အခန်း (၈၃၁-၈၃၂)
Vol. 70 Ch. 831-832
အပိုင်း (၈၃၁)
ကျင်းချွဲသည် အလွန် ပျော်ရွှင်စွာ ကခုန်ပြီးနောက် ဆိုဖာပေါ်တွင် ပျော်ရွှင်စွာ ထိုင်ကာ ချိုမြိန်သော သစ်သီးများကို စားနေသည်။
“အဖေ... သမီး အရက်သောက်လို့ ရမလား။” ကောင်မလေးက မေးလိုက်၏။
“မရဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နောက်ထပ် သုံးနှစ်နေမှ သောက်လို့ ရမယ်။”
“ကောင်းပြီလေ။” ကျင်းချွဲက ဖြေလိုက်၏။
ခဏအကြာတွင် သပ်ရပ်စွာ ဝတ်ဆင်ထားသော သက်ကြီးရွယ်အို တစ်ဦး ရှေ့တိုးလာပြီး မေးလိုက်သည်။ “လှပတဲ့ မင်းသမီးလေး... မင်းနဲ့အတူ အက ကလို့ ရမလား။”
ထိုသူမှာ ကျီးကျန်း ဖြစ်နေ၏။
“အရမ်း ဂုဏ်ယူမိပါတယ် အမတ်ကြီး...” ကျင်းချွဲ သည် ထပ်မံ၍ ပျော်ရွှင်စွာဖြင့် ကကွင်းထဲသို့ ဝင်ရောက်သွားပြန်သည်။
“အရှင်...” ရဲရင့် ခန့်ညားသော အမျိုးသမီး တစ်ဦး ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်ရှိလာသည်။ သူမသည် ကျီးယန် ဖြစ်ပြီး အင်ပါယာ၏ အင်အားအကြီးဆုံး တပ်မှူး၊ ယခင်က အနာဂတ် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူ ဖြစ်၏။
ယွင်ကျုံးဟဲ့ နောက်ဆုံးတော့ သူမကို တွေ့မြင်ရပြီ ဖြစ်သည်။ တကယ်ကို ရဲရင့်ပြီး ခန့်ညားလှသည်။ အရပ် တစ်ဒသမရှစ်မီတာကျော် ရှိပြီး ဆံပင်တိုတိုနှင့် အလွန် ထူးခြားသော ဆွဲဆောင်မှု ရှိသည်။
သို့ပေမည့် ယခုအခါ သူမ၏ အကြည့်များက အနည်းငယ် မှေးမှိန်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ စစ်ရှုံးခဲ့သောကြောင့်ပင်။
ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ သူမနှင့်အတူ ကခုန်လိုက်သည်။ ယွင်ကျုံးဟဲ့ သူမကို မနှစ်သိမ့်ပေးခဲ့ပေ။ အင်အားကြီးသူများသည် နှစ်သိမ့်မှု မလိုအပ်ပေ။
“ဘယ်အချိန် တော်ဝင် စစ်တက္ကသိုလ် သင်တန်းကို ဝင်မလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
ကျီးယန်က ဖြေလိုက်၏။ “သန်ဘက်ခါပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ခင်ဗျားက ဉာဏ်ကောင်းပြီး ပြင်းထန်တဲ့ စိတ်ဓာတ် ရှိတယ်။ အင်ပါယာရဲ့ အထူးချွန်ဆုံး စစ်သေနာပတိ သေချာပေါက် ဖြစ်လာမှာပါ။”
ကျီးယန်က ပြောလိုက်၏။ “အရှင်... အရမ်း တောင်းပန်ပါတယ်။ ကျွန်မ စစ်ရှုံးခဲ့ပြီး တတိယ ကိုလိုနီနယ်မြေကို ဆုံးရှုံးခဲ့ရလို့ အရှင် ကိုယ်တိုင် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။”
ယွင်ကျုံးဟဲ့က ပြုံးရုံသာ ပြုံးပြလိုက်သည်။
