← Chapters

အခန်း (၈၁၅-၈၁၆)

Vol. 69 Ch. 815-816

အခန်း (၈၁၅-၈၁၆)

Vol. 69 Ch. 815-816

အပိုင်း (၈၁၅)

ယွင်ကျုံးဟဲ့သည် ယခုအချိန်တွင် ဘီသိုဗင် ဝင်ပူးထားဆဲဖြစ်ပြီး ကျယ်လောင်စွာ အော်မေးလိုက်သည်။ “အမတ်ကြီး လော်ယဲ့... ဟေးယန် အင်ပါယာက လူတွေ။ အခု ကျုပ် စကားပြောလို့ ရပြီလား။”

ယွင်ကျုံးဟဲ့သာ ဆိုပါက ဤမျှ ကျယ်လောင်သော အသံမျိုး ထွက်လာနိုင်မည် မဟုတ်ဘဲ ဘီသိုဗင်ကို အားကိုးရမှာ ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့သည် အထုပ်ထဲမှ ကြီးမားသော အသံချဲ့စက် တစ်ခုကို ထုတ်ယူလိုက်ရာ ပို၍ ထိရောက်သွား၏။

“အခု ကျုပ် စကားပြောလို့ ရပြီလား။” ယွင်ကျုံးဟဲ့က ထပ်မံ မေးလိုက်သည်။

အမတ်ကြီး လော်ယဲ့ တိတ်ဆိတ်နေသည်။ ဤအချိန်တွင် တိတ်ဆိတ်နေခြင်းသည် သဘောတူခြင်းပင် ဖြစ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စောစောက အမတ်ကြီး လော်ယဲ့က ကျုပ်ကို လူချောလေး အသုံးမကျတဲ့ ကောင်၊ ခွေးလို၊ ကြောင်လို ဘုရင်လို့ ခေါ်ခဲ့တယ်။ အဲဒါ ကိစ္စ မရှိပါဘူး။ လူချောလေး ဆိုတဲ့ စကားကို ကျုပ်က ချီးကျူးစကား အဖြစ်ပဲ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အခု ကျုပ်ကိုယ်ကျုပ် တရားဝင် မိတ်ဆက်ပါရစေ။ ကျုပ်နာမည် ယွင်ကျုံးဟဲ့ လို့ခေါ်တယ်။”

လူတိုင်း တိတ်ဆိတ်စွာဖြင့် သူ၏ စကားကို နားထောင်နေကြ၏။

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ်က မြင့်မြတ်တဲ့ ဘုရားကျောင်းမှာ မွေးဖွားပြီး ရေမြောင်းထဲမှာ ကြီးပြင်းလာခဲ့သူပါ။ သူတောင်းစားတွေက ကျွေးမွေး ပြုစုခဲ့တာပါ။ ကျုပ်က အရှေ့ဘက်လောကက တာ့ကျိုး အင်ပါယာရဲ့ မြို့စား၊ တာယင် အင်ပါယာရဲ့ လျှို့ဝှက်သူလျှို၊ တာရှအင်ပါယာရဲ့ ယန်ချင်ဝမ်၊ တာ့ယန် အင်ပါယာရဲ့ တိုက်ရိုက် ဆက်ခံသူ၊ အရှေ့ဘက်လောကရဲ့ ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့ သခင်၊ ရွှေရောင် သွေးကြော ရှိသူ၊ တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင်ပါ။”

ယွင်ကျုံးဟဲ့သည် သူ၏ ဘွဲ့ထူးများ အားလုံးကို တစ်ထိုင်တည်း ပြောချလိုက်ရာ များပြားလွန်းလှပြီး နဂါးမိခင်၏ ဘွဲ့ထူးများထက်ပင် ပိုရှည်နေ၏။

သို့ပေမည့် ဤစကား ထွက်ပေါ်လာချိန်မှာတော့ သူသည် အဆုံးအစမရှိသော ရန်လိုမှုများနှင့် လူသတ်ချင်စိတ်များကို ချက်ချင်း ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူက ကိုယ့်ကိုယ်ကိုယ် တာ့ယန် အင်ပါယာ၏ တိုက်ရိုက် ဆက်ခံသူဟု ပြောလိုက်သောကြောင့်ပင်။

ဟေးယန် အင်ပါယာ၏ အမြင်တွင် အနက်ရောင်နဂါးဘုရင် သာလျှင် တာ့ယန် အင်ပါယာ၏ ဆက်ခံသူ ဖြစ်သည်။

‘ခင်ဗျားက ဧကရာဇ် ရာထူးကို လာလုချင်နေတာလား။ တကယ်ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ ကျုပ်တို့ အနက်ရောင်နဂါးဘုရင် ဧကရာဇ်နဲ့ ယှဉ်ဖို့ ခင်ဗျားက အရည်အချင်း ရှိလို့လား။’

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “လွန်ခဲ့တဲ့ လေးငါးနှစ်က ကျုပ်ဟာ အိမ်မဲ့ရာမဲ့ ခွေးတစ်ကောင်လိုပဲ အရှေ့ဘက်လောက ကနေ တာ့ယန် အင်ပါယာသစ်ကို ထွက်ပြေးသွားခဲ့ပြီး မိုင်ပေါင်း နှစ်သောင်းကျော် လမ်းလျှောက်ခဲ့ရတာကို မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျုပ်ဟာ ကြက်လေး တစ်ကောင်တောင် မသတ်နိုင်လောက်အောင် အရမ်း အားနည်းခဲ့ပါတယ်။ သေချာပေါက်... အခုလည်း ကျုပ်က အားနည်းတဲ့ ကောင်လေး တစ်ယောက်ပါပဲ။”

