အခန်း (၈၂၉-၈၃၀)
Vol. 70 Ch. 829-830
အပိုင်း (၈၂၉)
‘ဒါ... ဒါ ဘယ်လို ဖြစ်တာလဲ။’
အနက်ရောင်နဂါးဘုရင်၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြာအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်မှစ၍ ဤဟေးယန် အင်ပါယာ၏ ဧကရာဇ်၊ ကျီရွှေ့အဖွဲ့အစည်း၏ အမြင့်ဆုံး ခေါင်းဆောင်သည် တကယ်ကို လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် အနက်ရောင်နဂါးဘုရင်သစ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ချက်ချင်း ထွက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟေးယန် အင်ပါယာသည် အင်အားကြီးသူကိုသာ အလေးထားသောကြောင့် သူက အင်အားကြီးမားသော သိုင်းသမားများကို ဖိနှိပ်နိုင်မည်လား ဆိုသည်ကို မသေချာသောကြောင့်ပင်။
ဤတစ်ကြိမ်တွင် အနက်ရောင်နဂါးဘုရင် တကယ် သေဆုံးသွားပြီဖြစ်ရာ ယွင်ကျုံးဟဲ့က အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို ကိုင်ဆောင်ကာ ထွက်လာပါက ချက်ချင်းပဲ တစ်စစီ ဆွဲဖြဲခံရမည်လား။
ထိုသို့ဖြင့် သူသည် နောက်ထပ် နှစ်နာရီခန့် ဆက်နေခဲ့ပြီးနောက် အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို အမြင့်သို့ မြှောက်ကိုင်ကာ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
ဟေးယန် အင်ပါယာမှ တပ်မှူးများနှင့် ယဇ်ပုရောဟိတ်ချုပ် တစ်ထောင်ကျော်၏ ရှေ့သို့ ထပ်မံ ရောက်ရှိလာပြီး လက်ထဲရှိ အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို အမြင့်သို့ မြှောက်ကိုင်ကာ ပြောလိုက်၏။ “အရင် အနက်ရောင်နဂါးဘုရင်ရဲ့ အမိန့်အရ ကျုပ် ယွင်ကျုံးဟဲ့က အနက်ရောင်နဂါးဘုရင်သစ် ဖြစ်လာပြီ။”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။ “အခု ခင်ဗျားတို့ ဧကရာဇ်သစ်ကို အရိုအသေပေးသင့်ပြီ။”
ထိုနေရာရှိ လူတစ်ထောင်ကျော်၏ မျက်နှာများတွင် တွေဝေမှုများ ထွက်ပေါ်လာသည်။ တွေဝေရခြင်းမှာ အနက်ရောင်နဂါးဘုရင် တကယ် သေသွားပြီလား ဆိုသည်ကို သူတို့ မသိသောကြောင့် ဖြစ်သည်။ အကယ်၍ စောစောကလိုမျိုး မသေသေးဘူးဆိုရင် သူတို့ ထွက်ပြီး ဆန့်ကျင်လိုက်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမည် မဟုတ်ပါလား။
သို့ပေမည့် အကယ်၍ အနက်ရောင်နဂါးဘုရင် တကယ် သေသွားပြီ ဆိုပါက သူတို့က ကြက်လေး တစ်ကောင်တောင် မသတ်နိုင်သော လူချောလေး တစ်ယောက်ကို သစ္စာခံရမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ စိတ်ထဲတွင်လည်း တကယ်ကို မတတ်သာတော့ပေ။
‘ဟေးယန် အင်ပါယာက လူတွေရဲ့ ခေါင်းနောက်မှာ တကယ်ပဲ သစ္စာဖောက် အရိုးတွေ ပေါက်နေကြတာပဲ။ သာမန် လူတစ်ယောက် အနေနဲ့ သူတို့ရဲ့ သစ္စာခံမှုကို ရဖို့ဆိုတာ အခြေခံအားဖြင့် လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။’
ထိုအချိန်မှာပင် ရုတ်တရက် လူတစ်ယောက်က မေးလိုက်သည်။ “ဧကရာဇ် မင်းကြီး သေသွားပြီလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “သေသွားပြီ။”
“တကယ် သေသွားပြီလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟေးယန် အင်ပါယာ ဧကရာဇ် သေသွားပြီ ဆိုတာ သေချာပါတယ်။ ပြာတောင် ဖြစ်သွားပါပြီ။”
ဤစကား ထွက်ပေါ်လာသည်နှင့် ချက်ချင်းပဲ ဟေးယန် အင်ပါယာမှ တပ်မှူး နှစ်ဦးက ရူးသွပ်စွာ ပြေးဝင်လာပြီး အနက်ရောင်နဂါးဘုရင်၏ အလောင်းဆီသို့ ပြေးသွားကာ အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးနောက် တစ်ချိန်က လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သော ဧကရာဇ်ကြီး တကယ် သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ကြ၏။
“သေသွားပြီ၊ အနက်ရောင်နဂါးဘုရင် သေသွားပြီ။ ခန္ဓာကိုယ်က ပြာတွေတောင် ဖြစ်နေပြီ။” ထိုတပ်မှူး နှစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
ထို့နောက် ထိုနေရာရှိ လူတစ်ထောင်ကျော်သည် ချက်ချင်း ပေါက်ကွဲထွက်သွားကြသည်။ ထို့နောက် လူတချို့က ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် ရက်စက်မှုနှင့် အေးစက်မှုများ ပြည့်နှက်လာ၏။
