အခန်း (၈၂၃-၈၂၄)
Vol. 70 Ch. 823-824
အပိုင်း (၈၂၃)
ကျိန်စာတိုက်ခံထားရသည့် နယ်မြေအနားသို့ မရောက်မီကပင် ယွင်ကျုံးဟဲ့မှာ အန်ချင်သည့်ခံစားချက်ကို စတင်ဖြစ်ပေါ်လာသည်။ နီးကပ်လာလေလေ၊ ခေါင်းမူးဝေလာပြီး နေရခက်လာလေလေ ဖြစ်သောကြောင့် ဤနေရာမှာ အသက်အန္တရာယ် ကြီးမားကြောင်း သိသာလှသည်။
သို့ပေမည့် ထူးဆန်းစွာပင် အမည်းရောင်နယ်မြေထဲသို့ စတင်ဝင်ရောက်သွားသည့်အခါတွင်မူ သူသည် အန်ခြင်း မရှိတော့ဘဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်မျိုးသို့ ရောက်ရှိသွား၏။
ယခင်က မီတျဲချိုင့်ဝှမ်းမှ ဆေးလုံးကို စားသုံးခဲ့စဉ်က စိတ်အာရုံခံစားမှုများ အဆပေါင်းများစွာ ချဲ့ထွင်ခံရပြီး အချိန်များ နှေးကွေးသွားကာ လူတိုင်းကို ဖောက်ထွင်းမြင်ရသည့် အရောင်အကွက်များအဖြစ် မြင်တွေ့ခဲ့ရဖူးသည်။
ယခုမူ ထိုခံစားချက်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။ သူသည် လုံးဝရှင်းပြ၍ မရနိုင်သော ထူးခြား ဆန်းကြယ်သည့် လောကတစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။ ထူးခြားသည်မှာ သူသည် မအန်တော့သလို သွေးအန်ခြင်းလည်း မရှိပေ။
ထိုသို့ဖြင့် လူတစ်ထောင်ကျော်သည် ကျိန်စာတိုက်ခံထားရသော နယ်မြေ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားကြပြီး ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ၊ ရေဒီယိုသတ္တိကြွ စွမ်းအင် ပိုမို ကြောက်စရာ ကောင်းလာလေလေ ဖြစ်သည်။
တစ်ဝက်ခန့် ဝင်ရောက်သွားချိန်မှာတော့ စစ်မြင်းများ အားလုံး အသုံးမပြုနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မခံနိုင်တော့သောကြောင့်ပင်။
ထို့ကြောင့် လမ်းလျှောက်၍သာ ဆက်လက် ဝင်ရောက်ရတော့သည်။
ယွင်ကျုံးဟဲ့ သည် အလွန် ထူးဆန်းသော မြင်ကွင်း အတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ပတ်ဝန်းကျင်က တကယ်တမ်း မည်သို့ ရှိသည်ကို သူ ရှင်းလင်းစွာ မမြင်ရတော့ဘဲ ထူးဆန်းသော အလင်းရောင် အရိပ်များကိုသာ မြင်တွေ့နေရ၏။
နောက်ထပ် နှစ်နာရီကျော် လမ်းလျှောက်ပြီးနောက်…
အနက်ရောင်နဂါးဘုရင်၊ ချင်ဝမ် ရှစ်ယောက်၊ ယွင်ကျုံးဟဲ့ နှင့် လူတစ်ထောင်ကျော်တို့သည် ကျိန်စာ တိုက်ခံထားရသော နယ်မြေ၏ ဗဟိုချက်သို့ ရောက်ရှိလာကြသည်။
အရှေ့ဘက်တွင် အနက်ရောင် ပိရမစ် ကိုးခု ရှိသည်။ ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ အသက်ရှူရပ်မတတ် ခံစားလိုက်ရပြီး ဤနေရာသည် လောကကြီး တစ်ခုလုံး အမှောင်ထု၏ ဗဟိုချက် ဖြစ်သကဲ့သို့ ခံစားရ၏။
လွန်စွာ ကြီးမားထည်ဝါလှသော ပိရမစ်ကြီးများပင် ဖြစ်၏။ ထိုနေရာတွင် ပိရမစ် ရှစ်ခုက ဝန်းရံပတ်ပတ် တည်ရှိနေပြီး အလယ်ဗဟို၌ ရှိသော နဝမမြောက် ပိရမစ်ကြီးကို ဝိုင်းဝန်းကာကွယ်ထားသည့် အလား ရှိနေသည်။
၎င်းတို့အနက် အသေးငယ်ဆုံးသော ပိရမစ်သည်ပင် မီတာ တစ်ရာကျော်ခန့် မြင့်မားပြီး အမြင့်ဆုံး ပိရမစ်မှာမူ မီတာ နှစ်ရာတိတိ ရှိကာ မတ်တတ်စိုက်ထူထားသော တောင်ကြီးတစ်လုံးအလား ဖြစ်နေ၏။
အမှန်စင်စစ် အံ့မခန်းဖွယ်ရာ ဧရာမ အဆောက်အအုံကြီးများ ဖြစ်ကြပြီး ကမ္ဘာမြေပေါ်ရှိ အကြီးဆုံး ပိရမစ်ထက်ပင် များစွာ ပိုမိုကြီးမားနေသေးသည်။
အထူးသဖြင့် အလယ်ဗဟိုရှိ နဝမမြောက် ပိရမစ်ကြီး၏ အရှိန်အဝါမှာမူ ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝလွှမ်းမိုး ဖိနှိပ်ထားနိုင်သည့် ထူးခြားသော တည်ရှိမှုမျိုး ဖြစ်သည်။ ထို့အပြင် ပိရမစ်တစ်ခုချင်းစီမှာ တစ်ကိုယ်လုံး ကတ္တရာစေးအလား နက်မှောင်နေပြီး လုံးဝ အမည်းရောင်အတိ ဖြစ်နေ၏။
ထိုအသွင်သဏ္ဍာန်သည် ကြည့်ရသူအပေါင်းအား ကြောက်ရွံ့ထိတ်လန့်မှုကို ပေးစွမ်းနိုင်သကဲ့သို့ တပြိုင်နက်တည်းမှာပဲ လွန်စွာ ခမ်းနားထည်ဝါ ကြီးကျယ်လို့နေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နေရာအောက်တွင် သိုင်းပညာ လေ့ကျင့်ပါက သိုင်းစွမ်းအားများ တဟုန်ထိုး တိုးတက်လာနိုင်သည်ဆိုခြင်းမှာ အံ့ဩစရာပင်။ သို့ပေမည့် မည်သည့်အရာကို အခြေခံ၍ ထိုသို့ ဖြစ်ရသနည်း။