မည်သူမှ မရယ်ကြပေ။

‘ဒီဟေးယန် အင်ပါယာက အရမ်း လေးနက်လွန်းပြီး ဟာသဉာဏ် နည်းနည်းမှ မရှိဘူး။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တာ့ယန် အင်ပါယာသစ်ကို စရောက်တုန်းက ကျုပ်မှာ ဘာမှ မရှိခဲ့ဘူး။ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေဆုံးမှာ ရှိခဲ့ပြီး ဘာဆို ဘာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ လေးနှစ်ဆိုတဲ့ အချိန်အတွင်းမှာပဲ ကျုပ်ဟာ အောက်ခြေ လေလွင့်သူ တစ်ယောက်ကနေ တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင် ဖြစ်လာခဲ့တယ်။

ဒီတာ့ယန် အင်ပါယာသစ်မှာ အရင်က အာဏာရှင် ဘုရင် ဆိုတာ မရှိခဲ့ဘူး၊ အုပ်ချုပ်ရေးမှူးပဲ ရှိခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာ အင်ပါယာက လူတိုင်းနီးပါးက ကျုပ်ကို အာဏာရှင် ဘုရင် အဖြစ် တင်မြှောက်ခဲ့ကြတယ်။ ကျုပ် ဘာကို အားကိုးခဲ့တာလဲ။ ကျုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေး ဆွဲဆောင်မှု၊ ကျုပ်ရဲ့ ရုပ်ရည်သွင်ပြင်၊ ဒါပေမဲ့ အရေးအကြီးဆုံးက ကျုပ်ရဲ့ ဉာဏ်ပညာနဲ့ ကျုပ်ရဲ့ စံပြ ရည်မှန်းချက်တွေပဲ။

ဒါဆို ကျုပ် ဒီကို လာတာ ဘာလုပ်ဖို့လဲ။ ကျုပ်က တာ့ယန် အင်ပါယာသစ်ကို လေးနှစ် အချိန်ယူပြီး သိမ်းပိုက်ခဲ့တယ်။ ဒါဆို ကျုပ် ဟေးယန် အင်ပါယာကို လာတာ ဟေးယန် အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်ပြီး ခင်ဗျားတို့ရဲ့ ဧကရာဇ် လုပ်ဖို့လား။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ သေချာပေါက် မဟုတ်ဘူး။ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ် ဖြစ်ဖို့ ကျုပ် နည်းနည်းလေးမှ စိတ်မဝင်စားဘူး။ နည်းနည်းလေးတောင် စိတ်မဝင်စားဘူး။

ခင်ဗျားတို့လည်း ကြားခဲ့တဲ့အတိုင်းပဲ။ ကျုပ်ရဲ့ ဘွဲ့ထူးတွေက အရမ်း၊ အရမ်းကို များနေပြီ။ ကျုပ် မပြောပြရသေးတဲ့ ဘွဲ့ထူးတွေတောင် အများကြီး ရှိသေးတယ်။ အဲဒါကြောင့် ကျုပ်ခေါင်းပေါ်မှာ ဟေးယန် အင်ပါယာ ချင်ဝမ်တို့၊ ဧကရာဇ်တို့ ဆိုတဲ့ ဘွဲ့ထူးတွေ ထပ်တိုးဖို့ လုံးဝ မရည်ရွယ်ဘူး။

ဒါဆို ကျုပ် ဘာလာလုပ်တာလဲ။ ကျုပ်က ခင်ဗျားတို့နဲ့ သံတမန်ရေးအရ ဆွေးနွေးဖို့ လာခဲ့တာပါ။ ယဉ်ကျေးတဲ့ လောကကြီးမှာ တန်းတူညီမျှ ဆက်ဆံရေးကို အလေးထားပါတယ်။

ရန်သူ နိုင်ငံ နှစ်ခု ဖြစ်နေရင်တောင် တစ်ဖက် နိုင်ငံရဲ့ ဘုရင် ရောက်လာရင် ကိုယ့်နိုင်ငံက ဘုရင် ဒါမှမဟုတ် တန်းတူ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်က ဧည့်ခံရပါတယ်။ ကိုယ့်နိုင်ငံက ဘယ်လောက်ပဲ အင်အားကြီးကြီး၊ လာရောက်လည်ပတ်တဲ့ နိုင်ငံက ဘယ်လောက်ပဲ အားနည်းနည်း တန်းတူညီမျှ ဧည့်ခံရပါတယ်။ ဒါက စည်းကမ်းပဲလေ။

ဒါပေမဲ့ ကျုပ် ရောက်လာပြီးတာနဲ့ ဟေးယန် အင်ပါယာရဲ့ သိုင်းသမားတွေက ချက်ချင်း ဖမ်းဆီးပြီး မြေအောက်ခန်းထဲမှာ ရက်အတော်ကြာ ပိတ်လှောင်ထားခဲ့တယ်။ အဲဒီနောက် အမတ်ကြီး လော်ယဲ့က ကျုပ်ကို လာတွေ့တယ်။ သူ ဘယ်အဆင့်လဲ ဆိုတာ ကျုပ် မသိပေမယ့် ဘုရင် တစ်ပါးထက် အများကြီး နိမ့်တယ် ဆိုတာတော့ ထင်ရှားပါတယ်။

ကျုပ် မှတ်မိတာ မမှားဘူးဆိုရင် သူက ထောင်စုမှူး အဆင့်လောက်ပဲ ရှိတဲ့ တပ်မှူး တစ်ယောက် မလား။ ကျုပ်က အင်ပါယာ နှစ်ခုရဲ့ မြို့စား၊ အင်ပါယာ တစ်ခုရဲ့ ချင်ဝမ်၊ အင်ပါယာ တစ်ခုရဲ့ ဘုရင်ပါ။ ဒါပေမဲ့ ခင်ဗျားတို့ ဟေးယန် အင်ပါယာရဲ့ ထောင်စုမှူး တစ်ယောက် ရှေ့မှာတော့ တန်းတူညီမျှ စကားပြောဖို့တောင် အရည်အချင်း မရှိတော့ဘူးလား။

