူတိုင်း၏ စိတ်ထဲတွင် ဤသားရဲများကို လွှတ်ပေးလိုက်သည်နှင့် ယွင်ကျုံးဟဲ့ လုံးဝ တစ်စစီ ဆွဲဖြဲခံရတော့မည် ဖြစ်ကြောင်း သေချာစွာ သိရှိထားကြ၏။

‘နည်းနည်းလေးမှ စိတ်လှုပ်ရှားစရာ မကောင်းပေမယ့် လုံလောက်အောင် ရက်စက်ဖို့ မျှော်လင့်မိပါတယ်။’

“ဒေါင်...” နောက်ဆုံး ခေါင်းလောင်းသံ အဆုံးသတ်သွားသည်။

“ဝုန်း....” ထို့နောက် ထူထဲသော သံတံခါးကြီး ပွင့်တက်သွားပြီး သံတံခါးပေါ်တွင် သွေးကွက်များ ပြည့်နှက်နေ၏။

All Chapters