အခန်း (၈၁၉-၈၂၀)
Vol. 69 Ch. 819-820
အပိုင်း (၈၁၉)
“အဖေ... ဒီတစ်ခါ အဖေ လာရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။” သမီးလေးက မေးသည်။
ယွင်ကျုံးဟဲ့က မဖြေဘဲ ပြန်မေးလိုက်၏။ “သမီးလေး... အဖေ့ကို အရင် ပြောပြပါအုံး။ သမီး နာမည် ဘယ်လို ခေါ်လဲ။”
သမီးလေးက ဖြေသည်။ “သမီး နာမည်က ကျင်းချွဲ ပါ။”
‘ဒီနာမည် ဘယ်သူ ပေးတာလဲ။ အရမ်း ဖြစ်သလို ပေးထားတာပဲ။’
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ဒါဆို မင်းကကော... ကောင်လေး။”
သားလေးက ဖြေသည်။ “ကျုပ် နာမည်က ကျင်းဟူပါ။”
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ချက်ချင်း အော်ဟစ်လိုက်သည်။ ‘ဒီနာမည် နှစ်ခုကို ဘယ်သူ ပေးတာလဲ။ ထွက်ခဲ့စမ်း။ သားသမီး နှစ်ယောက်စလုံးရဲ့ နာမည်တွေက ငှက်နာမည်တွေချည်းပဲလား။’
“ဒါက အမေ ပေးထားတဲ့ နာမည်တွေပါ။ သူက ဦးနှောက် သုံးရတာ မကြိုက်ဘူးလေ။”
သမီးလေး ကျင်းချွဲက ပြောလိုက်၏။ “ပြီးတော့ အဖေက ကြိုးကြာ (ဟဲ့)၊ သမီးက စာကလေး (ချွဲ) ၊ သူက ငန်း (ဟူ) ကျွန်မတို့ မိသားစု တစ်ခုလုံးက ငှက်တွေချည်းပဲ။”
‘ကောင်းပါပြီ။ ဒီနာမည်ကို ခေါ်လာတာ ဆယ့်ငါးနှစ်တောင် ရှိပြီဆိုတော့ အတည်ဖြစ်နေလောက်ပါပြီ။’
သမီးလေး ကျင်းချွဲက ပြောသည်။ “အဖေ... အဖေ ဘာလာလုပ်တာလဲ ဆိုတာ သမီးတို့ကို မပြောရသေးဘူးနော်။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်၏။ “အဖေက ဟေးယန် အင်ပါယာနဲ့ စစ်ပြေငြိမ်းဖို့ လာဆွေးနွေးတာပါ။ ဒါပေမဲ့ အဆုံးစွန် ပြောရရင်တော့ သမီးတို့ကို ခေါ်သွားဖို့၊ တာ့ယန် အင်ပါယာသစ်ကို ခေါ်သွားဖို့ပါ။”
သမီးလေး ကျင်းချွဲက မေးလိုက်သည်။ “ဆိုလိုတာက အဖေက အမေ့အတွက်၊ သမီးတို့ မောင်နှမ နှစ်ယောက်အတွက် လာတာပေါ့။ ဟုတ်လား။”
“ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ပြီးတော့ မင်းတို့ရဲ့ ဦးလေး၊ အဒေါ် စတဲ့ သူတွေ အားလုံးကို အဖေ ခေါ်သွားမှာပါ။”
သမီးလေး ကျင်းချွဲက ထပ်မေးသည်။ “အဖေ။ တာ့ယန် အင်ပါယာသစ်က ကောင်းလား။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကလေးလေး... တာ့ယန် အင်ပါယာသစ်က သမီးတို့ကို နာကျင်အောင် လုပ်ခဲ့တယ် ဆိုတာ အဖေ သိပါတယ်။ အထူးသဖြင့် သမီးရဲ့ မောင်လေးကိုပေါ့။ နည်းနည်းလေး လိုသွားတာ... သူ့ကို အဖေ ဆုံးရှုံးရတော့မလို့ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ တာ့ယန် အင်ပါယာသစ်က ကိုယ့်လူတွေအပေါ် အရမ်း မရက်စက်ပါဘူး။”
သမီးလေး ကျင်းချွဲက ပြောသည်။ “ဒါပေမဲ့ သမီးတို့ ခန္ဓာကိုယ်ထဲမှာ တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ပါနေတယ်လေ။ အဲဒါကြောင့် တာ့ယန် အင်ပါယာသစ်က သမီးတို့ကို လက်ခံမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့က ဒီအကြောင်းပြချက်နဲ့ပဲ သမီးတို့ကို ငြင်းပယ်ခဲ့လို့ လူတစ်သောင်းကျော် ချမ်းသေ၊ ငတ်သေခဲ့ရတာလေ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သမီးလေး... သမီး တာ့ယန် အင်ပါယာသစ်ကို မုန်းလား။”
ကျင်းချွဲ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ဖြေသည်။ “ဟုတ်တယ်။ သမီး တာ့ယန် အင်ပါယာသစ်ကို မုန်းတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ဒါဆို အဖေ့ကိုကော မုန်းလား။”
ကျင်းချွဲ ခဏမျှ ထပ်မံ စဉ်းစားပြီးနောက် ဖြေသည်။ “နည်းနည်းတော့ မုန်းတယ်။”
“ကျေးဇူးတင်ပါတယ် သမီးလေး။” ယွင်ကျုံးဟဲ့က မနေနိုင်ဘဲ သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်၏။
ကျင်းချွဲက ဆက်ပြောသည်။ “ဒါပေမဲ့ အမေကတော့ သမီးတို့ကို အဖေ့ကို မမုန်းဖို့ ပြောတယ်။ ဘာလို့လဲဆိုတော့ အဖေက သမီးတို့ အားလုံးထက် ပိုပြီး ခက်ခဲခဲ့လို့တဲ့။”