သူက ကျုပ်ကို လူချောလေး၊ အသုံးမကျတဲ့ကောင်လို့ အကြိမ်ကြိမ် ခေါ်ပြီး ကျုပ်ကို သင်းကွပ်ကာ မိန်းမလျာ ကျွန် အဖြစ် ပြောင်းပစ်ချင်နေသေးတယ်။ ခင်ဗျားကို ဒီသတ္တိတွေ ဘယ်သူ ပေးထားတာလဲ။ ခင်ဗျားကို ဒီလောက်တောင် မာနကြီးပြီး ရောင့်တက်ဖို့ အရည်အချင်းတွေ ဘယ်သူက ပေးထားတာလဲ။

ကောင်းပြီ။ ဒီအမတ်ကြီး လော်ယဲ့က ပြောတယ်။ သူနဲ့ တန်းတူညီမျှ ဆွေးနွေးချင်ရင် အရမ်း လွယ်ပါတယ်၊ ကျုပ်ရဲ့ အင်အားကို ပြသရမယ်တဲ့။ အဲဒါကြောင့် ကျုပ် ဒီသိုင်းပြိုင်ကွင်းကို လာပြီး တိုက်ခိုက်ရတာပါ။ ကျုပ် သိုင်းသမား သုံးဆယ့်ကိုး ယောက်ကို သတ်ခဲ့ပြီ။ ခင်ဗျားတို့ ဟေးယန် အင်ပါယာရဲ့ စည်းမျဉ်းတွေအရ ဆိုရင် ကျုပ် အခု ထောင်စုမှူး အဆင့်လောက် ရှိတဲ့ တပ်မှူး တစ်ယောက် ဖြစ်နေပြီ မလား။”

လူတိုင်း တိတ်ဆိတ်သွားကြပြီး အဆင့်မြင့် တပ်မှူး အချို့က အချင်းချင်း ကြည့်လိုက်ကြကာ ယွင်ကျုံးဟဲ့၏ ဤထောင်စုမှူး အဆင့်ကို အသိအမှတ်ပြုသင့်၊ မပြုသင့် မသိနိုင်အောင် ဖြစ်နေကြ၏။

ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အေးစက်စွာ ပြုံးပြီး ပြောသည်။ “ဒီထောင်စုမှူးအဆင့် တပ်မှူးနေရာကို ကျုပ် လုံးဝ လက်မခံနိုင်ဘူး။ ကျုပ်က တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင်၊ တာရှအင်ပါယာရဲ့ ယန်ချင်ဝမ်၊ တာ့ယန် တော်ဝင်မိသားစု စတဲ့ ဘွဲ့ထူးတွေ အများကြီး ရှိတဲ့သူပါ။ ကျုပ် ထပ်မပြောတော့ဘူး။

ကျုပ် သိုင်းသမား သုံးဆယ့်ကိုးယောက်ကို သတ်ခဲ့ပြီ။ ဟေးယန် အင်ပါယာက သိုင်းပညာကို အလေးထားပြီး အင်အားကြီးသူကို လေးစားတယ် ဆိုရင် အခု ကျုပ် ခင်ဗျားတို့ရဲ့ လေးစားမှုကို ရပြီ မလား။ အခု ကျုပ် လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြလို့ ရပြီ မလား။

ကျုပ် ဟေးယန် အင်ပါယာကို လာတာ ခင်ဗျားတို့ရဲ့ ဧကရာဇ်၊ အနက်ရောင်နဂါးဘုရင်ကို တွေ့ဖို့ပဲ။ အကြောင်းရင်းက နှစ်ခု ရှိတယ်။

ပထမ တစ်ခုက ဟေးယန် အင်ပါယာက ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ရဲ့ တတိယ ကိုလိုနီ နယ်မြေ၊ ဟုန်ရီပြည်နယ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ကျုပ်တို့က ခင်ဗျားတို့ ဟေးယန် အင်ပါယာနဲ့ စစ်မဖြစ်ချင်ဘူး၊ ကျုပ်တို့ ငြိမ်းချမ်းရေး လိုချင်တယ်။ အဲဒါကြောင့် ကျုပ် လာခဲ့တယ်။ ကြီးမားတဲ့ ရိုးသားမှုနဲ့ လာခဲ့တာပါ။

ကျုပ် ဘာရိုးသားမှု ယူလာခဲ့လဲလို့ ခင်ဗျားတို့ မေးချင်နေတာလား။ ကျုပ် တစ်ယောက်တည်း ခင်ဗျားတို့ရဲ့ အနက်ရောင်နဂါးမြို့ကို ရောက်လာတယ်။ ခင်ဗျားတို့ရဲ့ ထောင်စုမှူးအဆင့် တပ်မှူး တစ်ယောက်ရဲ့ စော်ကားမှုကို ခံခဲ့ရတယ်။ ဒီသိုင်းပြိုင်ကွင်းကို လာပြီး တိုက်ခိုက်ခဲ့တယ်။ ဒါက ရိုးသားမှု မဟုတ်ဘူးလား။

ဒုတိယ အကြောင်းရင်းကတော့ ဟေးယန် အင်ပါယာဟာ အရင်က ကျီရွှေ့အဖွဲ့အစည်းကနေ ခွဲထွက်လာတာပါ။ ခင်ဗျားတို့ရဲ့ အကြီးမားဆုံး ရန်သူက တာရှန်းမိစ္ဆာနိုင်ငံပါ။ ကျီရွှေ့အဖွဲ့အစည်းရဲ့ တာဝန်ကို ခင်ဗျားတို့ မှတ်မိသေးတယ် ဆိုရင်ပေါ့။

ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ရဲ့ အကြီးမားဆုံး ရန်သူကလည်း တာရှန်း မိစ္ဆာနိုင်ငံပါပဲ။ ကျုပ်တို့ အင်ပါယာ နှစ်ခု မဟာမိတ် ဖွဲ့ပြီး တာရှန်း မိစ္ဆာနိုင်ငံကို အတူတကွ သုတ်သင်ပစ်လို့ ရပါတယ်။”

ထိုအချိန်တွင် အမတ်ကြီး လော်ယဲ့က အေးစက်စွာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျား ပြောလို့ ပြီးပြီလား။”