“သူ့ကို သတ်လိုက်၊ အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို လုယူမယ်။”
အနက်ရောင်နဂါး တပ်မှူး တစ်ဦးက ဖြည်းညင်းစွာ ထွက်လာပြီး ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူက ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့ကောင်၊ ကျုပ်တို့ ဟေးယန် အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာဖို့၊ အနက်ရောင်နဂါးဘုရင်သစ် ဖြစ်လာဖို့ လုံးဝ အရည်အချင်း မမီဘူး။ သူ့ကို သတ်ပြီးရင် ကျုပ်တို့ ဧကရာဇ်သစ်ကို ထပ်ရွေးကြမယ်။”
လူတစ်ဝက်ကျော်က ထောက်ခံကြပြီး ကျန်တစ်ဝက်ကတော့ တွေဝေနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများက ဘုရင်ရာထူးကို ယှဉ်ပြိုင်ရာတွင် သူတို့၌ မျှော်လင့်ချက် မရှိဟု ထင်မြင်ကြပြီး လက်ရှိ အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက သူတို့၏ လက်ရှိ နေရာကို ကာကွယ်နိုင်မည်ဟု ထင်မြင်ကြသောကြောင့်ပင်။
အနက်ရောင်နဂါး တပ်မှူးက အေးစက်စွာ ပြောလိုက်သည်။ “ကျုပ်တို့ ဟေးယန် အင်ပါယာက မူလတည်းက အင်အားကြီးသူက ရှင်သန်ပြီး အားနည်းသူက ပျက်စီးရတာပဲ။ ခင်ဗျားတို့က သိုင်းမပြိုင်ရဲကြဘူးလား။ အင်အားအကြီးဆုံး သူမှသာ ကျုပ်တို့ရဲ့ ဧကရာဇ် ဖြစ်လာနိုင်မယ်။ အားနည်းတဲ့ သူတစ်ယောက်က မထိုက်တန်ဘူး။”
ထို့နောက် ဤအနက်ရောင်နဂါး တပ်မှူးသည် ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာ၏။
“ယွင်ကျုံးဟဲ့... ခင်ဗျား မလာသင့်ဘူး။ ဒါက ခင်ဗျားရဲ့ လောက မဟုတ်ဘူး။” အနက်ရောင်နဂါး တပ်မှူးက အက်ကွဲသော အသံဖြင့် အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။
သူက အလျင်စလို မလုပ်ဘဲ လူသတ်ချင်စိတ်များ ပို၍ ပို၍ ပြင်းထန်လာ၏။
“ယွင်ကျုံးဟဲ့... ဒီနေရာက တာ့ယန် အင်ပါယာသစ်လို့ ခင်ဗျား ထင်နေတာလား။ အဲဒီလောက် ယဉ်ကျေးသိမ်မွေ့ပြီး ခင်ဗျားရဲ့ အသိပညာနဲ့ ဉာဏ်ပညာတွေကို အရှုံးပေးလိမ့်မယ်လို့ ထင်နေတာလား။ ဟေးယန် အင်ပါယာ ဆိုတာ ရက်စက်ပြီး အေးစက်တဲ့ အင်ပါယာပဲ။ ခင်ဗျား ဒီကို လာတာ သေလမ်းကို လာရှာတာပဲ။” အနက်ရောင်နဂါး တပ်မှူး၏ အသံမှာ ပို၍ ပို၍ အေးစက်လာပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ ပို၍ ပို၍ ပြင်းထန်လာကာ အမုန်းတရားများ ပြည့်နှက်နေသည်။
‘တကယ် ထူးဆန်းတာပဲ။ ဟေးယန် အင်ပါယာမှာ ကျုပ် ယွင်ကျုံးဟဲ့ကို အရိုးထဲထိ မုန်းတီးတဲ့သူ ရှိနေတာလား။’
ယွင်ကျုံးဟဲ့က ရုတ်တရက် ခေါ်လိုက်၏။ “သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး…”
ထိုလူ ချက်ချင်း အံ့ဩသွားပြီးနောက် သူ၏ သံခမောက်ကို ချွတ်လိုက်ကာ မျက်နှာအစစ်ကို ဖော်ပြလိုက်သည်။
တကယ်ပဲ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဟေးယန် အင်ပါယာကို ရောက်လာခဲ့သည်လား။
ပြီးခဲ့သည့်နှစ် စစ်ရေး တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် တပ်မှူးလေး ရှင်းကျန့်သည် ယွင်ကျုံးဟဲ့ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သောကြောင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့ပေမည့် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦးမှာမူ ဂုဏ်သိက္ခာရှိရှိ ရာထူးမှ နှုတ်ထွက်ခဲ့ရ၏။
ဤသည်မှာ တာ့ယန် အင်ပါယာသစ်၏ နိုင်ငံရေးဆိုင်ရာ ခွင့်လွှတ်နိုင်စွမ်းပင် ဖြစ်ပြီး ယေဘုယျအားဖြင့် အခြေအနေကို အဆုံးစွန်အထိ မလုပ်ဆောင်တတ်သလို နိုင်ငံရေး ရန်သူများကိုလည်း အမြစ်ပြတ် သုတ်သင်လေ့ မရှိပေ။
ကြီးမားသော ပြစ်မှုကြီးများ ကျူးလွန်ထားခြင်း မရှိပါက ယေဘုယျအားဖြင့် ရာထူးမှ ဆင်းပေးရုံသာ ဖြစ်၏။ အကယ်၍ လာဘ်စားမှု ကျူးလွန်ထားပါက ယေဘုယျအားဖြင့် ကိုလိုနီ နယ်မြေများသို့ နယ်နှင်ဒဏ် ပေးလေ့ ရှိသည်။
စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦး ရာထူးမှ အနားယူသွားပြီးနောက်တွင်လည်း အတော်လေး မြင့်မားသော ခံစားခွင့်များကို ရရှိထားဆဲ ဖြစ်၏။
