အခန်း (၈၂၁-၈၂၂)
Vol. 69 Ch. 821-822
အပိုင်း (၈၂၁)
“အနက်ရောင်နဂါးဘုရင် ဧကရာဇ်... ဟေးယန် အင်ပါယာက ကျင်းကျုံးယွဲ့ တို့ကို အသက်ကယ်ခဲ့ဖူးတဲ့ ကျေးဇူး ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒီကျေးဇူးကို ကျုပ် ပြန်ဆပ်နိုင်ပါတယ်။ ဘယ်လို စည်းကမ်းချက်မျိုးပဲ ဖြစ်ဖြစ် ခင်ဗျား တောင်းဆိုနိုင်ပါတယ်။ ကျုပ် လုပ်နိုင်သရွေ့ပေါ့။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
“မလိုဘူး။”
‘ချီးတဲ့မှ... အနက်ရောင်နဂါးဘုရင်... ဒီလောက်တောင် အေးစက်စရာ လိုလို့လား။ ပါးစပ်ကနေ စကားမပြောဘဲ မီးတောက်တွေနဲ့ စကားပြောတာ ထားပါတော့။ ပြီးတော့ ဘယ်တုန်းကမှ စကားလုံး နှစ်လုံးထက် ပိုမပြောဘူးလား။ ဟေးယန် အင်ပါယာက လူတွေ အားလုံးက ဒီလောက်တောင် မာနကြီးကြတာလား။’
ယွင်ကျုံးဟဲ့ ထပ်မံ စကားပြောရန် ပြင်လိုက်စဉ် တစ်ဖက်လူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး ရေပြင်ပေါ်မှတဆင့် အနောက်ဘက် နန်းဆောင်မှ ထွက်ခွာ သွားသည်။
ထို့နောက် ကျောက်တံခါး ပိတ်သွားပြီး ကြောင်အမ်းနေသော ယွင်ကျုံးဟဲ့ကို ချန်ထားခဲ့၏။
‘ဘာဖြစ်တာလဲ။ ဒါက ဆွေးနွေးလို့ ပြီးသွားပြီပေါ့။ ဒါက ကစားနေတာလား။’
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အယ်လ်ပါကာ အကောင် တစ်ထောင် ပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အထူးဗုံးကြီးကို ဖောက်ခွဲပြသပြီးဖြစ်ရာ ဟေးယန်အင်ပါယာအနေဖြင့် သူ၏ အင်အားကြီးမားလှသော သတ်ဖြတ်နိုင်စွမ်းကို သိရှိသွားခဲ့ပြီဖြစ်၏။
အကယ်၍သာ အသိဉာဏ် မချို့ယွင်းခဲ့ပါက စစ်ပွဲတစ်ခု ဖြစ်ပွားလာခဲ့ပြီး တာ့ယန်အင်ပါယာသစ်၏ စစ်တပ်သစ်များနှင့် ရင်ဆိုင်ရပါက ဟေးယန်အင်ပါယာမှာ အထိနာမည်ဖြစ်ပြီး မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ကြောင်းကို ၎င်းတို့ သေချာပေါက် နားလည်သဘောပေါက်ထားကြပေလိမ့်မည်။
ယခုအခါ ရိုးသားမှုကိုလည်း ပြသပြီးဖြစ်သလို၊ ကြောက်မက်ဖွယ်ကောင်းသော လက်နက်စွမ်းပကားကိုလည်း သက်သေပြပြီး ဖြစ်သည်။
ထိုသို့ဆိုပါက နောက်ဆက်တွဲတွင် မည်သို့သော အစီအမံများ ဆက်လက်လုပ်ဆောင်ရမည်နည်း။ အခြေအနေအရ ဟေးယန်အင်ပါယာဘက်က လုံးဝ အလျှော့ပေးမည့် အရိပ်အယောင်မရှိချေ။
ယွင်ကျုံးဟဲ့မှာ အလွန် ထူးဆန်းနေမိသည်။ အခြားသူများမှာ မာနကြီးပြီး အသိဉာဏ်နည်းပါးနေနိုင်သည်ဟု ဆိုနိုင်သော်လည်း၊ အနက်ရောင်နဂါးဘုရင်အဆင့်ရှိသူမှာမူ ထိုကဲ့သို့ ဖြစ်လာရန် မဖြစ်နိုင်ပေ။
‘သူ ဘာကြောင့် ဒီလို လုပ်ရတာလဲ။ အကယ်၍ အေးစက်စွာနဲ့ ငြင်းပယ်ချင်ရုံ သက်သက်ဆိုရင် ဘာလို့ သီးသန့် လာတွေ့နေသေးတာလဲ။’
သူ့အနေဖြင့် အနက်ရောင်နဂါးဘုရင်၏ တကယ့်ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ဖြစ်နေရသည်။ အကြောင်းရင်းကို မသိရှိရသေးသရွေ့ ဤသည်မှာ ပဟေဠိတစ်ရပ်လိုပင် ဖြစ်နေ၏။
ယဇ်ပုရောဟိတ်ချုပ်က ပြောလိုက်သည်။ “အရှင် ယွင်ကျုံးဟဲ့... ကျုပ်နောက် လိုက်ခဲ့ပါ။”
ယွင်ကျုံးဟဲ့ သူ့နောက်သို့ လိုက်ပါသွားရာ အခန်း တစ်ခန်းသို့ ရောက်ရှိလာ၏။
“ကျေးဇူးပြုပြီး ဒီမှာ အနားယူပါ။” ယဇ်ပုရောဟိတ်ချုပ်က ပြောပြီးနောက် အခန်းတံခါးကို တိုက်ရိုက် ပိတ်လိုက်သည်။
‘ဒါက ဘာလုပ်ချင်တာလဲ။ သူနဲ့ အနက်ရောင်နဂါးဘုရင်တို့ရဲ့ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီလေ။ ပြီးတော့ ကျရှုံးသွားပြီလေ။ ဘာလို့ ကျုပ်ကို ဆက်ထားနေသေးတာလဲ။’
နောက်ဆက်တွဲ အချိန်များတွင် ယွင်ကျုံးဟဲ့သည် ဤအခန်း အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့ပြီး စားစရာ၊ သောက်စရာများ ရှိသော်လည်း မည်သူကမှ သူ့ကို လာရောက် ဆက်သွယ်ခြင်း မရှိခဲ့ပေ။
သုံးရက် အကြာတွင်...
