အခန်း (၈၂၅-၈၂၆)
Vol. 70 Ch. 825-826
အပိုင်း (၈၂၅)
ဤအခြင်းအရာသည် လူသားတို့၏ စိတ်အာရုံကို လုံးဝရူးသွပ်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ အတားအဆီးတစ်ခု ဖြစ်၏။
မည်သို့မှ ဖြေရှင်းနိုင်စွမ်း မရှိသော ပဟေဠိတစ်ခု မဟုတ်ပါလား။ ဤသည်ကား မည်ကဲ့သို့သော အသိဉာဏ်မဲ့သူ ဖန်တီးထားသည့် ထောက်ချောက် ဖြစ်သနည်း။
ထို့အပြင် ဤအရာသည် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်အောက်၌သာ ဖန်တီးထားသည့် အတားအဆီးသက်သက် ဖြစ်ပြီး လက်တွေ့ရုပ်ဝတ္ထုကမ္ဘာနှင့်မူ လုံးဝပတ်သက်ဆက်နွှယ်မှု မရှိသည်မှာ သေချာသည်။
ထို့ကြောင့် လက်တွေ့လောက၌ တကယ်တမ်း မည်သို့သော ပုံသဏ္ဍာန်မျိုး ရှိနေမည်ကိုမူ မည်သူမှ လုံးဝ တွေးဆသိရှိနိုင်မည် မဟုတ်ချေ။
အဆိုးရွားဆုံး အချက်မှာ ထိုလေဝဲကတော့ကြီးများသည် ရွေ့လျားပြောင်းလဲနေရုံမျှမကဘဲ ရုတ်ချည်း ပျောက်ကွယ်သွားလိုက်၊ အသစ်ထပ်မံ တိုးပွားလာလိုက်နှင့် ကမောက်ကမ ဖြစ်နေခြင်းပင်။
အမှန်စင်စစ် မကြုံစဖူး ထူးဆန်းဆန်းပြားလှသော သရဲတစ္ဆေခြောက်လှန့်မှုကြီးအလား ရှိနေတော့သည်။
ဤဆန်းပြားလှသော ပုစ္ဆာဆိုးကြီးကို မည်သို့သော နည်းလမ်းဖြင့် ဖြေရှင်းရပါမည်နည်း။ ယခုအခါတွင်မူ အနှိုင်းမဲ့ ပါရမီရှင် ဒါဗင်ချီ သာမက၊ ဂီတနတ်ဘုရား ဗန်သိုဗင်ပါ နှစ်ဦးစလုံး လမ်းစပျောက်ကာ ဆွံ့အကြောင်အမ်း သွားကြရ၏။
ထိုအချိန်မှာပဲ အခြား အလွန် အင်အားကြီးမားသော စိတ်ရောဂါသည် တစ်ဦး ထွက်ပေါ်လာ၏။ ကာလရှည်ကြာ ပျောက်ကွယ်နေခဲ့သော နံပါတ် ၉ စိတ်ရောဂါသည် ကွမ်တမ် ဖြစ်သည်။
သူက ရူးသွပ်စွာ စတင် တွက်ချက်လေတော့သည်။
ဤမျှအထိ နက်နဲရှုပ်ထွေးလှသော ကိန်းဂဏန်းတွက်ချက်မှု ဖြစ်စဉ်ကို သူတစ်ဦးတည်းသာလျှင် စွမ်းဆောင် နိုင်သည်။ သူ၏ ဦးနှောက်စွမ်းရည်မှာ မည်သည့် ခေတ်မီစူပါကွန်ပျူတာထက်မဆို သာလွန်မြင့်မားနေသည်မှာ အမှန်ပင်။
သို့သော်လည်း ထိုသို့ ထူးခြားပြောင်မြောက်သော စွမ်းရည်ရှိနေပါစေဦးတော့ ယခုကဲ့သို့သော မဟာ တွက်ချက်မှုကြီးမှာ သူ၏အတွက်မူ လွန်စွာ ခက်ခဲပင်ပန်းလှသော အလုပ်တစ်ခု ဖြစ်နေသည်။
ထိုသို့ဖြင့် အချိန်ကာလ မည်မျှအထိ ကုန်လွန်ရွေ့လျားသွားခဲ့သည်ကိုမူ မည်သူမှ သတိမပြုမိကြတော့ချေ။
အဆုံး၌ နံပါတ် ၉ ကွမ်တမ် ၏ တုနှိုင်းမဲ့တွက်ချက်မှု အရှိန်အဟုန်သည်လည်း ၎င်းခံနိုင်ရည်ရှိသမျှ အမြင့်ဆုံး အကန့်အသတ် အစွန်းဆုံးသို့ပင် ရောက်ရှိသွားတော့သည်။
နောက်ဆုံးတွင် သူသည် ဤအထဲမှ သီအိုရီကို နားလည်သွားသည်။ ဤသည်မှာ မျက်နှာပြင်များစွာ ပါဝင်သော နေရာ၏ အရိပ်ကျနေခြင်း ဖြစ်သည်။ ခြောက်မျက်နှာပြင်၊ ခုနစ်မျက်နှာပြင်၊ သို့မဟုတ် ထိုထက် ပိုမြင့်မားသည်။ ထို့ကြောင့် ဤမျှ ထူးဆန်းဆန်းကြယ်ပြီး ဤမျှ ရှုပ်ထွေးနေခြင်း ဖြစ်၏။
သေချာပေါက် လူသားသည် သုံးမျက်နှာပြင် (3D) သတ္တဝါ ဖြစ်သောကြောင့် ပိုမို မြင့်မားသော မျက်နှာပြင်များကို မခံစားနိုင်ပေ။ ယွင်ကျုံးဟဲ့ လည်း မခံစားနိုင်ပေ။
ထို့ကြောင့် ကွမ်တမ် သာလျှင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူသည် မျက်လုံးဖြင့် ရှင်းလင်းစွာ မြင်တွေ့ခြင်း မဟုတ်ဘဲ သင်္ချာပညာဖြင့်၊ တွက်ချက်မှုဖြင့် ရှင်းလင်းစွာ မြင်တွေ့ခြင်း ဖြစ်၏။
နောက်ဆက်တွဲ အနေဖြင့် သူသည် တွက်ချက်မှုများဖြင့် မျက်နှာပြင်များကို လျှော့ချရမည်ဖြစ်ပြီး နောက်ဆုံးတွင် 3D အခြေအနေရှိ လေဝဲကတော့ကို တွက်ချက်ထုတ်ရမှာဖြစ်သည်။
ထိုလေဝဲကတော့ တစ်ခုတည်းသာလျှင် ဖြတ်သန်းသွားနိုင်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် 3D ကမ္ဘာ၏ ဖန်တီးမှု ဖြစ်ပြီး ဤကမ္ဘာသည်လည်း 3D ဖြစ်သောကြောင့်ပင်။
ဤတွက်ချက်မှု ပမာဏမှာ လုံးဝ အံ့မခန်း ဖြစ်ပြီး ကွမ်တမ်သည် သူ၏ ခေါင်းကြီး လုံးဝ ပေါက်ကွဲထွက်သွား တော့မည့် အလား ခံစားရသည်။
ရူးသွပ်စွာ တွက်ချက်နေပြီး သူ၏ ဤမျှ မြန်ဆန်သော တွက်ချက်မှု အမြန်နှုန်းဖြင့်ပင် အလွန် အချိန်ကြာမြင့်စွာ တွက်ချက်ခဲ့ရ၏။