အကယ်၍ တာ့ယန် အင်ပါယာသစ်သာ အာဏာရှင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့မည် ဆိုပါက ယွင်ကျုံးဟဲ့ အနေဖြင့် ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခု တည်ထောင်ပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နိုင်မှာ ဖြစ်သည်။
သို့ပေမည့် တကယ်တမ်းတွင် ယွင်ကျုံးဟဲ့ ဆိုသော အာဏာရှင် ဘုရင်သည် ထိုမျှလောက် အာဏာရှင် မဆန်ခဲ့ပေ။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဟေးယန် အင်ပါယာသို့ ထွက်ပြေးသွားပြီး ဟေးယန် အင်ပါယာ၏ သိုင်းပြိုင်ပွဲ စည်းမျဉ်းများမှတစ်ဆင့် သိုင်းပြိုင်ကွင်းတွင် စစ်သည် သောင်းစုမှူး ရာထူးကို ရရှိခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ဤလူ၏ သိုင်းပညာက တကယ်ကို မြင့်မားကြောင်း ထင်ရှားလှသလို တာ့ယန် အင်ပါယာသစ်၏ အမြင့်ဆုံး သိုင်းပညာသည် ဟေးယန် အင်ပါယာ၏ စစ်သည် သောင်းစုမှူး အဆင့်နှင့် ညီမျှကြောင်းလည်း သက်သေပြနေသည်။
“မထင်ထားဘူးမလား။”
ယခင် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက မေးလိုက်၏။ “ဒီနေရာမှာ ကျုပ်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး မလား။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ဒါဆို ကျုပ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အနက်ရောင်နဂါးဘုရင်ဆီ သတင်းပို့ခဲ့တာလည်း ခင်ဗျားပဲပေါ့။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေလိုက်၏။ “သေချာပေါက် ကျုပ်ပဲပေါ့။ ကျုပ် ဟေးယန် အင်ပါယာကို ရောက်လာတာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ အနက်ရောင်နဂါးဘုရင်ကို တာ့ယန် အင်ပါယာသစ်ကို ဝင်တိုက်ဖို့ လှုံ့ဆော်ပြီး တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို သိမ်းပိုက်ကာ လူအားလုံးကို ကျွန်တွေ ဖြစ်သွားအောင် လုပ်ဖို့ပဲ။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြောလိုက်သည်။ “တာ့ယန် အင်ပါယာသစ်က ခင်ဗျားရဲ့ နိုင်ငံလေ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “ဒါပေမဲ့ သူတို့က ကျုပ်ကို သစ္စာဖောက်ခဲ့တယ်။ ခင်ဗျားလို ပြင်ပလူ တစ်ယောက်ကို အာဏာရှင် ဘုရင် လုပ်ခိုင်းပြီး ကျုပ်ကို အုပ်ချုပ်ရေးမှူးရာထူးကနေ နှင်ချခဲ့တယ်။ ဒါဆိုရင် သူ ပျက်စီးသင့်တာပေါ့။
ကျုပ် အိပ်မက် မက်နေတာက ဟေးယန် အင်ပါယာရဲ့ အင်အားကြီးမားတဲ့ သိုင်းသမားတွေက အင်ပါယာ အတွင်းကို ဝင်ရောက်လာပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်ကာ အဲဒီ မိုက်မဲပြီး ရယ်စရာကောင်းတဲ့ အင်ပါယာ နိုင်ငံသားတွေကို အမြစ်ပြတ် သုတ်သင်ပစ်တာကို မြင်တွေ့ရဖို့ပဲ။ အမြစ်ပြတ် သုတ်သင်ပစ်တာကို...”
ဤသိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ အသံတွင် အရိုးထဲထိ စွဲနေသော အမုန်းတရားများ ပြည့်နှက်နေပြီး တာ့ယန် အင်ပါယာသစ်ကို မျိုးတုံး ပျက်စီးသွားစေချင်သော ဆန္ဒများ ရှိနေသည်။
“ဒါပေမဲ့ ဒီအနက်ရောင်နဂါးဘုရင် ကလည်း ဒီလောက် မျက်စိကန်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲဒါကြောင့် တကယ် သေသင့်တာပဲ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ရက်စက်စွာ ပြောလိုက်၏။ “ချင်ဝမ် တချို့ကို သတ်လိုက်ရုံနဲ့ အသုံးဝင်မယ်လို့ သူ ထင်နေတာလား။ ခင်ဗျားကို ဘုရင်ရာထူး တက်အောင် အောင်မြင်စွာ လုပ်ပေးနိုင်မယ်လို့ ထင်နေတာလား။ လုံးဝ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ ဘယ်သူက ခင်ဗျားကို အသိအမှတ် ပြုမှာလဲ။”
“ကောင်းပြီ... မပြောတော့ဘူး၊ မပြောတော့ဘူး...”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “တစ်နှစ်ကြာသွားပေမယ့် ခင်ဗျားကို သတ်နိုင်ခဲ့လို့ ကျုပ်လည်း ဝမ်းသာပါတယ်။ ခင်ဗျား မျက်စိမှိတ် သေနိုင်ဖို့ မျှော်လင့်ပါတယ်။”
ထို့နောက် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် ဓားဖြင့် ယွင်ကျုံးဟဲ့ကို အားကုန် ထိုးစိုက်လိုက်၏။
“ဒေါင်...”
