← Chapters

အခန်း (၈၂၇-၈၂၈)

Vol. 70 Ch. 827-828

အခန်း (၈၂၇-၈၂၈)

Vol. 70 Ch. 827-828

အပိုင်း (၈၂၇)

နှစ်နာရီကျော် အချိန်ယူပြီးနောက် ယွင်ကျုံးဟဲ့သည် နောက်ဆုံး၌ အနက်ရောင်နဂါးဘုရင်၏ အလောင်းကို ဆွဲထုတ်လာနိုင်ခဲ့၏။

ရုတ်တရက် ယွင်ကျုံးဟဲ့သည် နဝမမြောက် ပိရမစ် ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

ဤအချိန်တွင် ဟေးယန် အင်ပါယာမှ လူတစ်ထောင်ကျော်သည် ဤပိရမစ် အပြင်ဘက်တွင် ရှိနေကြဆဲဖြစ်ပြီး ရုတ်တရက် ထွက်ပေါ်လာသော ယွင်ကျုံးဟဲ့နှင့် အနက်ရောင်နဂါးဘုရင်၏ အလောင်းကို မြင်လိုက်ရချိန်မှာတော့ လုံးဝ လန့်ဖျပ်သွားကြပြီး ကိုယ့်မျက်လုံးကို ကိုယ်ပင် မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။

နှစ်ပေါင်း ထောင်ချီ အတွင်း နဝမမြောက် ပိရမစ်ထဲ ဝင်သွားသူ မည်မျှရှိသည်ကို မသိနိုင်သော်လည်း တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ပေ။ ယခု ယွင်ကျုံးဟဲ့သည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည်။

ထို့အပြင် အနက်ရောင်နဂါးဘုရင်၏ ကတိကိုလည်း ဖြည့်ဆည်းပေးခဲ့ပြီး သူ့အလောင်းကို ပြန်သယ်ထုတ် လာနိုင်ခဲ့၏။

‘ကျုပ်တို့ မျက်စိများ မှားနေတာလား။ ယွင်ကျုံးဟဲ့က ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့သူလေ။ သူက ဘာလို့ ဒီလောက်တောင် ထူးခြားနေရတာလဲ။’

ထို့အပြင် အနက်ရောင်နဂါးဘုရင် ဧကရာဇ်က ဤကဲ့သို့သော စည်းမျဉ်းကို ချမှတ်ခဲ့ခြင်းမှာ ယွင်ကျုံးဟဲ့ အတွက် သီးသန့် ဖန်တီးပေးထားသလို ဖြစ်နေသည်။

သူတို့ အရမ်း လန့်သွားသလို ယွင်ကျုံးဟဲ့လည်း အလွန် လန့်သွား၏။ အကြောင်းမှာ မြေပြင်ပေါ်တွင် အလောင်း အများအပြား ရှိနေသောကြောင့်ပင်။

‘ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီမြေကြီးပေါ်မှာ ဘာလို့ အလောင်းတွေ ဒီလောက် အများကြီး ရှိနေရတာလဲ။ ဘာလို့ လူတွေ ဒီလောက် အများကြီး သေကုန်တာလဲ။

ကျုပ် နဝမမြောက် ပိရမစ်ထဲ မဝင်ခင်က ချင်ဝမ် ခုနစ်ယောက် ရှိသေးတယ်လေ။ အခု နှစ်ယောက်တည်း ကျန်တော့တယ်။ ဒုတိယ ချင်ဝမ် နဲ့ စတုတ္ထ ချင်ဝမ်ကလွဲပြီး ကျန်တဲ့ သူတွေ အားလုံး သေကုန်ပြီ။

ပြီးတော့ အခု ဒုတိယ ချင်ဝမ်နဲ့ စတုတ္ထ ချင်ဝမ်က နောက်ဆုံး သိုင်းပြိုင်ပွဲကို လုပ်ဖို့ ပြင်နေကြတာ။ ဘယ်သူ နိုင်မလဲ၊ အဲဒီလူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်လာမှာပေါ့။’

ယွင်ကျုံးဟဲ့ မရှိသည့် အချိန်တွင် ဤချင်ဝမ်များက သိုင်းပြိုင်နေကြခြင်းဖြစ်သည်။ ထို့အပြင် ဟေးယန် အင်ပါယာ အတွင်းမှာလည်း အတိုင်းအတာ တစ်ခုအထိ ပြည်တွင်း ပဋိပက္ခနှင့် အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့၏။

ဤအခြေအနေမှာ လူရှစ်ယောက်တွင် တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်မည့်၊ တကယ့်ကို ရက်စက် ကြမ်းကြုတ်လှသော အဆိပ်ပြင်းသတ္တဝါ မွေးမြူရေးကစားပွဲသဖွယ် ဖြစ်နေသည်။

‘ကျုပ် ထွက်လာတာ စောသွားပြီလား။ အကယ်၍ နည်းနည်းလောက် နောက်ကျပြီးမှ ထွက်လာရင် ဒီနှစ်ယောက် အတူတူ သေသွားကြမှာလား။ မဟုတ်သေးဘူး။ အကယ်၍ နည်းနည်းလောက် နောက်ကျပြီးမှ ထွက်လာရင် သူတို့ နှစ်ယောက် အနိုင်အရှုံး ပေါ်သွားလောက်ပြီ။ အဲဒီအချိန်ကျရင် နိုင်တဲ့ ချင်ဝမ်က ဧကရာဇ် ရာထူးကို တက်သွားလောက်ပြီ။’

ယွင်ကျုံးဟဲ့က အနက်ရောင်နဂါးဘုရင်၏ အလောင်းကို လက်ညှိုးထိုးကာ ပြောသည်။ “လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ကြပြီလား။ ဒါက အနက်ရောင်နဂါးဘုရင်ရဲ့ အလောင်းပဲ။ ဘယ်သူက နဝမမြောက် ပိရမစ်ထဲ ဝင်ပြီး သူ့အလောင်းကို ပြန်သယ်လာနိုင်မလဲ၊ အဲဒီလူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်ပဲလို့ သူ အရင်က ပြောခဲ့ဖူးတယ်။”