“မပြီးသေးဘူး။ ဒါပေမဲ့ ခင်ဗျား တစ်ခုခု ပြောချင်တယ် ဆိုရင် အရင် ပြောလို့ ရပါတယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ဟေးယန် အင်ပါယာ၏ အမတ်ကြီး လော်ယဲ့က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျားမှာ ထူးဆန်းတဲ့ ပညာရပ် တချို့ ရှိတယ်။ အရည်အချင်း တချို့ ရှိတယ်။ ကျုပ်တို့ ဟေးယန် အင်ပါယာက သိုင်းသမား သုံးဆယ့်ကိုး ယောက်ကို သတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ ထောင်စုမှူး အဆင့်လောက်ပဲ ရသေးတယ်။ ဧကရာဇ်နဲ့ ဆိုရင် မိုင်တစ်သိန်း ရှစ်သောင်းလောက် ကွာဝေးပါသေးတယ်။

ခင်ဗျားက ကျုပ်တို့ရဲ့ အနက်ရောင်နဂါးဘုရင်ကို တွေ့ချင်တယ် ဆိုတာ တကယ်ကို ရယ်စရာ ကောင်းလွန်း ပါတယ်။ ခင်ဗျား အလွန်ဆုံး ကျုပ်လို ထောင်စုမှူး အဆင့် တပ်မှူး တစ်ယောက်နဲ့ပဲ ဆွေးနွေးခွင့် ရှိပါတယ်။ စစ်သည် သောင်းစုမှူး အဆင့် တပ်မှူး တစ်ယောက်နဲ့တောင် ခင်ဗျား မထိုက်တန်ပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီလောကမှာ အတွေ့ရ အများဆုံးက မာနကြီးမှုနဲ့ ဘက်လိုက်မှုပါပဲ။ တချို့ မာနကြီးမှုတွေက အင်အားကြီးလို့ ဖြစ်ပေါ်လာတာ ဖြစ်ပေမယ့် တချို့ မာနကြီးမှုတွေကတော့ အသိဉာဏ် နည်းပါးလို့ ဖြစ်ပေါ်လာတာပါ။ ကောင်းပြီ။ ခင်ဗျားကလည်း ဟေးယန် အင်ပါယာရဲ့ အဖွဲ့ဝင် တစ်ယောက် ဆိုတော့ ကျုပ် ခင်ဗျားနဲ့ပဲ ဆွေးနွေးပါ့မယ်။”

လော်ယဲ့က မေးလိုက်သည်။ “ခင်ဗျား ဟေးယန် အင်ပါယာကို လာရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ ဟုန်ရီပြည်နယ်မှာ စစ်ရှုံးသွားလို့ မဟုတ်ဘူးလား။ တပ်လုံးကျွတ်နီးပါး သေဆုံးသွားလို့ မဟုတ်ဘူးလား။ လူတစ်သိန်းကျော်က ကျုပ်တို့ လူနှစ်သောင်းကို မနိုင်လို့ မဟုတ်ဘူးလား။ ကျုပ်တို့က ခင်ဗျားတို့ရဲ့ ပထမ ကိုလိုနီ နယ်မြေ၊ ဒုတိယ ကိုလိုနီ နယ်မြေတွေကို ဆက်တိုက်မှာ စိုးရိမ်လို့ မဟုတ်ဘူးလား။ တာ့ယန် အင်ပါယာသစ် ပြည်တွင်းအထိ လာတိုက်မှာ စိုးရိမ်လို့ မဟုတ်ဘူးလား။ ခင်ဗျားတို့ နိုင်ငံ ပျက်စီးသွားမှာကို ကြောက်လို့ မင်းလို ဘုရင် တစ်ပါးက တံခါးဝအထိ လာပြီး အသနားခံရတာ မဟုတ်ဘူးလား။”

ယွင်ကျုံးဟဲ့ စိတ်ထဲတွင် အေးစက်စွာ ပြုံးလိုက်သော်လည်း ပခုံးတွန့်ကာ ပြောလိုက်၏။ “ဆက်ပြောပါအုံး။”

အမတ်ကြီး လော်ယဲ့က ဆက်ပြောသည်။ “ခင်ဗျားက တန်းတူညီမျှ ဧည့်ခံမှု ဆိုတာ ဘာလဲလို့ ပြောနေတာလား။ အရမ်း တောင်းပန်ပါတယ်။ အဲဒါက အရမ်း ဟန်ဆောင်ကောင်းတဲ့ နိုင်ငံရေး ကစားပွဲ တစ်ခု သက်သက်ပါပဲ။ ကျုပ်တို့ ဟေးယန် အင်ပါယာမှာကတော့ အင်အားကိုပဲ အဓိကထားပြီး အင်အားကြီးသူက ဘုရင်ပါပဲ။ ခင်ဗျားလို ဘုရင် တစ်ပါး မပြောနဲ့၊ အင်ပါယာလို့ ခေါ်တဲ့ နိုင်ငံတွေရဲ့ ဧကရာဇ် တွေတောင် ကျုပ်တို့ အနိုင်ယူပြီးတဲ့ နောက်မှာ သင်းကွပ်ခံရပြီး အောက်တန်းအကျဆုံး မိန်းမလျာ ကျွန်တွေ ဖြစ်သွားရတာပဲ။

ဘုရင် ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ တာ့ယန် အင်ပါယာသစ်နဲ့ အဲဒီ ခွေးလို၊ ကြောင်လို နိုင်ငံတွေ ဘာကွာခြားတယ်လို့ ခင်ဗျား ထင်လဲ။ တာ့ယန် အင်ပါယာသစ်ကို ကျုပ်တို့ ဖျက်ဆီးပြီးသွားရင်လည်း ခင်ဗျားကို သင်းကွပ်ပြီး အောက်တန်းကျတဲ့ မိန်းမလျာ ကျွန်အဖြစ် ပြောင်းပစ်မှာပဲ။ ဒါဆို ခင်ဗျားက ဘယ်က ရဲတင်းမှုတွေနဲ့ ကျုပ်တို့ ဧကရာဇ်ကို လာတွေ့ချင်ရတာလဲ။ ခင်ဗျားက ဘာအရည်အချင်းနဲ့ ကျုပ်တို့နဲ့ စစ်ပြေငြိမ်းချင်ရတာလဲ။”