အခန်းတံခါး ပွင့်လာပြီး ယဇ်ပုရောဟိတ်ချုပ် ဝင်လာကာ ပြောလိုက်သည်။ “အရှင် ယွင်ကျုံးဟဲ့... ကျုပ်နောက် လိုက်ခဲ့ပါ။”
ယွင်ကျုံးဟဲ့ သူ့နောက်သို့ လိုက်ပါကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ယခင်က ခမ်းနားပြီး ဟာလာဟင်းလင်း ဖြစ်နေသော နန်းဆောင်ကြီးဆီသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ဟာလာဟင်းလင်း မဖြစ်တော့ပေ။
နန်းဆောင်တွင် အမြင့်ပိုင်း၌ ရှိသော အနက်ရောင်နဂါး ပလ္လင် တစ်ခု ရှိပြီး အနက်ရောင်နဂါးဘုရင် ထိုင်နေသည်။
ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့ နောက်ဆုံးတော့ သူ၏ ခန္ဓာကိုယ် ပုံစံကို ရှင်းလင်းစွာ မြင်တွေ့ခွင့် ရလိုက်၏။
ထိုလူမှာ စစ်မှန်သော လူသန်ကြီးတစ်ယောက်ပင် ဖြစ်၏။ ထိုင်နေသည့်တိုင် ယွင်ကျုံးဟဲ့ထက်ပင် အရပ်ပိုမြင့် နေသေးရာ အရပ်အမြင့်မှာ နှစ်ဒသမခြောက်မီတာခန့် ရှိမည်ဟု ခန့်မှန်းရသည်။
သူ့တစ်ကိုယ်လုံးကို အနက်ရောင် သံချပ်ကာဝတ်စုံဖြင့် အုပ်မိုးထားပြီး သံခမောက်မှာလည်း အနက်ရောင် ဖြစ်ကာ အနက်ရောင်နဂါးချို နှစ်ချောင်းတပ်ဆင်ထားသောကြောင့် မျက်နှာသွင်ပြင်ကို လုံးဝ မမြင်နိုင်ပေ။
အခြားသူများ၏ သံချပ်ကာဝတ်စုံများတွင် အနည်းဆုံး မျက်လုံးကို ဖော်ထားလေ့ရှိသော်လည်း၊ ဤအနက်ရောင် နဂါးဘုရင် ဧကရာဇ်မှာမူ မျက်လုံးကိုပင် ဖုံးကွယ်ထားခဲ့သည်။ သူ့ရှေ့တွင် မီးတောက်များ ဟုန်းဟုန်း တောက်လောင်နေဆဲ ဖြစ်၏။
နန်းဆောင် အတွင်းတွင် လူရှစ်ယောက် ရပ်နေပြီ ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက နှစ်ဒသမသုံးမီတာ (ခုနစ်ပေ ခြောက်လက်မခန့်) ထက် ပိုမြင့်ကြသည်။
ယွင်ကျုံးဟဲ့၏ တစ်ဒသမရှစ်မီတာကျော် (ခြောက်ပေခန့်) အရပ်သည် ပုသည်ဟု မဆိုနိုင်သော်လည်း သူတို့ အကြားတွင် ကလေး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ခေါင်းတစ်လုံးသာမက ပို၍ပင် ပုနေ၏။
အကယ်၍ ခန့်မှန်းချက် မမှားပါက ဤသူများသည် ဟေးယန် အင်ပါယာ၏ ချင်ဝမ် ရှစ်ယောက် ဖြစ်ပြီး ကျင်းကျုံးယွဲ့ မှလွဲ၍ အားလုံး စုံလင်နေသည်။
တစ်ယောက်ချင်းစီတိုင်းက အနက်ရောင်နဂါး သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာများကို မဖော်ပြဘဲ မျက်လုံးများကိုသာ ဖော်ပြထားကြ၏။
ထိုယဇ်ပုရောဟိတ်ချုပ်လည်း ရောက်ရှိလာပြီး ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ချင်ဝမ်တို့... မိတ်ဆက်ပေးပါရစေ။ ဒီလူက ယွင်ကျုံးဟဲ့ ဖြစ်ပြီး တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်၊ ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပါ။”
ချင်ဝမ် ရှစ်ယောက်က မည်သည့် အမူအရာမှ မပြသကြပေ။
ပလ္လင်ပေါ်ရှိ အနက်ရောင်နဂါးဘုရင်က ခန္ဓာကိုယ်ကို ညင်သာစွာ မတ်လိုက်ရာ ချက်ချင်းပဲ ချင်ဝမ် ရှစ်ယောက်စလုံး မြေကြီးပေါ်တွင် စနစ်တကျ ဒူးထောက်လိုက်ကြပြီး မလှုပ်မယှက် နေနေကြသည်။
ဟေးယန် အင်ပါယာတွင် အဆင့်အတန်းသည် ကောင်းကင်ထက် ကြီးမားပြီး ဤနေရာရှိ အာဏာရှင် စနစ်သည် အရှေ့ဘက်လောကထက်ပင် ပိုမို ဆိုးရွားကာ အနက်ရောင်နဂါးဘုရင်သည် မည်သူ့ကိုမဆို အသက်ရှင်ခွင့်၊ သေခွင့်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ပြော၍ ရနိုင်၏။
မည်သူကမှ သူ၏ ဆန္ဒကို အနည်းငယ်မျှပင် မလွန်ဆန်ရဲကြဘဲ စိတ်ထဲတွင်ပင် မတွေးရဲကြပေ။
ဤအနက်ရောင်နဂါး ချမှတ်သော မည်သည့် အမိန့်ကိုမဆို လူတိုင်း နာခံရမည်ဖြစ်ပြီး သံသယ အနည်းငယ် ရှိပါက အသတ်ခံရမှာဖြစ်သည်။
သူသည် နာခံလျှင် အသက်ရှင်ခွင့်ရမည်ဖြစ်ပြီး၊ ဖီဆန်ပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည်ဟု ပြတ်သားစွာ သတ်မှတ်ထားသည့် အကြွင်းမဲ့ကံကြမ္မာကို စီမံပိုင်ခွင့်ရှိသော အာဏာရှင်တစ်ပါးပင် ဖြစ်၏။
ချင်ဝမ် ရှစ်ဦးလုံးမှာလည်း အလွန်ပင် စိတ်ဝင်စားနေကြ၏။ ဧကရာဇ်ကိုယ်တိုင်က လူတိုင်းကို ခေါ်ယူ တွေ့ဆုံစေခြင်းမှာ ယွင်ကျုံးဟဲ့ကြောင့် ဖြစ်နေသည်လား။
ယွင်ကျုံးဟဲ့ ဖောက်ခွဲခဲ့သော ထိုအထူး ဗုံးကြီးအပေါ် ချင်ဝမ် ရှစ်ယောက်က ကြောက်ရွံ့ကြသော်လည်း ကြက်လေး တစ်ကောင်တောင် မသတ်နိုင်သော ယွင်ကျုံးဟဲ့ အနေဖြင့် သူတို့၏ လေးစားမှုကို ရရှိရန် အလွန် ခက်ခဲ၏။