ထို့နောက် သူသည် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဆက်ပြော၏။ “အခု... အခု ကျုပ်က ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်သွားပြီ။ ကျုပ်က အနက်ရောင်နဂါးဘုရင်သစ် ဖြစ်သွားပြီ။ ခင်ဗျားတို့ အရိုအသေပေးကြတော့။”

တစ်ကွင်းလုံးရှိ လူတစ်ထောင်ကျော်သည် အချင်းချင်း ကြည့်လိုက်ကြပြီး လူအချို့၏ ဒူးများ အနည်းငယ် ပျော့ခွေသွားသည်။

အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် အနက်ရောင်နဂါးဘုရင်၏ ကတိကို ဖြည့်ဆည်းပေးခဲ့ပြီး နှစ်ပေါင်း ထောင်ချီအတွင်း နဝမမြောက် ပိရမစ်မှ အသက်ရှင်လျက် ထွက်လာနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့်ပင်။

ဤအချက်တစ်ချက်တည်းနှင့်တင် လုံလောက်အောင် အံ့ဩချီးကျူးဖွယ် ကောင်းနေပြီဖြစ်သည်။ သို့ရာတွင် ဟေးယန်အင်ပါယာသည် သိုင်းပညာစွမ်းရည်ကိုသာ အဓိကဦးစားပေးသော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် သိုင်းပညာ အခြေခံမရှိသော လူတစ်ယောက်အား သူတို့အနေဖြင့် ကြည်ညိုလေးစားပြီး အရိုအသေပေးရန် ဆိုသည်မှာမူ အမှန်တကယ်ပင် အလွန်တရာ ခဲယဉ်းလှသော ကိစ္စရပ်တစ်ခု ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒုတိယ ချင်ဝမ်၊ စတုတ္ထ ချင်ဝမ်… အဲဒီနေ့က နန်းဆောင်ထဲမှာ အနက်ရောင်နဂါးဘုရင် ဧကရာဇ်က ပြောခဲ့တာတွေကို ခင်ဗျားတို့လည်း ရှင်းရှင်းလင်းလင်း ကြားခဲ့ကြမှာပါ။”

ဒုတိယ ချင်ဝမ်က ပြောလိုက်၏။ “ဟုတ်တယ်။ အနက်ရောင်နဂါးဘုရင် ဧကရာဇ်က အဲဒီလို ပြောခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျားတို့ အခုထိ ဘာလို့ ဒူးမထောက်ကြသေးတာလဲ။ ဧကရာဇ်သစ်ကို ဘာလို့ အရိုအသေ မပေးကြသေးတာလဲ။”

ဒုတိယ ချင်ဝမ်က ပြော၏။ “ကျုပ်တို့ ကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ အသိအမှတ် မပြုပါဘူး။”

‘ချီးတဲ့မှ… ဒီလောက်တောင် တိုက်ရိုက် ပြောတာလား။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျားက အမိန့်ကို ဖီဆန်တော့မလို့လား။”

ဒုတိယ ချင်ဝမ်က ဖြေ၏။ “သူ အသက်ရှင်နေတုန်းကတော့ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်၊ အနက်ရောင် နဂါးဘုရင် ပါပဲ။ ကျုပ်တို့က သေချာပေါက် အမိန့်ကို နာခံရမှာပေါ့။ ဒါပေမဲ့ သူ သေသွားပြီ ဆိုတော့ သူက ဘာမှ မဟုတ်တော့ဘူး။ သူ့ရဲ့ အမိန့်ကလည်း စက္ကူ အလွတ် တစ်ရွက် သက်သက်ပဲ ဖြစ်သွားပြီ။”

‘ဟေးယန် အင်ပါယာက ဒီလောက်တောင် လက်တွေ့ကျတာပဲ။ သိုင်းပညာကို အဓိကထားတဲ့ အင်ပါယာ ဆိုတာ ဒီလိုပါပဲ။ သစ္စာရှိမှု ဆိုတာ လုံးဝ မရှိဘူး။ ကြောက်ရွံ့မှုကို အားကိုးပြီး အုပ်ချုပ်ရတာကိုး။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စတုတ္ထ ချင်ဝမ်… ခင်ဗျားလည်း ဒီလိုပဲ တွေးနေတာလား။”

စတုတ္ထ ချင်ဝမ်က ဖြေ၏။ “သေချာတာပေါ့။ ဝံပုလွေ အုပ်စုက ဘယ်လိုလုပ် ခွေးပေါက်လေး တစ်ကောင်ရဲ့ စကားကို နားထောင်မှာလဲ။ ဘယ်လိုလုပ် ခွေးပေါက်လေး တစ်ကောင်ကို သစ္စာခံမှာလဲ။”

‘ခွေးပေါက်လေး ဆိုတာ ဘယ်သူ့ကို ပြောတာလဲ။ ကျုပ် ယွင်ကျုံးဟဲ့ကို ပြောတာလား။ ကျုပ်က ဘယ်လိုလုပ် ခွေးပေါက်လေး ဖြစ်နိုင်မှာလဲ။ အနည်းဆုံးတော့ ခွေးဘီလူးလောက်တော့ ဖြစ်ရမှာပေါ့။’

မူလက ဒုတိယ ချင်ဝမ် နှင့် စတုတ္ထ ချင်ဝမ် တို့သည် သိုင်းပြိုင်ရန် ပြင်ဆင်နေကြသော်လည်း ယခုအခါ မတိုက်ခိုက်ကြတော့ဘဲ ယွင်ကျုံးဟဲ့ကို အရင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်ကြသည်။

“ရွှီး...”