အဆောက်အအုံအတွင်း၌ ရေဒီယိုသတ္တိကြွ စွမ်းအင်များ ပိုမိုပြင်းထန်နေ၍လား သို့မဟုတ် မည်သည့် သိပ္ပံနည်းကျ သီအိုရီများကြောင့် ဖြစ်သနည်း။
နှမြောစရာ ကောင်းသည်မှာ ထိုပိရမစ်အတွင်းသို့ ဝင်ရောက်၍ သိုင်းပညာ လေ့ကျင့်ခဲ့ကြသူတိုင်းသည် ပြန်လည် ထွက်ခွာလာသည့်အခါ မည်သည့် မှတ်ဉာဏ်မှ ကျန်ရစ်ခြင်း မရှိတော့ပေ။ အသက်ရှင်ရန် ကိုးဆယ်ရာခိုင်နှုန်းမျှ သေချာသော သေမင်းတမန် ဖြစ်စဉ်ကြီးကိုလည်း အားလုံး မေ့လျော့သွားကြသည်။
ထို့ကြောင့်ပင် ပြည်သူအများစု၏ အမြင်၌ ဤနေရာသည် ငရဲကိုးထပ်မျှသာ ဖြစ်ပြီး မရေမတွက်နိုင်သော ဇီဝိန်များကို ဝါးမျိုဖျက်ဆီးခဲ့သည့် နေရာဖြစ်နေ၏။
အဆင့်အနိမ့်ဆုံးဖြစ်သော ပထမ ပိရမစ်အတွင်းသို့ပင် ဟေးယန်အင်ပါယာ၏ အင်အားကြီးမားလှသော သိုင်းပညာရှင် ဆယ်ဦး ဝင်ရောက်သွားပါက တစ်ဦးတည်းသာ အသက်ရှင်လျက် ပြန်လည်ထွက်ခွာနိုင်ပြီး ကျန်ရှိသော ကိုးဦးမှာမူ အသက်ပျောက်ခဲ့သည်။
အလယ်ဗဟို၌ တည်ရှိသော နဝမမြောက် ပိရမစ်ကြီးမှာမူ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လူ့ပြည်လောကအလယ်တွင် ပြောင်းပြန်စောက်ထိုး စိုက်ထူထားသည့် သေမင်းတမန် ငရဲမျှော်စင်ကြီးအလား အေးစက်ခြောက်ခြားဖွယ်ရာ အသွင်အပြင် ရှိနေ၏။
အနက်ရောင်နဂါးဘုရင်၏ အကြည့်များက လူတိုင်းကို ဖြတ်သန်းသွားပြီး ပြောလိုက်သည်။ “ဟေးယန် အင်ပါယာရဲ့ အထက်တန်းလွှာတွေ အားလုံး ရှိနေကြတယ်။ အဲဒါကြောင့် ကျုပ် ခင်ဗျားတို့ကို မေးချင်တယ်။ မေးစရာ ရှိသေးလား။
ကျုပ် နဝမမြောက် ပိရမစ်ထဲ ဝင်ပြီး လေ့ကျင့်မယ်။ အကယ်၍ လဝက် အတွင်းမှာ ကျုပ် အသက်ရှင်လျက် ပြန်ထွက်လာရင် အရာအားလုံး အဆင်ပြေပြီ။ အကယ်၍ လဝက် အတွင်းမှာ ပြန်မထွက်လာသေးဘူး ဆိုရင် အထဲမှာ သေသွားပြီဆိုတာ သက်သေပြတာပဲ။ ဘယ်သူက အထဲဝင်ပြီး ကျုပ်အလောင်းကို ပြန်သယ်လာနိုင်မလဲ၊ အဲဒီလူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ်၊ အနက်ရောင်နဂါးဘုရင်သစ်ပဲ။ ခင်ဗျားတို့ ကြားလား။”
ချက်ချင်းပဲ ထိုနေရာရှိ လူတစ်ထောင်ကျော် အားလုံး ဒူးထောက်ကာ ပြောလိုက်၏။ “အမိန့်အတိုင်းပါ။”
အနက်ရောင်နဂါးဘုရင်က ပြောသည်။ “ဒါဆိုရင် အရမ်း ကောင်းတယ်။”
ထို့နောက် အင်အား ကြီးမားလှသော အနက်ရောင်နဂါးဘုရင်သည် လူတိုင်း၏ အကြည့်များအောက်တွင် အလယ်ရှိ နဝမမြောက် ပိရမစ် အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွား၏။
သူ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် မြေကြီး တစ်ခုလုံး တုန်ခါသွား၏။ ကောင်းကင်ယံမှ တိမ်မည်းများလည်း စတင် စုရုံးလာသကဲ့သို့ ဖြစ်ပြီး လုံးဝ အမှောင် ကမ္ဘာပျက်မည့် ပုံစံမျိုး ဖြစ်နေသည်။
ထို့နောက် သူသည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဤဟေးယန် အင်ပါယာ၏ အမြင့်ဆုံး ခေါင်းဆောင်သည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ငရဲပြည် အတွင်းသို့ လုံးဝ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေ၏။
နှစ်ပေါင်း ထောင်ချီ အတွင်း မည်သူကမှ နဝမမြောက် ပိရမစ်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ရာ ဤအနက်ရောင်နဂါးဘုရင်သည် ခြွင်းချက် ဖြစ်မည်လား။
နုဧကရာဇ်သည် နဝမမြောက် ပိရမစ်မှ ထွက်လာခဲ့ခြင်းလား။ ဤနဝမမြောက် ပိရမစ် အတွင်းတွင် တာရှန်း မိစ္ဆာနိုင်ငံ၏ အမြင့်ဆုံး လျှို့ဝှက်ချက် ရှိနေသလား။ နုဧကရာဇ် ၏ အမြင့်ဆုံး လျှို့ဝှက်ချက် ရှိနေသလား။
ယွင်ကျုံးဟဲ့ ၏ စိတ်ထဲတွင် အဆုံးအစမရှိသော မေးခွန်းများ ပြည့်နှက်နေသည်။
ထို့နောက် လူတစ်ထောင်ကျော်သည် မည်သည့် အလုပ်မှ မလုပ်နိုင်ဘဲ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေရ၏။
လဝက် စောင့်ရမည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
အချိန်ရထားသည် စီးဆင်းနေသော ရေအလျင်ပမာ နေ့ရက်များကို မြန်ဆန်စွာ သယ်ဆောင်၍ ကုန်ဆုံးသွားခဲ့သည်။ လှုပ်ရှားရုန်းကန်မှု ကင်းမဲ့ပြီး ငြီးငွေ့ဖွယ်ရာ ကောင်းလှသော နေ့ရက်များသည်လည်း တရွေ့ရွေ့နှင့် လျင်မြန်စွာ ကုန်လွန်သွားကြ၏။