သူတို့သည် သိုင်းပညာကို အလေးထားလာသည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် သူတို့၏ လောကအမြင်တွင် သိုင်းပညာသည်သာ အရာအားလုံးကို တိုင်းတာသည့် စံနှုန်း ဖြစ်သည်။
ထို့ကြောင့် အထူးဗုံးကြီး၏ စွမ်းအားက အလွန် ကြီးမားကြောင်း သိရှိသော်လည်း ယွင်ကျုံးဟဲ့ကို အလိုအလျောက် အရေးမစိုက်ဘဲ နေနေကြ၏။
“ကိုယ်တော်... သေတော့မယ်။” အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အံ့ဩထိတ်လန့်သွားကြပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။
အနက်ရောင်နဂါးဘုရင်၏ စကားသည် မီးတောက်များ၏ တုန်ခါမှုမှတစ်ဆင့် ထွက်ပေါ်လာခြင်း ဖြစ်ပြီး သူကိုယ်တိုင် စကားပြောခြင်း မဟုတ်ပေ။
ယွင်ကျုံးဟဲ့ ဤစကားကို ကြားချိန်မှာတော့ သူလည်း အံ့ဩမှင်တက်သွားသည်။
‘အနက်ရောင်နဂါးဘုရင် သေတော့မှာလား။ သူ့ရဲ့ သိုင်းပညာက နက်ရှိုင်းလွန်းလို့ ဘယ်သူကများ သူ့ကို သတ်နိုင်မှာလဲ။ ဒါမှမဟုတ် သူ့ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ရှိနေတာလား။ သူ့ခန္ဓာကိုယ်မှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ။ ပြီးတော့ သူ သုံးနှုန်းသွားတဲ့ စကားလုံးက ကျုပ် မဟုတ်ဘဲ ကိုယ်တော် တဲ့။’
အနက်ရောင်နဂါးဘုရင်က မီးတောက်များ၏ တုန်ခါမှုကို အသုံးပြု၍ ဆက်ပြော၏။ “တစ်လ အတွင်းမှာ အနက်ရောင်နဂါးဘုရင်သစ် တစ်ပါးကို ရွေးချယ်ရမယ်။”
ဤသတင်းမှာ လုံးဝ ပေါက်ကွဲအားကောင်းလှသည့် သတင်းစကားတစ်ရပ်ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ထိုအချိန်တွင် နုဧကရာဇ် အကြောင်းကို အမှတ်ရသွားမိသည်။ တာရှန်းမိစ္ဆာနိုင်ငံ သည် မည်မျှပင် အင်အားကြီးမားခဲ့ပါစေ၊ နုဧကရာဇ် ကွယ်လွန်သွားသည်နှင့်တပြိုင်နက် ပြည်တွင်းစစ်မီး တောက်လောင်ကာ ချက်ချင်းဆိုသလို ပြိုကွဲပျက်စီးသွားခဲ့ရ၏။
ဟေးယန်အင်ပါယာသည်လည်း တာရှန်းမိစ္ဆာနိုင်ငံ၏ ပုံစံတူပင် ဖြစ်၏။ ထိုနိုင်ငံတွင်လည်း တူညီသော ရက်စက်မှုနှင့် အမှောင်ဖုံးလွှမ်းမှုတို့ လွှမ်းခြုံနေသည်။
အကယ်၍သာ အနက်ရောင်နဂါးဘုရင် သေဆုံးသွားခဲ့ပါက ကျင်းကျုံးယွဲ့မှလွဲ၍ ကျန်ရှိနေသည့် ချင်ဝမ် ရှစ်ဦးတို့သည် ထီးနန်းနေရာလုပွဲအတွက် တစ်ဦးကိုတစ်ဦး အသက်စွန့်သတ်ဖြတ်ကြလိမ့်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
အရင်က ထောင်စုမှူးရာထူး တစ်နေရာလစ်လပ်သွားသည်ကိုပင် အသက်သေဆုံးသည်အထိ သိုင်းပြိုင်ကာ မည်သူက ထိုနေရာကို ရယူသင့်သည်ကို ဆုံးဖြတ်ခဲ့ကြသည် မဟုတ်ပါလား။
“နုဧကရာဇ် သေသွားတော့ တာရှန်း မိစ္ဆာနိုင်ငံ ပျက်စီးသွားခဲ့တယ်။”
အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။ “ဟေးယန် အင်ပါယာက အဲဒီလို အမှားမျိုး ထပ်ကျူးလွန်လို့ မရဘူး။ အဲဒါကြောင့် ဒီမှာရှိတဲ့ လူကိုးယောက်စလုံးက အနက်ရောင်နဂါးဘုရင်သစ် ဖြစ်လာဖို့၊ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘ကိုးယောက်။ ဘာအဓိပ္ပာယ်လဲ။ ဒီနေရာမှာ ချင်ဝမ် ရှစ်ယောက်ပဲ ရှိတာလေ။’
“ယွင်ကျုံးဟဲ့... ခင်ဗျားလည်း ဟေးယန် အင်ပါယာရဲ့ ဘုရင်ရာထူးကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိတယ်။” အနက်ရောင်နဂါးဘုရင်က ပြောသည်။
ယွင်ကျုံးဟဲ့ ပိုပြီးတော့တောင် အံ့ဩသွား၏။ ‘ကျုပ်က ဘာအရည်အချင်းနဲ့ ရရမှာလဲ။ ကျုပ်က ဟေးယန် အင်ပါယာက လူမှ မဟုတ်တာ။ ပြီးတော့ ကျုပ်က ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့သူလေ။ ချင်ဝမ် ကိုးယောက်ပဲ ဘုရင်ရာထူးကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိတာ မလား။’
ယွင်ကျုံးဟဲ့ စိတ်ထဲတွင် သံသယ ဖြစ်နေစဉ် အခြားသူများက ပို၍ပင် သံသယ ဖြစ်သွားကြသည်။
ချက်ချင်းပဲ ယဇ်ပုရောဟိတ်ချုပ် တစ်ဦးက ခေါင်းမော့ကာ မေးမြန်းရန် ပြင်လိုက်သည်။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် ဤယဇ်ပုရောဟိတ်ချုပ်သည် သရဲ ဖိခံရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူက မူလတည်းက အရပ်ရှည်သော်လည်း တစ်ကိုယ်လုံးသည် လက်မအနည်းငယ် ပိုရှည်သွားသကဲ့သို့ ဖြစ်သွားပြီး လည်ပင်းက ဆန့်ထွက်လာကာ သရဲက လည်ပင်း ညှစ်ထားသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် မီးတောက် တစ်ခုက သူ၏ ပါးစပ်ထဲသို့ ရုတ်တရက် ဝင်သွား၏။
“ဝုန်း...”