ဒုတိယ ချင်ဝမ်၏ အရိပ်သည် လျှပ်စီးလက်သကဲ့သို့ ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာပြီး ဓားကြီးကို တိုက်ရိုက် ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ခင်ဗျားက ကျုပ်တို့ လမ်းကို ပိတ်နေလို့ပါ။”

ထို့နောက် ဓားကြီးဖြင့် ယွင်ကျုံးဟဲ့ကို အားကုန် ခုတ်ပိုင်းချလိုက်သည်။

‘ဒီလူက တကယ့်ကို ရက်စက်ပြီး စကားနည်းတာပဲ။’

ယွင်ကျုံးဟဲ့ ချက်ချင်း နှစ်ပိုင်း ပြတ်သွားတော့မည်ဟု ထင်ရ၏။

“ဒေါင်…”

ရုတ်တရက် ဒုတိယ ချင်ဝမ်၏ ဓားကို တားဆီးခံလိုက်ရပြီး လက်ချောင်း နှစ်ချောင်းဖြင့် ညှပ်ထားခြင်း ခံလိုက်ရ၏။ ထိုသူမှာ အနက်ရောင်နဂါးဘုရင်ပင် ဖြစ်သည်။

‘သူ... သူ မသေသေးဘူးပဲ။’

တစ်ခဏချင်း အတွင်းမှာပဲ ဒုတိယ ချင်ဝမ်သည် လန့်ဖျပ်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်ရှားရဲတော့ပေ။ ဆယ်စုနှစ်များစွာ စုဆောင်းထားသော ကြောက်ရွံ့မှုများသည် ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

‘ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ အနက်ရောင်နဂါးဘုရင်က နဝမမြောက် ပိရမစ်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာတယ်လား။ ဒါက ဘယ်လို ဖြစ်တာလဲ။’

အနက်ရောင်နဂါးဘုရင်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ချိန်မှာတော့ ဒုတိယ ချင်ဝမ် ထက်ပင် ခေါင်းတစ်ဝက်ခန့် ပိုမြင့်နေသည်။

သူက ဖြည်းညင်းစွာ မေးလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့ အမိန့်ကို စက္ကူအလွတ် တစ်ရွက်လို့ ပြောခဲ့တာလား။”

ဒုတိယ ချင်ဝမ် တစ်ကိုယ်လုံး တုန်ယင်နေပြီး တိုက်ရိုက် ဒူးထောက်ရန် ပြင်လိုက်၏။သူ၏ အတွင်းစိတ်ထဲရှိ ကြောက်ရွံ့မှုကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်တော့ဘဲ ဦးနှောက် တစ်ခုလုံး လုံးဝ ဗလာ ဖြစ်သွားသည်။

“အရှင်... အရှင်မင်းကြီး... ကျုပ် မှား...”

သူ စကားပြော၍ပင် မဆုံးသေးမီ အနက်ရောင်နဂါးဘုရင်က လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဒုတိယ ချင်ဝမ်၏ ခန္ဓာကိုယ်သည် အရှင်လတ်လတ် ပေအနည်းငယ်ခန့် ပုဝင်သွားပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွား၏။ လုံးဝ သေဆုံးသွားပြီ ဖြစ်သည်။

ထို့နောက် အနက်ရောင်နဂါးဘုရင် သည် စတုတ္ထ ချင်ဝမ် ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “နံပါတ်လေး... ခင်ဗျားကလည်း ကျုပ်ရဲ့ အမိန့်ကို အသိအမှတ် မပြုဘူးပေါ့။”

ချက်ချင်းပဲ စတုတ္ထ ချင်ဝမ် သည် မြေကြီးပေါ်တွင် ဒူးထောက်ကာ အစွမ်းကုန် ခေါင်းငုံ့ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး… ကျုပ်တို့ အမိန့်ကို နာခံပါ့မယ်၊ အမိန့်ကို နာခံပါ့မယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ မှားသွားပါပြီ၊ ကျုပ်တို့ မှားသွားပါပြီ။ အရှင်မင်းကြီးရဲ့ အမိန့်ဟာ ကျုပ်တို့ရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ။”

အနက်ရောင်နဂါးဘုရင်က စကားမပြောဘဲ စတုတ္ထ ချင်ဝမ် ၏ ရှေ့သို့ တိတ်ဆိတ်စွာ လျှောက်သွား၏။

“အရှင်မင်းကြီး။ ကျုပ် မှားသွားပါပြီ၊ အမိန့်ကို နာခံပါ့မယ်။”

စတုတ္ထ ချင်ဝမ် သည် နဖူးနှင့် မြေကြီးကို အစွမ်းကုန် ဆောင့်နေပြီး သံခမောက်ကို ဖြတ်၍ပင် သွေးများ စီးကျလာ၏။ ဤသည်မှာ ခေါင်းပေါက်ရုံသာမက ဦးနှောက်ပါ တုန်ခါသွားစေမည့် အခြေအနေဖြစ်ပြီး မာကျောသော မြေကြီးပေါ်တွင်ပင် ခေါင်းဆောင့်မှုကြောင့် အပေါက် တစ်ပေါက် ဖြစ်သွားသည်။

“အမိန့်ကို ဖီဆန်တာဟာ အမိန့်ကို ဖီဆန်တာပဲ...”