လဝက်ခန့် ကြာမြင့်သွားသော်လည်း အနက်ရောင်နဂါးဘုရင် သည် ထွက်ပေါ်လာခြင်း မရှိသေးပေ။
‘သူ သေသွားပြီ။’
ဤသည်မှာ လူတိုင်း၏ အမြင်ပင် ဖြစ်သည်။
နောက်ဆက်တွဲ ပြဿနာမှာ နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်ကာ သူ၏ အလောင်းကို ရှာဖွေပြီး ပြန်သယ်လာသင့်၊ မသင့် ပင် ဖြစ်သည်။ ဤသည်မှာ အလွန် ခက်ခဲသော ရွေးချယ်မှု တစ်ခု ဖြစ်၏။
အပြင်ပန်းမှ ကြည့်မည်ဆိုပါက နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်ပြီး အနက်ရောင်နဂါးဘုရင်ကို ပြန်လည် ခေါ်ဆောင်လာခြင်းမှာ ဘုရင်ရာထူးဆီသို့ သွားရန် အရိုးရှင်းဆုံး အဆင့်ပင် ဖြစ်သည်။
အောင်မြင်နိုင်ခြေ အခြေခံအားဖြင့် သုညဖြစ်ပြီး လောင်းကစားသည့် သဘောသဘာဝများ ပြည့်နှက ်နေသော်လည်း ဤလောင်းကစား ဆိုသည့် စကားလုံးကိုယ်တိုင်ကပင် လူအချို့အတွက် အဆုံးအစ မရှိသော ဆွဲဆောင်မှု တစ်ခု ဖြစ်နေ၏။
လူအချို့က ငွေကြေး လောင်းကစားခြင်းကို လုံးဝ မကြိုက်သော်လည်း အမည်မသိ အရာများကို လောင်းကစားခြင်းကိုမူ နှစ်သက်ကြသည်။
အကယ်၍ အနက်ရောင်နဂါးဘုရင်၏ စည်းမျဉ်းများကို မလိုက်နာပါက နောက်ဆက်တွဲ အနေဖြင့် ချင်ဝမ်များ အားလုံး ရူးသွပ်စွာ တိုက်ခိုက်ကြမည်ဖြစ်ပြီး သေဆုံးသည်အထိ တိုက်ခိုက်ကြမှာဖြစ်သည်။ ထိုရလဒ်မှာ အခြေခံအားဖြင့် အားလုံး သေဆုံးသွားခြင်းပင် ဖြစ်၏။
ချင်ဝမ် ရှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး ဝင်သင့်၊ မဝင်သင့် စဉ်းစားနေကြ၏။ ထို့နောက် လူရှစ်ယောက်စလုံး၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ရောက်ရှိသွားကြသည်။
“ကျုပ် သွားမယ်...” ရုတ်တရက် လူတစ်ယောက်က ပြောလိုက်၏။
ထိုလူမှာ တတိယ ချင်ဝမ် ဖြစ်သည်။ သူက အော်ဟစ်လိုက်ပြီးနောက် ပိရမစ်ဆီသို့ တိုက်ရိုက် လျှောက်သွား၏။ ထို့နောက် သူလည်း လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက် ကုန်လွန်သွားသည်။ သူ ထွက်မလာသေးပေ။
လဝက် မပြည့်သေးသော်လည်း လူတိုင်းက သူ့ကို သေလူ အဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်၏။ နှစ်ပေါင်း ထောင်ချီ အတွင်း ဤသမိုင်းကို မည်သူကမှ မချိုးဖျက်နိုင်ခဲ့ကြောင်း ထင်ရှားလှသည်။ နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်သွားသူတိုင်း သေဆုံးရမည်ဖြစ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ မရှိပေ။
ကျန်ရှိနေသော ချင်ဝမ် ခုနစ်ယောက်က အချင်းချင်း ထပ်မံ ကြည့်လိုက်ကြပြန်သည်။ ထိုသို့ဆိုလျှင် အနက်ရောင်နဂါးဘုရင်၏ စည်းမျဉ်းများကို ဂရုစိုက်နေရန် မလိုတော့ပေ။ ကိုယ့်စွမ်းအားဖြင့်သာ ဘုရင်ရာထူးကို လုယူကြမှာဖြစ်၏။
ပထမ ချင်ဝမ်က ပြောလိုက်သည်။ “အားလုံး သိတဲ့အတိုင်းပဲ။ ကျုပ်က ဟေးယန် အင်ပါယာရဲ့ ပထမဆုံး ချင်ဝမ် ပဲ။ ကျုပ်က ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်လာသင့်တယ်။”
ဒုတိယ ချင်ဝမ်က ပြော၏။ “ခင်ဗျားက အစောဆုံး ချင်ဝမ် ဖြစ်ရုံ သက်သက်ပဲ။ အင်အားအကြီးဆုံးမှ မဟုတ်တာ။ ကျုပ်က ချင်ဝမ်တွေထဲမှာ သတ္တမမြောက် ပိရမစ် ထဲကို ပထမဆုံး ဝင်ရောက် လေ့ကျင့်နိုင်ခဲ့တဲ့သူပဲ။ ကျုပ်ကမှ အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်လာသင့်တာ။”
စတုတ္ထ ချင်ဝမ်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားထက် ခြောက်လလောက်ပဲ နောက်ကျတာပါ။ ဒါပေမဲ့ ကျုပ်က ခင်ဗျားထက် ခြောက်နှစ်တောင် ပိုငယ်သေးတယ်။ အဲဒါကြောင့် ကျုပ်က အင်အားအကြီးဆုံးပဲ။ အဲဒါကြောင့် ကျုပ်ကမှ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်လာသင့်တာ။”
ချင်ဝမ် ခုနစ်ယောက် အဆက်မပြတ် ငြင်းခုံနေကြပြီး မည်သူ့ကိုမှ စည်းရုံး၍ မရနိုင်ပေ။
အကယ်၍ အရှေ့တိုင်း အင်ပါယာများတွင် ဆိုပါက မဟာမိတ်ဖွဲ့ခြင်း နည်းဗျူဟာများကို သေချာပေါက် အသုံးပြုကြမည်ဖြစ်ပြီး ဘယ်သူနှင့်ဘယ်သူ အရင် မဟာမိတ် ဖွဲ့ပြီး ဘယ်သူ့ကို အရင် သတ်မယ် ဆိုတာမျိုး လုပ်ကြမှာဖြစ်သည်။
သို့ပေမည့် ဟေးယန် အင်ပါယာရှိ လူများ၏ တွေးခေါ်ပုံကတော့ ရိုးရှင်း၏။ ချင်ဝမ်များ၏ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုမှာ သိုင်းပြိုင်ခြင်းပင် ဖြစ်၏။