အစမှ အဆုံးထိ သမီးလေးကသာ စကားပြောနေပြီး သားလေးကတော့ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကာ ရှက်ရွံ့မှုများ ပြည့်နှက်နေ၏။
သမီးက သိုင်းသမား ဖြစ်ပြီး သားက ယဇ်ပုရောဟိတ် ဖြစ်ကာ တစ်ယောက်က သိုင်းပညာရှင်၊ တစ်ယောက်က ပညာရှင် ဖြစ်ပြီး နှစ်ယောက်စလုံးက ပါရမီရှင်များ ဖြစ်ကြသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကလေးတို့... သမီးတို့ ဟေးယန် အင်ပါယာကို သဘောကျလား။”
သမီးလေး ကျင်းချွဲ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေသည်။ “သမီး သဘောမကျဘူး။ အရမ်း မှောင်မိုက်တယ်၊ အရမ်း ရက်စက်တယ်၊ လူမဆန်ဘူး။ အကယ်၍ သမီးမှာ ကလေး ရှိရင် ဟေးယန် အင်ပါယာမှာ မနေစေချင်ဘူး။ အဲဒါကြောင့် အဖေ့ရဲ့ တွေးခေါ်မှုတွေကို သမီး နားလည်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွား၏။ ‘ဒီသမီးလေးရဲ့ အတွေးအခေါ်က တကယ်ကို ရင့်ကျက်တာပဲ။’
ထို့နောက် သူသည် သားလေး ကျင်းဟူ ဘက်သို့ လှည့်ကြည့်လိုက်ရာ သူက အတော်ကြာအောင် စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ဖြေသည်။ “ကျုပ်လည်း ဟေးယန် အင်ပါယာကို သဘောမကျဘူး။ အရမ်း ရက်စက်လွန်းတယ်။ ဦးလေး ဝူပင်း၊ အဒေါ် လန်ပိ၊ အဒေါ် ချူကျောင်းရန် တို့အပေါ် အရမ်း မတရားဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူတို့ နေကောင်းကြရဲ့လား။”
ကျင်းချွဲက ဖြေသည်။ “သူတို့ မကောင်းဘူး။ အရမ်းကို မကောင်းဘူး။ အမေက လူတစ်သောင်းကျော် ခေါ်လာပေမယ့် ကိုးဆယ့်ငါး ရာခိုင်နှုန်းက လမ်းမှာတင် သေဆုံးသွားခဲ့တယ်။ ဟေးယန် အင်ပါယာထဲ ရောက်လာတာ လူတစ်ထောင်တောင် မပြည့်ဘူး။ ပြီးတော့ ဒီလူတွေက ဟေးယန် အင်ပါယာထဲ ရောက်လာပြီးနောက်ပိုင်း အများစုက ကျွန်တွေ ဖြစ်သွားကြတယ်။
အမေက သူတို့ကို ကာကွယ်ဖို့အတွက် အစွမ်းကုန် လေ့ကျင့်ခဲ့ရပြီး အစွမ်းကုန် ကြိုးစားခဲ့ရကာ ချင်ဝမ် ကိုးယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီလိုမှသာ ဒီကျွန်တွေ အားလုံးကို သူမရဲ့ အကာအကွယ် အောက်မှာ ထားနိုင်ခဲ့တာ။
ဒါပေမဲ့ အဲဒီလို ဆိုရင်တောင် ဘယ်သူက ကျွန်ဆိုတဲ့ နာမည်ကို ခံချင်မှာလဲ။ မူလတည်းက ကျွန်တွေ ဖြစ်ခဲ့ရင်တော့ ထားပါတော့။ ဒါပေမဲ့ အရင်က သူတို့က ကျွန်တွေ မဟုတ်ရုံတင် မကဘူး၊ အာဏာပိုင်တွေ ဖြစ်ခဲ့ပြီး ဉာဏ်ပညာ ရှိတဲ့ သူတွေ ဖြစ်ခဲ့တာလေ။”
ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် ပြောလိုက်၏။ “ချူကျောင်းရန် နဲ့ လန်ပိ တို့ရဲ့ သိုင်းပညာက မနိမ့်ပါဘူး။ ဟေးယန် အင်ပါယာမှာ သိုင်းသမား တစ်ယောက် ဖြစ်ဖို့ ခက်ခဲတာ မဟုတ်ဘူးလေ။”
ကျင်းချွဲက ဖြေသည်။ “အဒေါ် လန်ပိက သိုင်းသမားပါ။ ဒါပေမဲ့ ဦးလေး ချူကျောင်းရန် ကတော့ အအေးဒဏ်ကြောင့် ဒဏ်ရာရသွားပြီး ခြေထောက် နှစ်ဖက်စလုံး သွားလာလို့ အဆင်မပြေတော့လို့ သိုင်းပညာတွေ အားလုံး ပျောက်ဆုံးသွားပါပြီ။”
ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး ထိုလူများ၏ မျက်နှာများကို ပြန်လည် မြင်ယောင်လာ၏။ ထိုသူတို့နှင့် ဆယ်နှစ်ကျော်လောက် မတွေ့ခဲ့ရပေ။
“သမီးတို့ စိတ်ချပါ။ အဖေ သမီးတို့ အားလုံးကို သေချာပေါက် ခေါ်သွားပါ့မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သူတို့ကို နေရောင်အောက်မှာ နေထိုင်ခွင့် ပေးပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြသခွင့်၊ တောက်ပခွင့် ပေးပါ့မယ်။”
ကျင်းချွဲက ယွင်ကျုံးဟဲ့ကို ကြည့်ကာ နှုတ်ဆက်လိုက်၏။ “ကဲ... အဖေ... သမီးတို့ အရင် သွားတော့မယ်။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒီလောက်တောင် လောနေတာလား။”