အနက်ရောင်နဂါးဘုရင်က ပြောလိုက်၏။ “ကျုပ် အရင်က ပြောခဲ့ဖူးတယ်။ ကျုပ်တစ်သက်မှာ စကားတစ်ခွန်းတည်းပဲ ပြောတယ်။ အဲဒါကတော့ အမိန့်နဲ့ အာဏာပဲ။ နာခံရင် ရှင်မယ်၊ ဖီဆန်ရင် သေမယ်။ ကျုပ်ရဲ့ အမိန့်ကို ဖီဆန်တဲ့ သူတိုင်း သေရမယ်။”

စတုတ္ထ ချင်ဝမ်၏ ခန္ဓာကိုယ် ထပ်မံ၍ ပြင်းထန်စွာ တုန်ယင်သွားသည်။ အနက်ရောင်နဂါးဘုရင်ကို ရင်ဆိုင်ရာတွင် အသနားခံခြင်းက အသုံးမဝင်ပေ။

သေမင်းနှင့် ရင်ဆိုင်ရချိန်တွင် ပြန်လည် ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။

အနက်ရောင်နဂါးဘုရင် နဝမမြောက် ပိရမစ်ထဲ ဝင်သွားပြီးနောက် ယွင်ကျုံးဟဲ့က ဆွဲထုတ်လာရ၏။ ဤသည်မှာ အနက်ရောင်နဂါးဘုရင် အားနည်းနေပြီ ဆိုသည့် အဓိပ္ပာယ်လား။

စတုတ္ထ ချင်ဝမ်သည် ချင်ဝမ်များထဲတွင် အင်အားအကြီးဆုံး ဖြစ်သည်ဟု မိမိကိုယ်ကို ယူဆထားသောကြောင့် အနက်ရောင်နဂါးဘုရင်ကို တိုက်ခိုက် သတ်ဖြတ်ရန် အခွင့်အရေး ရှိနိုင်မည်လား။

ချက်ချင်းပဲ မြေကြီးပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေသော စတုတ္ထ ချင်ဝမ်၏ မျက်လုံးများတွင် အဆုံးအစ မရှိသော ရက်စက်မှုများ ထွက်ပေါ်လာသည်။

သေခါနီး အချိန်တွင် သူ ပြန်လည် ခုခံချင်သည်၊ စမ်းသပ်ကြည့်ချင်သည်။ သို့ပေမည့် သူ့ တစ်ကိုယ်လုံးရှိ အင်အားကြီးမားသော စွမ်းအားများကို မထုတ်လွှတ်နိုင်မီမှာပင် တိုက်ရိုက် ဖိနှိပ်ခံလိုက်ရ၏။

အနက်ရောင်နဂါးဘုရင်သည် လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ စတုတ္ထ ချင်ဝမ်၏ ခေါင်းသည် မာကျောသော မြေကြီး အတွင်းသို့ ဝင်ရောက်သွားသည်။

“ဘန်း... ဘန်း... ဘန်း... ဘန်း...”

အနက်ရောင်နဂါးဘုရင်သည် လက်သီးဖြင့် တစ်ချက်၊ တစ်ချက်၊ တစ်ချက်ချင်း ထိုးချနေသည်။ ခဏအကြာတွင် စတုတ္ထ ချင်ဝမ် ဆိုသော အသက်လေးသည် လူ့လောကမှ အလုံးစုံ ပျောက်ကွယ်သွား၏။

ခန္ဓာကိုယ်မှာ မြေကြီးအောက် ပေအနည်းငယ်အထိ အရှင်လတ်လတ် ရိုက်သွင်းခံလိုက်ရပြီးနောက် တစ်စစီ ဖြစ်အောင် ရိုက်နှက်ခံလိုက်ရသည်။

‘အရမ်း ရက်စက်လွန်းတယ်။’

ယခုအချိန်အထိ အင်ပါယာ၏ ချင်ဝမ်ကိုးယောက်တွင် ရှစ်ယောက် သေဆုံးသွားပြီး ကျင်းကျုံးယွဲ့ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။

ထိုအထဲမှ ချင်ဝမ် ခြောက်ယောက်မှာ ကိုယ့်ဘာသာကိုယ် သေကြောင်းကြံပြီး သေဆုံးသွားကြခြင်း ဖြစ်၏။ ဤမြင်ကွင်းကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ယွင်ကျုံးဟဲ့အတွက် တမင်တကာ လမ်းခင်းပေးနေ သကဲ့သို့ပင် ဖြစ်သည်။

အနက်ရောင်နဂါးဘုရင်သည် အဆင့်မြင့် တပ်မှူးများ၊ ယဇ်ပုရောဟိတ်ချုပ်များ အပါအဝင် လူတစ်ထောင်ကျော်၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွား၏။

“အမြဲတမ်း ဒီအနက်ရောင်နဂါး မျှော်စင်တွေက ကျုပ်တို့ရဲ့ သန့်ရှင်းတဲ့ နေရာတွေပဲ။ နှစ်ပေါင်း ထောင်ချီ အတွင်း ဘယ်သူမှ နဝမမြောက် ပိရမစ် ထဲကနေ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု ယွင်ကျုံးဟဲ့က လုပ်နိုင်ခဲ့ပြီ။ ကျုပ် အရင်က ကတိပေးခဲ့တဲ့ အတိုင်း သူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် ဖြစ်သွားပြီ။”

အနက်ရောင်နဂါးဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အခု ဆန့်ကျင်ချင်တဲ့သူ ရှိလား။”

တစ်ကွင်းလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။

အနက်ရောင်နဂါးဘုရင်က လက်ကို နားရွက်ပေါ် တင်ကာ ထပ်မေးလိုက်သည်။ “ကျုပ်က ယွင်ကျုံးဟဲ့ကို ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်သစ် အဖြစ် တင်မြှောက်မယ်။ ခင်ဗျားတို့ထဲက ဘယ်သူ ဆန့်ကျင်ချင်သေးလဲ။”

အပိုင်း (၈၂၈)