အပိုင်း (၈၁၆)

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အမတ်ကြီး လော်ယဲ့... ဆက်ပြောပါအုံး။”

လော်ယဲ့က ပြောသည်။ “ခင်ဗျားက ဘုရင် တစ်ပါး ဖြစ်ရက်နဲ့ ဘာလို့ ဟေးယန် အင်ပါယာကို လာရတာလဲ။ ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်က အရမ်း အားနည်းလွန်းလို့ မဟုတ်ဘူးလား။ ခင်ဗျားတို့က ကျုပ်တို့ ဟေးယန် အင်ပါယာကို မနိုင်လို့ မဟုတ်ဘူးလား။ ခင်ဗျားတို့ နိုင်ငံ ပျက်စီးသွားမှာကို ကြောက်လို့ မဟုတ်ဘူးလား။ စစ်မြေပြင်မှာ မရနိုင်တဲ့ အရာကို စားပွဲပေါ်မှာ ရချင်နေတာလား။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အမတ်ကြီး လော်ယဲ့... အခု ပြောလို့ ပြီးပြီလား။”

“မပြီးသေးဘူး။”

လော်ယဲ့က အေးစက်စက် ပြောလိုက်သည်။ “ဘုရင် ယွင်ကျုံးဟဲ့... ခင်ဗျားတို့ရဲ့ ဟန်ဆောင်ကောင်းတဲ့ နိုင်ငံရေးနဲ့ ကျုပ်တို့ ဟေးယန် အင်ပါယာကို လာမတိုင်းတာနဲ့။ ကျုပ်တို့က အကြွင်းမဲ့ အင်အားကိုပဲ ယုံကြည်တယ်။ တာရှန်း မိစ္ဆာနိုင်ငံကို အတူတကွ ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့မယ် ဆိုတာနဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်။ သားရဲတွေက တောခွေးတွေနဲ့ မဟာမိတ် မဖွဲ့ပါဘူး။

တာရှန်း မိစ္ဆာနိုင်ငံကို ကျုပ်တို့ ဘာသာကျုပ်တို့ သွားဖျက်ဆီးပါ့မယ်။ ဒါပေမဲ့ တာရှန်း မိစ္ဆာနိုင်ငံကို မဖျက်ဆီးခင်မှာ ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်ကို အရင်ဆုံး အပြီးတိုင် ဖျက်ဆီးပစ်မယ်။ ခင်ဗျားတို့ နိုင်ငံ ပျက်စီးဖို့သာ စောင့်နေကြတော့။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အခု ပြောလို့ ပြီးပြီလား။”

လော်ယဲ့က ဖြေသည်။ “ပြောလို့ ပြီးပြီ။”

ယွင်ကျုံးဟဲ့က ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်၏။ “တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ၊ တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။”

ထို့နောက် သူသည် ထိုနေရာရှိ လူသောင်းချီကို ကြည့်ကာ ဆက်ပြောသည်။ “ကျုပ်က တာ့ယန် အင်ပါယာသစ်က လာတာပါ။ ခင်ဗျားတို့က တာ့ယန် အင်ပါယာသစ်ကို အစွမ်းကုန် အထင်သေးအောင် ပြောနေပေမယ့် ခင်ဗျားတို့ရဲ့ အတွင်းစိတ်ထဲမှာတော့ တာ့ယန် အင်ပါယာသစ် ဆိုတာ ဘာလဲဆိုတာကို သိနေကြပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ကျီရွှေ့အဖွဲ့အစည်းဟာ တာ့ယန် အင်ပါယာသစ်နဲ့ တစ်သားတည်း ဖြစ်ခဲ့ဖူးလို့ပဲ။

ဒါပေမဲ့ တာ့ယန် အင်ပါယာသစ်က ကုန်ထုတ်လုပ်မှု စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ကျီရွှေ့ အဖွဲ့အစည်းရဲ့ လူတချို့က သိုင်းပညာကိုပဲ အဓိက ထားချင်ခဲ့တယ်။ ဒီတိုက်ပွဲမှာ ခင်ဗျားတို့ ရှုံးနိမ့်သွားလို့ ကျီရွှေ့အဖွဲ့အစည်းမှာ အကွဲအပြဲတွေဖြစ်ပြီး ခင်ဗျားတို့က နယ်နှင်ဒဏ် ခံရဖို့ ရွေးချယ်ခဲ့တယ်။

ခင်ဗျားတို့က မိုင်ပေါင်း သောင်းချီ ဝေးကွာတဲ့ နေရာကို ရောက်လာပြီး ကိုယ်ပိုင် နိုင်ငံ တည်ထောင်ကာ ခင်ဗျားတို့ရဲ့ သိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတယ်။ သေချာပေါက် ဘယ်လမ်းစဉ်ကို လျှောက်လှမ်းမယ် ဆိုတာ ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ။”

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ဒါပေမဲ့ ခင်ဗျားတို့ လျှောက်လှမ်းနေတာ ဘယ်သူ့ရဲ့ လမ်းစဉ်လဲ။ ခင်ဗျားတို့ လျှောက်လှမ်းနေတာ တာရှန်း မိစ္ဆာနိုင်ငံရဲ့ လမ်းစဉ်ပဲ။ တာရှန်း မိစ္ဆာနိုင်ငံက ဘယ်သူလဲ။ ခင်ဗျားတို့ရဲ့ အကြီးမားဆုံး ရန်သူပဲ။ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ ရန်သူကို အပြည့်အဝ အတုခိုးနေတယ်။ ခင်ဗျားတို့က တာရှန်း မိစ္ဆာနိုင်ငံရဲ့ တုပထားတဲ့ ပုံစံ တစ်ခု သက်သက်ပဲ။