ဟေးယန် အင်ပါယာ၏ ရိုးရာ နည်းလမ်းအတိုင်း အဆိပ်ပြင်း အကောင်များ မွေးမြူသည့် တိုက်ပွဲမျိုးပင် ဖြစ်သည်။
ခုနစ်ယောက် တိုက်ခိုက်ပြီး တစ်ယောက်ပဲ ရှင်ကျန်ရမည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတည်းကသာ ဟေးယန် အင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်လာမှာဖြစ်၏။
ထို့အပြင် သိုင်းပြိုင်ကွင်းသို့ သွားနေရန်ပင် မလိုအပ်တော့ဘဲ ပိရမစ် ရှေ့တွင်ပင် တိုက်ရိုက် သိုင်းပြိုင်ကြမှာ ဖြစ်သည်။
ထို့နောက် လူအချို့ မဲနှိုက်ကြသည်။ ၁ နှင့် ၂ သိုင်းပြိုင်မည်၊ ၃ နှင့် ၄ သိုင်းပြိုင်မည်၊ ၅ နှင့် ၆ သိုင်းပြိုင်မည်။
ထိုသို့ဆိုလျှင် ၇ နှိုက်မိတဲ့သူက ဘယ်လိုလုပ်မည်နည်း။ အလွန် ဂုဏ်ယူစရာ ကောင်း၏။ ယွင်ကျုံးဟဲ့နှင့် သိုင်းပြိုင်ရပြီး အလွယ်တကူ အနိုင်ရမှာဖြစ်သည်။
မကြာမီ ချင်ဝမ် ခုနစ်ယောက် မဲနှိုက်ပြီးစီးသွားသည်။ စတုရန်းမြောက် ချင်ဝမ်က နံပါတ် ၇ မဲကို နှိုက်မိသည်။ ဆိုလိုသည်မှာ သူ၏ ပြိုင်ဘက်မှာ ယွင်ကျုံးဟဲ့ ဖြစ်၏။
သူက ယွင်ကျုံးဟဲ့ကို လက်ယပ်ခေါ်ကာ ပြောလိုက်သည်။ “ခင်ဗျား.. ဒီကို လာခဲ့။ ကျုပ်နဲ့ သိုင်းပြိုင်မယ်။”
ယွင်ကျုံးဟဲ့ လုံးဝ စကားမပြောနိုင်တော့ပေ။ ‘ချီးတဲ့မှ… ခင်ဗျားက ကျင်းကျုံးယွဲ့ ထက်တောင် အများကြီး ပိုပြီး အင်အားကြီးသေးတယ်။ ကျုပ်က ခင်ဗျားရဲ့ ချွေးပေါက် တစ်ပေါက်ကိုတောင် မယှဉ်နိုင်ဘူးလေ။’
ယခုအချိန်တွင် ယွင်ကျုံးဟဲ့၌ သေနတ် တစ်လက် ရှိနေလျှင်ပင် လုံးဝ အသုံးမဝင်တော့ပေ။ ဟေးယန် အင်ပါယာ ချင်ဝမ် ကဲ့သို့သော ထိပ်တန်း သိုင်းသမားများကို ရင်ဆိုင်ရာတွင် သေနတ်များက တကယ်ကို အသုံးမဝင်ချေ။ အနည်းဆုံးတော့ သူက ရှောင်တိမ်းနိုင်ပြီး ဓားဖြင့် ကာကွယ်နိုင်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မတိုက်လို့ ရမလား။”
စတုရန်းမြောက် ချင်ဝမ်က အေးစက်စွာ ပြောလိုက်သည်။ “မရဘူး။ သေချာပေါက် တိုက်ရမယ်။”
ယွင်ကျုံးဟဲ့က ထိုနေရာရှိ လူအားလုံးကို ကြည့်လိုက်ရာ ဤသိုင်းပြိုင်ပွဲကို ဆန့်ကျင်သူ တစ်ဦးမျှ မရှိကြောင်း တွေ့လိုက်ရ၏။
“ကောင်းပြီ။ ကျုပ် သိပြီ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “အနက်ရောင်နဂါးဘုရင် ထွက်သွားတာ လဝက်ကျော်လေးပဲ ရှိသေးတယ်။ ခင်ဗျားတို့က သူ့စကားကို အီးပေါက်သလို သဘောထားလိုက်ကြပြီလား။ ဒါက ဟေးယန် အင်ပါယာလား။”
လူတိုင်း တိတ်ဆိတ်သွားကြပြီး ဤသည်မှာလည်း သဘာဝကျကြောင်း ထင်ရှား၏။
တာရှန်း မိစ္ဆာနိုင်ငံသည် ယခင်က နုဧကရာဇ်အပေါ် ယုံကြည်ကိုးကွယ်မှု ရှိခဲ့သလားဟု ယွင်ကျုံးဟဲ့ အလိုအလျောက် တွေးမိသွားသည်။
ထိုသို့ဖြစ်ရန် အလားအလာ ရှိနေသည်။ အနည်းဆုံးတော့ သူတို့အနေဖြင့် အနက်ရောင်နဂါးဘုရင်အား အသုံးချရန် အလံတော်တစ်လက်အဖြစ် သတ်မှတ်မြှောက်စားထားခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း ယခုအချိန်၌ အနက်ရောင်နဂါးဘုရင်မှာမူ သေချာပေါက် အားကိုးထိုက်သော အလံတော်တစ်လက် မဖြစ်နိုင်သေးချေ။ သူမရှိသည်မှာ လဝက်ကျော်သာ ရှိသေးသော်လည်း သူ၏ စကားများသည် ချင်ဝမ်များအပေါ် အကျုံးဝင်ခြင်း မရှိတော့ပေ။
အမှန်တကယ်၌ ဤနိုင်ငံသည် စစ်အင်အားနှင့် တန်ခိုးအာဏာကိုသာ အဓိကဗဟိုပြုထားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သူတို့အကြားရှိ သစ္စာစောင့်သိမှု ဆိုသည်မှာလည်း အပြန်အလှန် ယုံကြည်ကိုးစားခြင်း သို့မဟုတ် တရားမျှတခြင်းတို့အပေါ်၌ အခြေခံထားခြင်း မဟုတ်ဘဲ အာဏာစက်အပေါ် ကြောက်ရွံ့တုန်လှုပ်ခြင်း အပေါ်၌သာ အကြွင်းမဲ့ အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်၏။
အကယ်၍သာ ထိုသို့သော သဘောသဘာဝမျိုး ရှိနေခဲ့လျှင် အနာဂတ်ကာလ၌ ပိုမိုအင်အားတောင့်တင်း ကြီးမားလှသော တာရှန်းမိစ္ဆာနိုင်ငံတော်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံချိန်၌ သူတို့သည် ချက်ချင်း လေသံပြောင်းကာ သစ္စာဖောက်ဖျက်သွားကြမည် မဟုတ်ပါလား။
……………..