သူ၏ တွက်ချက်မှုများနှင့်အတူ ခံစားသိရှိနိုင်သော လေဝဲကတော့များ ပို၍ ပို၍ နည်းပါးလာ၏။ နောက်ဆုံးတွင် တွက်ချက်မှု ပြီးဆုံးသွားပြီး တစ်ခုတည်းသော သုံးမျက်နှာပြင် လေဝဲကတော့ကို တွက်ချက် ထုတ်နိုင်ခဲ့သည်။
ထို့ကြောင့် အာရုံခံ ကမ္ဘာအတွင်းရှိ လေဝဲကတော့များ အားလုံး ပျောက်ကွယ်သွားပြီး တစ်ခုတည်းသာ ကျန်ရှိတော့၏။
နံပါတ် ၉ ကွမ်တမ်သည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို ခေါ်ဆောင်ကာ ထိုတစ်ခုတည်းသော လေဝဲကတော့ အတွင်းသို့ ခုန်ချလိုက်သည်။
တတိယ အတားအဆီး ပြီးဆုံးသွားခဲ့၏။
“ဟူး…”
ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲရှိ ရှုပ်ထွေးပြီး အစီအစဉ် မကျသော၊ ကစဉ့်ကလျား ဖြစ်နေသော သတင်း အချက်အလက်များ အားလုံး ပျောက်ကွယ်သွားသည်။
သူ၏ ဦးနှောက်သည် ပုံမှန် ပြန်ဖြစ်သွားပြီး အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့အာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ စသည်တို့ အားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။ သူ လက်တွေ့ ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်၏။
သူသည် ပိရမစ်၏ လျှို့ဝှက်လမ်းကြောင်း တစ်ခုအတွင်းတွင် ရပ်နေပြီး ယခင်က လမ်းလျှောက်မှုများသည် တကယ်တမ်း ရှိ၊ မရှိကို မသိရှိရပေ။
သို့ပေမည့် သူ ချက်ချင်း ရှေ့သို့ မလျှောက်ဘဲ မူလ နေရာတွင် ရပ်ကာ စဉ်းစားနေသည်။ ယခင် အတားအဆီး သုံးခုသည် သူ၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ် အနည်းငယ် ကျန်ရစ်ခဲ့သော်လည်း ချက်ချင်းပဲ ပျောက်ကွယ်သွားတော့မှာဖြစ်၏။
တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို သူ ချက်ချင်း စဉ်းစားရမှာဖြစ်သည်။ ယခင် အတားအဆီး သုံးခုသည် တကယ်တမ်းတွင် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုများ အတွင်း၌သာ ဖြစ်ပြီး လက်တွေ့ ကမ္ဘာနှင့် မပတ်သက်ပေ။
ထိုသို့ဆိုလျှင် လူတိုင်း ဝင်လာပါက ဤအတားအဆီး သုံးခုကို ဖြတ်ကျော်ရမည်လား။ သို့မဟုတ် ဤအတားအဆီး သုံးခုသည် လူတိုင်းအတွက် မတူညီကြဘူးလား။ လူတစ်ဦးချင်းစီ၏ တွေးခေါ်မှု မတူညီခြင်း အပေါ် မူတည်၍ ကွာခြားသွားသလား။
ထို့အပြင် ဤအတားအဆီး သုံးခုတွင် ထင်ရှားသော လက္ခဏာ တစ်ရပ် ရှိသည်။ စိတ်ရောဂါ ဖြစ်သည်။
မှန်ပေသည်။ အသိစိတ်ကို ခြောက်လှန့်နေသော စိတ်ရောဂါဆန်ဆန် အတွေးစုန်းများမှာ အလွန်အမင်း များပြား လို့နေသည်။ ဤသည်ကား စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးတုံ့ဆိုင်းမှုတို့၏ အမြင့်မားဆုံးသော အထွတ်အထိပ် အခြေအနေပင် ဖြစ်၏။
ထိုသို့ဆိုလျှင် ယခုကြုံတွေ့နေရသော ထောင်ချောက်အတားအဆီး သုံးခုသည် မည်သည့်နက်နဲသော အဓိပ္ပာယ်ကို ဆောင်နေပါသနည်း။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းလှသော ဤပိရမစ်ကြီးသည်ကော မည်သည့် အရပ်မျက်နှာမှ မြစ်ဖျားခံ ပေါ်ပေါက်လာခဲ့ပါသနည်း။
ယွင်ကျုံးဟဲ့ စဉ်းစား၍ပင် မရသေးမီ မူလက မှုန်ဝါးဝါး ရှိနေသော မှတ်ဉာဏ်များသည် အားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ယခင် အတားအဆီး သုံးခုနှင့် ပတ်သက်သော မှတ်ဉာဏ်များ ဘာမှ မကျန်ရစ်တော့ပေ။
ယွင်ကျုံးဟဲ့ ရှေ့သို့ ဆက်လျှောက်သွားသည်။ ဤသည်မှာ ရှည်လျားသော လျှို့ဝှက် လမ်းကြောင်း တစ်ခု ဖြစ်ပြီး အဆုံးအစမရှိသကဲ့သို့ ဖြစ်နေ၏။
တောက်လျှောက် လမ်းလျှောက်သွားသည်၊ တောက်လျှောက် လမ်းလျှောက်သွားသည်၊ တောက်လျှောက် လမ်းလျှောက်သွား၏။ နောက်ဆုံးတွင် ရှေ့၌ တံခါး တစ်ပေါက် ရှိလာပြီး တံခါးပေါ်တွင် စာလုံး တစ်လုံး ရေးသားထားသည်။ နု ဟူ၍ပင်။
သွေးဖြင့် ရေးသားထားသော နု စာလုံး ဖြစ်ပြီး ယွင်ကျုံးဟဲ့ အနည်းငယ် တုန်ယင်သွားသည်။