နောက်တစ်စက္ကန့်တွင် သူ၏ ဓားသည်လည်း လက်ချောင်း နှစ်ချောင်းဖြင့် ညှပ်ထားခြင်း ခံလိုက်ရသည်။
‘ချီးတဲ့မှ... ဒီပုံစံမျိုး ထပ်လာပြန်ပြီလား။’
သို့ပေမည့် ဤတစ်ကြိမ် ဓားကို ညှပ်ထားသည့်သူမှာ အနက်ရောင်နဂါးဘုရင် မဟုတ်ဘဲ ကျင်းကျုံးယွဲ့ ဖြစ်နေသည်။ သူမက အားကုန် ချိုးလိုက်ရာ သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ဓားသည် တိုက်ရိုက် ကျိုးပဲ့သွား၏။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး လန့်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လူတိုင်း အတူတူ ဝင်တိုက်ပြီး ဒီလူနှစ်ယောက်ကို သတ်ပစ်ကြ။ ပြီးရင် အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို လုယူပြီး ဘုရင်ရာထူးကို ယှဉ်ပြိုင်ကြ။”
သို့ပေမည့် နောက်ကျသွားပြီဖြစ်သည်။ ကျင်းကျုံးယွဲ့၏ ဓားသည် မုန်တိုင်းတစ်ခုကဲ့သို့ ထိုးစိုက်သွား၏။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အစွမ်းကုန် ကာကွယ်လိုက်သည်။
တစ်ကွက်၊ နှစ်ကွက်၊ သုံးကွက်... ကိုးကွက်…
သူ၏ခေါင်း တစ်ခုလုံး အရှင်လတ်လတ် ခုတ်ပိုင်းခံလိုက်ရပြီး လုံးဝ မျက်စိမမှိတ်ဘဲ သေဆုံးသွား၏။
ထို့နောက် ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို ဆုပ်ကိုင်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျွန်မရဲ့ ယောက်ျား ယွင်ကျုံးဟဲ့က အနက်ရောင်နဂါးဘုရင်သစ်ပဲ။ ဘယ်သူ ထောက်ခံလဲ၊ ဘယ်သူ ကန့်ကွက်လဲ။”
ထိုနေရာရှိ လူတစ်ထောင်ကျော် ခဏမျှ တိတ်ဆိတ်သွားကြ၏။
ဟေးယန် အင်ပါယာ၏ ချင်ဝမ် ကိုးယောက်တွင် ယခုအခါ ကျင်းကျုံးယွဲ့ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။။ ထို့ကြောင့် ပုံမှန် အခြေအနေအရ ဆိုလျှင် ဤအနက်ရောင်နဂါးဘုရင် နေရာကို သူမက တာဝန်ယူသင့်သည်။
ချက်ချင်းပဲ ယဇ်ပုရောဟိတ်ချုပ် တစ်ဦးက ပြောလိုက်၏။ “ချင်ဝမ် ကျင်းကျုံးယွဲ့... အကယ်၍ ခင်ဗျားက ဒီအနက်ရောင်နဂါးဘုရင် လုပ်မယ် ဆိုရင် ကျုပ်တို့ သဘောထား ကွဲလွဲစရာ မရှိပါဘူး။ ယွင်ကျုံးဟဲ့က ကြက်လေး တစ်ကောင်တောင် မသတ်နိုင်တဲ့သူပါ။ သူက ဒီအနက်ရောင်နဂါးဘုရင် လုပ်မယ် ဆိုတာကိုတော့ ကျုပ်တို့ တကယ်ပဲ လက်ခံဖို့ ခက်ခဲပါတယ်။”
ကျင်းကျုံးယွဲ့က အေးစက်စက် ပြောသည်။ “လက်မခံနိုင်ရင် လူစုခွဲ။”
ဤအမျိုးသမီးက နိုင်ငံရေး အပေးအယူများကို မည်သည့်အချိန်ကမှ ဂရုမစိုက်တတ်သူ မဟုတ်ပေ။
“သွားမယ်၊ ပြန်မယ်။” ထို့နောက် သူမက ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ တိုက်ရိုက် ထွက်သွားတော့၏။
………………
အပိုင်း (၈၃၀)
ယွင်ကျုံးဟဲ့တွင် နောက်ထပ် အသက်တစ်ဝက်ပဲ ကျန်တော့သည်။
“ရှင့်ရဲ့ စာကို တွေ့တာနဲ့ ကျွန်မ ချက်ချင်း ပြေးလာခဲ့တာ။ ဒါပေမဲ့ သင်္ဘော အုပ်စုက မုန်တိုင်းကြီးနဲ့ ကြုံလိုက်ရတယ်။”
ကျင်းကျုံးယွဲ့က ရှင်းပြလိုက်၏။ “အချိန် အများကြီး ကြန့်ကြာသွားပြီးမှ ဟေးယန် အင်ပါယာကို ပြန်ရောက်လာတာ။”
လက်ရှိထွက်ပေါ်လာသော ရလဒ်မှာမူ လူတိုင်းအတွက် အမှန်တကယ်ပင် ဝမ်းမြောက်စရာ ဖြစ်ပေလိမ့်မည်။
ယခုအခါ ယွင်ကျုံးဟဲ့သည် အနက်ရောင်နဂါးဘုရင်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ အခြားသောသူများ အနေဖြင့် သူ၏အမိန့်အာဏာကို နာခံရန် ဝေခွဲမရ ဖြစ်နေနိုင်သော်လည်း၊ ကျင်းကျုံးယွဲ့ကမူ မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ စိတ်အေးချမ်းသာစွာဖြင့် ကြည်ဖြူစွာ နာခံနိုင်မှာဖြစ်သည်။