သမီးလေး ကျင်းချွဲက ဖြေ၏။ “သမီးတို့ကို အရမ်း တင်းကျပ်စွာ စီမံခန့်ခွဲထားတာပါ။ နေ့တိုင်း အချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး ဆယ့်ငါးမိနစ်တောင် အားလပ်ချိန် မရှိပါဘူး။ ဒီတစ်ခါ သမီးတို့ အဖေ့ကို လာတွေ့နိုင်တာ အထူး အခြေအနေကြောင့်ပါ။”
ယွင်ကျုံးဟဲ့ အံ့ဩစွာ မေးလိုက်သည်။ “ဆယ့်ငါးမိနစ်တောင် အားလပ်ချိန် မရှိဘူးလား။”
သမီးလေး ကျင်းချွဲက ဖြေ၏။ “ဟုတ်တယ်။ သမီးတို့ တစ်ရက်ကို ခြောက်နာရီပဲ အိပ်ရတယ်။ ကျန်တဲ့ ဆယ့်ရှစ်နာရီမှာ စားသောက် အိပ်စက်တာကလွဲရင် အားလုံး သိုင်းလေ့ကျင့်နေရတာပါ။ မောင်လေး ဆိုရင်လည်း ဓာတ်ခွဲခန်းမှာ အလုပ်တွေ လုပ်နေရတာပါ။”
‘ဒါက စက်ရုပ်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဟေးယန် အင်ပါယာရဲ့ သိုင်းသမားတွေက ဘာလို့ ဒီလောက်တောင် ထုံထိုင်းနေရတာလဲ ဆိုတာ မဆန်းတော့ပါဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သမီးတို့ အမေက ချင်ဝမ် လေ။ အထူး အခွင့်အရေး မရဘူးလား။”
ကျင်းချွဲက ဖြေ၏။ “ဟေးယန် အင်ပါယာရဲ့ ကလေးတွေ အားလုံးက သက်ဆိုင်ရာ မျိုးနွယ်စုတွေရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ ရှိပါတယ်။ မိဘတွေနဲ့ သွေးသား ဆက်စပ်မှုကလွဲရင် တခြား ဘာဆက်ဆံရေးမှ မရှိပါဘူး။ ကလေး အများစုက သူတို့ရဲ့ မိဘတွေကိုတောင် မမြင်ဖူးကြသလို ဘယ်သူလဲ ဆိုတာတောင် မသိကြပါဘူး။”
‘ဒါက တကယ်ကို လူမဆန်လွန်းဘူး၊ သဘာဝတရားကို ဆန့်ကျင်နေတာပဲ။ မဖြစ်ဘူး။ ကျုပ် ကလေး နှစ်ယောက်နဲ့ ဒီလူတွေ အားလုံးကို သေချာပေါက် ခေါ်သွားရမယ်။’
ယွင်ကျုံးဟဲ့ ကလေး နှစ်ယောက်၏ လည်ပင်းကို ဖက်ထားပြီး သုံးယောက်သား နဖူးချင်း တိုက်ကာ ကတိပေးလိုက်သည်။ “သမီးတို့ စိတ်ချပါ။ အဖေ သမီးတို့ကို သေချာပေါက် ခေါ်သွားမှာပါ။”
ကျင်းချွဲက ပြန်မေး၏။ “ဒါပေမဲ့ သမီးတို့က ဟေးယန် အင်ပါယာအပေါ် အကြွေးတင်နေတယ်လေ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အဖေ ဆပ်ပေးပါ့မယ်။”
ဖခင်နှင့် သားသမီး သုံးဦး နဖူးချင်း ထိကပ်ထားစဉ် တိုတောင်းသော အတူနေချိန်လေး အတွင်းမှာပင် ယခင်က အတားအဆီးများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွား၏။
“အဖေ... သမီးတို့ တကယ် သွားတော့မယ်။ မဟုတ်ရင် အပြစ်ပေးခံရလိမ့်မယ်။”
သမီးလေး ကျင်းချွဲက ပြောလိုက်သည်။ “သုံးရက် အတွင်း သမီးတို့ အဖေ့ကို လာတွေ့ဖို့ ကြိုးစားပါ့မယ်။ ပြီးတော့ ဦးလေး ကိုပါ ခေါ်လာခဲ့ပါ့မယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ သေချာပေါက် မှတ်ထားနော်။”
ထို့နောက် သမီးနှင့် သားတို့သည် ငှက်ကလေးများကဲ့သို့ ပျံသန်း ထွက်ခွာသွားကြသည်။
ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး စိတ်ထဲတွင် ဟာလာဟင်းလင်းကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အရင်က သားဖြစ်သူ ယွင်ယောင် ကဲ့သို့ပင် သူ၏ ကလေးများသည် အလွန် ထူးချွန်ကြပြီး အလွန် ချစ်စရာ ကောင်းကြသည်။
ယခင်က မတွေ့ဆုံခဲ့ရသောကြောင့် အသိဉာဏ်ထဲတွင် သိပ်မခံစားခဲ့ရသော်လည်း ယခု တွေ့ဆုံပြီးနောက်တွင်တော့ နှလုံးသား၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်လာခဲ့၏။
နောက်ဆက်တွဲ အချိန်များတွင် ယွင်ကျုံးဟဲ့သည် ဤအခန်း အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့သည်။ အချိန်မှန် ထမင်း၊ ရေ လာပို့သူ ရှိသော်လည်း ဟေးယန် အင်ပါယာ ဧကရာဇ်သည် သူ့ကို လာရောက် မတွေ့ဆုံသေးပေ။
အရင်က ယွင်ကျုံးဟဲ့ အတော်လေး တည်ငြိမ်ခဲ့သော်လည်း သားသမီး နှစ်ယောက်နှင့် တွေ့ဆုံပြီးနောက် သူ၏ စိတ်နှလုံးသည် မြက်ပင်များ ပေါက်လာသကဲ့သို့ ဖြစ်လာပြီး သူတို့ကို ထပ်မံ တွေ့ဆုံချင်စိတ်များ ပြင်းပြလာသည်။
သုံးရက် အကြာတွင်....