တစ်ခဏချင်း အတွင်းမှာပဲ သူ တစ်ကိုယ်လုံး အတွင်းမှ အပြင်သို့ ဟုန်းဟုန်း တောက်လောင်သွားပြီး အချိန်တိုလေး အတွင်းမှာပဲ ပြာအဖြစ် ပြောင်းလဲသွားသည်။
တကယ်ပင် ပြာအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အနက်ရောင် သံချပ်ကာဝတ်စုံသာလျှင် အကြွင်းအကျန် အဖြစ် ကျန်ရှိတော့၏။
ထိုသူကား အနက်ရောင်နဂါးဘုရင်ပင် ဖြစ်၏။ သူ၏ မည်သည့်အမိန့်ကိုမဆို နာခံခြင်းသာလျှင် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပြီး၊ မည်သို့သော မေးခွန်းထုတ်မှုမျိုးကိုမှ ခွင့်မပြုပေ။
အကြောင်းမှာ သူသည် မေးခွန်းထုတ်ခွင့်ကိုပင် မပေးဘဲ ချက်ချင်းဆိုသလို အသက်ကို နုတ်ယူတတ်ပြီး၊ ထိုသူ၏ ခန္ဓာကိုယ်မှာလည်း ပြာမှုန့်ဖြစ်သွားသည်အထိ ပျက်စီးသွားတတ်သောကြောင့်ပင်။
ထိုယဇ်ပုရောဟိတ်ချုပ်မှာ အင်အားကြီးမားသူတစ်ဦး ဖြစ်မည်မှာ အသေအချာပင်။ သို့သော်ငြား အနက်ရောင် နဂါးဘုရင်၏ ထူးဆန်းလှသော သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရချိန်တွင်မူ လုံးဝ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အရေးနိမ့်ခဲ့ရသည်။
အနက်ရောင်နဂါးဘုရင်က တည်ငြိမ်စွာ မေးလိုက်၏။ “မေးစရာ ရှိသေးလား။”
အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။ “မေးစရာ မရှိတော့ဘူး ဆိုရင် ကျုပ်တို့ ဆက်ပြောကြတာပေါ့။”
ချင်ဝမ် ရှစ်ယောက်က နားစွင့်ကာ သေချာ နားထောင်ကြ၏။
အနက်ရောင်နဂါးဘုရင်က ဆက်ပြောသည်။ “ကျုပ်တို့ရဲ့ အရင်ဘဝက ကျီရွှေ့အဖွဲ့အစည်းပဲ။ တာ့ယန် အင်ပါယာသစ်နဲ့ အကွဲအပြဲ ဖြစ်ပြီးနောက် မိုင်ပေါင်း သောင်းချီ ထွက်ပြေးလာခဲ့ပြီး အနက်ရောင်နဂါး ပိရမစ်ကို တွေ့ရှိပြီးမှ အခြေချ နေထိုင်ခဲ့တာ။”
‘ခင်ဗျား ကျေးဇူးပြုပြီး ဒီလောက် အကျဉ်းချုံး မပြောပါနဲ့။’
တကယ်တမ်းတွင် ကျီရွှေ့အဖွဲ့အစည်းသည် တာ့ယန် အင်ပါယာသစ်နှင့် အကွဲအပြဲ ဖြစ်ပြီးနောက် မိုင်ပေါင်း သောင်းချီ ထွက်ပြေးခဲ့ခြင်းမှာ သန့်စင်သော ကျောင်းတော်ကို ရှာဖွေရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လောကကြီး တစ်ခုလုံး၏ ယဉ်ကျေးမှု၊ လောကကြီး တစ်ခုလုံး၏ စွမ်းအားများသည် သန့်စင်သော ကျောင်းတော်မှ လာခြင်း ဖြစ်သောကြောင့်ပင်။
ရလဒ်အနေဖြင့် ကျီရွှေ့အဖွဲ့အစည်းသည် သန့်စင်သော ကျောင်းတော်ကို မရှာတွေ့ခဲ့ဘဲ အလွန် ထူးဆန်းသော နယ်မြေ တစ်ခုကို တွေ့ရှိခဲ့သည်။
ဤနယ်မြေသည် ကျိန်စာတိုက်ခံထားရသကဲ့သို့ အရာများစွာက အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သာမန်လူ အများစုသည် ဤနယ်မြေ အတွင်းသို့ ဝင်ရောက်သွားပါက ချက်ချင်း သေဆုံးသွားမှာဖြစ်၏။
သို့ပေမည့် သွေးကြော ထူးခြားသူများ ဤနယ်မြေ အတွင်းသို့ ဝင်ရောက်သွားပါက ခန္ဓာကိုယ် အသွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး ဤနေရာတွင် သိုင်းပညာ လေ့ကျင့်ပါက အလွန် ထိရောက်မှု ရှိမှာဖြစ်သည်။
အပိုင်း (၈၂၂)
ကျိန်စာတိုက်ခံထားရသော နယ်မြေသည် စတုရန်း ကီလိုမီတာ သောင်းချီ ကျယ်ဝန်းပြီး နယ်မြေ၏ ဗဟိုချက်တွင် အနက်ရောင် ပိရမစ် အုပ်စု တစ်ခု ရှိကာ စုစုပေါင်း ကိုးခု ရှိ၏။