ဤ နု သည် နုဧကရာဇ် နှင့် ပတ်သက်မှု ရှိသလား။ အကယ်၍ ပတ်သက်မှု ရှိပါက အချိန်သည် နှစ်ပေါင်း တစ်ထောင်ကျော် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ဤသွေးဖြင့် ရေးသားထားသော နု စာလုံးသည် စောစောတည်းက အရောင်ပြယ်သွားသင့်သော်လည်း ယခုအခါ အလွန် နီရဲနေဆဲ ဖြစ်၏။
ယွင်ကျုံးဟဲ့ တံခါးကို တွန်းဖွင့်ပြီး ဝင်သွား၏။ အတွင်းတွင် သင်္ချိုင်းဂူ တစ်ခု ရှိပြီး ကြည်လင် တောက်ပနေသော သင်္ချိုင်းဂူ တစ်ခု ဖြစ်ကာ နေရာတိုင်းနီးပါးကို ကျောက်စိမ်းများဖြင့် ထွင်းထုထားခြင်း ဖြစ်သည်။
ဤနေရာမှာ နုဧကရာဇ်၏ တကယ့် သင်္ချိုင်းဂူ ဖြစ်နေသည်လား။ သို့ပေမည့် တကယ့် နုဧကရာဇ်၏။ သင်္ချိုင်းဂူ တည်နေရာကို ယွင်ကျုံးဟဲ့ သိထား၏။ ဤနေရာမှာ မဟုတ်ချေ။
ပိရမစ် အားလုံးသည် သင်္ချိုင်းဂူများ ဖြစ်ကြပြီး မျက်မှောက်ရှိ ပိရမစ် သည်လည်း ခြွင်းချက် မဟုတ်ပေ။ သင်္ချိုင်းဂူ အလယ်တွင် ဖြူဖွေးသော ကျောက်စိမ်း ခေါင်းတလား တစ်ခုကို ထားရှိသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့သည် ခေါင်းတလားကို ချက်ချင်း သွားမဖွင့်ပေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းဂူ တစ်ခုလုံး အတွင်းတွင် စာလုံး အများအပြား ချန်ထားခဲ့ပြီး အားလုံးမှာ သွေးဖြင့် ရေးသားထားသော စာလုံးများ ဖြစ်သောကြောင့်ပင်။
နေရာတိုင်းတွင် နု စာလုံးများ ပြည့်နှက်နေပြီး အခြား စာသား အချို့လည်း ရှိသေးသည်။
ဥပမာအားဖြင့်- သေခါနီး အဘိုးအို တစ်ဦးက သားဖြစ်သူကို ပြောသည်။ သေခါနီး လူတွေရဲ့ စကားကို မယုံနဲ့။
နောက်ဥပမာ- လူတစ်ယောက်က ပြောသည်။ လူတစ်ယောက် ပြောသမျှ အားလုံးက လိမ်ညာမှုတွေချည်းပဲ။
နောက်ဥပမာ- လူတစ်ယောက်ဟာ မြစ်တစ်စင်းတည်းကို နှစ်ခါ ဖြတ်ကူးလို့ မရဘူး။
နောက်ဥပမာ- စပါးစေ့ တစ်စေ့က အပုံ တစ်ပုံ မဟုတ်ဘူး၊ နှစ်စေ့ကလည်း အပုံ တစ်ပုံ မဟုတ်ဘူး၊ သုံးစေ့ကလည်း အပုံ တစ်ပုံ မဟုတ်ဘူး။ ဒါဆို စပါးစေ့ ဘယ်နှစေ့လောက်မှ အပုံ တစ်ပုံ ဖြစ်လာမှာလဲ။
နောက်ဥပမာ- မျှော်စင် တစ်ခုမှာ အုတ်တစ်ချပ် နှုတ်လိုက်ရင် မပြိုကျဘူး၊ နှစ်ချပ် နှုတ်လိုက်ရင်လည်း မပြိုကျဘူး၊ သုံးချပ် နှုတ်လိုက်ရင်လည်း မပြိုကျဘူး။ ဒါဆို အုတ်ဘယ်နှချပ် နှုတ်လိုက်ရင် ဒီမျှော်စင်ကြီး ပြိုကျသွားမှာလဲ။
သင်္ချိုင်းဂူ တစ်ခုလုံး၊ စတုရန်းမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော နေရာရှိ ဖြူဖွေးသော နံရံများပေါ်တွင်၊ မြေကြီးပေါ်တွင်၊ မျက်နှာကြက်ပေါ်တွင် စာကြောင်းများ ပြည့်ကျပ်နေအောင် ရေးသားထားသည်။
ထို့အပြင် အားလုံးမှာ ဆင်တူသော စာကြောင်းများ ဖြစ်ကြ၏။
ဤစာကြောင်းများတွင် မည်သည့်တူညီချက်များ ရှိသနည်း။ အားလုံးက ဆန့်ကျင်ဘက် အယူအဆများ ဖြစ်ကြသည်။
နောက်ထပ် မည်သည့် ထူးခြားချက်များ ရှိသေးသနည်း။ အရူး တစ်ယောက်၏ တွေးခေါ်မှုများ၊ သို့မဟုတ် ရူးသွပ်စေသော တွေးခေါ်မှုများ ဖြစ်သည်။ ဤပြဿနာများကို စဉ်းစားပါက လမ်းပိတ်သွားမှာဖြစ်ပြီး လူများကို ရူးသွပ်သွားစေပေလိမ့်မည်။
အရေးအကြီးဆုံး အချက်မှာ ဤလက်ရေးများကို ယွင်ကျုံးဟဲ့က ရင်းနှီးနေသလို ခံစားရသော်လည်း တကယ်တမ်း မည်သူ ရေးသားခဲ့သနည်း ဆိုသည်ကို လုံးဝ မမှတ်မိတော့ပေ။
သူ ထပ်မံ၍ အစွမ်းကုန် ကြိုးစား စဉ်းစားသော်လည်း လုံးဝ စဉ်းစား၍ မရတော့ဘဲ ခေါင်းထဲတွင် ဤလက်ရေးများနှင့် ပတ်သက်သော မည်သည့် မှတ်ဉာဏ်မျှ အခြေခံအားဖြင့် မရှိတော့ပေ။ ထိုသို့ဆိုလျှင် ဤစာလုံးများကို ရေးသားခဲ့သူမှာ နုဧကရာဇ် ဖြစ်နေသည်လား။
ယွင်ကျုံးဟဲ့ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ဤနေရာသည် နဝမမြောက် ပိရမစ်၏ အဓိက နေရာ ဖြစ်ကြောင်း ထင်ရှား၏။
ထိုသို့ဆိုလျှင် အနက်ရောင်နဂါးဘုရင် အပါအဝင် ယခင်က သေဆုံးသွားခဲ့ကြသူများ၏ ရုပ်အလောင်းများမှာ မည်သည့်နေရာသို့ ရောက်ရှိနေသနည်းဟု တွေးတောနေမိသည်။