အခန်းတံခါး ထပ်မံ ပွင့်လာ၏။
ဤတစ်ကြိမ် ရောက်လာသည်မှာ သမီးလေး ဖြစ်ပြီး ငှက်ကလေး တစ်ကောင်ကဲ့သို့ ပြေးဝင်လာကာ ပြောလိုက်သည်။ “အဖေ... သမီး ဦးလေးနဲ့ အဒေါ်ကို ခေါ်လာခဲ့ပြီ။ အဖေတို့ စကားပြောကြ။ သမီး သွားတော့မယ်နော်။ သမီး သေချာပေါက် ပြဿနာ အကြီးကြီး တက်တော့မှာပဲ။”
ဤစကားကို ထောက်ရှုခြင်းအားဖြင့် သမီးလေး ကျင်းချွဲ သည် ဤတစ်ကြိမ်တွင် ကိုယ့်ဘာသာကိုယ် အတန်းလစ်၍ ထွက်လာခြင်း ဖြစ်ကြောင်း ထင်ရှားလှပြီး သေချာပေါက် အပြစ်ပေးခံရမှာဖြစ်၏။
ယွင်ကျုံးဟဲ့ အမြန် လိုက်ထွက်သွားသော်လည်း ထိုကောင်မလေး၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားသည်။
သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြီး အချစ်တော် သမီးလေး ပျောက်ကွယ်သွားသည့် နောက်ကျောကို ကြည့်နေမိ၏။
‘ဒီကောင်မလေးက တကယ်ကို ချစ်စရာ ကောင်းတာပဲ။ စိတ်ဝိညာဉ်တွေ၊ အင်အားတွေ ပြည့်နှက်နေပြီး သူမရဲ့ မိဘတွေနဲ့ လုံးဝ မတူဘူး။’
“ယွင်ကျုံးဟဲ့...” ထိုအချိန်မှာပင် အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာပြီး ရင်းနှီးနေသလိုလို၊ စိမ်းကားနေသလိုလို ဖြစ်နေသည်။
အသံပိုင်ရှင်မှာ လန်ပိ ဖြစ်ပြီး ကျင်းဝူပင်း နှင့် ချူကျောင်းရန် တို့လည်း ပါဝင်၏။
ယွင်ကျုံးဟဲ့ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် နောက်တစ်စက္ကန့်တွင် လန်ပိက တိုက်ရိုက် ပြေးဝင်လာကာ ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဖက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။
သူမ၏ အပြောင်းအလဲကလည်း အလွန် ကြီးမားပြီး အရပ် နှစ်လက်မခန့် ပိုရှည်လာသည်။ ထို့အပြင် အရင်ကထက် ပိုမို လှပလာပြီး ခန္ဓာကိုယ်က ပိုမို တောင့်တင်းလာသည်။ ယခုအခါ သူမသည်လည်း အသက် သုံးဆယ်ကျော် ရှိနေပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ အများဆုံး သုံးဆယ် ထက် မပိုပေ။
သို့ပေမည့် မျက်နှာပေါ်တွင် သိသာထင်ရှားသော အမာရွတ် တစ်ခု ရှိနေပြီး အပြာရောင် အမာရွတ် ဖြစ်သည်။ လည်ပင်းတွင်လည်း ရှိပြီး လက်မောင်းတွင်လည်း ရှိသည်။
သူမလည်း ဒုက္ခများစွာကို ခံစားခဲ့ရပြီး ဘေးနားရှိ လူများကို ကာကွယ်ရန်အတွက် အင်အားကြီးလာစေရန် အစွမ်းကုန် ကြိုးစားခဲ့ရကြောင်း ထင်ရှား၏။
အပိုင်း (၈၂၀)
ယခုအချိန်တွင် သူမနှင့် ယွင်ကျုံးဟဲ့၏ ပွေ့ဖက်မှုသည် ဖြူစင်ပြီး ဝမ်းသာ အံ့ဩမှုများ၊ မိတ်ဟောင်းဆွေဟောင်း ပြန်လည် ဆုံတွေ့မှုများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ယွင်ကျုံးဟဲ့ သူမကို လွှတ်ပေးလိုက်ပြီးနောက် ကျင်းဝူပင်း၊ ချူကျောင်းရန်တို့နှင့် အသီးသီး ဖက်လိုက်သည်။
လန်ပိနှင့် နှိုင်းယှဉ်ပါက ကျင်းဝူပင်းနှင့် ချူကျောင်းရန် တို့မှာ အများကြီး ပိုမို အိုမင်းသွားကြပြီး ဆံပင်များပင် တစ်ဝက်ခန့် ဖြူနေပြီ ဖြစ်၏။
ကျင်းဝူပင်း သည် အသက် လေးဆယ်ပင် မပြည့်သေးသလို ချူကျောင်းရန် လည်း လေးဆယ်ကျော်ရုံသာ ရှိသေးသော်လည်း လူနှစ်ဦးစလုံး အိုမင်းနေကြပြီ ဖြစ်သည်။
“အစ်ကို...” ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ခေါ်လိုက်၏။
“ညီလေး…” ကျင်းဝူပင်းက တုန်ယင်စွာ ခေါ်လိုက်ပြီးနောက် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာသည်။
ယွင်ကျုံးဟဲ့ အတွက် ဤဆယ်နှစ်ကျော် ကာလသည် လှိုင်းလုံးကြီးများကဲ့သို့ ကြီးကျယ်ခမ်းနားခဲ့သော်လည်း ကျင်းဝူပင်း အတွက်မူ ဤဆယ်နှစ်ကျော် ကာလသည် အလွန် နာကျင်ရသော ကာလ ဖြစ်ခဲ့၏။