ကျီးယန်က ရုတ်တရက် ပြောလိုက်၏။ “ကျွန်မ အရှင့်ရဲ့ ဇနီး ကျင်းကျုံးယွဲ့နဲ့ အနီးကပ် တွေ့ဆုံခဲ့ဖူးပါတယ်။ တကယ်တော့ သူ ကျွန်မကို သတ်လို့ ရပေမယ့် လွှတ်ပေးခဲ့တာပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒီကိစ္စကိုတော့ သူ ပြောတာ ကျုပ် မကြားဖူးသေးဘူး။”
ကျီးယန်က တောင်းဆိုလိုက်၏။ “အရှင်... ကိစ္စတစ်ခု အရှင့်ရဲ့ သဘောတူညီချက်ကို တောင်းခံချင်ပါတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ပြောပါ။”
ကျီးယန်က ပြောလိုက်၏။ “အင်ပါယာက စစ်ရေး စနစ်သစ် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေပါတယ်။ တစ်ကိုယ်ရည် သိုင်းပညာခေတ်က ပြန်မလာနိုင်တော့ဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်ပိုင် အမြင်ကတော့ သိုင်းပညာဟာ အဓိက လမ်းကြောင်း မဟုတ်ပေမယ့် စွန့်လွှတ်လိုက်ဖို့ မသင့်ပါဘူး။
စစ်ရေး စနစ်သစ်က အဆုံးစွန်မှာ ကိရိယာတွေကိုပဲ အားကိုးရတာပါ။ ဒါပေမဲ့ ကိုယ်ပိုင် အင်အားကြီးမားမှု ကလည်း အရမ်း အရေးကြီးပါတယ်။ အနည်းဆုံး လူနည်းစုလောက်ကတော့ သိုင်းပညာဘက်ကို ဆက်လက် စူးစမ်းလေ့လာသင့်ပါတယ်။
အဲဒါကြောင့် တော်ဝင် စစ်တက္ကသိုလ် သင်တန်း ပြီးဆုံးသွားရင် ကျွန်မ ဟေးယန် အင်ပါယာရဲ့ အနက်ရောင်နဂါး မျှော်စင်ကို သွားပြီး လေ့ကျင့်ချင်ပါတယ်။ သိုင်းပညာဘက်ကို ဆက်လက် စူးစမ်းလေ့လာချင်ပါတယ်။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။
ကျီးယန်က ပြောလိုက်၏။ “အရှင်... အခုချက်ချင်း အဖြေပေးစရာ မလိုပါဘူး။ ကျွန်မ အစီရင်ခံစာ ရေးပြီး တင်ပြပါ့မယ်။ အရှင် စဉ်းစားပြီးမှ အဖြေ ပြန်ပေးပါ။”
“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ဖြေသည်။
“ဖေဖေ...”
ကလေး နှစ်ယောက်က ချစ်စရာ အသံလေးများဖြင့် ခေါ်ကာ သူ၏ နှာခေါင်းကို စပ်စုလိုစိတ်ဖြင့် ညှစ်နေကြ၏။
နှစ်လကြာ မတွေ့ရပြီးနောက် ကလေး နှစ်ယောက်သည် အစပိုင်းတွင် သူ့ကို မမှတ်မိတော့သော်လည်း ခဏမျှ ဆော့ကစားပြီးနောက် ချက်ချင်း ရင်းနှီးသွားကြသည်။
သူတို့၏ မိခင် ကျီးချင့် သည် သုတေသနဌာန အတွင်းတွင် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပြီး ဤကလေး နှစ်ယောက်ကို အမြဲတမ်း တူရှား ကသာ ပြုစုစောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။ ကျီးချင့် သည် မိခင်နို့ တိုက်ကျွေးရုံသာ တာဝန်ယူပြီး နို့ဘူးထဲသို့ အရင် ညှစ်ထည့်ပေးထားခြင်း ဖြစ်၏။
ကျင်းချွဲ နှင့် ကျင်းဟူ တို့သည် ကလေး တစ်ယောက်စီကို ပွေ့ချီကာ အုပ်ချုပ်ရေး နန်းတော်၏ အမြင့်ဆုံး နေရာတွင် ရပ်၍ မြို့တော် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေကြသည်။