သာမန် သိုင်းသမားများသည် ကျိန်စာတိုက်ခံထားရသော နယ်မြေ အတွင်းတွင်သာ သိုင်းပညာ လေ့ကျင့်ရန် လိုအပ်သော်လည်း အလွန် အင်အားကြီးလာစေရန်အတွက်မူ ပိရမစ်များ အတွင်းသို့ ဝင်ရောက်၍ သိုင်းပညာ လေ့ကျင့်ရန် လိုအပ်သည်။
မည်သူမဆို ဤနယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရုံ သာမက စိတ်သဘောထားများလည်း ကြီးမားစွာ ပြောင်းလဲသွားမှာဖြစ်သည်။ ထို့ကြောင့် လန်ပိ သည် ဤနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် ဆန္ဒမရှိခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ကလေး နှစ်ယောက်သည်လည်း လက်ရှိအချိန်တွင် ကျိန်စာတိုက်ခံထားရသော နယ်မြေ၏ အစွန်အဖျားတွင်သာ လေ့ကျင့်နေကြခြင်း ဖြစ်သည်။
သို့ပေမည့် ကျင်းကျုံးယွဲ့ ကတော့ ဤနယ်မြေ ဗဟိုချက်ရှိ ပိရမစ် အတွင်းသို့ ဝင်ရောက်၍ သိုင်းပညာ လေ့ကျင့်ခဲ့သည်။ ဤသည်မှာလည်း သူမ ခန္ဓာကိုယ် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။
မည်သူမဆို ပိရမစ် အတွင်းသို့ ဝင်ရောက်၍ သိုင်းပညာ လေ့ကျင့်ခြင်းသည် လုံးဝ အသက်အန္တရာယ် ရှိ၏။ ဤသည်မှာ တင်စားချက် မဟုတ်ဘဲ တကယ့် အမှန်တရား ဖြစ်သည်။
လူဆယ်ယောက် ဝင်သွားပါက တစ်ယောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည်။ အရေးအကြီးဆုံး အချက်မှာ ပိရမစ် အတွင်းမှ ထွက်လာပြီးနောက် အတွင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မမှတ်မိတော့ခြင်းပင်။
အိပ်မက် တစ်ခု မက်ပြီးနောက် အိပ်မက်ထဲက အကြောင်းအရာများကို အကြမ်းဖျင်း မှတ်မိနိုင်သေးသော်လည်း ပိရမစ် အတွင်းရှိ အရာအားလုံးသည် မည်သည့် မှတ်ဉာဏ်မျှ မကျန်ရစ်ခဲ့ပေ။
သို့ပေမည့် ထွက်လာပြီးနောက်တွင်မူ အင်အားကြီးလာခဲ့၏။ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းသည်။
ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ ပြောပြစဉ်ကလည်း အလွန် ထူးဆန်းသည်ဟု ထင်မြင်ခဲ့သည်။ ထို့နောက် သူ သံသယ ဖြစ်လာခဲ့သည်။ ဤနေရာသည် နုဧကရာဇ် ၏ စတင်ရာ နေရာ ဖြစ်နိုင်မည်လား။
နုဧကရာဇ် ၏ နစ်မြုပ်သွားသော သင်္ဘောပေါ်ရှိ သေတ္တာ အတွင်းမှ အရေးကြီးသော ရတနာသည် ပြင်းထန်သော ရေဒီယိုသတ္တိကြွမှု ရှိသည့် ဂရပ်ဖိုက်မှုန့် ဖြစ်နေခြင်းကို တွေးကြည့်မိချိန်မှာတော့ သူက ကျိန်စာတိုက်ခံ ထားရသော နယ်မြေဟု ဆိုသည့် နေရာတွင် ပြင်းထန်သော ရေဒီယိုသတ္တိကြွမှုများ လွှမ်းခြုံနေသလားဟု သံသယ ဖြစ်လာသည်။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ပြောပြခဲ့ဖူးသည်။ ချင်ဝမ် ကိုးယောက်တွင် အားနည်းသူနှင့် အားကြီးသူ ရှိပြီး သူမသည် နောက်ဆုံးမှ ချင်ဝမ် ဖြစ်လာသူ ဖြစ်၏။
စုစုပေါင်း ပိရမစ် ကိုးခု ရှိပြီး ဤသည်မှာ အဆင့်ဆင့် မြင့်တက်သွားသော ဆက်စပ်မှု တစ်ခု ဖြစ်၏။ ဒုတိယ ပိရမစ် အတွင်းတွင် သိုင်းပညာ လေ့ကျင့်ခြင်းသည် ပထမ ပိရမစ် အတွင်းတွင် လေ့ကျင့်ခြင်းထက် သေချာပေါက် ပိုမို အင်အားကြီးမားသည်။
ဒုတိယ ပိရမစ် သည်လည်း ပထမ ပိရမစ် ထက် သေချာပေါက် ပိုမို အန္တရာယ်များပြီး ကြောက်စရာကောင်းသည်။ ထို့ကြောင့် အဆင့်မြင့်သော ပိရမစ် ဖြစ်လေလေ၊ သိုင်းပညာ လေ့ကျင့်မှု ရလဒ်က ပိုမို မြင့်မားလေလေ ဖြစ်ပြီး ပိုမို အန္တရာယ်များကာ ကြောက်စရာ ကောင်းလေလေ ဖြစ်၏။