“အနက်ရောင်နဂါး မျှော်စင်ထဲကို ဝင်ပြီး လေ့ကျင့်နေတဲ့ သူတွေ အများကြီး ရှိတယ်။ အားလုံးက အရင်က ဟေးယန် အင်ပါယာရဲ့ စစ်သူကြီးတွေချည်းပဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သူတို့ အများစုက မျှော်စင်ထဲမှာ သေဆုံးသွားကြလိမ့်မယ်။ ဒါပေမဲ့ သေချာပေါက် အသက်ရှင်လျက် ပြန်ထွက်လာတဲ့သူတွေ ရှိမှာပဲ။ အပြင်ကို ထွက်လာတာနဲ့ သူတို့က ကျွန်မကို စိန်ခေါ်ပြီး ဘုရင်ရာထူးကို လုယူကြလိမ့်မယ်။
ဒီအဆိပ်ပြင်း အကောင် မွေးမြူရေး စနစ်က ဟေးယန် အင်ပါယာ တစ်ခုလုံးကို အဆက်မပြတ် သတ်ဖြတ် နေစေမှာပဲ။ တောင်ကြီး တစ်တောင်လို မြင့်မားပြီး အရိပ်ကိုတောင် လုံးဝ လှမ်းမမီနိုင်တဲ့ အင်အားကြီးမားတဲ့ အနက်ရောင်နဂါးဘုရင် တစ်ပါး ထပ်ပေါ်လာမှသာ အားလုံးက လုံးဝ အရှုံးပေးကြမှာ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အနက်ရောင်နဂါးဘုရင်က အဲဒီလောက် အင်အားကြီးတာတောင် လုပ်ကြံခံ လိုက်ရတယ်။ ပြီးတော့ သူ ပြောတာက သူ့ကို သတ်တဲ့သူက သေနေပြီလို့ ထင်ရတဲ့ လူတစ်ယောက်တဲ့။ ဒီလူက ဘယ်သူလဲ။”
ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “သူက ဟေးယန် အင်ပါယာရဲ့ ဧကရာဇ် ဖြစ်ပေမယ့် ကျွန်မနဲ့ သူ ပြောဖူးတဲ့ စကားက စုစုပေါင်းမှ စာကြောင်းရေ အနည်းငယ်တောင် မပြည့်ဘူး။ ယောက်ျား... ဟေးယန် အင်ပါယာရဲ့ သိုင်းသမားတွေက အင်အားကြီးပေမယ့် သိုင်းသမား အများစုကို ရှင် အသုံးချလို့ မရပါဘူး။ သစ္စာရှိတဲ့ စိတ်နှလုံး မရှိတဲ့ သိုင်းသမားတွေက ဘယ်လောက်ပဲ အင်အားကြီးကြီး အသုံးမဝင်ပါဘူး။ ခေါင်းနောက်မှာ သစ္စာဖောက် အရိုးတွေ ပေါက်နေကြတာချည်းပဲ။”
ယွင်ကျုံးဟဲ့သည် ဤအချက်ကို ကောင်းမွန်စွာ သဘောပေါက်နားလည်ထား၏။ တာရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းဖျက်ဆီးရာတွင် သိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်သည် အလွန်ကောင်းမွန်သော အင်အား ဖြည့်စွက်မှုတစ်ခု ဖြစ်လာနိုင်ပြီး၊ အထူးစစ်ဆင်ရေးများ ဆင်နွှဲရာ၌လည်း ထိရောက်စွာ အသုံးချနိုင်မှာဖြစ်သည်။
သို့ရာတွင် အဆုံးစွန်၌မူ စစ်ပွဲ၏ အောင်နိုင်ရေးအတွက် တာ့ယန်အင်ပါယာသစ်၏ အဆင့်မြင့်လက်နက်ဆန်းများ ဖြစ်သော သေနတ်များနှင့် အမြောက်တပ်ဖွဲ့များ၏ အင်အားကိုသာ အဓိကအားကိုး အားထားပြုရပေလိမ့်မည်။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မမှာ အကြံအစည် တစ်ခု ရှိတယ်။”
“ပြောလေ။” ယွင်ကျုံးဟဲ့က သူမ၏ နားရွက်ကို နမ်းကာ ပြောလိုက်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “တခြားသူတွေရဲ့ စစ်တပ်ကိုတော့ ကျွန်မ အာမ မခံရဲဘူး။ ဒါပေမဲ့ ကျွန်မရဲ့ လက်အောက်ခံ သိုင်းသမား နှစ်သောင်းကတော့ ကျွန်မရဲ့ စကားကို နားထောင်မှာပါ။ ကျွန်မတို့ တတိယ ကိုလိုနီ နယ်မြေမှာ ဆက်ပြီး တပ်စွဲထားမယ်။ သူတို့ကို ပြုပြင်ပြောင်းလဲဖို့ ရှင် နည်းလမ်း ရှာပြီး သစ္စာရှိအောင် သင်ပေးပါ။ ရှင် ကျွန်မကို ဦးနှောက်ဆေးခဲ့သလို သူတို့ကိုလည်း ဦးနှောက်ဆေးလိုက်။”
“စကားကို အဲဒီလောက် အရုပ်ဆိုးအောင် မပြောပါနဲ့ မိန်းမရယ်…” ယွင်ကျုံးဟဲ့က သူမ ကိုယ်ပေါ်ရှိ အသားများသော နေရာကို တစ်ချက် ရိုက်လိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင် ကျွန်မကို တကယ် ရန်စချင်တာလား။ ရှင့်မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးလို့လား။”