ဒီလိုနဲ့များ တာရှန်း မိစ္ဆာနိုင်ငံကို အနိုင်ယူချင်သေးတယ်။ ခင်ဗျားတို့ သူ့ကို အပြည့်အဝ အတုခိုးနေချိန်မှာတင် ခင်ဗျားတို့ ရှုံးသွားပြီ။ ခင်ဗျားတို့ရဲ့ အတွင်းစိတ်ထဲမှာ အရှုံးပေးလိုက်ပြီ၊ သူ့ကို ဒူးထောက် လက်နက်ချလိုက်ပြီ။ သေချာပေါက် စကားတစ်ခွန်း ရှိပါတယ်။ သူများ လမ်းကို လျှောက်ပြီး သူများကို လမ်းပျောက်အောင် လုပ်လိုက်တယ် ဆိုတဲ့ စကားပါ။

တချို့ အချိန်တွေမှာ အတုခိုးတာကလည်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း တစ်ခုပါပဲ။ ဒါပေမဲ့ အတုခိုးပြီးရင် သေချာပေါက် ဆန်းသစ်တီထွင်မှု ရှိရမယ်၊ ကိုယ်တိုင် အဆင့်မြှင့်တင်မှု ရှိရမယ်။ အဲဒီလိုမှသာ ဆရာ့ထက် တော်တဲ့ တပည့် ဖြစ်လာနိုင်မယ်။ အခု ခင်ဗျားတို့ ဟေးယန် အင်ပါယာကရော။ အလွန်ဆုံး ညံ့ဖျင်းတဲ့ အတုခိုးသူ တစ်ယောက် သက်သက်ပဲ။

ခင်ဗျားတို့က တာ့ယန် အင်ပါယာသစ်ဟာ တခြား ခွေးလို၊ ကြောင်လို နိုင်ငံတွေနဲ့ ဘာမှ မကွာခြားဘူးလို့ ပါးစပ်ကနေ အမြဲတမ်း ပြောနေကြတယ်။ ခင်ဗျားတို့ ရင်ဘတ်ကို လက်တင်ပြီး စဉ်းစားကြည့်ကြစမ်း။ တာ့ယန် အင်ပါယာသစ်ရဲ့ အင်အားကြီးမားမှုကို ခင်ဗျားတို့ မသိဘူးလား။

အကယ်၍ တာ့ယန် အင်ပါယာသစ်ရဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်မှုတွေကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့က ဒီလောက်တောင် အရိုးထဲထိ မုန်းတီးနေပါ့မလား။ တာ့ယန် အင်ပါယာသစ်ဟာ ခင်ဗျားတို့ရဲ့ မျိုးနွယ်တူတွေ၊ အရင်က ညီအစ်ကိုတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က သူတို့ကို အမြစ်ပြတ် ချေမှုန်းချင်နေကြတယ်။ တကယ့် ရန်သူ ဖြစ်တဲ့ တာရှန်း မိစ္ဆာနိုင်ငံက လောကကြီးရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေတာကိုတောင် လုံးဝ ဂရုမစိုက်ဘဲ တာ့ယန် အင်ပါယာသစ်အပေါ် ခင်ဗျားတို့ရဲ့ အမုန်းတရားတွေက ဘယ်ကလာသလဲ။ ခင်ဗျားတို့ စိတ်ထဲမှာ မသိဘူးလား။”

ယွင်ကျုံးဟဲ့ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် အထင်သေးစွာ ပြောလိုက်သည်။ “ခင်ဗျားတို့လို အနေအထားနဲ့များ တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးချင်သေးတယ်လား။ ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့လိုက်လဲ။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ။”

လော်ယဲ့က မေးလိုက်၏။ “ယွင်ကျုံးဟဲ့... သေချာ မှတ်ထားပါ။ အခု ကိုယ်တိုင် လာပြီး အသနားခံတဲ့သူက ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်ပဲ။ စစ်ရှုံးသွားတာကလည်း ခင်ဗျားတို့ပဲ။ နိုင်ငံ ပျက်စီးတော့မှာကလည်း ခင်ဗျားတို့ပဲ။ ပြီးတော့ အင်ပါယာ တစ်ခုရဲ့ အင်အားကြီးမားမှု ရှိ၊ မရှိ ဆိုတာ ဒီအင်ပါယာရဲ့ ဘုရင်ကို ကြည့်ရတာ မလား။ အဲဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင် ခင်ဗျားက တာ့ယန် အင်ပါယာသစ်မှာ အင်အားအကြီးဆုံး လူတစ်ယောက်ပဲ မလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။”

လော်ယဲ့က ပြော၏။ “ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်မှာ အင်အားအကြီးဆုံး လူတစ်ယောက်က ကျုပ်တို့ ဟေးယန် အင်ပါယာမှာ ထောင်စုမှူး အဆင့်လောက်ပဲ ရှိတယ်။ ခင်ဗျားတို့က ဘယ်မျက်နှာနဲ့ အင်အားကြီးမားမှု အကြောင်း၊ တိုးတက်မှုအကြောင်း လာပြောနေသေးတာလဲ။ အကယ်၍ တာ့ယန် အင်ပါယာသစ်က ပျက်စီးတော့မှာ မဟုတ်ရင်၊ အကယ်၍ ခင်ဗျားတို့က ကျုပ်တို့ကို မနိုင်လို့ မဟုတ်ရင် ဘာလို့ လာပြီး အသနားခံရမှာလဲ။”

ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ် ကိုယ်တိုင် လာရတဲ့ အကြောင်းရင်းက နှစ်ခု ရှိပါတယ်။ ပထမဦးဆုံး အနေနဲ့ ကျုပ်ရဲ့ ဘိုးဘေး၊ တာရှရဲ့ ကောင်းကင်ဘုံ ဧကရာဇ် ရှကျူ ဟာ ကျီရွှေ့အဖွဲ့အစည်းကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ကျုပ်လည်း ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။”