သူသည် အချိန်တိုင်း ကြီးမားသော လှိုင်းလုံးကြီးများကြားတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကလေးများကိုလည်း ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့ လေခွင်းမြို့စား အိမ်တော်တွင် ရှိစဉ်က လူနှစ်ဦး ရူးသွပ်စွာ ပျော်ပါးခဲ့ကြသည်မှာ တကယ်ကို ပျော်ရွှင်စရာကောင်းပြီး မေ့မရနိုင်သော အချိန်ကာလ တစ်ခု ဖြစ်ခဲ့၏။
“ငါ အခု အဲဒီ အမှတ်တရတွေကိုပဲ အားကိုးပြီး အသက်ရှင်နေရတာပါ။” ကျင်းဝူပင်းက ဝမ်းနည်းဖွယ် ပြုံးကာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့၏ အကြည့်များက ချူကျောင်းရန် ဆီသို့ ရောက်ရှိသွားပြီး ခေါ်လိုက်၏။ “အစ်ကိုချူ…”
ချူကျောင်းရန် သည် တစ်ခဏတာမျှ သူ့ကို မည်သို့ ခေါ်ရမည်ကိုပင် မသိတော့အောင် ဖြစ်သွားသည်။ ညီလေးယွင် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် တခြား နာမည် တစ်ခုခု ခေါ်ရမလား ဆိုသည်ကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားတို့ အခုမှ ကျုပ် ကိစ္စတွေကို သိရတာလား။ ကျုပ် သိုင်းပြိုင်ကွင်းမှာ အဲဒီလောက် ကြီးမားတဲ့ ကိစ္စတွေ လုပ်ခဲ့တာကို အခုမှ သိကြတာလား။”
လန်ပိက ပြောလိုက်သည်။ “ဟေးယန် အင်ပါယာက လူအများစုဟာ ခြေနှစ်ချောင်း တိရစ္ဆာန်တွေ ဖြစ်ပြီး အရေးကြီးတဲ့ ကိစ္စတွေကို သိခွင့် မရှိပါဘူး။”
ထို့နောက် လန်ပိက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ဆက်ပြော၏။ “အခု ရှင် ရောက်လာပြီဆိုတော့ ကိစ္စတစ်ခုကို သေချာပေါက် လုပ်ပေးရမယ်။ ကလေး နှစ်ယောက်ကို ခေါ်သွားပါ၊ သခင်မကို ခေါ်သွားပါ။ ဟေးယန် အင်ပါယာဟာ တာရှန်း မိစ္ဆာနိုင်ငံရဲ့ နောက်ထပ် ပုံစံ တစ်ခုပါပဲ။
ပုံမှန် လူတိုင်း ဒီနေရာမှာ နေရင် ရူးသွားလိမ့်မယ်၊ ဒါမှမဟုတ် လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်သွားလိမ့်မယ်။ ချွဲအာက အဲဒီလောက် ချစ်စရာ ကောင်းပြီး အဲဒီလောက် ထူးချွန်တာကို ရှင်က သူ့ကို ဒီလို မှောင်မိုက်တဲ့ နေရာမျိုးမှာ ဆက်နေခိုင်းရက်လို့လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စိတ်ချပါ။ ကလေး နှစ်ယောက်ကို ခေါ်သွားရုံတင် မကဘူး၊ ခင်ဗျားတို့ အားလုံးကိုပါ ကျုပ် ခေါ်သွားမှာပါ။”
ရုတ်တရက် ကျင်းဝူပင်းက မေးလိုက်၏။ “ဘယ်ကို ခေါ်သွားမှာလဲ။”
ယွင်ကျုံးဟဲ့ ခဏမျှ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဝူပင်း၏ ကလေး အသက် မရှင်နိုင်ခဲ့ခြင်းမှာ တာ့ယန် အင်ပါယာသစ်က လက်ခံရန် ငြင်းပယ်ခဲ့သောကြောင့်ပင်။
ခဏမျှ စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဟေးယန် အင်ပါယာကနေ အရင် ခေါ်ထုတ်သွားမယ်။ ပြီးရင် ခင်ဗျားတို့ကို အရှေ့ဘက်လောကဆီ ပြန်ခေါ်သွားပြီး တာရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးကာ ကျုပ်တို့ရဲ့ အိမ်ကို ပြန်လည် တည်ဆောက်မယ်။”
ကျင်းဝူပင်းက မေးလိုက်၏။ “အခု မင်းက တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်လား။ ချွဲအာ ပြောတာ ကြားလိုက်တယ်။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။”
ကျင်းဝူပင်းက ပြောလိုက်၏။ “အောက်ထျန်း... ငါ့မှာ ဘာအမုန်းတရားတွေ ရှိနေမလဲ ဆိုတာကို မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ သိတာက ဒီကနေ မထွက်သွားရင် ငါ့မိန်းမ ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ မင်း ပြောတဲ့ တာ့ယန် အင်ပါယာသစ်က ကောင်းရဲ့လား။”