ယွင်ကျုံးဟဲ့ အမြန် လက်မြှောက်ကာ အရှုံးပေးလိုက်တော့၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒီဟေးယန် အင်ပါယာကိုတော့ ကျွန်မတို့ ဂရုမစိုက်တော့ဘူး၊ ဂရုစိုက်လို့လည်း မရဘူးလေ။ သူတို့ ဘုရင်ရာထူးကို လုချင်ရင် လုကြပါစေ။ ပြီးတော့ သူတို့ ဒီလို သတ်ဖြတ်နေတဲ့ အမြန်နှုန်းနဲ့ဆိုရင် နှစ်အနည်းငယ် အတွင်းမှာတင် အချင်းချင်း သတ်ဖြတ်လို့ ကုန်သွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်းက ဟေးယန် အင်ပါယာအပေါ် အကြွေးတင်နေတယ်လို့ ထင်နေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် ရက်စက်သွားရတာလဲ။”
ကျင်းကျုံးယွဲ့က ဖြေသည်။ “ပထမဆုံး အနေနဲ့ ကျွန်မတို့ကို ကယ်တင်ခဲ့တဲ့သူက အနက်ရောင်နဂါးဘုရင်ပဲ။ ဒုတိယ အနေနဲ့ အခု ရှင်က အနက်ရောင်နဂါးဘုရင်သစ် ဖြစ်နေပြီ။ ရှင်ကမှ ဟေးယန် အင်ပါယာကို ကိုယ်စားပြုတာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်း ပြောတာ အရမ်း အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့... မိန်းမတွေရဲ့ အမြင် ကျဉ်းမြောင်းမှုတွေချည်းပဲ။”
ကျင်းကျုံးယွဲ့ ဒေါသထွက်သွားပြီး သူ၏ လည်ပင်းကို တစ်ချက် ကိုက်လိုက်သည်။
“ရှင် ပိုငယ်ရွယ်လာတယ်၊ ပိုချောမောလာတယ်၊ လူနဲ့တောင် သိပ်မတူတော့ဘူး။”
ရုတ်တရက် ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါပေမဲ့ စွမ်းရည်ကတော့ သာမန်ပါပဲ။”
ယွင်ကျုံးဟဲ့ မတတ်သာဘဲ အမှန်တရားကို ပြောလိုက်မိတော့သည်။ “ငါ သာမန် ဖြစ်နေတာ မဟုတ်ဘူး။ မင်းက အရမ်း စွမ်းနေတာ။”
သို့ပေမည့် ပြန်ရောက်လာပြီးနောက် သူ့တွင် ကြီးမားသော အပြောင်းအလဲများ ရှိနေကြောင်းကို သူကိုယ်တိုင်လည်း သတိထားမိ၏။
ဤအပြောင်းအလဲသည် စိတ်ပိုင်းဆိုင်ရာမှ လာခြင်းဖြစ်ပြီး ခန္ဓာကိုယ် အရေပြားများမှာလည်း တကယ်ကို ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည်။
မူလက ယွင်ကျုံးဟဲ့သည် အလွန် ချောမောသူ ဖြစ်သော်လည်း ယခုအခါတွင်မူ တကယ်ကို အစစ်အမှန် မဟုတ်သကဲ့သို့ ချောမောနေပြီး ပန်းပုထုထားသကဲ့သို့ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို မင်း ပိုသဘောကျသွားလား၊ ဒါမှမဟုတ် သဘောမကျဘူးလား။”
ကျင်းကျုံးယွဲ့က ဖြေ၏။ “ပိုသဘောကျသွားတာပေါ့။ ကျွန်မတို့ အရှေ့ဘက်လောကကို ပြန်ဖို့ ဘယ်လောက် လိုသေးလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အချိန် နည်းနည်း လိုအုံးမယ် ထင်တယ်။”
ကျင်းကျုံးယွဲ့က တောင်းဆိုလိုက်၏။ “ဒါဆို ကျွန်မတို့ ကလေး နောက်တစ်ယောက် ထပ်မွေးကြရအောင်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်းက တစ်ယောက်တည်း မွေးလာမယ်ဆိုတာ သေချာလို့လား။ မွေးလာရင် အမြွှာ နှစ်ယောက် ထပ်ဖြစ်နေအုံးမယ်။”
ကျင်းကျုံးယွဲ့က ဖြေ၏။ “ဒါဆိုလည်း နှစ်ယောက်ပေါ့။”
“ကောင်းပြီ။”
နောက်ထပ် အချိန်အတော်ကြာ ကုန်လွန်သွားပြန်သည်။
ယွင်ကျုံးဟဲ့ ဆက်လက်၍ ကျင်းကျုံးယွဲ့နှင့် ကိစ္စရပ်များကို ဆွေးနွေးခဲ့၏။