ယွင်ကျုံးဟဲ့က လက်ထဲရှိ စာလိပ်ကို အမြင့်သို့ မြှောက်ပြလိုက်ရာ အပေါ်တွင် မီးတောက်တစ်ခု ပါရှိပြီး မီးတောက် အတွင်းတွင် ဓားနှစ်လက် ကြက်ခြေခတ် ပုံစံ ပါရှိသည်။ ဤသည်မှာ ကျီရွှေ့အဖွဲ့အစည်း၏ မူလ သင်္ကေတပင် ဖြစ်၏။

“ကျုပ်ရဲ့ ဘိုးဘေး ရှကျူက ကျီရွှေ့အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့တယ်၊ ကျုပ်က ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်ဖို့ ပိုပြီးတော့တောင် မထိုက်တန်ဘူးလို့ သေချာပေါက် ခင်ဗျားတို့က ထပ်ပြောအုံးမှာပေါ့။ ကိစ္စ မရှိပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိပါသေးတယ်။ ကျုပ်ရဲ့ ဇနီး ကျင်းကျုံးယွဲ့က ခင်ဗျားတို့ ဟေးယန် အင်ပါယာရဲ့ အမျိုးသမီး ချင်ဝမ် ဖြစ်နေလို့ပါ။ ကျုပ်ရဲ့ ကလေး နှစ်ယောက်ကလည်း ဟေးယန် အင်ပါယာမှာ ရှိနေလို့ပါ။”

ဤစကားကို ယွင်ကျုံးဟဲ့က လော်ယဲ့ကို စောစောတည်းက ပြောပြခဲ့ပြီး ဖြစ်သည်။ သို့ပေမည့် ထိုနေရာရှိ လူအားလုံး ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ပြီး ချက်ချင်း အံ့အားတသင့် ဖြစ်သွားကြ၏။

‘ချင်ဝမ် ကျင်းကျုံးယွဲ့ လား။ ဟေးယန် အင်ပါယာရဲ့ ချင်ဝမ် ကိုးယောက်ထဲက တစ်ယောက်လား။ တာ့ယန် အင်ပါယာသစ်ကို ဝင်တိုက်တဲ့ စစ်သေနာပတိလား။ မျက်စိရှေ့က လူချောလေးက အမျိုးသမီး ချင်ဝမ်ရဲ့ ယောက်ျားတဲ့လား။’

လော်ယဲ့က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကျုပ်တို့က ခင်ဗျားနဲ့ အမျိုးသမီး ချင်ဝမ် ကျင်းကျုံးယွဲ့ နဲ့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီမင်္ဂလာပွဲကို ကျုပ်တို့ အသိအမှတ် မပြုပါဘူး။

ပြီးတော့ အမျိုးသမီး ချင်ဝမ် ကျင်းကျုံးယွဲ့ရဲ့ သားသမီး နှစ်ယောက်ကလည်း သိုင်းသမား မျိုးနွယ်စုနဲ့ ယဇ်ပုရောဟိတ် မျိုးနွယ်စုမှာ ပညာသင်ကြားနေပါတယ်။ ခင်ဗျားက သူတို့ရဲ့ ဖခင်လို့ ကျုပ်တို့ အသိအမှတ် မပြုပါဘူး။ တကယ်တမ်းကျတော့ ကျုပ်တို့ ဟေးယန် အင်ပါယာက နောက်ကျပြီး ယိုယွင်းနေတဲ့ သားအဖ ဆက်ဆံရေးကို စောစောတည်းက စွန့်လွှတ်လိုက်ပါပြီ။”

“ကိစ္စ မရှိပါဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်နဲ့ ကျင်းကျုံးယွဲ့ရဲ့ လင်မယား ဆက်ဆံရေး၊ ကျုပ်နဲ့ ကလေး နှစ်ယောက်ရဲ့ သားအဖ ဆက်ဆံရေးကို ခင်ဗျားတို့ အသိအမှတ် မပြုလည်း ကိစ္စ မရှိပါဘူး။ ခင်ဗျားတို့ရဲ့ အသိအမှတ်ပြုမှုကိုလည်း ကျုပ် မလိုအပ်ပါဘူး။ ကျုပ်ဘာသာကျုပ် အသိအမှတ်ပြုရင် ရပြီ၊ ကျုပ်ဇနီး အသိအမှတ်ပြုရင် ရပြီ။ ပြီးတော့ ကျုပ်က အသနားခံဖို့ လာတယ်လို့ ခင်ဗျားတို့ ထင်နေတာလား။”

“ဒါဆို မဟုတ်လို့လား။” လော်ယဲ့က အေးစက်စက် ပြုံးကာ မေးသည်။

ယွင်ကျုံးဟဲ့က တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်၏။ “ကျုပ်က ခင်ဗျားတို့ ဧကရာဇ်ကို လာတွေ့တာပါ။ ကျုပ် လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးရတဲ့ အကြောင်းရင်းက ဟေးယန် အင်ပါယာဟာ ကျုပ်ရဲ့ ဇနီး၊ ကျုပ်ရဲ့ ကလေးတွေ၊ ကျုပ်ရဲ့ မိသားစုတွေကို ကယ်တင်ခဲ့ဖူးလို့ပါ။ ကျုပ်က ကျေးဇူးတင်တတ်လို့ လာခဲ့တာပါ။

ဟေးယန် အင်ပါယာကို ဝင်တိုက်တဲ့ စစ်သေနာပတိက ကျုပ်ရဲ့ ဇနီး ကျင်းကျုံးယွဲ့ ဖြစ်နေလို့ပါ။ သူမကို ဟေးယန် အင်ပါယာကို သစ္စာဖောက်အောင် ကျုပ် မလုပ်ရက်လို့ပါ။ သူမကို ဘယ်ဘက် ရွေးရမလဲ ဆိုတဲ့ သေရေးရှင်ရေး အကျပ်အတည်းမျိုး မရောက်စေချင်လို့ ကျုပ် လာခဲ့တာပါ။

ခင်ဗျားတို့ ဟေးယန် အင်ပါယာကို ကျုပ်တို့ တာ့ယန် အင်ပါယာသစ်က မနိုင်ဘူးလို့ ခင်ဗျားတို့ တကယ် ထင်နေတာလား။ ခင်ဗျားတို့ ဟေးယန် အင်ပါယာနဲ့ စစ်တိုက်ရမှာကို ကျုပ်တို့ တကယ် ကြောက်နေတယ်လို့ ထင်နေတာလား။”