နှစ်ပေါင်းထောင်ချီသော ကာလအတွင်း ကျီရွှေ့အဖွဲ့အစည်းမှ လူအမြောက်အမြား ဤနေရာသို့ ရောက်ရှိ လာခဲ့ဖူးပြီး အားလုံး ဤနေရာ၌ပင် သေဆုံးခဲ့ကြခြင်း ဖြစ်ရာ သူတို့၏ အရိုးစုများ ရှိနေရမှာဖြစ်၏။
သို့ပေမည့် မည်သူကမှ ဤအဓိက သင်္ချိုင်းဂူ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ထင်ရှားလှရာ ဤနေရာတွင် လူမရှိခြင်းမှာလည်း သဘာဝကျသည်။
ထိုသို့ဆိုလျှင် ဤစာလုံးများကို ရေးထွင်းခဲ့သူမှာ မည်သူနည်း၊ ထိုသူကော ဤနေရာမှ ထွက်ခွာသွားပြီလား စသည့် မေးခွန်းများ ဆက်တိုက် ပေါ်ပေါက်လာ၏။
ဤနေရာသည် သန့်စင်သောကျောင်းတော်မှလွဲ၍ ဤလောကကြီး၏ အမြင့်ဆုံးသော လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေနိုင်ချေ ရှိသည်။
သို့မဟုတ် ဤနေရာသည် အမှောင်သန့်စင်သောကျောင်းတော်ဟု ခေါ်ဆိုသည့် နေရာဖြစ်ပြီး နုဧကရာဇ် အသွင်ပြောင်းလဲခဲ့ရာ အရပ် ဖြစ်နေမည်လား။ နုဧကရာဇ်သည် ဤနေရာမှ ထွက်ခွာသွားပြီးနောက်မှသာ အလွန်အမင်း အင်အားကြီးမားလာပြီး ဤလောကတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့ခြင်းလား။
အကယ်၍ ထိုသို့သာ ဆိုပါက နုဧကရာဇ်သည် မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့သနည်း။ ဤသင်္ချိုင်းဂူထဲမှလား။ သို့ပေမည့် ဤသင်္ချိုင်းဂူအတွင်း၌ ထူးခြားသော စွမ်းအင်ဟူ၍ ဘာမှ မရှိသကဲ့သို့ ခံစားရသောကြောင့် ဆန်းကြယ်သော အသွင်ပြောင်းလဲမှုမျိုးကို ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဤသင်္ချိုင်းဂူအတွင်းရှိ ကျောက်စိမ်းခေါင်းတလားပင် ဖြစ်တော့သည်။
နုဧကရာဇ်သည် ဤကျောက်စိမ်းခေါင်းတလားထဲမှ တွားသွား၍ ထွက်လာခဲ့ခြင်းလား။ ဤခေါင်းတလား၌ လူသားများကို ပြန်လည်မွေးဖွားစေနိုင်ပြီး ကြောက်မက်ဖွယ်ရာ အသွင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည့် ဆန်းကြယ်သော စွမ်းအားများ ရှိနေသည်လား။
နုဧကရာဇ်သည် ဤခေါင်းတလားကို အမှီပြု၍ လောက၌ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့ပြီး၊ လောကကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်လုနီးပါးအထိ စွမ်းဆောင်နိုင်ခဲ့ခြင်းလား စသဖြင့် သံသယစိတ်များဖြင့် တွေးတောနေမိတော့သည်။
ယွင်ကျုံးဟဲ့၏ အကြည့်များသည် ဤကျောက်စိမ်း ခေါင်းတလား ဆီသို့ အလိုအလျောက် ရောက်ရှိသွား၏။
ရိုးရိုးသားသား ပြောရလျှင် ထိုအရာသည် ခေါင်းတလား တစ်ခုနှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် ကျောက်စိမ်းကမျှ ဤမျှ ကြည်လင် တောက်ပနေအောင် မလုပ်နိုင်သောကြောင့် ဖြစ်၏။ ထိုအရာသည် မှော်ဆန်သော ဧရာမ သေတ္တာကြီး တစ်ခုနှင့် ပိုတူသည်။
ယွင်ကျုံးဟဲ့ ထိုအရာရှေ့သို့ ရောက်လာချိန်မှာတော့ စာတစ်ကြောင်းကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ တူညီသော လက်ရေးပင် ဖြစ်၏။
“နောက်လာမယ့်သူ... ခင်ဗျား အထဲကို ဝင်အိပ်ဖို့ သေချာပြီလား။ ဒီခေါင်းတလားထဲ ဝင်သွားတာနဲ့ ခင်ဗျားက ကြောက်စရာကောင်းတဲ့ အပြောင်းအလဲတွေ၊ တွေးကြည့်လို့တောင် မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကစပြီး ခင်ဗျားက ခင်ဗျား မဟုတ်တော့ဘူး၊ ပုံမှန် လူတောင် မဟုတ်တော့ဘူး။”
‘ဒီစာကြောင်းက ဘာအဓိပ္ပာယ်လဲ။ ဒီလူက ခေါင်းတလားထဲက ထွက်လာပြီးမှ ရေးခဲ့တာလား။’
သို့ပေမည့် ထိုစာကြောင်းအောက်မှာ သေးငယ်သည့် စာတစ်ကြောင်း ရှိနေသေးသည်။
“အကယ်၍ ခင်ဗျား တကယ်ပဲ ဆုံးဖြတ်ပြီးပြီဆိုရင် ခေါင်းတလားထဲ ဝင်အိပ်ပြီး တစ်ခါမှ မရှိဖူးတဲ့ လောကကြီးကို ခံစားကြည့်လိုက်ပါ။”
‘ဒါကမှ တကယ် ထူးဆန်းတာပဲ။’
အပိုင်း (၈၂၆)
ဤခေါင်းတလားသည် အလွန် အန္တရာယ်များကြောင်း ယွင်ကျုံးဟဲ့ ချက်ချင်း ခံစားလိုက်ရ၏။
သူ ရှေ့တိုးကာ ခေါင်းတလား အဖုံးကို အစွမ်းကုန် တွန်းဖွင့်လိုက်သည်။ အထဲမှာ နုဧကရာဇ် လှဲနေမည်လားဟု ယွင်ကျုံးဟဲ့ မနေနိုင်ဘဲ စပ်စုချင်လာမိသည်။
ချက်ချင်းပဲ ခေါင်းတလား အတွင်းမှ ထူးဆန်းသော အလင်းရောင်များ ဖြာထွက်လာသည်။ လုံးဝ ပြောပြ၍ မရနိုင်သော အလင်းရောင် တစ်မျိုး ဖြစ်၏။