အပိုင်း (၈၂၄)
ယွင်ကျုံးဟဲ့က ပြောသည်။ “ဘယ်သူမှ ဟေးယန် အင်ပါယာ ဧကရာဇ်ရဲ့ ဆန္ဒကို မလိုက်နာချင်ဘူး ဆိုတော့ ကျုပ်ပဲ စမ်းကြည့်လိုက်မယ်။ ကျုပ် နဝမမြောက် ပိရမစ်ထဲ ဝင်ပြီး အနက်ရောင်နဂါးဘုရင်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်မလား ဆိုတာ အစွမ်းကုန် ကြိုးစားကြည့်မယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက သူ့ကို ကြည့်လိုက်ကြ၏။
‘ခင်ဗျားလို ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ လူချောလေးက ပထမ ပိရမစ်ကိုတောင် မဖြတ်ကျော်နိုင်တာ၊ နဝမမြောက် ပိရမစ် ကို ဝင်မယ် ဆိုရင် လုံးဝ သေလမ်းပဲ ရှိမှာပေါ့။ နှစ်ပေါင်း ထောင်ချီ အတွင်းမှာ နဝမမြောက် ပိရမစ် ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ယွင်ကျုံးဟဲ့… ခင်ဗျားဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမဲ့... ခင်ဗျား သေချင်တယ် ဆိုရင်လည်း ကျုပ်တို့ မတားပါဘူး။’
ထိုသို့ဖြင့် လူတိုင်း၏ အကြည့်များအောက်တွင် ယွင်ကျုံးဟဲ့သည် နဝမမြောက် ပိရမစ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ငရဲပြည်ဆီသို့ ဝင်ရောက်သွားသည်။
တဖြည်းဖြည်းနှင့် သူ၏ နောက်ကျောသည် နဝမမြောက် ပိရမစ်၏ အမှောင် တံခါးကြီး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ နှစ်ပေါင်း ထောင်ချီ အတွင်း၊ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ မရှိခဲ့ပေ။
ဤနဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်ရခြင်းမှာ မည်သို့သော ခံစားချက်မျိုး ဖြစ်သနည်း။ ဖော်ပြ၍ မရနိုင်ပေ။ မရေမတွက်နိုင်သော သတင်းအချက်အလက်များက ဦးနှောက်ထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး တိုက်ရိုက် ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်ကာ ဦးနှောက် တစ်ခုလုံး ဗလာ ဖြစ်သွားပြီး အရူး တစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
ထို့အပြင် ဤသတင်းအချက်အလက်များမှာ ရှုပ်ထွေးပြီး အစီအစဉ် မကျဘဲ အမှိုက် သတင်းအချက်အလက်များနှင့် တူကာ သင်၏ ဦးနှောက် တစ်ခုလုံးကို တိုက်ရိုက် ဝန်ပိသွားစေသည်။
ချက်ချင်း ဘာမှ မမြင်ရ၊ ဘာမှ မကြားရသလို တွေးတောလို့လည်း မရတောပေ။ ကွန်ပျူတာ တစ်လုံး စက်ဟန်း (ခေတ္တရပ်) သွားသလိုမျိုး ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ရာချီလောက် ဟန်းသွားမှာ ဖြစ်၏။
‘အဲဒီအချိန်ကျရင် လူက စောစောတည်းက သေနေလောက်ပြီ။ မစားမသောက်ဘဲ တစ်လတောင် မပြည့်ခင် သေသွားမှာပဲ။’
ယွင်ကျုံးဟဲ့လည်း ခြွင်းချက် မဟုတ်ပေ။ ဤနေရာသို့ ဝင်ရောက်ပြီးသည်နှင့် သူသည် လုံးဝ လမ်းလျှောက် နေသော အလောင်းကောင် တစ်ကောင် ဖြစ်သွားသည်။
အသိစိတ်နှင့် တွေးတောနိုင်စွမ်းများ လုံးဝ ပျောက်ဆုံးသွားပြီး အလိုအလျောက် သဘောအရသာ ရှေ့သို့ ဆက်လျှောက်နေရကာ ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိတော့ပေ။ အချိန်ကပင် အဓိပ္ပာယ်မဲ့သွားပြီး ဦးနှောက် တစ်ခုလုံး လုံးဝ ရှုပ်ထွေးနေသော အခြေအနေသို့ ရောက်ရှိသွား၏။
ဤအရာက နဝမမြောက် ပိရမစ်၏ လျှို့ဝှက်ချက်လား။ အထဲ ဝင်လာသည့် သူများက ဤကဲ့သို့ပင် သေဆုံးသွားကြသည်လား။
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ ယွင်ကျုံးဟဲ့ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် လမ်းခွဲ နှစ်ခု ရှိနေသောကြောင့်ပင်။
သေချာပေါက် သူ ရပ်တန့်သွားရခြင်းမှာ အလိုအလျောက် သဘောအရသာ ဖြစ်ပြီး သူ လုံးဝ တွေးတောနိုင်စွမ်း မရှိသေးပေ။
သူ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။
တကယ်တမ်းတွင် သူ ယခုအချိန်အထိ ဘာမှ မမြင်ရသေးသလို ဘာမှ မကြားရသေးဘဲ ဘာမှလည်း မခံစားရသေးပေ။
ထို့ကြောင့် ဤလမ်းခွဲသည် ပုံမှန် အဓိပ္ပာယ် ရှိသော လမ်းခွဲ မဟုတ်ဘဲ ရှုပ်ထွေးနေသော အခြေအနေမျိုးသာ ဖြစ်သည်။