ကျင်းကျုံးယွဲ့ သည် ပဉ္စမမြောက် ပိရမစ် အထိသာ ဝင်ရောက် လေ့ကျင့်ဖူးပြီး ဟေးယန် အင်ပါယာ၏ အခြား ချင်ဝမ်များထဲတွင် အမြင့်ဆုံး ဆဋ္ဌမမြောက် ပိရမစ် အထိ ဝင်ရောက် လေ့ကျင့်ဖူးသူ ရှိသည်။
အနက်ရောင်နဂါးဘုရင်သည် အင်အားအကြီးဆုံး ဖြစ်ပြီး အဋ္ဌမမြောက် ပိရမစ် အထိ ဝင်ရောက် လေ့ကျင့်ဖူးရာ သူသည် ဟေးယန် အင်ပါယာ၏ အင်အားအကြီးဆုံး ချင်ဝမ် ထက် အဆင့်နှစ်ဆင့် ပိုမို အင်အားကြီးမားပြီး ဟေးယန် အင်ပါယာတွင် လုံးဝ ပြိုင်ဘက်ကင်းသူ ဖြစ်၏။
အမြင့်ဆုံး၊ အင်အားအကြီးဆုံး ဖြစ်သော နဝမမြောက် ပိရမစ် အတွင်းသို့ မည်သူကမှ မဝင်ရောက်ဖူးကြပေ။
မဟုတ်ပေ။ ဝင်ရောက်ဖူးသူ ရှိသည်။ သို့ပေမည့် အားလုံး သေကုန်ပြီး တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ချေ။
ကျီရွှေ့အဖွဲ့အစည်း၏ နှစ်ပေါင်း ထောင်ချီ သမိုင်းတစ်လျှောက် နဝမမြောက် ပိရမစ် မှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ တစ်ဦးမှ မရှိခဲ့ပေ။
ထို့ကြောင့် ယခုအခါ ယွင်ကျုံးဟဲ့ အလွန် သံသယ ဖြစ်လာသည်။ နုဧကရာဇ် သွားခဲ့သည့် နေရာသည် သန့်စင်သော ကျောင်းတော် မဟုတ်ဘဲ ဤကျိန်စာတိုက်ခံထားရသော နယ်မြေ၏ အနက်ရောင် ပိရမစ် အုပ်စုများထဲမှ နဝမမြောက် ပိရမစ် ပင် ဖြစ်နိုင်သည်။
ဤအကြောင်းကို တစ်စုံတစ်ယောက်က ယွင်ကျုံးဟဲ့ကို ပြောပြခဲ့ဖူးပုံ ရသည်။ အရှေ့ဘက်လောက တစ်ခုလုံး၏ စိတ်နှလုံးထဲရှိ မြင့်မြတ်သော နေရာမှာ သန့်စင်သော ကျောင်းတော် ဖြစ်သည်ဟုပင်။
နုဧကရာဇ် သွားခဲ့သည်မှာ အမှောင် သန့်စင်သော ကျောင်းတော် ဖြစ်သည်။
‘ဒီကျောက်တုံး နေရာကြီးများ ဖြစ်နေမလား။ မဟုတ်ရင် ဒီဟေးယန် အင်ပါယာက ဘာလို့ တာရှန်း မိစ္ဆာနိုင်ငံနဲ့ ဒီလောက်တောင် တူနေရတာလဲ။’
အနက်ရောင်နဂါးဘုရင်က ပြောလိုက်၏။ “အားလုံး သိတဲ့အတိုင်းပဲ။ ကျုပ်က ဟေးယန် အင်ပါယာမှာ ပြိုင်ဘက်ကင်းတယ်။ ဘယ်သူကမှ ကျုပ်ရဲ့ လက်ချောင်း တစ်ဝက်ကိုတောင် မယှဉ်နိုင်ဘူး။ အဲဒီလို ဆိုရင်တောင် ကျုပ်က အဋ္ဌမမြောက် ပိရမစ် အထိပဲ ဝင်ရောက် လေ့ကျင့်နိုင်ခဲ့တာ။ နဝမမြောက် ပိရမစ်ကို ကျုပ် မဝင်ဖူးဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ဝင်သွားရင် ပြန်မထွက်လာနိုင်တော့ဘဲ သေချာပေါက် သေရမယ် ဆိုတာကို ကျုပ်စိတ်ထဲမှာ ခံစားနေရလို့ပဲ။”
လူတိုင်း တိတ်ဆိတ်စွာ နားထောင်နေကြသည်။
အနက်ရောင်နဂါးဘုရင်က ဆက်ပြော၏။ “ဒါပေမဲ့... ကိုယ်တော့်မှာ အသက်ရှင်ဖို့ တစ်လတောင် မကျန်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာပဲ ဆိုတော့ သွားပြီး စမ်းကြည့်ရမှာပေါ့။”
လူတိုင်း ပို၍ပင် နားစွင့်လိုက်ကြသည်။
အနက်ရောင်နဂါးဘုရင် ဧကရာဇ် သာ နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်သွားပြီး အောင်မြင်စွာ ပြန်ထွက်လာနိုင်ပါက မျှော်လင့်ချက်မဲ့လောက်အောင် အင်အားကြီးမားသွားမည် မဟုတ်ပါလား။
‘အခုတောင် သူက ပြိုင်ဘက်ကင်း နေပြီလေ၊ ဘယ်သူ့ကိုမဆို အလွယ်တကူ ဖိနှိပ်ထားနိုင်တယ်။’
အနက်ရောင်နဂါးဘုရင်က ပြောသည်။ “သေချာပေါက် ကျုပ်ရဲ့ ဒီတစ်ခါ အလိုအလျောက် သိစိတ်ကလည်း မပြောင်းလဲပါဘူး။ ကျုပ် နဝမမြောက် ပိရမစ်ထဲ ဝင်သွားတာနဲ့ သေချာပေါက် သေရမှာပဲ၊ အသက်ရှင်လျက် ပြန်မထွက်လာနိုင်တော့ဘူး။ ကျုပ်ရဲ့ ဒီတစ်ခါ လေ့ကျင့်မှုက သေချာပေါက် ကျရှုံးမှာပဲ။ အဲဒါကြောင့်...”