အဝါရောင် သန်းသော အစိမ်းရောင် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော ရေဒီယိုသတ္တိကြွ စွမ်းအင်က မျက်နှာဆီသို့ ရိုက်ခတ်လာသည်။
အလွန်၊ အလွန် အင်အားကြီးမားသော ရေဒီယိုသတ္တိကြွ စွမ်းအင်၊ အလွန် ကြောက်စရာကောင်းသော ရေဒီယိုသတ္တိကြွ စွမ်းအင် ဖြစ်၏။
တစ်ခဏချင်း အတွင်းမှာပင် ယွင်ကျုံးဟဲ့၏ တွေးခေါ်မှု တစ်ခုလုံး လုံးဝ ဗလာ ဖြစ်သွား၏။ သူ တစ်ကိုယ်လုံး ခေါင်းတလား အတွင်းသို့ တိုက်ရိုက် ပြုတ်ကျသွားပြီး တစ်ခဏချင်း အတွင်းမှာပင် လုံးဝ သတိလစ် မေ့မြောသွားလေတော့သည်။
ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်စရာကောင်းသော အလင်းရောင်များ၏ လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လာပြီး သတိလည်လာ၏။ သူ တစ်ကိုယ်လုံး လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသော အခြေအနေ တစ်ခုသို့ ရောက်ရှိနေသည်။
‘စောစောက ဘာတွေ ဖြစ်သွားတာလဲ။ ဒီခေါင်းတလားက တကယ်တမ်း ဘာအရာလဲ။ ကျုပ် ခန္ဓာကိုယ်မှာ တကယ်တမ်း ဘာအပြောင်းအလဲတွေ ဖြစ်သွားတာလဲ။ ကျုပ် ပြိုင်ဘက်ကင်း သိုင်းသမားကြီး တစ်ယောက် ဖြစ်သွားပြီလား။’
ယွင်ကျုံးဟဲ့ လက်သီးကို ဆုပ်ကာ အားကုန် ထိုးချလိုက်၏။
‘ချီးတဲ့မှ… နာတယ်... နာတယ်... နာတယ်။’
နှလုံးသားထဲအထိ စူးနစ်သွားအောင် နာကျင်သွားပြီးနောက် သူ့လက်က ပေါက်ပြဲသွားပြီး သွေးတွေ ထွက်လာကာ လျင်မြန်စွာ ရောင်ရမ်းလာကြောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ယခင်ကကဲ့သို့ပင် ကြက်တစ်ကောင်ကိုမျှ မသတ်နိုင်လောက်အောင် အားနည်းနေဆဲ ဖြစ်၏။
ဤအခြေအနေမှာ လုံးဝ သဘာဝ မကျလှပေ။ တစ်စုံတစ်ရာ လွဲချော်မှု မရှိခဲ့ပါက ဤကျောက်စိမ်း ခေါင်းတလားသည် အလွန်တရာ ထူးခြားဆန်းကြယ်နေရမှာ ဖြစ်သည်။
ထိုစဉ်က နုဧကရာဇ်သည် ဤခေါင်းတလားအတွင်း၌ လှဲလျောင်းအိပ်စက်ကာ အသွင်ပြောင်းလဲခဲ့ပြီးနောက်၊ ပြင်ပသို့ ထွက်ခွာသွားချိန်တွင် လောက၌ ပြိုင်ဘက်ကင်းသူ ဖြစ်လာခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း ယွင်ကျုံးဟဲ့မှာမူ မိမိကိုယ်၌ တစ်စုံတစ်ရာမှ ပြောင်းလဲသွားခြင်း မရှိသေးကြောင်း ခံစားနေရသည်။
သို့ပေမည့် မကြာမီမှာပင် ယွင်ကျုံးဟဲ့သည် သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲကို သိရှိသွားသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ လက်ပေါ်ရှိ ဒဏ်ရာက သွေးတိတ်သွားပြီး တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာကာ အရောင်ကျလာသောကြောင့်ပင်။
‘ဒီလောက်တောင် မြန်တာလား။’
ထို့နောက် ယွင်ကျုံးဟဲ့သည် သူ့ကိုယ်ပေါ်ရှိ အမာရွတ်များကို အမြန် စစ်ဆေးကြည့်လိုက်ရာ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အမှန်စင်စစ် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ ပြန်လည်ပြုပြင်နိုင်စွမ်းနှင့် အသစ်တဖန် ဖြစ်ပေါ်နိုင်စွမ်းတို့မှာ မည်မျှအထိ ဆတိုးမြင့်တက်သွားသည်ကို ခန့်မှန်းရန်ပင် ခဲယဉ်းလှ၏။
ဤအခြေအနေသည် အပေါ်ယံကြည့်လျှင် ထူးခြားမှု မရှိဟု ထင်မှတ်ရသော်လည်း တကယ်တမ်း၌မူ အလွန်တရာ အံ့ဩချီးကျူးဖွယ် ကောင်းလှသည်။
ခေတ်သစ်ကမ္ဘာမြေတွင် အိုမင်းရင့်ရော်ခြင်းနှင့် သေဆုံးခြင်းကို တွန်းလှန်၍ မအိုမသေ ထာဝရ အသက်ရှင်နိုင်ရန် ဟူသော ထာဝရရည်မှန်းချက်တစ်ခု ရှိခဲ့ဖူးသည်။ လူသားတို့ အိုမင်းရင့်ရော်လာရခြင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ကွဲပွားနိုင်သည့် အကြိမ်ရေ ကန့်သတ်ချက်ရှိနေခြင်းကြောင့် ဖြစ်၏။
ဒဿနိကဗေဒ အယူအဆတစ်ခုတွင် သိဆီးယပ်စ်၏ သင်္ဘော (Ship of Theseus) ဟု အမည်ရှိသော နာမည်ကျော်ပုစ္ဆာတစ်ပုဒ် ရှိသည်။ သင်္ဘောတစ်စင်းသည် နှစ်ကာလရှည်ကြာလာသောအခါ ၎င်း၏ အစိတ်အပိုင်းတိုင်းကို တစ်ခုမကျန် အသစ်လဲလှယ်လိုက်ရသောကြောင့် ထိုလဲလှယ်ပြီးသော သင်္ဘောကို မူလသင်္ဘောဟု ခေါ်ဆိုနိုင်ပါဦးမည်လားဟူသော မေးခွန်းဖြစ်သည်။