“ကလေးတွေ အေးနေမလား။” သားဖြစ်သူ ကျင်းဟူက မေးလိုက်၏။
“မအေးပါဘူး။ ဒီကလေး နှစ်ယောက်စလုံးက အရမ်း ကျန်းမာကြပါတယ်။” ယွင်ကျုံးဟဲ့က ဖြေသည်။
လေအေးများ တိုက်ခတ်လာချိန်မှာတော့ ကလေး နှစ်ယောက်က အလွန် စိတ်လှုပ်ရှားစွာဖြင့် အော်နေကြသည်။ ယခုအခါ မြို့တော်၏ မီးရှူးမီးပန်းများက ဆက်လက် လင်းထိန်နေဆဲဖြစ်ပြီး မီးရောင်များက လင်းလက် တောက်ပကာ အလွန် လှပနေ၏။
“အဖေ... ဒီမြို့ကြီးက အရမ်း လှတာပဲ။ ကောင်းကင်ပေါ်က ကြယ်တာရာ မြစ်ကြီးလိုပဲ။” သမီးလေး ကျင်းချွဲက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ သူက အရမ်း လှတယ်။ အဲဒါကြောင့် ငါတို့ အတူတကွ ကာကွယ်ရမယ်။”
“အဖေ... ဟိုအိမ်ကြီးက ဘာလို့ အဲဒီလောက် မြင့်ရတာလဲ။” ကျင်းချွဲက ထပ်မေးသည်။
ထိုအရာမှာ အသစ် တည်ဆောက်ထားသော အဆောက်အအုံကြီး ဖြစ်ပြီး သံမဏိနှင့် ကွန်ကရစ်များဖြင့် တည်ဆောက်ထားကာ အထပ် ဆယ်ဂဏန်းခန့် ရှိပြီး မြို့တော်၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အဲဒါက အင်ပါယာ သုတေသန ဌာနပဲ။”
ကျင်းချွဲက ပြော၏။ “ဒါပေမဲ့ သူက တာ့ယန် နန်းတော်နဲ့ အုပ်ချုပ်ရေး နန်းတော်ထက်တောင် ပိုမြင့်နေပြီလေ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “အင်ပါယာသစ်မှာ ဒီလို အယူသီးမှုတွေ မရှိသင့်ဘူး။ နန်းတော်ထက် ပိုမြင့်လို့ မရဘူး ဆိုတာက နောက်ကျပြီး ယိုယွင်းနေတဲ့ အတွေးအခေါ် တစ်ခုပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ချွဲအာ... နောက်ပိုင်း သမီးတို့ ဘာလုပ်ချင်လဲ။”
ကျင်းချွဲက ဖြေသည်။ “သမီး သိုင်းပညာ လေ့ကျင့်မယ်။ စစ်သည် လုပ်မယ်။”
ကျင်းဟူက ဖြေ၏။ “ကျုပ် ရူပဗေဒပညာကို သင်ယူမယ်။ ပြီးတော့ ဟေးယန် ယဇ်ပုရောဟိတ်ပညာရဲ့ တွေးခေါ်မှုတွေကိုပါ ပေါင်းစပ်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အင်ပါယာက တာရှန်း မိစ္ဆာနိုင်ငံ သွေးကြောနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို မပြင်ဆင်ရသေးတဲ့အတွက် အဖေက သမီးတို့ကို အင်ပါယာ စာသင်ကျောင်းတွေမှာ ပညာသင်ဖို့ မလုပ်ပေးနိုင်သေးဘူး။ အဲဒါကြောင့် အဖေက ဆရာ တချို့ကို ငှားပြီး တတိယ ကိုလိုနီ နယ်မြေမှာ သမီးတို့ကို သင်ပေးခိုင်းမယ်။ သမီးတို့ အဖေ့ကို အပြစ်တင်မလား။”