ယွင်ကျုံးဟဲ့ ဤသို့ ရပ်နေသည်မှာ အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ အချိန် အကြာကြီး ကြာသွားတာလည်း ဖြစ်နိုင်သလို တစ်ခဏလေး အတွင်းမှာပဲ ဖြစ်သွားတာလည်း ဖြစ်နိုင်၏။ အဘယ်ကြောင့် ဆိုသော် ဦးနှောက် တစ်ခုလုံး ရှုပ်ထွေးနေသည့် အခြေအနေတွင် အချိန်ဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့ သွားခြင်းကြောင့် ဖြစ်သည်။
သို့ပေမည့် ဤအချိန်တွင် အသိဉာဏ် တစ်စွန်းတစ်စလေး ထွက်ပေါ်လာ၏။
‘ဒါက ဘီသိုဗင် ရဲ့ အသိဉာဏ် လား။ အသံတွေကို ခံစားနေတယ်။’
နဝမမြောက် ပိရမစ်ထဲ ဝင်လာပြီးနောက် သတင်းအချက်အလက် အများအပြား ဝင်ရောက်လာရာ ထိုအထဲတွင် အသံ သတင်းအချက်အလက်များလည်း ပါဝင်သည်။
ထိုနေရာ၌ ထွက်ပေါ်နေသော အသံဗလံများ၏ ပမာဏမှာ မည်မျှအထိ များပြားသနည်း။ ထောင်သောင်း၊ သိန်းသန်းမကသော အသံလှိုင်းပေါင်းများစွာ ရှိနေကြခြင်း ဖြစ်၏။
အချင်းချင်း မတူညီကြသည့် သန်းပေါင်းများစွာသော အသံဗလံတို့သည် အမျိုးအစားစုံလင်စွာဖြင့် ရောနှောလျက် ရှိနေသည်။
လူသားတို့ ကြားနိုင်သော သာမန်အသံများ သာမက အလွန်မြင့်မားသော ကြိမ်နှုန်း၊ အလွန်နိမ့်ကျသော ကြိမ်နှုန်း ရှိသည့် အသံလှိုင်းများ၊ တိရစ္ဆာန်မျိုးစုံ၏ အော်ဟစ်မြည်တမ်းသံများ၊ လေပြင်းတိုက်ခတ်သံများနှင့် ပင်လယ်လှိုင်းတံပိုး ရိုက်ခတ်သံများ စသည်ဖြင့် မရေမတွက်နိုင်သော အသံဗလံမျိုးစုံတို့သည် လောကပျက်မတတ် စုဝေးဖြစ်ပေါ်နေခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် ဤမျှ ရှုပ်ထွေးဆူညံနေသည့် အသံသန်းပေါင်းများစွာထဲမှ မိမိအလိုရှိသော အသံအမှန် တစ်ခုတည်းကိုသာ ရွေးချယ်ရှာဖွေရမည်လား။ မဟုတ်ပါက ဤအသံရာထောင်ပေါင်းများစွာကို စနစ်တကျ ပြန်လည်စုစည်း၍ သဟဇာတဖြစ်အောင် စီစဉ်ရမည်လား။
မည်သည့်နည်းလမ်းပင်ဖြစ်စေ ဤလုပ်ရပ်မှာ သမုဒ္ဒရာရေပြင်ကျယ်ကြီးထဲ၌ အပ်တစ်စင်းကို ရှာဖွေရသည် ထက်ပင် ပိုမို၍ စိတ်ပျက်ကြောက်ရွံ့ဖွယ် ကောင်းလှသည် မဟုတ်ပါလား။ အမှန်တကယ် လုံးဝမဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
အကယ်၍ ထိုအရာကို မဖြစ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့လျှင်ပင် နှစ်ပေါင်း ဆယ်ချီ၊ ရာချီမျှ ကာလပတ်လုံး အချိန်ပေးရမည်မှာ အမှန်ပင်။
သို့ပေမည့် ဘီသိုဗင်ဟူသော လူသားမှာမူ ထိုမဖြစ်နိုင်မှုများကို အမှုမထားသည့် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေ၏။
သူ တိတ်ဆိတ်စွာ ခံစားနေသည်။ ဤအသံ သန်းပေါင်းများစွာတွင် လူ၏ အသံ တစ်သံတည်းသာ ရှိပြီး ဤလူက စကားပြောနေခြင်း ဖြစ်သည်။
တပြိုင်နက်တည်း ထွက်ပေါ်နေသော အသံ သန်းပေါင်းများစွာထဲမှ တစ်ခုတည်းသော အသံကို မည်သို့ ရှာဖွေမည်နည်း။
ဤသည်မှာ သဲပုံးတစ်ပုံးထဲမှ အပြင်ပန်းတွင် မည်သည့် ထူးခြားမှုမှ မရှိသော တစ်ခုတည်းသော သဲပွင့်လေးကို ရှာဖွေရသကဲ့သို့ ဖြစ်သည်။
အချိန်များ ဆက်လက် ကုန်ဆုံးနေသည်။ ဘီသိုဗင် ဆိုသော ပါရမီရှင်သည် ကြိမ်နှုန်းကို အခြေခံ၍ ဖယ်ရှားမှုများ စတင် ပြုလုပ်သည်။ အဆက်မပြတ် ဖယ်ရှားသည်၊ အဆက်မပြတ် ဖယ်ရှားသည်။ ဖယ်ရှားလိုက်သော အသံများ ပိုများလာလေလေ၊ ကျန်ရှိနေသော အသံများ ပိုနည်းလာလေလေ ဖြစ်၏။
နောက်ဆုံးတွင် အသံ တစ်သံတည်းသာ ကျန်ရှိတော့၏။ ဤသည်မှာ အမျိုးသမီး တစ်ဦး၏ အသံ ဖြစ်သည်။ “ဘယ်ဘက်။”
‘လမ်းခွဲ နှစ်ခု၊ ဘယ်ဘက်ကို သွားရမှာလား။’
ထို့နောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် ဘယ်ဘက် လမ်းခွဲဆီသို့ လျှောက်သွားသည်။
သို့ဆိုလျှင် ညာဘက်သို့ ဦးတည်လှမ်းမျှော်သွားပါက မည်သို့သော အကျိုးဆက်မျိုး ကြုံတွေ့ရပါမည်နည်း။ ဤသည်ကား နက်နဲသော ဒဿနိကဗေဒဆိုင်ရာ ပုစ္ဆာတစ်ပုဒ် ဖြစ်သွား၏။
အမှန်စင်စစ် ဤနေရာ၌ ဘယ်ဘက်ဟု သတ်မှတ်ခေါ်ဝေါ်နေခြင်းသည်ပင်လျှင် စိတ်ကူးဖြင့် ပုံဖော်ထားသည့် သမားရိုးကျ သတ်မှတ်ချက်တစ်ခု မျှသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ယွင်ကျုံးဟဲ့၏ အာရုံခံစားမှုများမှာ လုံးဝချုပ်ငြိမ်းနေပြီး မည်သည့် အရာကိုမျှ မမြင်ရသကဲ့သို့၊ မည်သည့်အသံကိုမျှလည်း မကြားရတော့သောကြောင့်ပင်။