“မကြောက်ဘူးလား။”

လော်ယဲ့က အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားက နိုင်ငံ ပျက်စီးသွားမှာကို ကြောက်လို့၊ ကျုပ်တို့ ဟေးယန် အင်ပါယာနဲ့ စစ်ဖြစ်မှာကို ကြောက်လို့ လာပြီး အသနားခံရတာလေ။ ခင်ဗျားက တာ့ယန် အင်ပါယာသစ်မှာ အင်အားအကြီးဆုံး လူတစ်ယောက် ဖြစ်နေပြီ။ ဒါပေမဲ့ ထောင်စုမှူး အဆင့်လောက်ပဲ ရှိသေးတယ်။ ခင်ဗျားတို့ ဘယ်လောက်တောင် အားနည်းလဲ ဆိုတာ သိသာပါတယ်။”

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “မိုက်မဲတယ်၊ ရယ်စရာ ကောင်းတယ်၊ မာနကြီးတယ်၊ ရေတွင်းထဲက ဖားသူငယ်လိုပဲ။ ဒီလောကမှာ အင်အား မျိုးစုံ ရှိတယ် ဆိုတာ ခင်ဗျားတို့ မသိဘူးလား။ သိုင်းပညာက အဲဒီထဲက တစ်ခုပဲ ရှိသေးတယ်။ စောစောက သိုင်းပြိုင်ပွဲမှာ ကျုပ် သေချာ ပြသခဲ့ပြီးပြီ မလား။ ကျုပ်က နတ်ဘုရားတွေလို ဆန်းကြယ်တဲ့ နည်းလမ်းနဲ့ ခင်ဗျားတို့ရဲ့ သိုင်းသမား သုံးဆယ့်ကိုးယောက်ကို သတ်ခဲ့တာ။ အင်အား ဆိုတာ သိုင်းပညာ တစ်ခုတည်း မဟုတ်ဘူး ဆိုတာကို ခင်ဗျားတို့ကို သက်သေပြဖို့ပဲ။”

လော်ယဲ့က ပြောသည်။ “မဟုတ်ဘူး။ ခင်ဗျား စောင်းသံ သုံးတာကလည်း သိုင်းပညာရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ကျုပ်တို့ရဲ့ ယဇ်ပုရောဟိတ်တွေက စောစောတည်းက သေချာ လေ့လာထားပြီးပြီ။ ခင်ဗျားက အသံလှိုင်းနဲ့ လူသတ်တာ။ ဒါက အတွင်းအားနဲ့ လူသတ်တာနဲ့ ဘာမှ မကွာခြားပါဘူး။ အရမ်း ချောင်ကျတဲ့ သိုင်းပညာ တစ်မျိုး သက်သက်ပဲ ဖြစ်ပြီး ခင်ဗျားက နတ်ဘုရားတွေလို ဟန်ဆောင်နေတာ။ တကယ့်ကို ဟန်ဆောင်ကောင်းတဲ့သူပဲ။

ခင်ဗျားက ဘုရင် တစ်ပါး ဖြစ်ပေမယ့် အလွန်ဆုံး ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ ထောင်စုမှူး အဆင့်လောက်ပဲ ရှိတာ။ အဲဒါကြောင့် ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်ရဲ့ အမြင့်ဆုံး အင်အားက ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ ထောင်စုမှူး အဆင့်လောက်ပဲ ရှိတာ။ ဒါကို ကျုပ်တို့က ခင်ဗျားတို့ကို ဘယ်လို အထင်ကြီးရမှာလဲ။ ဘယ်လို အထင်မသေးဘဲ နေနိုင်မှာလဲ။”

ယွင်ကျုံးဟဲ့ ဒေါသထွက်ရန်ပင် အားမရှိတော့ပေ။ သူသည် အလွန် အဓိပ္ပာယ်မဲ့ပြီး ရယ်စရာကောင်းသည်ဟုသာ ခံစားနေရ၏။

ထို့နောက် သူက မေးလိုက်သည်။ “ဟေးယန် အင်ပါယာရဲ့ သိုင်းသမားတွေ၊ ယဇ်ပုရောဟိတ်တွေ... ခင်ဗျားတို့လည်း ဒီလိုပဲ ထင်နေကြတာလား။”

ထိုနေရာရှိ လူသောင်းချီက အေးစက်သော အပြုံးများ ပြသလိုက်ကြသည်။ သူတို့က အင်အားကိုသာ အလေးထားပြီး သိုင်းပညာကိုသာ အထွတ်အမြတ် ထားကြသည်။ ယွင်ကျုံးဟဲ့ လာရောက် အသနားခံရခြင်းမှာ တာ့ယန် အင်ပါယာသစ်က ဟေးယန် အင်ပါယာကို မနိုင်သောကြောင့် ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။

“ဟုတ်တယ်။ ကျုပ် ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာသစ်မှာ အင်အားအကြီးဆုံး လူတစ်ယောက်ပဲ။ ဒါပေမဲ့ ဘုရင်ရာထူး တက်ရောက်ချိန်မှာ ကျုပ်ရဲ့ သိုင်းပညာကို တစ်ခါမှ မပြသခဲ့ဖူးဘူး။ ကျုပ်ရဲ့ ဉာဏ်ပညာကိုပဲ ပြသခဲ့တာ၊ ကျုပ်ရဲ့ ဉာဏ်ပညာကိုပဲ...”

ယွင်ကျုံးဟဲ့က ဒေါသတကြီး အော်ပြောလိုက်သည်။ “ဉာဏ်ပညာက တချို့ အချိန်တွေမှာ သိုင်းပညာထက် အများကြီး ပိုပြီး အင်အားကြီးမားတယ်။ အဆတစ်ရာ၊ တစ်ထောင်မက ပိုပြီး အင်အားကြီးမားတယ်။”

All Chapters