ဆန်းကြယ်သည်မှာ လူ့ခန္ဓာကိုယ်သည်လည်း ခုနစ်နှစ်လျှင် တစ်ကြိမ် ၎င်း၏ဆဲလ်အားလုံးကို အသစ်ပြန်လည် လဲလှယ်တတ်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် အိုမင်းရင့်ရော်မှုကို မည်သို့နှောင့်နှေးအောင် ပြုလုပ်ရမည်နည်းဟူသော ပုစ္ဆာသည် ခေတ်သစ် ကမ္ဘာမြေအတွက် ထာဝရအဖြေရှာမရသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့ပြီး ၂၁ ရာစုတိုင်အောင်ပင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
သို့ပေမည့် အိုမင်းရင့်ရော်မှုကို တားဆီးရန်အတွက် ဆဲလ်များ၏ အခြေခံဖွဲ့စည်းပုံမှစ၍ ဖြေရှင်းရမည်ဟူသော အချက်ကမူ သေချာလှသည်။
တာရှန်းမိစ္ဆာနိုင်ငံမှ လူများသည် အရှေ့တိုင်းဧကရာဇ်များကို ဖျက်ဆီးရန်အတွက် နုပျိုခြင်းနှင့် အသက်ရှည်ဆေးကို အသုံးပြု၍ မအိုမသေ ထာဝရအသက်ရှင်နိုင်ခြင်းဖြင့် ဆွဲဆောင်ခဲ့ကြသည်။ ၎င်းဆေး၏ အာနိသင်မှာလည်း အလွန်ထူးခြားလှရာ ထျန်းယန်ဧကရာဇ် သည်ပင် အထင်ရှားဆုံး သာဓကတစ်ခု ဖြစ်ခဲ့၏။
ထိုသို့ ပြန်လည်နုပျိုပြီး အသက်ရှည်နိုင်ခြင်း၊ သာမန်လူများ မရရှိနိုင်ဘဲ နုဧကရာဇ်၏ သွေးမျိုးဆက်များသာ ရရှိနိုင်ခြင်းတို့၏ အခြေခံအကြောင်းရင်းမှာ နုဧကရာဇ်ထံ၌သာ ရှိနေရမှာဖြစ်သည်။
နုဧကရာဇ်သည် တစ်သက်လုံး အိမ်ထောင်မပြုခဲ့သလို မျိုးဆက်လည်း မချန်ထားခဲ့သော်လည်း တကယ့်ကို ပြန်လည်နုပျို၍ မအိုမသေ ထာဝရအသက်ရှင်လိုပါက မျိုးဗီဇအသွင်ပြောင်းလဲမှု ရှိရမည်မှာ ထင်ရှားလို့နေ၏။
ထျန်းယန်ဧကရာဇ်တို့ကဲ့သို့သော လူများသည် တကယ်တမ်း၌ မအိုမသေ ထာဝရအသက်ရှင်နိုင်ခြင်း မရှိခဲ့ဘဲ နုဧကရာဇ်တစ်ဦးတည်းသာလျှင် ထိုသို့ ထာဝရအသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ယွင်ကျုံးဟဲ့သည်လည်း ထိုသို့သော အခြေအနေမျိုးသို့ ရောက်နေပြီ ဖြစ်သည်။ ထိုသို့ ထာဝရ အသက်ရှင်နိုင်ခြင်း ဆိုသည်မှာ ယွင်ကျုံးဟဲ့ ခံစားနေရသည့် ဆဲလ်များ အလျင်အမြန် ပြန်လည်ပြုပြင်နိုင်စွမ်းနှင့် အသစ်တဖန် ဖြစ်ပေါ်နိုင်စွမ်းတို့ ရှိနေခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်၏။
ဤအချက်သည်ပင် နုဧကရာဇ် လောက၌ ပြိုင်ဘက်ကင်းဖြစ်ခဲ့ရသည့် အခြေခံလျှို့ဝှက်ချက်လည်း ဖြစ်နိုင်သည်။
ထို့ထက် ပိုမိုတွေးတောကြည့်မည်ဆိုပါက ပို၍ပင် အံ့ဩစရာကောင်းလှသည်။ ထိုစဉ်က နုဧကရာဇ် မည်ကဲ့သို့ သေဆုံးသွားခဲ့ရသည်ကိုမူ မည်သူမျှ ရေရေရာရာ ရှင်းရှင်းလင်းလင်း မသိရှိကြချေ။
တာရှအင်ပါယာ၏ ကောင်းကင်ဘုံဧကရာဇ် ရှကျူ၏ သင်္ချိုင်းဂူတွင် နောက်ဆုံး၌ မိမိ၏ စိတ်အစဉ်များ ရှုပ်ထွေးနေပြီဖြစ်ကြောင်း ရေးသားထားခဲ့သည်။
ဤအချက်ကို ထောက်ရှုခြင်းဖြင့် နဝမမြောက် ပိရမစ်၏ အဓိကသင်္ချိုင်းဂူကြီး၏ အဓိကလုပ်ဆောင်ချက်မှာ မအိုမသေ ထာဝရအသက်ရှင်ခြင်းဟု ကောက်ချက်ချနိုင်သည်။ သို့သော်ငြား ထိုထာဝရအသက်ရှင်ခြင်းသည် မည်မျှအထိ ရေရှည်တည်တံ့နိုင်မည်နည်းဟူသည်ကား စဉ်းစားစရာပင်။
နုဧကရာဇ် အလွန်အမင်း အင်အားကြီးမားလာရခြင်း၏ အခြေခံအကြောင်းရင်းမှာလည်း ဤ မအိုမသေ ထာဝရ အသက်ရှင်ခြင်းအပြင် ခန္ဓာကိုယ်ဆဲလ်များ၏ လျင်မြန်လှသော ပြန်လည်ပြုပြင်နိုင်စွမ်းနှင့် အသစ်တဖန် ဖြစ်ပေါ်နိုင်စွမ်းတို့ကြောင့်ပင် ဖြစ်နိုင်သည်။
အကယ်၍ ထိုသို့သာ ဆိုပါက သူသည် အင်အားတိုးတက်လာစေရန် နည်းလမ်းပေါင်းစုံကို အချိန်ယူစဉ်းစားနိုင်ကာ စူးစမ်းလေ့လာမှုများကိုလည်း အစွမ်းကုန် ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သည်။ ထို့ကြောင့်လည်း ဆန်းကြယ်လှသော နုဧကရာဇ်၏ အနက်ရောင်ကျမ်းစာကို ပြုစုရေးသားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် နုဧကရာဇ်၏ တကယ့်ရုပ်ရည်အစစ်အမှန်မှာ မည်သို့ရှိမည်နည်းဟူသော မေးခွန်းသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်နေပြန်သည်။