ထိုအချိန်တွင် ယဇ်ပုရောဟိတ်ချုပ် တစ်ဦးက ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး… အရှင်မင်းကြီးရဲ့ အမိန့် အားလုံးကို ကျုပ်တို့ လိုက်နာပါမယ်။ ဒါပေမဲ့ အခု အရှင်မင်းကြီးက အကောင်းပကတိ အသက်ရှင်နေသေးသလို နဝမမြောက် ပိရမစ် ထဲကနေလည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့လို့ သမိုင်းကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ အဲဒါကြောင့် အရှင်မင်းကြီးကသာ ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ အမြင့်ဆုံး ဧကရာဇ် ဖြစ်ပြီး အနာဂတ်မှာ ကျုပ်တို့ကို ဦးဆောင်ပြီး လောက တစ်ခွင်ကို လွှမ်းမိုးနိုင်မှာပါ။”

အနက်ရောင်နဂါးဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ် အခု အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ နောက် ဆယ့်ငါးမိနစ်၊ နောက်တစ်နာရီ ကျရင် အသက်ရှင်နေအုံးမယ်လို့ မပြောနိုင်ဘူး။ အဲဒါကြောင့် ကျုပ်က အခု ယွင်ကျုံးဟဲ့ကို အနက်ရောင်နဂါးဘုရင်သစ် အဖြစ် တင်မြှောက်မယ်။ ခင်ဗျားတို့ ဆန့်ကျင်ချင်သေးလား။”

အနက်ရောင်နဂါးဘုရင်သည် စကားပြောနေစဉ် လက်ကို မြှောက်လိုက်သည်။ ထိုဟန်ပန်က အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ မည်သူမဆို ဆန့်ကျင်ပါက လက်ဝါး တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်မှာဖြစ်၏။

‘ချီးတဲ့မှ… ဘယ်သူက ဆန့်ကျင်ရဲမှာလဲ။ ဒီဆယ်စုနှစ်တွေ အတွင်းမှာ ဆန့်ကျင်ရဲတဲ့ သူတိုင်း အားလုံး သေကုန်ပြီလေ။’

ချက်ချင်းပဲ ထိုနေရာရှိ လူအားလုံး ဒူးထောက်ကာ ကျယ်လောင်စွာ အော်လိုက်ကြသည်။ “အမိန့်အတိုင်းပါ။”

အနက်ရောင်နဂါးဘုရင်က ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “အနက်ရောင်နဂါးဘုရင်သစ်ကို ဘာလို့ အရိုအသေ မပေးကြသေးတာလဲ။”

ဟေးယန် အင်ပါယာမှ လူတစ်ထောင်ကျော်သည် ထပ်မံ၍ ဒူးထောက်ကာ ခေါင်းငုံ့ပြီး ပြောလိုက်ကြသည်။ “အနက်ရောင်နဂါးဘုရင် ဧကရာဇ်သစ်ကို အရိုအသေပေးပါတယ်။”

ထို့နောက် အနက်ရောင်နဂါးဘုရင်သည် ယွင်ကျုံးဟဲ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာကာ ပြောလိုက်၏။ “အလယ်ကို သွားမယ်...”

လူနှစ်ဦးသည် ပိရမစ် အုပ်စု၏ ဗဟိုချက်သို့ သွားရောက်လိုက်ကြသည်။

အနက်ရောင်နဂါးဘုရင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီးနောက် ပြောလိုက်၏။ “မေးပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

အနက်ရောင်နဂါးဘုရင်က ထပ်ပြော၏။ “အသေးစိတ် မေးပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား ဘာလို့ သေတော့မှာလဲ။”

အနက်ရောင်နဂါးဘုရင်က ဖြေ၏။ “ကျုပ်လုပ်ကြံခံလိုက်ရလို့။”

ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ဒီလောကမှာ အနက်ရောင်နဂါးဘုရင်ကို လုပ်ကြံနိုင်တဲ့သူ ရှိသေးတယ်လား။ နိုင်စရာ မရှိလောက်အောင်ပဲ။ သူ့ရဲ့ သိုင်းပညာက လုံးဝ ဖော်ပြလို့ မရနိုင်တဲ့ အဆင့်အထိကို မြင့်မားနေပြီလေ။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားကို ဘယ်သူ လုပ်ကြံတာလဲ။”

အနက်ရောင်နဂါးဘုရင်က ဖြေလိုက်သည်။ “ကျုပ် မသိဘူး။ သေနေပြီလို့ ထင်ရတဲ့ လူတစ်ယောက်ပဲ။”

‘ကောင်းကင်ဘုံ.. ဒီစကားက သတင်းအချက်အလက် ပိုပြီးတော့တောင် များသေးတယ်။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဘာလို့ ကျုပ် ဖြစ်ရတာလဲ။ ဘာလို့ ကျုပ်ကို အနက်ရောင်နဂါးဘုရင် ရာထူး ဆက်ခံခိုင်းရတာလဲ။”

အနက်ရောင်နဂါးဘုရင်က ပြောသည်။ “ခင်ဗျား သိတဲ့အတိုင်းပဲ။ အရင်က ကျုပ်တို့ကို ကျီရွှေ့အဖွဲ့အစည်းလို့ပဲ အမြဲတမ်း ခေါ်ခဲ့ကြတာ။ ကျုပ်ကမှ ဟေးယန် အင်ပါယာကို တည်ထောင်ခဲ့တာ။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။

အနက်ရောင်နဂါးဘုရင်က ဆက်ပြောသည်။ “ကျုပ်က ကြိုးစားချင်ခဲ့တယ်။ သူ့နည်း သူ့ဟန်နဲ့ ပြန်လည် တုံ့ပြန်ပြီး ဆရာ့ထက် တော်တဲ့ တပည့် ဖြစ်လာအောင် ကြိုးစားချင်ခဲ့တာ။”

ယွင်ကျုံးဟဲ့ နားလည်သွားသည်။ အနက်ရောင်နဂါးဘုရင်သည် တာရှန်း မိစ္ဆာနိုင်ငံကို အတုခိုးပြီး ဟေးယန် အင်ပါယာကို တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ရည်ရွယ်ချက်မှာ တာရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်ရန် ဖြစ်၏။