ကျင်းချွဲက ခေါင်းယမ်းကာ ဖြေလိုက်၏။ “မတင်ပါဘူး။ အဖေ့အတွက် သမီး ဂုဏ်ယူပါတယ်။ ဟေးယန် အင်ပါယာ ဘက်မှာ ပြတ်သားတဲ့ သတ်ဖြတ်မှုတွေ၊ လူ့အသက်ကို အချိန်မရွေး နှုတ်ယူတာတွေကို သမီး အများကြီး မြင်ခဲ့ရပါတယ်။ အဖေက အာဏာရှင် ဘုရင် ဖြစ်ပေမယ့် ကိုယ်တိုင် စံပြ အဖြစ် နေထိုင်တာကို သမီး ဂုဏ်ယူပါတယ်။
ပြီးတော့ တာရှန်း မိစ္ဆာနိုင်ငံ သွေးကြောနဲ့ ပတ်သက်တဲ့ အင်ပါယာရဲ့ ဥပဒေက အရမ်း အရေးကြီးတယ် ဆိုတာကို သမီး သိပါတယ်။ ဘာလို့လဲဆိုတော့ တာရှန်း မိစ္ဆာနိုင်ငံက ကျွန်မတို့ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လို့ပါ။ အဲဒါကြောင့် အဖေက တတိယ ကိုလိုနီ နယ်မြေမှာ အရင် စမ်းသပ်မှုတွေ လုပ်ပြီး အခြေခံ ဥပဒေ အဖြစ် တဖြည်းဖြည်း ပြောင်းလဲကာ တဖြည်းဖြည်း မြှင့်တင်ချင်နေတာ မလား။”
ယွင်ကျုံးဟဲ့ သူမ၏ ခေါင်းလေးကို မပွတ်သပ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ပြောလိုက်သည်။ “သမီးလေး... သမီးက ဘာလို့ ဒီလောက်တောင် ဉာဏ်ကောင်းနေရတာလဲ။ သမီးအမေထက် အများကြီး ပိုဉာဏ်ကောင်းတယ်။”
ကျင်းချွဲက မေးလိုက်၏။ “အဖေ... အဖေက ဘာလို့ ဉာဏ်ကောင်းတဲ့သူ တစ်ယောက်နဲ့ မယှဉ်ဘဲ သမီးကို အမေနဲ့ လာယှဉ်နေရတာလဲ။”
‘သမီးလေး... သမီးအမေကို ဒီလို ပြောနေတာ သူမ သိရဲ့လား။’
ရက်အနည်းငယ် အကြာတွင် ယွင်ကျုံးဟဲ့သည် တတိယ ကိုလိုနီ နယ်မြေသို့ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ကျင်းကျုံးယွဲ့ သည် တတိယ ကိုလိုနီ နယ်မြေသို့ ပြန်ရောက်နေပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပဲ အင်ပါယာ၏ စစ်သည်သစ်များသည် တတိယ ကိုလိုနီ နယ်မြေ၏ အခြား နေရာ တစ်ခုတွင် တပ်စွဲထားသည်။
ကျင်းကျုံးယွဲ့ သည် ယခင် အနက်ရောင်နဂါးဘုရင်၏ အမိန့်ကို လူသိရှင်ကြား ကြေညာခဲ့ပြီး အနက်ရောင်နဂါး အမိန့်ပေး ကတ်ပြားကို ပြသကာ ယွင်ကျုံးဟဲ့သည် ဟေးယန် အင်ပါယာ၏ ဧကရာဇ်သစ် ဖြစ်ကြောင်း ကြေညာခဲ့၏။
ချက်ချင်းပဲ ကျင်းကျုံးယွဲ့ ခေါ်ဆောင်လာသော ဟေးယန် သိုင်းသမား စစ်တပ် နှစ်ခုတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။
နောက်တစ်နေ့တွင်...
ဟေးယန် သိုင်းသမား အချို့ ပုန်ကန်မှု ပြုလုပ်ခဲ့ပြီး ယွင်ကျုံးဟဲ့ကို အနက်ရောင်နဂါးဘုရင်သစ် အဖြစ် အသိအမှတ် မပြုကြောင်း ကြေညာခဲ့ကြ၏။
ထိုအချိန်တွင် စိတ်ထဲ၌ အတားအဆီး မရှိတော့သော ကျင်းကျုံးယွဲ့သည် အလွန် ရဲရင့်လာပြီး လက်နက် အင်အားဖြင့် တိုက်ရိုက် နှိမ်နင်းကာ ပုန်ကန်သော အနက်ရောင်နဂါး သိုင်းသမားများကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့သည်။
ရက်အနည်းငယ် အကြာတွင်...