ယွင်ကျုံးဟဲ့က ပြောသည်။ “အဲဒါက မာနကြီးတဲ့ နိုင်ငံ တစ်ခု ဖြစ်သလို၊ ဥပဒေကို လိုက်နာတဲ့ နိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးစွန် ပြောရရင်တော့ သူက တက်ကြွတဲ့နိုင်ငံ တစ်ခုပါပဲ။ လူအများစုက သူတို့ရဲ့ စွမ်းရည်တွေကို အဲဒီမှာ ထုတ်ဖော်ခွင့် ရကြပါတယ်။
သေချာပေါက် တာ့ယန် အင်ပါယာသစ်ရဲ့ ဥပဒေမှာ တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိသူတွေကို လက်မခံဘူး ဆိုတာ ပါဝင်နေဆဲပါပဲ။ လက်ခံရင်တောင် အကျဉ်းချထားရမှာပါ။ ဒါပေမဲ့ ထောင်ထဲမှာ အကျဉ်းချထားတာမျိုး မဟုတ်ဘဲ စံအိမ် တစ်ခု၊ စားကျက်ကွင်း တစ်ခုထဲမှာ နေခိုင်းတာမျိုးပါ။
တာ့ကျိုး အင်ပါယာရဲ့ အရင် အိမ်ရှေ့မင်းသား ကျိုးလီဆိုရင် အခု ဧကရာပေါင်း ထောင်ချီ ကျယ်ဝန်းတဲ့ စားကျက်ကွင်း တစ်ခုထဲမှာ နေထိုင်ပြီး နေ့တိုင်း မြင်းစီး၊ စာဖတ် နေရပါတယ်။”
ကျင်းဝူပင်းက ပြော၏။ “ငါ သွားချင်တယ်။ မိန်းမကို ခေါ်ပြီး သွားချင်တယ်။ ဒီနေရာက အရမ်းကို မှောင်မိုက်ပြီး ဖိနှိပ်လွန်းတယ်။ အရူးတွေနဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေမှပဲ ဒီနေရာမှာ အသက်ရှင်နိုင်တာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကို ချူကျောင်းရန်နဲ့ လန်ပိ... ခင်ဗျားတို့ နှစ်ယောက်မှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိပါတယ်။ တာ့ယန် အင်ပါယာသစ်မှာ ကိုယ်နဲ့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာတွေ့ပြီး အရည်အချင်းတွေကို ပြသနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ကို သေချာပေါက် အိမ်ပြန်ခေါ်သွားပါ့မယ်လို့ ကျုပ် ကတိပေးပါတယ်။”
လန်ပိ၏ မျက်လုံးများတွင်လည်း တောင့်တမှုများ ပြည့်နှက်နေသည်။ သူမသည် အနက်ရောင်နဂါး သိုင်းသမား အဖွဲ့ဝင် တစ်ဦး ဖြစ်သော်လည်း ဤနေရာတွင် အနည်းငယ်မျှ ဆက်မနေချင်တော့ပေ။
“ယွင်ကျုံးဟဲ့... ကျွန်မတို့ လူတစ်ထောင်ကျော်က အဆုံးစွန်မှာတော့ ဟေးယန် အင်ပါယာရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရတာဆိုတော့ အားလုံးက အနက်ရောင်နဂါးဘုရင်အပေါ် အသက်တစ်ချောင်း အကြွေးတင်နေကြတယ်။ အထူးသဖြင့် သခင်မ ပေါ့။
သူက ဘယ်သူ့ကိုမှ အကြွေး မတင်ချင်ဘူး။ သူက အမိန့်ကို နာခံပြီး တာ့ယန် အင်ပါယာသစ်ရဲ့ တတိယ ကိုလိုနီ နယ်မြေကို သွားတိုက်ခဲ့ရတာ။ သူက အရမ်းကို အစွန်းရောက်တဲ့သူ တစ်ယောက်ပါ။ အကယ်၍ သူက ရှင်နဲ့ ဟေးယန် အင်ပါယာကြားမှာ ရွေးချယ်စရာ မရှိတော့ဘူး ဆိုရင် လမ်းဆုံးကို ရွေးချယ်သွားလိမ့်မယ်။”
လန်ပိက ပြောလိုက်သည်။ “အဲဒါကြောင့် ရှင်က ကျွန်မတို့ အားလုံးကို ခေါ်သွားချင်တယ်ဆိုရင် သိပ်မလွယ်လောက်ဘူး။ အရာအားလုံးမှာ ပေးဆပ်ရမှု ရှိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ကျုပ် သိပါတယ်။ အနက်ရောင်နဂါးဘုရင်ကို တွေ့ပြီးရင် ကျုပ်ရဲ့ ကိုယ်ပိုင် ပေးဆပ်မှုတွေကို ကျုပ် လုပ်ပါ့မယ်။”
‘ဒါပေမဲ့ အခု ရက်အတော်ကြာ ကုန်လွန်သွားပြီလေ။ သူ ကြီးမားတဲ့ သိုင်းပြိုင်ကွင်းမှာ လူထောင်ချီ သတ်ပစ်ခဲ့တာ ခြောက်ရက်တောင် ရှိသွားပြီ။ ဒါပေမဲ့ ဒီဟေးယန် အင်ပါယာရဲ့ ဧကရာဇ်က သူ့ကို လာမတွေ့သေးဘူးလား။ ဒီအနက်ရောင်နဂါးဘုရင်က တကယ်တမ်း ဘာလုပ်ချင်နေတာလဲ။ ဒီအနက်ရောင်နဂါးဘုရင် ဆိုတာ တကယ်တမ်း ဘယ်သူလဲ။’