အနက်ရောင်နဂါးဘုရင်က ခဏ ရပ်တန့်လိုက်ပြီး ပြောလိုက်၏။ “အကယ်၍ ကျုပ် ပြန်မထွက်လာနိုင်ဘူး ဆိုရင် ခင်ဗျားတို့ ကိုးယောက်ထဲက ဧကရာဇ်သစ် တစ်ပါး ရွေးချယ်ရလိမ့်မယ်။”
လူတိုင်း အသက်ရှူ အောင့်ထားလိုက်ကြသည်။
ထီးနန်းနေရာလုပွဲအတွက် မည်သို့သော နည်းလမ်းဖြင့် ယှဉ်ပြိုင်ကြမည်နည်း။ သိုင်းပြိုင်ပွဲဖြင့်သာ ဆုံးဖြတ်ရမည်ဆိုပါက ယွင်ကျုံးဟဲ့မှာ ပထမဆုံးအသတ်ခံရမည့်သူ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ချင်ဝမ်ရှစ်ဦးတွင် မည်သူမှ ကျန်ခုနစ်ဦးကို အနိုင်ယူ၍ တစ်ဦးတည်းသော အောင်နိုင်သူ ဖြစ်လာနိုင်မည် မဟုတ်ဘဲ၊ ဖြစ်နိုင်ခြေအရှိဆုံးမှာ ရှစ်ဦးစလုံး အပြန်အလှန် သတ်ဖြတ်ကြရင်း အတူတကွ သေဆုံးသွားကြမည့် အခြေအနေပင်ဖြစ်သည်။
အရင်က ထောင်စုမှူးရာထူး တစ်နေရာ လစ်လပ်သွားသည့်အခါ၌ပင် သေရေးရှင်ရေးတမျှ သိုင်းပြိုင်ပွဲဖြင့် ဆုံးဖြတ်ခဲ့ကြသည် မဟုတ်ပါလား။
အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။ “ဒီတစ်ခါ ဘုရင်ရာထူးအတွက် သိုင်းမပြိုင်ဘူး၊ မတိုက်ခိုက်ဘူး။ ကျုပ်က နဝမမြောက် ပိရမစ်ထဲ ဝင်ပြီး လေ့ကျင့်မယ်။ လဝက်အတွင်းမှာ ကျုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရင် ကျုပ် ဇာမဏီလို ပြန်လည် မွေးဖွားပြီး ပိုမို အင်အားကြီးလာပြီ ဆိုတာ သက်သေပြတာပဲ။ ဟေးယန် အင်ပါယာက ဧကရာဇ် အသစ် လဲစရာ မလိုတော့ဘူး။ လောက တစ်ခွင်ကိုတောင် လွှမ်းမိုးနိုင်လိမ့်မယ်။
ဒါပေမဲ့ လဝက် အတွင်းမှာ ကျုပ် ပြန်မထွက်လာသေးဘူး ဆိုရင် ကျုပ် ပိရမစ် ထဲမှာ သေဆုံးသွားပြီ ဆိုတာ သက်သေပြတာပဲ။ အဲဒီအချိန်ကျရင် ဘယ်သူက နဝမမြောက် ပိရမစ်ထဲ ဝင်ပြီး ကျုပ်အလောင်းကို ပြန်သယ်လာနိုင်မလဲ၊ အဲဒီလူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်ပြီး၊ အနက်ရောင်နဂါးဘုရင်သစ် ဖြစ်လိမ့်မယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ စိတ်နှလုံးများ ဗြောင်းဆန်သွား၏။
‘ဒါက မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ၊ လုံးဝ မအောင်မြင်နိုင်ဘူး။’
ထိုနေရာရှိ ချင်ဝမ်များထဲတွင် အင်အားအကြီးဆုံးသူသည် သတ္တမမြောက် ပိရမစ် အထိသာ ဝင်ရောက်နိုင်ပြီး အဋ္ဌမမြောက် ပိရမစ်ကိုပင် မဝင်နိုင်ရာ နဝမမြောက် ပိရမစ် ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
နှစ်ပေါင်း ထောင်ချီ အတွင်း နဝမမြောက် ပိရမစ်ထဲ ဝင်သွားသူတိုင်း အားလုံး သေဆုံးသွားခဲ့ကြသည်။
ထို့အပြင် မည်သူမဆို နဝမမြောက် ပိရမစ် ထဲ ဝင်ရောက်နိုင်ပါက ထိုသူသည် လက်ရှိ အနက်ရောင်နဂါးဘုရင် ထက် ပိုမို အင်အားကြီးမားနေပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
သို့ပေမည့် မည်သူကမှ မေးခွန်း မထုတ်ရဲကြပေ။ မေးခွန်းထုတ်လိုက်သည်နှင့် သေလမ်းသာ ရှိသည်။ စောစောက ယဇ်ပုရောဟိတ်ချုပ် သည် နမူနာ တစ်ခုပင် ဖြစ်၏။
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင်လည်း ဗြောင်းဆန်နေသည်။
‘ဒါ ဘာသဘောလဲ။ ကျုပ် ယွင်ကျုံးဟဲ့ကို စမ်းသပ်နေတာလား၊ ဒါမှမဟုတ် ကျုပ်ကို သတ်ချင်နေတာလား။ ဟေးယန် အင်ပါယာရဲ့ ချင်ဝမ် ကိုးယောက်စလုံး ဒီနဝမမြောက် ပိရမစ် ထဲ မဝင်နိုင်လောက်ဘူး ဆိုတာ သေချာပါတယ်။ ဒါဆို ကျုပ်ကကော။
ဒါက ကျုပ်အတွက် သီးသန့် ဖန်တီးထားတာလား။ နဝမမြောက် ပိရမစ်ထဲမှာ ဘာတွေ ရှိနေလဲ။ ကျုပ် ဝင်သွားရင် သေလမ်းပဲ ရှိမလား။ နှစ်ပေါင်း ထောင်ချီ အတွင်း ဘယ်သူမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ဘူး ဆိုရင် ကျုပ်က ဘာလို့ ခြွင်းချက် ဖြစ်ရမှာလဲ။’
အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။ “ကောင်းပြီ။ ဘယ်သူမှ မေးခွန်းမထုတ်တာ အရမ်း ကောင်းတယ်။”
‘ဘယ်သူမှ မေးခွန်း မထုတ်ချင်တာ မဟုတ်ဘူး။ မထုတ်ရဲတာလေ။’
အနက်ရောင်နဂါးဘုရင်က ပြောလိုက်၏။ “သုံးရက်နေရင် ကျိန်စာတိုက်ခံရတဲ့ နယ်မြေကို သွားမယ်။”
သုံးရက် အကြာတွင်...