အနက်ရောင်နဂါးဘုရင်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် ကျရှုံးသွားတယ်။ ဒီလို အုပ်ချုပ်မှုမျိုးမှာ ကြီးမားတဲ့ အားနည်းချက်တွေ ရှိနေတယ်။ လူတွေကို ကြောက်ရွံ့မှုနဲ့ အုပ်ချုပ်တဲ့အခါမှာ အမြင့်ဆုံး ဘုရင် သေဆုံးသွားတာနဲ့ အင်ပါယာ တစ်ခုလုံးက ပြိုကွဲသွားမှာပဲ။ အဲဒါကြောင့် ကျုပ်ကို လုပ်ကြံလိုက်တာနဲ့ ဟေးယန် အင်ပါယာ တစ်ခုလုံးလည်း ပြိုကျသွားမှာပဲ။

ဒါပေမဲ့ ခင်ဗျားရဲ့ ပုံစံကတော့ မျှော်လင့်ချက် ပိုများပုံ ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စွမ်းအားသစ်တွေကို ကိုယ်စားပြုတယ်၊ တိုးတက်မှုကို ကိုယ်စားပြုတယ်၊ ပြီးတော့ ယန်ရှင်းကျုံး ဧကရာဇ်ရဲ့ ဆန္ဒကိုလည်း ကိုယ်စားပြုတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တာရှန်း မိစ္ဆာနိုင်ငံက လူတွေကော ခင်ဗျားတို့ရဲ့ ဩဇာခံ နယ်မြေထဲကို ဝင်ရောက်လာဖူးလား။”

အနက်ရောင်နဂါးဘုရင်က ဖြေသည်။ “မရှိဘူး။ ကျုပ်တို့ လောကနှစ်ခုက လုံးဝ အဆက်အသွယ် ပြတ်တောက်နေတာ။ ရေလမ်းကြောင်းတွေလည်း မပေါက်ဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ခင်ဗျားကိုယ်ခင်ဗျား သေတော့မယ်လို့ ထင်လို့ နဝမမြောက် ပိရမစ်ထဲကို ဝင်ခဲ့တာလား။ အထဲမှာ ခင်ဗျားကို အသက်ရှင်စေနိုင်တယ် ဆိုတာကို ခင်ဗျား သိနေလို့လား။”

အနက်ရောင်နဂါးဘုရင်က ဖြေလိုက်သည်။ “ဟုတ်တယ်။ ကျုပ်အသက်ကို ဆက်လက် ရှင်သန်စေနိုင်တဲ့ တစ်ခုတည်းသော နေရာက နဝမမြောက် ပိရမစ်ပဲ။ ဒါပေမဲ့ ကျုပ် ကျရှုံးသွားတယ်။ ကျုပ် အထဲကို ဝင်လိုက်တာနဲ့ ကျုပ်ဦးနှောက် တစ်ခုလုံး လုံးဝ ပေါက်ကွဲထွက်သွားသလို ဖြစ်သွားပြီး ကျုပ် တစ်ကိုယ်လုံး လမ်းလျှောက်နေတဲ့ အလောင်းကောင် တစ်ကောင် ဖြစ်သွားတယ်။”

ဤသည်မှာ ယွင်ကျုံးဟဲ့၏ အခြေအနေနှင့် တစ်ပုံစံတည်း ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် အသိဉာဏ် အများအပြား ရှိနေပြီး အတားအဆီး သုံးခုကို ဖြတ်ကျော်ကာ အဓိက သင်္ချိုင်းဂူ အတွင်းသို့ ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ခြင်းသာ ကွာခြား၏။

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ခင်ဗျား သေသွားပြီးတဲ့ နောက်မှာ သူတို့က ခင်ဗျား စကားကို နားထောင်မှာ မဟုတ်ဘဲ အချင်းချင်း သိုင်းပြိုင်ပြီး သတ်ဖြတ်ကြမယ် ဆိုတာကို ခင်ဗျား သိနေတာလား။”

အနက်ရောင်နဂါးဘုရင်က ခေါင်းညိတ်လိုက်၏။

ယွင်ကျုံးဟဲ့က ဆက်မေးသည်။ “ဒါဆို ကျုပ်က နဝမမြောက် ပိရမစ်ထဲကနေ အသက်ရှင်လျက် ပြန်ထွက် လာနိုင်ပြီး ခင်ဗျားကိုပါ ပြန်သယ်လာနိုင်မယ် ဆိုတာကို ခင်ဗျား ဘယ်လို သိတာလဲ။”

အနက်ရောင်နဂါးဘုရင် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်၏။ “အလိုအလျောက် သိစိတ်။”

‘ဒီအဖြေက ယုံနိုင်စရာ မရှိဘူးလေ။’

ရုတ်တရက် အနက်ရောင်နဂါးဘုရင် တစ်ချက် တုန်ယင်သွားပြီး ပြောလိုက်သည်။ “ကျုပ်မှာ အချိန် သိပ်မကျန်တော့ဘူး။ နောက်ပိုင်း ကျုပ်စကားကို မဖြတ်နဲ့၊ ကျုပ် ပြောတာကို နားထောင်။”

“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

အနက်ရောင်နဂါးဘုရင်က ပြောသည်။ “တာရှရဲ့ ကောင်းကင်ဘုံ ဧကရာဇ် ရှကျူ ဟာ တကယ်ပဲ ကျီရွှေ့အဖွဲ့အစည်းရဲ့ တည်ထောင်သူပါ။ အဲဒီတုန်းက နုဧကရာဇ်ဟာ ဆယ်စုနှစ်များစွာမှာ တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိတဲ့ အားနည်းချိန်ကို ရောက်နေပြီး အားနည်းချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက် တောင်ကြီး တစ်တောင်ထဲမှာ ပုန်းအောင်းနေခဲ့တယ်။