သို့သော်လည်း သူသည် ပထမဦးဆုံးသော အတားအဆီးကိုမူ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့၏။
ထို့နောက် ယွင်ကျုံးဟဲ့သည် မှောင်မိုက်သော လမ်းမထက်၌ တစ်လှမ်းချင်းစီ ဆက်လက်၍ လျှောက်လှမ်းသွားနေမိသည်။
ထို့နောက်တွင်မူ ရှေ့မျက်နှာစာ၌ လမ်းခွဲတစ်ခု ထပ်မံပေါ်ပေါက်လာပြန်ရာ ယခုတစ်ကြိမ်တွင်မူ လမ်းခွဲ သုံးခုအထိ ရှိနေတော့၏။
သို့ရာတွင် ယခုအခါ၌ သူ၏ဦးနှောက်အတွင်း စုပြုံတိုးဝှေ့နေသည့် ရှုပ်ထွေးလှသော သတင်းအချက်အလက် ပမာဏသည် တစ်စိတ်တစ်ပိုင်းမျှ လျော့နည်းသက်သာသွားခဲ့ပြီ ဖြစ်သည်။ အကြောင်းမူကား ပတ်ဝန်းကျင် တစ်ခုလုံး၌ မည်သည့်အသံဗလံမျှ ကပ်ငြိကျန်ရစ်ခြင်း မရှိတော့သောကြောင့်ပင်။
ပထမအတားအဆီးက ဆူညံလှသော အသံလှိုင်းမျိုးစုံကို အကုန်အစင် ဖယ်ရှားရှင်းလင်းပေးခဲ့ပြီး ဖြစ်၏။ ထိုသို့ဆိုလျှင် ယခုကြုံတွေ့ရမည့် ဒုတိယမြောက် အတားအဆီးကား မည်သည့်အရာ ဖြစ်သနည်း။
ထိုအရာများမှာ အခြားမဟုတ်၊ မြင်ကွင်းအာရုံကို နှောက်ယှက်မည့် ရုပ်ပုံလွှာများပင် ဖြစ်တော့သည်။ မရေမတွက်နိုင်အောင် များပြားလှသော ရုပ်ပုံအလွှာလွှာတို့သည် အတားအဆီးမရှိ တိုးဝှေ့လာကြ၏။
စောစောက ကြုံတွေ့ခဲ့ရသော အသံဗလံများမှာ ရာဂဏန်းမျှသာ ရှိသော်လည်း ယခုမြင်တွေ့နေရသည့် ရုပ်ပုံလွှာများမှာမူ သန်းချီ၊ ဘီလီယံချီ၊ ထရီလီယံချီရုံမျှမက အတိုင်းအဆမရှိ များပြားလှသည်။
ထို့အပြင် ထိုရုပ်ပုံလွှာများသည် ရပ်တန့်နေခြင်းမရှိဘဲ အဆက်မပြတ် လှုပ်ရှားရွေ့လျားလျက် ယွင်ကျုံးဟဲ့၏ ဦးနှောက်ဆဲလ်များကို အရူးအမူး ထိုးနှက်တိုက်ခိုက်နေကြ၏။
ရုပ်ပုံများမှာ အလွန်အမင်း များပြားလွန်းလှပြီး အာရုံခံစားမှုက မဖြစ်မနေ လက်ခံနေရသောကြောင့် သူ၏ ဦးနှောက်မှာ ချက်ချင်းပင် ပေါက်ကွဲလုမတတ် ဖြစ်သွားကာ အဆုံး၌ မည်သည့်မြင်ကွင်းကိုမျှ ကွဲကွဲပြားပြား မမြင်ရတော့ချေ။
ဤသည်ကား အလွန်တောက်ပလွန်းသော အလင်းရောင်သည် လူသားတို့၏ မျက်စိကို ကန်းသွားစေနိုင်သည့် သဘာဝတရားအတိုင်းပင် ဖြစ်သည်။
ထိုသို့သော အကျပ်အတည်း အချိန်အခါသမယတွင်မူ ဗန်သိုဗင်၏ ဝိညာဉ်သည် ကွယ်ပျောက် ငုပ်လျှိုးသွားခဲ့ပြီး အနုပညာပါရမီရှင် ဒါဗင်ချီ၏ အသိစိတ်က ရုတ်ချည်း ထွက်ပေါ်လာခဲ့လေသည်။ သူသည် ရှေ့မှောက်၌ အလုအယက် ဖြစ်ပေါ်နေသော ရုပ်ပုံလွှာများကို စူးစိုက်လေ့လာ ဆန်းစစ်နေတော့၏။
စောစောက ပထမအတားအဆီးတွင် ရောနှောနေသည့် အသံသန်းပေါင်းများစွာထဲမှ တစ်ခုတည်းသော လူသား၏ အသံစစ်ကို ရှာဖွေခဲ့ရသည်။
ထိုသို့ဆိုလျှင် ယခုတစ်ကြိမ်တွင်လည်း ရုပ်ပုံလွှာ ဘီလီယံပေါင်းများစွာထဲမှ မှန်ကန်သော ပုံရိပ် တစ်ခုတည်းကိုသာ ရွေးချယ်ရှာဖွေရမည်လား။ သို့ပေမည့် ထိုသို့ရှာဖွေရန်အတွက် မှန်ကန်သော သင်္ကေတ သဲလွန်စမှာ မည်သည့်အရာ ဖြစ်သနည်း။
ဤမျှ ရှုပ်ထွေးနေသော မြင်ကွင်းထဲ၌ မည်သို့မျှ ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ဒါဗင်ချီဟူသည် ဒါဗင်ချီပင် ဖြစ်တော့သည်။
သူသည် သမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော ပန်းချီကျော်တစ်ဦး ဖြစ်သောကြောင့် အရောင်အသွေးများနှင့် ရုပ်ပုံလွှာများအပေါ်၌ အာရုံခံစားနိုင်စွမ်းမှာ လွန်စွာ ထက်မြက်လျင်မြန်လွန်းလှ၏။
သူသည် မိမိ၏ စိတ်ကူးဉာဏ်တွေးခေါ်မှုများကို နယ်ပယ်အနှံ့ လွင့်ဝဲစေပြီး အဆင့်မြင့်မားသော အသိအမြင်သို့ ဆွဲတင်လိုက်၏။ ထိုသို့ ပြုလုပ်လိုက်သည့်အခါ ရှေ့မှောက်၌ တိုးဝှေ့နေသော ရုပ်ပုံလွှာ ဘီလီယံပေါင်း များစွာသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားကြတော့သည်။
သေချာပေါက် ဤအခြင်းအရာသည်လည်း စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် ပုံဖော်ပြောင်းလဲလိုက်ခြင်း တစ်မျိုးပင် ဖြစ်၏။