သူသည် ဤသင်္ချိုင်းဂူအတွင်း၌ နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ သူ၏ ရုပ်ပုံလွှာ ပန်းချီကားချပ်ကဲ့သို့သော အမှတ်အသားတစ်ခုခုကို တစ်စုံတစ်ရာ ချန်ထားရစ်ခြင်း မရှိခဲ့ဘူးလားဟု ယွင်ကျုံးဟဲ့က သံသယစိတ်ဖြင့် တွေးတောလိုက်မိ၏။
ယွင်ကျုံးဟဲ့ သင်္ချိုင်းဂူ တစ်ခုလုံးကို အနှံ့ရှာဖွေခဲ့သလို ဤကျောက်စိမ်း ခေါင်းတလား အတွင်းတွင်လည်း ရှာဖွေခဲ့သော်လည်း မည်သည့်အရာမှ မတွေ့ရှိခဲ့ပေ။
သို့ပေမည့် ကျောက်စိမ်း ခေါင်းတလား၏ အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် သာမန် ကျောက်စိမ်း ခေါင်းတလား တစ်ခု အဖြစ်သာ ပြန်လည် ပြောင်းလဲသွားသည်။
ယွင်ကျုံးဟဲ့သည် ထိုကျောက်စိမ်း ခေါင်းတလားမှာ တကယ်တမ်း မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကို ထပ်မံ လေ့လာမိပြန်၏။
ဤအရာများအားလုံးသည် မည်သည့်ခေတ်ကာလက ဖန်တီးခဲ့သည်ကို မသိရှိနိုင်သော၊ လျှို့ဝှက်ဆန်းကြယ် လွန်းသော အရာများချည်း ဖြစ်ကြသည်။
အနက်ရောင်နဂါးဘုရင်သည်လည်း သူသေဆုံးခါနီးအချိန်သို့ ရောက်ရှိလာသည်ကို သိရှိသောကြောင့် ဤနဝမမြောက် ပိရမစ်ဆီသို့ အစွမ်းကုန် အရောက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဤကျောက်စိမ်း ခေါင်းတလား၏ လျှို့ဝှက်ချက်ကို ကြိုတင်သိရှိထားပြီး ဤအထဲ၌ လှဲလျောင်းအိပ်စက်ချင်၍များ ဖြစ်နေမလားဟု တွေးစရာ ရှိ၏။
ယခင်ကမူ ဤနေရာသို့ ဝင်ရောက်ရန် မဝံ့မရဲ ဖြစ်ခဲ့သော်လည်း သေအံ့ဆဲဆဲ အချိန်သို့ ရောက်ရှိလာချိန်၌ အရာအားလုံးကို စွန့်လွှတ်စွန့်စား၍ နဝမမြောက် ပိရမစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်နိုင်၏။ သို့သော်လည်း သူ၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ကြောင်း ထင်ရှားလို့နေသည်။
ဤနဝမမြောက် ပိရမစ်၏ အရှေ့ဘက်ရှိ အတားအဆီးသုံးခုမှာမူ အလွန်တရာ အံ့ဩဆန်းကြယ်လှရာ သရဲတစ္ဆေများမှတစ်ပါး မည်သည့်လူသားမျှ ကျော်ဖြတ်ဝင်ရောက်နိုင်စွမ်း မရှိချေ။
ထို့ကြောင့်လည်း ယွင်ကျုံးဟဲ့အနေဖြင့် ဤအတားအဆီးသုံးခုသည် ဝင်ရောက်လာသူ၏ အခြေအနေအပေါ် မူတည်၍ အလိုအလျောက် ပြောင်းလဲသွားခြင်းလား သို့မဟုတ် ပုံသေ သတ်မှတ်ထားခြင်းလားဟု တွေးတောမိခြင်း ဖြစ်သည်။
အကယ်၍ ဤအတားအဆီးသုံးခုသည် ပုံသေသာ ဖြစ်နေပါက ယွင်ကျုံးဟဲ့ တစ်ဦးတည်းအတွက် သီးသန့် ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလောက၌ ဒုတိယမြောက် ကျော်ဖြတ်ဝင်ရောက်နိုင်မည့်သူ ရှိလိမ့်မည်ဟု သူ့အနေဖြင့် အမှန်တကယ် မယုံကြည်သောကြောင့်ပင်။
မည်သူမဆို ဤနေရာသို့ ဝင်ရောက်လာသည့် ပထမဆုံး အခိုက်အတန့်၌ပင် စိတ်ဝိညာဉ်ကင်းမဲ့သော လမ်းလျှောက်အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာ၌ပင် သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
အကယ်၍ သူ့အတွက် သီးသန့်ဖန်တီးပေးထားခြင်းသာ ဆိုပါက ဤနောက်ကွယ်မှ သတင်းအချက်အလက် ပမာဏမှာ ပိုမိုကြီးမား ကျယ်ပြန့်သွားပြီး ပို၍ပင် ခြောက်ခြားဖွယ် ကောင်းလှပေရာ ယွင်ကျုံးဟဲ့တစ်ယောက် ဆက်လက်၍ပင် မတွေးရဲတော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။
ထို့အပြင် အနက်ရောင်နဂါးဘုရင်သည် ယခုထက်တိုင် အသက်ရှင်နေသေးသလား ဟူသည်ကား စဉ်းစားစရာ ဖြစ်သည်။
အကယ်၍ အရာအားလုံးသည် ယွင်ကျုံးဟဲ့ ထင်မှတ်ထားသည့်အတိုင်းသာ ဆိုပါက ထိုအနက်ရောင် နဂါးဘုရင်သည် ယခုအချိန်တွင် ဤနဝမမြောက် ပိရမစ်၏ ဝင်ပေါက်နေရာ၌ပင် ရှိနေလောက်၏။
ယွင်ကျုံးဟဲ့က ကျောက်စိမ်း ခေါင်းတလား၏ အဖုံးကို ပြန်ပိတ်လိုက်ပြီးနောက် အဓိက သင်္ချိုင်းဂူမှ နှမြောတသစွာဖြင့် ထွက်ခွာလာခဲ့သည်။
မူလ လမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။ ဤပိရမစ် အတွင်းရှိ လျှို့ဝှက် လမ်းကြောင်းသည် တကယ်ကို ရှည်လျားလှပြီး ယွင်ကျုံးဟဲ့ အကြိမ်ကြိမ် လှည့်ပတ်သွားလာရသည်။ သို့ပေမည့် အပြင်ထွက်မည့် လမ်းမှာ လုံးဝ မခက်ခဲသလို ဝင်္ကပါလည်း မဟုတ်ပေ။