ကျီရွှေ့အဖွဲ့အစည်းရဲ့ ထိပ်တန်း သိုင်းသမား ထောင်ချီက တောင်ကြီးထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ထင်ထားတာနဲ့ မတူတာက ဒီတောင်ကြီးထဲမှာ နုဧကရာဇ်ကို ကာကွယ်နေတဲ့သူ အရမ်း မများဘူး။ တာရှန်း မိစ္ဆာနိုင်ငံ ရဲ့ ချင်ဝမ်တွေ၊ စစ်သူကြီးတွေ တစ်ယောက်မှ မရှိဘူး။ နုဧကရာဇ်ရဲ့ ကိုယ်ရံတော် တချို့ပဲ ရှိတယ်။

ဒါပေမဲ့ အဲဒီလို ဆိုရင်တောင်မှ ကျီရွှေ့အဖွဲ့အစည်း ရဲ့ ထိပ်တန်း သိုင်းသမား ထောင်ချီက အသေအပျောက် အရမ်း များခဲ့ပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ရှကျူက အရမ်း ဉာဏ်ကောင်းပြီး မြေအောက် ရေလမ်းကြောင်းကနေတစ်ဆင့် တောင်ကြီးထဲကို ဝင်ရောက်သွားခဲ့တယ်။”

ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “အဲဒီနောက်ရော..”

အနက်ရောင်နဂါးဘုရင်က ဖြေသည်။ “အဲဒီနောက်... နောက်ဆိုတာ မရှိတော့ဘူး။ ကျီရွှေ့အဖွဲ့အစည်းရဲ့ သိုင်းသမားတွေ တောင်ဂူထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ နုဧကရာဇ်လည်း ပျောက်ကွယ်သွားပြီ၊ ရှကျူလည်း ပျောက်ကွယ်သွားပြီ။”

‘ချီးတဲ့မှ… ဒီစကားက သတင်းအချက်အလက် ပိုပြီးတော့တောင် များနေသေးတယ်။ ရှကျူရဲ့ သင်္ချိုင်းဂူထဲက ကျုပ်စိတ်တွေ... ရှုပ်ထွေးနေပြီ ဆိုတဲ့ စကားကို ပြန်တွေးကြည့်လိုက်ရင် နုဧကရာဇ် အဲဒီတုန်းက မသေခဲ့ဘူး ဆိုတဲ့ ဖြစ်နိုင်ခြေ တစ်ခုကို သက်သေပြနေတယ်။

နုဧကရာဇ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေး ပြီးဆုံးသွားပြီးနောက် ရှကျူက သူ့ရဲ့ သင်္ချိုင်းဂူကို ပြန်လာပြီး ကျုပ်စိတ်တွေ ရှုပ်ထွေးနေပြီ ဆိုတဲ့ စကားကို ရေးခဲ့တာက ဒီလုပ်ကြံမှုမှာ ရှကျူလည်း မသေခဲ့ဘူး ဆိုတာကို သက်သေပြနေတယ်။ ဒါဆို အခြေအနေက ဘယ်လိုလဲ။

ရှကျူက ဘာလို့ နုဧကရာဇ် ကို မသတ်ခဲ့တာလဲ။ ဒါမှမဟုတ် နုဧကရာဇ်က ဘာလို့ ရှကျူ ကို မသတ်ခဲ့တာလဲ။ သေချာပေါက် ဒါက ခန့်မှန်းချက် သက်သက်ပဲ။ ပြီးတော့ နုဧကရာဇ်က အဲဒီတုန်းက မသေခဲ့ရင်တောင် အခု နှစ်ပေါင်း တစ်ထောင်ကျော် ကြာနေပြီဆိုတော့ စောစောတည်းက သေသွားလောက်ပြီ မလား။

ဘာပဲဖြစ်ဖြစ် မအိုမသေ ထာဝရ အသက်ရှင်ခြင်း ဆိုတာက တကယ့်ကို ထာဝရ မသေနိုင်တာမှ မဟုတ်တာ။ အသက် တစ်ရာ၊ နှစ်ရာလောက် နေရရင်တောင် အရမ်း တော်နေပြီလေ။

အဓိက အချက်က ကျုပ် အခု မအိုမသေ ထာဝရ အသက်ရှင်ခြင်းကို ရသွားပြီလား။’

အနက်ရောင်နဂါးဘုရင်က ပြောလိုက်၏။ “ကျုပ်က ကျီရွှေ့အဖွဲ့အစည်းက လူပါ။ နည်းလမ်းက အရေးမကြီးဘူး၊ ဖြစ်စဉ်က အရေးမကြီးဘူး၊ ရလဒ်ကသာ အရေးကြီးတယ်လို့ ကျုပ် အရင်က တွေးခဲ့ဖူးတယ်။ အဲဒါကြောင့် ကျုပ် ဟေးယန် အင်ပါယာကို တည်ထောင်ခဲ့တာ။ တာရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးဖို့အတွက်၊ ကျီရွှေ့အဖွဲ့အစည်းရဲ့ တာဝန်ကို ကျေပွန်ဖို့အတွက်ပဲ။

ဒါပေမဲ့ အခု ကြည့်ရတာ ကျုပ် ကျရှုံးသွားပြီ။ ဟေးယန် အင်ပါယာဟာ အောင်မြင်တဲ့ ဖန်တီးမှု တစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ လုံးဝ တန်ဖိုး မရှိတာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ အင်အားကြီးမားတဲ့ သိုင်းသမား တစ်သိန်းကျော်ကို သူက ဖန်တီးပေးနိုင်ခဲ့ပြီး ခင်ဗျားတို့ရဲ့ သိုင်းပညာပိုင်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်။”

“ယွင်ကျုံးဟဲ့... ခင်ဗျားကလည်း ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သလို တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်လည်း ဖြစ်တယ်။ အဲဒါကြောင့် တာရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးရမယ့် ကြီးလေးတဲ့ တာဝန်က ခင်ဗျားအပေါ် ကျရောက်လာပါပြီ။” အနက်ရောင်နဂါးဘုရင်က ပြောသည်။

ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်၏။ “ခင်ဗျားက ကျင်းကျုံးယွဲ့ကို တတိယ ကိုလိုနီ နယ်မြေကို ဝင်တိုက်ဖို့ တမင် လွှတ်လိုက်တာက ကျုပ်ကို ဆွဲဆောင်ဖို့အတွက်ပဲလား။ ခင်ဗျား တာ့ယန် အင်ပါယာသစ်မှာ ဖြစ်ပျက်နေတာတွေကို သိနေတာလား။”

အနက်ရောင်နဂါးဘုရင်က သက်ပြင်း တစ်ချက် ချကာ ပြောလိုက်သည်။ “ကျုပ်က အရမ်း မာနကြီးပြီး ကျုပ်ကမှ တာ့ယန်ရဲ့ အရှင်သခင်လို့ ထင်ခဲ့တာ။ အကယ်၍ ကျုပ် မသေဘူးဆိုရင် ဒီအရာတွေ အားလုံးကို ခင်ဗျားဆီ လွှဲပေးဖို့ သေချာပေါက် ဆန္ဒရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်က ကျုပ်ကို သေစေချင်နေတာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားရဲ့ နာမည်အရင်းက ဘယ်လို ခေါ်လဲ။”

အနက်ရောင်နဂါးဘုရင်က ဖြေသည်။ “ကျုပ်လည်း ခင်ဗျားလိုပဲ တာ့ယန် တော်ဝင်မိသားစုရဲ့ မျိုးဆက်ပါ။ ယန်ရှင်းကျုံး ဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီးနောက် တိုက်ရိုက် ဆက်ခံသူတွေ အားလုံး အသတ်ခံရပြီး အနည်းငယ်သာ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ကျုပ်ရဲ့ ဘိုးဘေးဟာ ယန်ရှင်းကျုံးရဲ့ တရားမဝင် သားတစ်ယောက် ဖြစ်ပြီး ကျီရွှေ့အဖွဲ့အစည်းကို အစောဆုံး တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ပါ။ အဲဒါကြောင့် ကျုပ်တို့ နှစ်ယောက်မှာ ဘိုးဘေး တစ်ယောက်တည်း ရှိတယ်။ အဲဒါက ယန်ရှင်းကျုံး ဧကရာဇ် ပါပဲ။”

ထို့နောက် အနက်ရောင်နဂါးဘုရင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “အမှားအမှန်တွေ အားလုံး ပြီးဆုံးသွားပါပြီ။”

“ယွင်ကျုံးဟဲ့... နောက်ဆက်တွဲ အရာအားလုံးကို ခင်ဗျားဆီ အပ်ပါတယ်။ တာရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးဖို့၊ တာ့ယန် အင်ပါယာကို ပြန်လည် တည်ထောင်ဖို့လည်း ခင်ဗျားဆီ အပ်ပါတယ်။ နုဧကရာဇ်ရဲ့ အမှန်တရားကို ရှာဖွေဖို့လည်း ခင်ဗျားဆီ အပ်ပါတယ်။ ပြီးတော့... ပိုပြီး မြင့်မားတဲ့ တာဝန်တွေလည်း ခင်ဗျားဆီ အပ်ပါတယ်။” အနက်ရောင်နဂါးဘုရင်၏ အသံမှာ ပို၍ ပို၍ တိုးညင်းလာသည်။

ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် မေးလိုက်၏။ “ပိုပြီး မြင့်မားတဲ့ ဘာတာဝန်တွေ ဟုတ်လား။ ဘာ မြင့်မားတဲ့ တာဝန်တွေလဲ။”

အနက်ရောင်နဂါးဘုရင်က ပြောသည်။ “ကျုပ်.. ကျုပ် ခံစားနေရတယ်။ မျက်စိနဲ့ မမြင်ရတဲ့ လက်ကြီး တစ်စုံက လောကကြီး တစ်ခုလုံးရဲ့ ကံကြမ္မာကို၊ ကျုပ်တို့ရဲ့ ကံကြမ္မာကို လှည့်စားပြီး ကြိုးကိုင်နေတယ် ဆိုတာကိုပေါ့။ ဘယ်သူမဆို ကြိုးကိုင်ခံရတဲ့ သူတွေချည်းပဲ။ အဖြစ်ဆိုးတွေ၊ ဟာသတွေ...”

ပြောပြီးနောက် အနက်ရောင်နဂါးဘုရင်၏ အသံ တဖြည်းဖြည်း တိုးဝင်သွား၏။ “အရာအားလုံးကို မင်းဆီ အပ်ပါတယ်။ အခုကစပြီး ဟေးယန် အင်ပါယာနဲ့ တာ့ယန် အင်ပါယာသစ် ပေါင်းစပ်သွားပြီ။ ခင်ဗျား... ခင်ဗျားက ဧကရာဇ်သစ်ပဲ...”

ထို့နောက် အနက်ရောင်နဂါးဘုရင်သည် မလှုပ်မယှက် ဖြစ်သွားပြီး သူ၏ လက်ထဲရှိ အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားသည်လည်း ယွင်ကျုံးဟဲ့၏ လက်ထဲသို့ အသံတိတ် ရောက်ရှိသွားသည်။

ယွင်ကျုံးဟဲ့သည် သူ၏ သံခမောက်ကို ချွတ်ပြီး သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ရန် ကြိုးစားသော်လည်း လုံးဝ ချွတ်၍ မရဘဲ ခေါင်းပေါ်တွင် ပေါက်နေသကဲ့သို့၊ တစ်သားတည်း ဖြစ်နေသကဲ့သို့ ဖြစ်နေသည်။ ခဏအကြာတွင် ပြာမှုန့်လေးများ လွင့်ပျံလာ၏။

All Chapters