နောက်ထပ် ဟေးယန် သိုင်းသမား တစ်ဖွဲ့ ထပ်မံ ပုန်ကန်ပြီး ဟုန်ရီမြို့မှ ထွက်ပြေးသွားကာ ဟုန်ရီ တိုင်းရင်းသား စစ်သည် တစ်သိန်းကျော်ကို ခေါ်ဆောင်၍ ပုန်ကန်ကြ၏။
အင်ပါယာ စစ်သည်သစ်များ ထွက်ခွာလာပြီး သေနတ်များ၊ အမြောက်များကို အသုံးပြုကာ ရက်အနည်းငယ် အတွင်းမှာပဲ ပုန်ကန်သူ စစ်သည်များကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့သည်။
ဤတိုက်ပွဲသည် ဟေးယန် သိုင်းသမားများကို တစ်ခါမှ မရှိဖူးလောက်အောင် တုန်လှုပ်သွားစေခဲ့၏။
ထို့နောက် ယွင်ကျုံးဟဲ့သည် ဟေးယန် အင်ပါယာနှင့် တာ့ယန် အင်ပါယာသစ်တို့ တရားဝင် မဟာမိတ် ဖွဲ့ကြောင်း ကြေညာခဲ့ပြီး တတိယ ကိုလိုနီ နယ်မြေကို အတူတကွ ကာကွယ် စောင့်ရှောက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
နောက်ဆက်တွဲ အနေဖြင့် ကြီးကျယ်ခမ်းနားသော ရှင်းလင်းရေး စစ်ဆင်ရေးကြီးများ စတင်တော့သည်။ စစ်တပ် နှစ်ခုသည် တတိယ ကိုလိုနီ နယ်မြေရှိ တိုင်းရင်းသား သူပုန်များကို ဖျက်ဆီးရေး အဆင့် ထိုးနှက်မှုများ ပြုလုပ်ခဲ့ကြ၏။
ထို့နောက် တတိယ ကိုလိုနီ နယ်မြေနှင့် တာ့ယန် အင်ပါယာသစ်တို့ ရေကြောင်း ဆက်သွယ်မှုများ ပြန်လည် စတင်ခဲ့ပြီး အဆက်အသွယ်များ ပြန်လည် ရရှိလာခဲ့သည်။
တတိယ ကိုလိုနီ နယ်မြေသည် ကုန်ထုတ်လုပ်မှုများကို အပြည့်အဝ ပြန်လည် စတင်ခဲ့ပြီး အင်ပါယာအတွက် မျိုးစုံသော ပစ္စည်းများကို ထောက်ပံ့ပေးနေကာ တစ်ချိန်တည်းမှာပဲ အသစ်စက်စက် မြို့တော်သစ်များလည်း စတင် ပေါ်ထွက်လာ၏။
လအနည်းငယ် အကြာတွင်..
ဟေးယန် အင်ပါယာ၏ စစ်သူကြီး တစ်ဦးသည် အနက်ရောင်နဂါး မျှော်စင်မှ အောင်မြင်စွာ လေ့ကျင့်ပြီး ထွက်လာကာ ပုန်ကန်မှုကို စတင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဟေးယန် အင်ပါယာ ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့သည်။
ထို့အပြင် ကျင်းကျုံးယွဲ့ကို ဟေးယန် အင်ပါယာ၏ သစ္စာဖောက် အဖြစ် ကြေညာခဲ့ပြီး ယွင်ကျုံးဟဲ့ကိုလည်း ဧကရာဇ် အတုအယောင်အဖြစ် ကြေညာကာ တာ့ယန် အင်ပါယာသစ်နှင့် အပြည့်အဝ စစ်ပွဲ စတင်မည်ဟု ကြေညာခဲ့၏။
သတင်းရရှိပြီးနောက် ယွင်ကျုံးဟဲ့သည် အနည်းငယ်မျှ တွေဝေမနေခဲ့ပေ။ ချင်ဝမ် ကျင်းကျုံးယွဲ့ နှင့် စစ်သူကြီး ကျီးယန် တို့ကို တိုက်ရိုက် အမိန့်ပေးကာ ပူးပေါင်း စစ်သည် ရှစ်သောင်းကို ဦးဆောင်၍ ဟေးယန် အင်ပါယာသို့ တက်ရောက်ပြီး ပုန်ကန်မှုကို နှိမ်နင်းရန် စေလွှတ်လိုက်သည်။
ဤတိုက်ပွဲကြီးသည် လအတော်ကြာအောင် ကြာမြင့်ခဲ့သည်။ ပူးပေါင်း စစ်တပ်သည် အရင်ဆုံး လဝက်ပင် မကြာသော အချိန်အတွင်း အနက်ရောင်နဂါးမြို့ကို တိုက်ရိုက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