မီတာ ရာပေါင်းများစွာ လမ်းလျှောက်ပြီးနောက် ယွင်ကျုံးဟဲ့သည် အနက်ရောင်နဂါးဘုရင်ကို တွေ့လိုက်ရသည်။
သူသည် မတ်မတ် ဒူးထောက်နေပြီး မလှုပ်မယှက် ရှိနေသည်။ သူ ဒူးထောက်နေခြင်းကပင် ယွင်ကျုံးဟဲ့ထက် ပိုမြင့်နေ၏။
ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ သူ၏ နှာခေါင်းနှင့် သွေးခုန်နှုန်းကို စမ်းသပ်ရန် ကြိုးစားသော်လည်း သူ တစ်ကိုယ်လုံး သံချပ်ကာ ဝတ်စုံဖြင့် လွှမ်းခြုံထားသည်။ သူ၏ သံခမောက်ကို ချွတ်ရန် ကြိုးစားသော်လည်း အားကုန် သုံးသော်လည်း လုံးဝ ချွတ်၍ မရပေ။
ထို့နောက် သူ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို တိတ်ဆိတ်စွာ နားထောင်ကြည့်ရာ လုံးဝ မရှိတော့ချေ။ ထိုသူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ပို၍တိုက်ဆိုင်လှသည်မှာ ယွင်ကျုံးဟဲ့တစ်ယောက် နဝမမြောက် ပိရမစ်အတွင်းသို့ ဝင်ရောက်လာစဉ်က သူ၏ ဘေးနားမှပင် ဖြတ်သန်းလာခဲ့ခြင်း ဖြစ်နိုင်သော်လည်း ထိုစဉ်ကမူ လုံးဝ သတိမထားမိခဲ့ချေ။
အနက်ရောင်နဂါးဘုရင်သည် သူ၏ ရုပ်အလောင်းအား ပြင်ပသို့ သယ်ထုတ်ပေးနိုင်သူသည်သာ ဟေးယန် အင်ပါယာ၏ ဧကရာဇ်အသစ် ဖြစ်လာလိမ့်မည်ဟု အတိအလင်း ပြောခဲ့ဖူးသည်။ သို့သော်ငြား ယခုအချိန်တွင် ထိုရုပ်အလောင်းအား မည်သို့မှ သယ်ဆောင်သွားရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အနက်ရောင်နဂါးဘုရင်၏ ခန္ဓာကိုယ်မှာ အရပ်အမောင်း နှစ်ဒသမခြောက်မီတာ (ရှစ်ပေ ခြောက်လက်မခန့်) ကျော် မြင့်မားလှသည့်အပြင်၊ ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံနှင့်ပါ ပေါင်းစပ်လိုက်လျှင် အလေးချိန် ပေါင်ခြောက်ရာကျော်အထိ ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့အနေဖြင့် ထိုမျှလေးလံသော ရုပ်အလောင်းကြီးအား လုံးဝ သယ်ဆောင်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့သည် သူ့ကို အားကုန် ဆွဲထုတ်ရ၏။
ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် အခက်အခဲ ထောင်သောင်းချီကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် သူ့ကို မီတာ အနည်းငယ်ခန့် ဆွဲထုတ်နိုင်ခဲ့သည်။
ထို့နောက် မြေကြီးပေါ်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ ထိုသူမှာ ဟေးယန် အင်ပါယာ၏ တတိယ ချင်ဝမ် ဖြစ်သည်။
သူ ဝင်လာပြီးနောက် အနက်ရောင်နဂါးဘုရင်ထက် အများကြီး ပိုညံ့ဖျင်းကြောင်း ထင်ရှားလှပြီး ဤနေရာသို့ ရောက်သည်နှင့် လုံးဝ ပြိုလဲသွားကာ သေဆုံးသွားခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က ဓားမြှောင်ကို ထုတ်ကာ သံချပ်ကာ ဝတ်စုံ၏ အကွဲအကြောင်းမှတစ်ဆင့် သူ၏ လည်ပင်းကို ထိုးစိုက်လိုက်သည်။
“ဖျစ်...”
သွေးများက ဖြည်းညင်းစွာသာ စီးကျလာပြီး ပန်းထွက်လာခြင်း မရှိသောကြောင့် ဤလူ လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှား၏။
ယွင်ကျုံးဟဲ့သည် ပေါင်ရာပေါင်းများစွာ လေးသော အနက်ရောင်နဂါးဘုရင်၏ ခန္ဓာကိုယ်ကို ဆက်လက် ဆွဲထုတ်လာခဲ့ရာ တကယ်ကို လူကို သေအောင် ပင်ပန်းစေသည်။
အခြေအနေများက အနည်းငယ် ဆန်းကြယ်လှသည်။ နှစ်ပေါင်းထောင်ချီသော ကာလအတွင်း ဤနဝမမြောက် ပိရမစ်အတွင်းသို့ လူမည်မျှအထိ ဝင်ရောက်ခဲ့သည်ကို မသိရှိနိုင်သော်လည်း၊ ကျီရွှေ့အဖွဲ့အစည်းမှ လူအမြောက်အမြား ရောက်ရှိလာခဲ့ဖူးပြီး ဤနေရာ၌ပင် သေဆုံးခဲ့ကြခြင်း ဖြစ်ရာ ၎င်းတို့၏ အရိုးစုများစွာ ရှိနေရမှာဖြစ်၏။
သို့သော်လည်း ထိုအရိုးစုများမှာ အဘယ်ကြောင့် သဲလွန်စမကျန် ပျောက်ကွယ်နေရသနည်းဟူသော အချက်ကမူ အမှန်တကယ်ပင် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်နေပြီး ထိုသူတို့၏ အရိုးများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ဆက်လက်တွေးတောရင်း သံသယစိတ်များ တိုးပွားလာတော့သည်။