ထိုအချိန်မှာပဲ အပြင်ဘက်မှ လူတစ်ယောက် ဝင်လာသည်။
ဤလူ၏ အဆင့်အတန်းမှာ အလွန် မြင့်မားပြီး လော်ယဲ့ ကဲ့သို့သော သူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ သူသည် ဟေးယန် အင်ပါယာ၏ ယဇ်ပုရောဟိတ်ချုပ် တစ်ဦး ဖြစ်၏။
“တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင် ယွင်ကျုံးဟဲ့...” ထိုယဇ်ပုရောဟိတ်ချုပ်က ခေါ်လိုက်သည်။
ဟေးယန် အင်ပါယာက နောက်ဆုံး၌ ယွင်ကျုံးဟဲ့၏ ဘုရင် အဆင့်အတန်းကို အသိအမှတ် ပြုလိုက်ပြီလား။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်ပါပဲ။ ဘာကိစ္စ ရှိလို့လဲ။”
ယဇ်ပုရောဟိတ်ချုပ်က ပြောလိုက်၏။ “အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းရဲ့ အမြင့်ဆုံး ခေါင်းဆောင်၊ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်၊ အနက်ရောင်နဂါးဘုရင်က ခင်ဗျားကို တွေ့ချင်တယ်။ ကျုပ်နောက် လိုက်ခဲ့။”
ယွင်ကျုံးဟဲ့ ထိုယဇ်ပုရောဟိတ်ချုပ် နောက်သို့ လိုက်ပါသွားရာ ဤတစ်ကြိမ်တွင် မျက်လုံးများကို မဖုံးအုပ်ထားတော့ပေ။
လမ်းလျှောက်သွားပြီး ဆက်တိုက် လမ်းလျှောက်သွားသည်။ အခြေခံအားဖြင့် တောင်ပေါ်သို့ တက်နေရပြီး အထစ်များကို အမြဲတမ်း တက်နေရ၏။
အမြင့် ပိုမြင့်လာလေလေ၊ အပူချိန် ပိုကျလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် ယခင်ကကဲ့သို့ ပူပြင်းမှု မရှိတော့ပေ။ နှစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက် တောင်ထိပ်သို့ ရောက်ရှိလာသည်။
ဤနေရာ၏ အမြင့်မှာ မီတာ နှစ်ထောင်ကျော်ရှိပြီး အောက်ဘက်တွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်နီးပါး ရှိသော်လည်း ဤနေရာတွင်မူ ဆယ်ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိတော့၏။
ဤနေရာတွင် လေထုကောင်းမွန်ပြီး မြင်ကွင်း ရှင်းလင်းကာ အနက်ရောင်နဂါးမြို့ တစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤမြို့သည် အတော်လေး လှပပြီး နိုင်ငံခြား ယဉ်ကျေးမှု အငွေ့အသက်များ ပြည့်နှက်နေ၏။
ကျောက်တုံး အဆောက်အအုံများချည်းသာဖြစ်ပြီး တောအုပ်ကြီးများ အတွင်းတွင် ပုန်းကွယ်နေ၏။ ထိုတောင်ထိပ်တွင် ကျောက်တုံး နန်းတော် တစ်ခု ရှိသည်။
“ဝင်ပါ။ အရှင်မင်းကြီးက ခင်ဗျားကို စောင့်နေတယ်။” ယဇ်ပုရောဟိတ်ချုပ်က ပြောလိုက်၏။
အနက်ရောင်နဂါးဘုရင်က ဤနေရာတွင် နေထိုင်သည်လား။ ယွင်ကျုံးဟဲ့ ကျောက်တုံး နန်းတော်ကို ကြည့်လိုက်ရာ ကျောက်တိုင် ဆယ်ဂဏန်းခန့်က ထောက်မထားပြီး ကျောက်တိုင်တိုင်းတွင် အနက်ရောင် နဂါးကြီးများ ရစ်ခွေနေသည်။
ကြည့်ရသည်မှာ ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အမှောင်ထုနှင့် မကောင်းဆိုးဝါး အငွေ့အသက်များလည်း ပါဝင်နေ၏။
‘ဒါကို ဘယ်လို ခေါ်ရမလဲ။ အနက်ရောင်နဂါး နန်းတော်လား။’
ယွင်ကျုံးဟဲ့ အနက်ရောင်နဂါး နန်းတော်အတွင်းသို့ ဝင်ရောက်သွားရာ အတွင်းတွင် ကျယ်ဝန်းပြီး ခမ်းနားသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသည်။
ယဇ်ပုရောဟိတ်ချုပ်က နန်းတော် အနောက်ဘက်သို့ ရောက်လာရာ ထိုနေရာတွင် အနောက်ဘက် နန်းဆောင်သို့ သွားရာ တံခါး တစ်ပေါက် ရှိနေ၏။
“ခင်ဗျား တစ်ယောက်တည်း ဝင်သွားပါ။” ယဇ်ပုရောဟိတ်ချုပ်က ပြောသည်။
ယွင်ကျုံးဟဲ့ ဤကျောက်တံခါးကို ဖြတ်သန်းကာ နောက်ဘက် နန်းဆောင်သို့ ရောက်ရှိသွားချိန်မှာတော့ မျက်စိရှေ့ရှိ မြင်ကွင်းက ယွင်ကျုံးဟဲ့ကို အံ့ဩသွားစေသည်။