သူပုန် သောင်းချီသည် အနက်ရောင်နဂါးမြို့မှ ထွက်ပြေးသွားပြီး ကျိန်စာတိုက်ခံထားရသော နယ်မြေသို့ ထွက်ပြေးသွားကြသည်။
ဘုရင်မ ကျင်းကျုံးယွဲ့ သည် အသစ်စက်စက် သေနတ်၊ အမြောက်များ တပ်ဆင်ထားသော ဟေးယန် သိုင်းသမား စစ်တပ်ကို ဦးဆောင်ကာ ကျိန်စာတိုက်ခံထားရသော နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး ပုန်ကန်မှုကို နှိမ်နင်းကာ လိုက်လံ သတ်ဖြတ်ခဲ့၏။
သူပုန်များသည် ကျိန်စာတိုက်ခံထားရသော နယ်မြေမှ ထပ်မံ ထွက်ပြေးသွားပြီး ရှေးဟောင်း တောအုပ်ကြီးများ အတွင်းသို့ ထွက်ပြေးသွားကြသည်။
အင်ပါယာက လေသင်္ဘောများကို စေလွှတ်ကာ ကောင်းကင်ယံမှ ထောက်လှမ်း ရှာဖွေစေခဲ့သည်။ ထို့နောက် ပူးပေါင်း စစ်သည်များ ရှေးဟောင်း တောအုပ်ကြီးများ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြ၏။
အပိုင်း (၈၃၂)
ထိုပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲကို အလွန် ပင်ပန်းစွာ တိုက်ခိုက်ခဲ့ရပြီး အသေအပျောက်များလည်း အလွန် များပြားခဲ့၏။ ပူးပေါင်း စစ်သည် ရှစ်သောင်းတွင် သုံးသောင်းခန့် အသေအပျောက် ရှိခဲ့သည်။
သို့ပေမည့် တန်ဖိုးရှိလှသည်။ ပထမဆုံး အနေဖြင့် ဟေးယန် သိုင်းသမား စစ်တပ်နှင့် အင်ပါယာ စစ်သည်သစ် တို့သည် ရန်သူဘဝမှ မိတ်ဆွေများ ဖြစ်လာကြပြီး ပူးပေါင်း လုပ်ဆောင်လာကြကာ ပေါင်းစပ်လာကြ၏။
ဒုတိယ အနေဖြင့် အင်ပါယာ၏ စစ်တပ်၊ အင်ပါယာ စစ်ရေး စနစ်သစ်သည် တကယ့် လက်တွေ့ စစ်ပွဲ လေ့ကျင့်မှု များကို ရရှိခဲ့ပြီး ဤသည်မှာ အဖိုးတန်ဆုံး အရာပင် ဖြစ်သည်။
ဤဘက်မှ ပုန်ကန်မှု မငြိမ်သက်သေးမီတွင် နောက်ထပ် ဟေးယန် အင်ပါယာ၏ စစ်သူကြီး တစ်ဦး အနက်ရောင် နဂါးမျှော်စင်မှ အောင်မြင်စွာ ထွက်ပေါ်လာပြန်ပြီး သူ၏ ယခင် လက်အောက်ခံများကို ဦးဆောင်ကာ ထပ်မံ ပုန်ကန်ပြန်၏။
ဟေးယန် အင်ပါယာတွင် စစ်မီးလျှံများ အရပ်လေးမျက်နှာတွင် ထွက်ပေါ်လာသည်။
အင်ပါယာက နောက်ထပ် လူငါးသောင်းပါသော စစ်တပ် တစ်တပ်ကို စေလွှတ်ကာ ပုန်ကန်မှုကို နှိမ်နင်းရန် စေလွှတ်လိုက်ပြီး စစ်သေနာပတိမှာ ယွင်ကျုံးဟဲ့၏ မိတ်ဆွေဟောင်း၊ ယခု အင်ပါယာ ဒုတိယ တပ်မှူးကြီး ကျီးချန် ပင် ဖြစ်၏။
“မတွေ့ရတာ ကြာပြီနော်၊ အစ်ကိုကြီး..” ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ ဖက်လိုက်သည်။
“အရှင့်ကို အရိုအသေပေးပါတယ်။” ကျီးချန်က ဒူးတစ်ဖက် ထောက်လိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကို ကျီးချန် ... ဒီတစ်ခါ ပုန်ကန်မှု နှိမ်နင်းတာက စစ်တပ် လေ့ကျင့်ဖို့ အဓိကပဲ။”
“ကောင်းပါပြီ အရှင်...”