မြင်ကွင်းတို့သည် ပိုမို၍ ဝေးကွာသွားသည်၊ ပိုမို၍ ဝေးကွာသွားသည်။ မူလက ဤရုပ်ပုံလွှာ ဘီလီယံပေါင်း များစွာကို တစ်ပြင်တည်း ဖြန့်ခင်းလိုက်ပါက စတုရန်းကီလိုမီတာ တစ်သိန်းခန့်မျှ ကျယ်ဝန်းလှသော အကျယ်အဝန်း ရှိသည်။
ထို့ကြောင့် အနီးကပ် ကြည့်ရှုနေမည်ဆိုပါက ဤရုပ်ပုံများ၏ အဆုံးသတ်ကို မည်သို့မှ မြင်တွေ့နိုင်မည် မဟုတ်ချေ။
စိတ်ကူးတွေးခေါ်မှုများသည် လုံလောက်သော အကွာအဝေးတစ်ခုအထိ ဝေးကွာသွားမှသာလျှင် ထိုအရာ၏ ပုံသဏ္ဍာန် အပြည့်အစုံကို ပြတ်သားရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်ရာ ဒါဗင်ချီ၏ တွေးခေါ်မှုအဟုန်သည် ကီလိုမီတာ တစ်ထောင်ခန့်အထိ ဝေးလံစွာ လွင့်ဝဲသွားခဲ့၏။ နောက်ဆုံးတွင်မူ အရာအားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့လိုက်ရတော့သည်။
ထိုရုပ်ပုံလွှာ ဘီလီယံပေါင်းများစွာသည် အစက်အပြောက်ငယ်လေး (ပစ်ဇယ်) ဘီလီယံပေါင်းများစွာအဖြစ် ပေါင်းစပ်ပြောင်းလဲသွားပြီး ပုံရိပ်ကြီးတစ်ခုကို တည်ဆောက်လိုက်ကြ၏။
ထို့အပြင် ထိုအရာသည် ရပ်တန့်နေခြင်း မရှိဘဲ အဆက်မပြတ် လှုပ်ရှားသက်ဝင်နေသော ပုံရိပ် တစ်ခု ဖြစ်နေသေးသည်။
ထိုပုံရိပ်ထဲ၌ လူတစ်ဦးသည် တံခါးသုံးပေါက်ကို ကျောခိုင်းရပ်တည်ထားပြီး ဒုတိယမြောက် တံခါးချပ်ဆီသို့ ကျောခိုင်းလျက် ဝင်ရောက်သွားသည်။ ထို့နောက် ချက်ချင်းပင် ပြန်လည်ထွက်ခွာလာပြီး တတိယမြောက် တံခါးချပ်ဆီသို့ မျက်နှာမူလျက် ထပ်မံဝင်ရောက်သွား၏။
‘ချီးတဲ့မှ... ရူးနေတာလား၊ အရူးပဲ... ဘယ်လို ဦးနှောက်မရှိတဲ့ကောင်က ဒီလို ထောက်ချောက် အတားအဆီးမျိုးကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာလဲ။’
ထို့ကြောင့် ဒါဗင်ချီသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လှုပ်ရှားနေသော ပုံပေါ်ရှိအတိုင်း လုပ်ဆောင်လိုက်သည်။
ကျောခိုင်းလျက် ဒုတိယ တံခါး အတွင်းသို့ ဝင်ရောက်သွားပြီးနောက် လျင်မြန်စွာ ပြန်ထွက်လာကာ တတိယ တံခါး အတွင်းသို့ မျက်နှာမူလျက် ဝင်ရောက်သွားသည်။ ဒုတိယ အတားအဆီး ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
ယွင်ကျုံးဟဲ့ ရှေ့သို့ လျှောက်သွား၏။ ဆက်လျှောက်သွားသည်။
ယခုအခါ သူ၏ ဦးနှောက်ထဲရှိ သတင်းအချက်အလက် ပမာဏသည် များစွာ လျော့ကျသွားပြီ ဖြစ်သည်။ အသံများ ပျောက်ကွယ်သွားသလို ရုပ်ပုံများလည်း ပျောက်ကွယ်သွား၏။
‘အရင်က အကြားအာရုံနဲ့ အမြင်အာရုံ ဆိုရင် အခုက အနံ့အာရုံ လား။ ဒါမှမဟုတ် အရသာအာရုံ လား။ ဒါမှမဟုတ် အထိအတွေ့အာရုံ လား။’
သူ ရှေ့သို့ ဆက်လျှောက်သွားရာ လမ်းခွဲ တစ်ခုသို့ ထပ်မံ ရောက်ရှိလာပြန်သည်။
သို့သော်လည်း ဤသည်ကား မည်မျှအထိ ဆိုးဝါးလှသော လမ်းခွဲကြီး ဖြစ်သနည်း။ ဤနေရာတွင် ပါရမီရှင် ဒါဗင်ချီတစ်ယောက် မည်သည့်အရာကို ထပ်မံ၍ အာရုံခံစားမိလိုက်ပြန်သနည်း။
သူတို့၏ ပတ်ဝန်းကျင်၌ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာအနှံ့ မရေမတွက်နိုင်အောင် များပြား လှသော လေဝဲကတော့ကြီးများ တည်ရှိနေပြီး ထိုလေဝဲကတော့များသည် အချိန်နှင့်အမျှ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲ ရွေ့လျားနေကြခြင်း၏။
ထိုအရာတို့၏ အရေအတွက်မှာ ရာချီ၊ ထောင်ချီ၊ သောင်းချီ၍ အဆမတန် များပြားလှပေသည်။
ထို့အပြင် အဆိုပါ လေဝဲကတော့ကြီးများသည် ရိုးရှင်းသော အမြင်အာရုံပိုင်းဆိုင်ရာ လှည့်စားမှုမျိုး မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ စက်ယန္တရားများအလား လည်ပတ်နေသည့် စက်မှုပိုင်းဆိုင်ရာ လေဝဲကတော့ကြီးများ ဖြစ်နေ၏။
ဤသည်ကား မည်သည့်အဓိပ္ပာယ်ကို ဆောင်နေသနည်း။ အဆုံးအစ မရှိလှသော ဤလေဝဲကတော့ကြီး များထဲမှ တစ်ခုကို မဖြစ်မနေ ရွေးချယ်၍ ခုန်ချရမည်ဟူသော သဘောလား။
ဆိုလိုသည်မှာ လမ်းခွဲပေါင်း သောင်းခြောက်ထောင်မက၊ သို့မဟုတ် ထိုထက်မကသော လမ်းခွဲများစွာ ရှိနေသည်ဟူသော သဘောပင် ဖြစ်သည်။