‘ဒါက ယင်ယန် ထိုက်ချီ ပုံစံလား။’
ဘယ်ဘက်က ရေ ဖြစ်ပြီး၊ ညာဘက်က မီး ဖြစ်သည်။ မီးတောက်များ အလယ်တွင် လူရိပ် တစ်ခု ထိုင်နေသည်။ သို့ပေမည့် ဤမီးတောက်များက အနီရောင် စစ်စစ် မဟုတ်ဘဲ အနီရောင် ရင့်ရင့် ဖြစ်နေပြီး အနက်ရောင်နှင့် ပိုတူနေ၏။
အခြား တစ်ဖက်မှာ ရေဖြစ်ပြီး ရေလယ်တွင် အစက် တစ်စက် ရှိကာ တကယ့်ကို ပြီးပြည့်စုံသော ထိုက်ချီ ပုံစံ ဖြစ်နေသည်။ မီးတောက် အလယ်တွင် ထိုင်နေသူမှာ အနက်ရောင်နဂါးဘုရင် ဖြစ်မည်လား။
ထိုယဇ်ပုရောဟိတ်ချုပ်က ယွင်ကျုံးဟဲ့၏ ကော်လာကို ကိုင်၍ ညင်သာစွာ ပစ်လိုက်ရာ ယွင်ကျုံးဟဲ့သည် ရေပြင်ပေါ်ရှိ ထိုအစက်လေးပေါ်သို့ ပေါ့ပါးစွာ ကျဆင်းသွားသည်။
ယွင်ကျုံးဟဲ့ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူနှင့် အနက်ရောင်နဂါးဘုရင် တို့၏ အကွာအဝေးမှာ ဆယ်မီတာခန့် ရှိသော်လည်း သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရဘဲ မီးတောက်များ ခြားနေသောကြောင့် အမည်းရောင် အရိပ် တစ်ခုကိုသာ မှုန်ဝါးဝါး မြင်ရ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အနက်ရောင်နဂါးဘုရင် ဧကရာဇ်။”
တစ်ဖက်လူက အသံမထွက်သော်လည်း မီးတောက်များက တစ်ချက် လှုပ်ခါသွားရာ သူ၏ တုံ့ပြန်မှုကို ပြသနေ၏။
‘ဒီလောက်တောင် မောက်မာတာလား။’
ယွင်ကျုံးဟဲ့က ပြောသည်။ “အရှင်မင်းကြီး... ကျုပ် လာရတဲ့ ရည်ရွယ်ချက်ကို သိလောက်ပြီလို့ ထင်ပါတယ်။”
“သိတယ်။”
ယွင်ကျုံးဟဲ့ ချက်ချင်း လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ဖက်လူ ထုတ်လွှတ်လိုက်သော အသံ မဟုတ်ဘဲ မီးတောက်များမှ ထွက်ပေါ်လာသော အသံ ဖြစ်သောကြောင့်ပင်။
ပုံမှန် မီးတောက်များက ဟူးဟူး ဟူသော အသံကိုသာ ထုတ်လွှတ်နိုင်သော်လည်း ဤအနက်ရောင်နဂါးဘုရင် သည် မီးတောက်များကို တုန်ခါစေပြီး စကားလုံး အသံများ ထွက်ပေါ်လာအောင် ထိန်းချုပ်နိုင်သည်။
အရင်က ကျင်းကျုံးယွဲ့ ပြောခဲ့ဖူးသည်။ ဤအနက်ရောင်နဂါးဘုရင် ၏ သိုင်းပညာသည် အလွန် နက်ရှိုင်းပြီး သူ၏ ရှေ့တွင် တိုက်ခိုက်ရန် မဆိုထားနှင့်၊ ခုခံရန်ပင် သတ္တိ မရှိကြောင်း ပြောခဲ့ဖူး၏။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “တာ့ယန် အင်ပါယာသစ်က ဟေးယန် အင်ပါယာနဲ့ မဟာမိတ် ဖွဲ့ပြီး တာရှန်း မိစ္ဆာနိုင်ငံကို အတူတကွ ဆန့်ကျင်ချင်ပါတယ်။”
“မဖြစ်ဘူး။” ဤအနက်ရောင်နဂါးဘုရင်သည် တကယ်ကို စကားနည်းလှပြီး စကားလုံးများတွင် အကြွင်းမဲ့ အာဏာများ ပြည့်နှက်နေ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ်တို့ မဟာမိတ် မဖွဲ့ဘူး။ ဒါပေမဲ့ နှစ်ဖက်စလုံး ရေတွင်းရေနဲ့ မြစ်ရေ မရောနှောသလို အချင်းချင်း မပတ်သက်ကြဖို့၊ ခင်ဗျားတို့က တာ့ယန် အင်ပါယာသစ်ရဲ့ တတိယ ကိုလိုနီ နယ်မြေကနေ ချက်ချင်း တပ်ဆုတ်ပေးဖို့။ ပြီးတော့ ကျင်းကျုံးယွဲ့၊ ကျင်းချွဲ၊ ကျင်းဟူ၊ ကျင်းဝူပင်း၊ ချူကျောင်းရန်၊ လန်ပိ စတဲ့ လူတွေ အားလုံးကို ကျုပ် ခေါ်သွားချင်တယ်။ အရင်က ကျင်းကျုံးယွဲ့ ခေါ်လာခဲ့တဲ့ လူတွေ အားလုံးကို ဒီတစ်ခါ ကျုပ် အကုန် ခေါ်သွားချင်တယ်။”
“မဖြစ်ဘူး။” တစ်ဖက်လူက တိုက်ရိုက် ပြတ်သားစွာ ငြင်းဆိုလိုက်၏။
ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ‘ဒါက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားက ကျုပ်ကို လာတွေ့ဖို့ ခေါ်ပြီး ဘာမှလည်း သဘောမတူဘူးလား။’