“အနက်ရောင်နဂါးဘုရင်က ဟေးယန် အင်ပါယာကို ကျုပ်ဆီ အပ်ခဲ့တာဆိုတော့ ကျုပ် စိတ်ပျက်အောင် လုပ်လို့ မရဘူးလေ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှင့်မှာ သိုင်းပညာ မရှိဘူး၊ အနက်ရောင်နဂါးဘုရင်လို သိုင်းပညာမျိုးလည်း မရှိဘူး။ ဒီလူတွေကို ရှင် ဘယ်တော့မှ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ရှင် ဒီရွှံ့နွံထဲမှာ လုံးဝ နစ်မွန်းသွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဟေးယန် အင်ပါယာက လူတွေက အင်အားကို ကြောက်ရွံ့ လေးစားကြတယ်။ သိုင်းပညာမှ အင်အား မဟုတ်ဘူး၊ သေနတ်နဲ့ အမြောက်တွေကလည်း အင်အားပဲ။ သူတို့ အရှုံးမပေးရင် သူတို့ အရှုံးပေးတဲ့အထိ ငါ တိုက်မယ်။
အခု ငါက အနက်ရောင်နဂါးဘုရင်သစ် ဖြစ်နေပြီဆိုတော့ တရားမျှတမှုကို ကိုင်စွဲထားပြီးသား ဖြစ်နေပြီ။ ဒါဆို ငါ့ကို ဆန့်ကျင်ချင်တဲ့သူတွေဟာ ပုန်ကန်သူတွေပဲ။ ငါက စစ်တပ်ကို စေလွှတ်ပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ အခွင့်အာဏာ အပြည့်အဝ ရှိတယ်။
တာ့ယန် အင်ပါယာသစ်ရဲ့ သေနတ်၊ အမြောက် တပ်တွေက တပ်ဆင်ပြီးသွားပြီ ဆိုပေမယ့် တကယ့် လက်တွေ့ စစ်ပွဲကို မဖြတ်သန်းရသေးဘူးလေ။ ဒါဆိုရင် ဟေးယန် အင်ပါယာက အကောင်းဆုံး လေ့ကျင့်ရေးကွင်းပဲ။ ပြီးတော့ အဲဒီက တာရှန်း မိစ္ဆာနိုင်ငံနဲ့ အရမ်း တူတယ်။ ပုန်ကန်မှုကို နှိမ်နင်းတဲ့ စစ်ပွဲအတွင်းမှာ တာရှန်း မိစ္ဆာနိုင်ငံကို ဘယ်လို တိုက်ရမလဲ ဆိုတာကို လေ့ကျင့်လို့ ရတာပေါ့။ “
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် ကြည့်နေပြီးနောက် ပြောလိုက်၏။ “ရှင် အရမ်း အဆိပ်ပြင်းတာပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မင်း မကြိုက်ဘူးလား။”
ကျင်းကျုံးယွဲ့က ဖြေ၏။ “ကြိုက်တာပေါ့။ “
ယွင်ကျုံးဟဲ့ အမြန် လက်မြှောက်ကာ အရှုံးပေးလိုက်ပြီး ပြောလိုက်သည်။ “မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်နဲ့... လမင်း... ငါ တကယ် မခံနိုင်တော့ဘူး။”
နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် ကျင်းချွဲ၊ ကျင်းဟူ၊ လန်ပိ၊ ကျင်းဝူပင်း၊ ချူကျောင်းရန် စသည့် လူတစ်ထောင်ကျော်ကို ခေါ်ဆောင်ကာ ဟေးယန် အင်ပါယာမှ ထွက်ခွာခဲ့ပြီး စစ်သင်္ဘော စီးကာ တတိယ ကိုလိုနီ နယ်မြေသို့ ပြန်လည် ရောက်ရှိလာပြီး သူတို့ကို သေချာစွာ နေရာချထားပေးခဲ့၏။
ကျင်းကျုံးယွဲ့က ဟေးယန်အင်ပါယာမြို့တော်တွင် ကျန်ရစ်ခဲ့ပြီး ဘုရင်အာဏာကို ခိုင်မာအောင် လုပ်ဆောင်၏။ သေချာပေါက် သူမ၏ ခိုင်မာအောင် လုပ်ဆောင်မှုမှာလည်း အလွန် ရိုးရှင်းသည်။ ထိုအရာမှာ သတ်ဖြတ်ခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဟေးယန် အင်ပါယာမှ အင်အားအကြီးဆုံး လူများကို အနက်ရောင်နဂါးဘုရင်က သတ်ပစ်ခဲ့ပြီ ဖြစ်ရာ လက်ရှိတွင် ကျင်းကျုံးယွဲ့က အင်အားအကြီးဆုံး ဖြစ်နေလောက်ပြီ ဖြစ်၏။
တာ့ယန် အင်ပါယာသစ်၏ လေသင်္ဘောသည်လည်း တတိယ ကိုလိုနီ နယ်မြေ၏ နေရာတစ်ခုတွင် ကျီးယန်၏ အသက်ရှင် ကျန်ရစ်သော စတုတ္ထ တပ်တော်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။
ယွင်ကျုံးဟဲ့၏ အမိန့်အရ ကျီးယန်၏ အသက်ရှင် ကျန်ရစ်သော စတုတ္ထ တပ်တော် အားလုံးသည် တတိယ ကိုလိုနီ နယ်မြေမှ ဆုတ်ခွာကာ အင်ပါယာသို့ ပြန်လည် ရောက်ရှိပြီး စစ်ရေး စနစ်သစ် သင်တန်းကို တက်ရောက်ကြ၏။
ထို့နောက် ယွင်ကျုံးဟဲ့ အင်ပါယာသို့ ပြန်လည် ရောက်ရှိလာ၏။ တစ်ခါမှ မရှိဖူးသော ကြိုဆို အားပေးမှုများကို ခံရပြီး လူသိန်းချီက လာရောက် ကြိုဆိုကြသည်။
ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့သည် နှစ်လနီးပါး ထွက်ခွာသွားခဲ့ပြီး သူ တစ်ယောက်တည်း၏ စွမ်းအားဖြင့် တာ့ယန် အင်ပါယာသစ်၏ အကျပ်အတည်း တစ်ခုကို လုံးဝ ဖြေရှင်းနိုင်ခဲ့၏။
တစ်ယောက်တည်း ဟေးယန် အင်ပါယာသို့ သွားရောက်ခဲ့ခြင်းသည် မည်မျှ ရဲရင့်သနည်း။ ဟေးယန် အင်ပါယာ၏ ဘုရင်သစ် ဖြစ်လာခြင်းသည် မည်မျှ ကြီးကျယ်ခမ်းနားသနည်း။ မည်မျှ ကြီးကျယ်သော အောင်ပွဲ ဖြစ်သနည်း။
ထိုနေ့ညတွင် တာ့ယန် အင်ပါယာသစ်၌ ခမ်းနားသော ညစာစားပွဲ တစ်ခုကို ကျင်းပခဲ့သည်။ တောက်ပသော မီးရှူးမီးပန်းများက ညကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေ၏။
ကျင်းကျုံးယွဲ့သည် ညစာစားပွဲသို့ မတက်ရောက်ခဲ့သော်လည်း လန်ပိ၊ ချူကျောင်းရန်၊ ကျင်းချွဲ နှင့် ကျင်းဟူ တို့ တက်ရောက်ခဲ့ကြသည်။
အင်ပါယာ၏ တာရှန်း မိစ္ဆာနိုင်ငံ သွေးကြောဆိုင်ရာ ဥပဒေသည် အပြီးသတ် ပြင်ဆင်မှု မပြုလုပ်ရသေးပေ။ ထို့ကြောင့် ကျင်းချွဲ နှင့် ကျင်းဟူ တို့သည် တစ်ယောက်တည်း လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ ယွင်ကျုံးဟဲ့၏ အနားတွင်သာ နေထိုင်ရ၏။
ထို့အပြင် ဤညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ဤကလေး နှစ်ယောက်သည် တတိယ ကိုလိုနီ နယ်မြေသို့ ပြန်သွားရဦးမှာဖြစ်သည်။
တာ့ယန် အင်ပါယာသစ်သို့ ဝင်ရောက်လာပြီးနောက် ကလေး နှစ်ယောက် လုံးဝ အံ့ဩမှင်တက်သွားကြ၏။
‘အရမ်း လှပပြီး၊ အရမ်း အံ့ဩစရာ ကောင်းလွန်းတယ်။ ဒီလောကမှာ ဒီလောက် လှပတဲ့ နိုင်ငံ၊ ဒီလောက် အေးချမ်းတဲ့ နိုင်ငံ ရှိသေးတာလား။ ဟေးယန် အင်ပါယာနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီနေရာက တကယ့်ကို နတ်ပြည်ပဲ။’
လန်ပိ၊ ချူကျောင်းရန် တို့သည် ဇိမ်ခံ မြင်းလှည်းပေါ်တွင် ထိုင်နေရင်း မျက်စိဖြင့် လိုက်ကြည့်၍ပင် မမီအောင် ဖြစ်နေကြသည်။
ညစာစားပွဲတွင် ယွင်ကျုံးဟဲ့သည် သမီးလေး အထီးကျန်နေမည်ကို စိုးရိမ်သောကြောင့် သူမနှင့်အတူ အမြဲတမ်း ကခုန်နေခဲ့၏။
ကျင်းဟူ သည် ရှက်ရွံ့တတ်သောကြောင့် ဘေးတွင်သာ ထိုင်နေသော်လည်း အကြည့်များတွင် စပ်စုချင်စိတ်များ ပြည့်နှက်နေပြီး အရပ်လေးမျက်နှာကို လိုက်ကြည့်ကာ အရသာရှိသော သစ်သီးဖျော်ရည်ကို သတိထား၍ သောက်နေသည်။
“ချောမောတဲ့ လူငယ်လေး... မင်းနဲ့အတူ အက ကလို့ ရမလား။” တူရှားက မေးလိုက်၏။
ကျင်းဟူက မျက်နှာနီရဲစွာဖြင့် ဖြေလိုက်သည်။ “ကျုပ်... ကျုပ် မကတတ်ဘူး။”
“ကိစ္စ မရှိပါဘူး။ အဒေါ် သင်ပေးမယ်။” တူရှားက ပြောလိုက်၏။
ထို့နောက် တူရှားက ကျင်းဟူကို ခေါ်ဆောင်ကာ ပေါ့ပါးစွာ ကခုန်လေတော့သည်။
“မင်း နာမည် ကျင်းဟူ လား။” တူရှားက မေးလိုက်၏။
“အင်း…”
တူရှားက ထပ်မေးသည်။ “မင်းမှာ ယွင်ယောင် ဆိုတဲ့ အစ်ကို တစ်ယောက်လည်း ရှိသေးတယ်။”
“အင်း…”
တူရှားက လေးနက်သည့် အသံဖြင့် မေးလိုက်၏။ “ဒါဆို အဒေါ်က မင်းအတွက် ညီလေး ဒါမှမဟုတ် ညီမလေး တစ်ယောက် ထပ်မွေးပေးရင်ကော ကောင်းမလား။”
ကျင်းဟူက တိုးညှင်းသည့် အသံဖြင့် ဖြေလိုက်သည်။ “ကျုပ် မသိဘူး။”
တူရှားက ပြောလိုက်၏။ “မင်း စိတ်ချပါ။ အဒေါ်က အင်ပါယာရဲ့ ဥပဒေတွေကို ပြုပြင်ဖို့ အစွမ်းကုန် ကြိုးစားပြီး မင်းနဲ့ မင်းအစ်မ မြို့တော်မှာ နေခွင့်ရဖို့၊ မင်းအဖေ အနားမှာ နေခွင့်ရဖို့ လုပ်ပေးမှာပါ။ အနာဂတ်မှာ အင်ပါယာရဲ့ အားထားရတဲ့ သူတွေ ဖြစ်လာအောင်ပေါ့။”
……………