ယွင်ကျုံးဟဲ့သည် မြင်းတစ်ကောင် စီးထားသည်။ ဤမြင်းသည်လည်း အသွင်ပြောင်းထားသော မြင်း ဖြစ်မည်လား။
သွေးရောင် မျက်လုံးများ ရှိပြီး စစ်မြင်း ဖြစ်သော်လည်း အရွယ်အစားမှာ ရှိုင်းယာ မြင်းများနီးပါး ရှိကာ အားအင် အလွန် ကြီးမားပြီး အမြန်နှုန်းလည်း အလွန် မြန်ဆန်သည်။
အနက်ရောင်နဂါးဘုရင်သည် အနက်ရောင် မြင်းလှည်း တစ်စီးကို စီးနင်းကာ ချင်ဝမ် ရှစ်ယောက်က မြင်းစီး၍ နောက်မှ လိုက်ပါလာပြီး ဟေးယန် အင်ပါယာ၏ တပ်မှူးများ၊ ယဇ်ပုရောဟိတ်များ တစ်ထောင်ကျော်လည်း အတူတကွ လိုက်ပါလာကြ၏။
အနက်ရောင်နဂါးဘုရင်သည် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သူတစ်ဦးဖြစ်ရာ မည်သူ့ကိုမှ ရှင်းပြရန် လိုအပ်သည်ဟု မယူဆဘဲ မိမိစိတ်ကူးရှိသည့်အတိုင်းသာ လုပ်ဆောင်လေ့ရှိသည်။
ထိုနေရာတွင် ရှိနေကြသော လူတစ်ထောင်ကျော်မှာ ဟေးယန်အင်ပါယာ၏ အထက်တန်းလွှာများဖြစ်ကြပြီး အင်အားအကြီးဆုံး လူတစ်စုလည်း ဖြစ်၏။
လူတိုင်း၏ စိတ်ထဲတွင် သံသယများ ရိုက်ခတ်နေကြပြီး မကျေမနပ်ဖြစ်နေကြသည်မှာ ထင်ရှားသည်။
ချင်ဝမ် ရှစ်ယောက်အနေဖြင့် ဘုရင်ရာထူးကို ယှဉ်ပြိုင်ကြသည်မှာ ထားပါတော့၊ ယွင်ကျုံးဟဲ့သည် မည်သည့် အရည်အချင်းဖြင့် ဟေးယန်အင်ပါယာ၏ ဘုရင်ရာထူးကို ယှဉ်ပြိုင်ခွင့် ရှိနေသနည်း။
သို့သော်လည်း အသက်ရှင်လိုသည့်ဆန္ဒကြောင့် မည်သူမှ နှုတ်က ထုတ်ဖော် မပြောရဲကြပေ။
ကျိန်စာတိုက်ခံထားရသည့် နယ်မြေအနီးသို့ ရောက်ရှိလာချိန်တွင် လူတိုင်း၏ အကြည့်တို့သည် ယွင်ကျုံးဟဲ့ထံသို့ ရောက်သွားသည်။
ထိုနေရာသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သာမန်လူတစ်ယောက် ဝင်ရောက်လာသည်နှင့် ချက်ချင်းဆိုသလို တုံ့ပြန်မှုများ ဖြစ်ပေါ်လာတတ်၏။
အရင်ဆုံး အန်ပြီး တစ်ကိုယ်လုံးရှိ သွေးကြောငယ်များ ပေါက်ကွဲကာ နောက်ဆုံးတွင် သွေးအန်ပြီး သေဆုံးသွားကြရမြဲ ဖြစ်၏။ ထူးခြားသော အရည်အချင်းရှိသူမှလွဲ၍ မည်သူမျ မဝင်ရောက်နိုင်သော နေရာတစ်ခုဖြစ်သည်။
ယွင်ကျုံးဟဲ့သည် အဝေးမှပင် ထိုနယ်မြေကို လှမ်းမြင်နေရသည်။ အမှန်တကယ်ပင် ကျိန်စာတိုက်ခံထားရသည့် မြေပြင်တစ်ခုဖြစ်ပြီး အသက်ဓာတ်ဟူ၍ လုံးဝမရှိဘဲ မျက်စိတစ်ဆုံး အမည်းရောင် လွှမ်းခြုံနေ၏။
ထိုနယ်မြေ၏ အစွန်အဖျားတွင် အသွင်ပြောင်းလဲနေသော အပင်များနှင့် တိရစ္ဆာန်များ ပေါ်ထွက်နေ၏။ ထိုအရာသည် ရေဒီယိုသတ္တိကြွ စွမ်းအင်တစ်မျိုးဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သေချာပေါက် သိရှိလိုက်သည်။
သို့ပေမည့် သူသိရှိထားသည့် နျူကလီးယားဗုံး၏ ရေဒီယိုသတ္တိကြွမှုနှင့်မူ အနည်းငယ် ကွာခြားနေသည်။ အဝေးမှပင် အသက်ရှူကျပ်စေသော ဖိနှိပ်မှုတစ်ခုကို ခံစားနေရ၏။
လောကတစ်ခွင် လှည့်လည်သွားလာခဲ့ဖူးသည့် ယွင်ကျုံးဟဲ့အတွက်ပင် ဤနေရာမှာ အလွန်စိမ်းသက်နေပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတည်းက တည်ရှိနေခဲ့ပုံရသည်။
ဤမြေပြင်ပေါ်တွင် အတိတ်က မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း။
.......................