ထို့နောက် ဒုတိယမြောက် ပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲကြီး ခမ်းနား ကြီးကျယ်စွာ ပေါက်ကွဲထွက်လာပြန်၏။
ထိုသို့ဖြင့် ဟေးယန် အင်ပါယာတွင် ပုန်ကန်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
တာ့ယန် အင်ပါယာသစ်၏ စစ်တပ်များကလည်း ဟေးယန် အင်ပါယာ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကြ၏။
အခြေခံအားဖြင့် စစ်သည်သစ်တိုင်း အလှည့်ကျ လာရောက်၍ ပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲများကို ဝင်ရောက် ဆင်နွှဲနိုင်အောင် သေချာအောင် လုပ်ဆောင်ထားသည်။
‘ချီးတဲ့မှ... ခင်ဗျားတို့က ပုန်ကန်မှု နှိမ်နင်းဖို့ လာတာလား၊ ဒါမှမဟုတ် ဘီလူးတွေကို သတ်ပြီး လယ်ဗယ် တင်ဖို့ လာတာလား။’
အရာအားလုံးက အရှေ့ဘက်ကို စစ်ချီဖို့အတွက်သာ ဖြစ်သည်။
“အရှေ့ဘက်ကို စစ်ချီမယ်၊ အရှေ့ဘက်ကို စစ်ချီမယ်။”
အချိန်များ ရေလို စီးဆင်းပြီး နေ့ရက်များ မြန်ဆန်စွာ ကုန်ဆုံးသွားကာ နှစ်နှစ်တာအချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော နှစ်နှစ်တာ ကာလသည် တာ့ယန် အင်ပါယာသစ်အတွက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သော နှစ်နှစ် ဖြစ်သည်။
အင်ပါယာ တစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ခရိုင်တိုင်းတွင် လျှပ်စစ်မီးများ ရရှိနေပြီ ဖြစ်ကာ အထပ်မြင့် အဆောက်အအုံ အများအပြားလည်း ပေါ်ထွက်လာ၏။
သေချာပေါက် အင်ပါယာ အရာရှိများသည် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် အလွန် စိတ်အားထက်သန်ကြသော်လည်း ယွင်ကျုံးဟဲ့ကမူ အတော်လေး ထိန်းချုပ်ထားသည်။
သူ၏ ယေဘုယျ သဘောထားမှာ ပထမ၊ ဒုတိယ၊ တတိယ ကိုလိုနီ နယ်မြေများတွင် အထပ်မြင့် အဆောက်အအုံ အများအပြားကို တည်ဆောက်နိုင်သော်လည်း အင်ပါယာ ပြည်တွင်းတွင်မူ မြို့များ၏ မူလ အသွင်အပြင်ကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ အတွင်းရှိ ထိုကျောက်တုံး အဆောက်အအုံများသည် တကယ်ကို လှပပြီး ရှေးဟောင်းဆန်ကာ အများစုမှာ နှစ်ပေါင်း ရာချီ သမိုင်းကြောင်း ရှိနေပြီဖြစ်ပြီး နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော အဆောက်အအုံများပင် ရှိနေသေးသည်။
အလွန်ဆုံး အိမ်များ၏ အတွင်းပိုင်းကိုသာ ပြုပြင်မွမ်းမံပြီး အလှဆင်ရန်သာ လိုအပ်၏။
အကယ်၍ လှပသော ရှေးဟောင်း အဆောက်အအုံများ အားလုံးကို ဖြိုဖျက်ပြီး အထပ်မြင့် အဆောက်အအုံများချည်း တည်ဆောက်လိုက်ပါက နောင်လာနောက်သားများက ကျိန်ဆဲကြမှာဖြစ်သည်။
ထို့အပြင် အင်ပါယာ အတွင်းရှိ အိမ်များသည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသောကြောင့် ခိုင်ခံ့ပြီး နွေးထွေးကာ လူဦးရေနှင့် နှိုင်းယှဉ်ပါက မြေနေရာ ကျယ်ဝန်းသောကြောင့် လူတစ်ဦးချင်း နေထိုင်ရသည့် ဧရိယာမှာလည်း အလွန် ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိမှုမှာလည်း မဆိုးလှပေ။
အင်ပါယာတွင် မူလက ပင်မ စစ်သည် ခြောက်သိန်းသာ ရှိခဲ့သော်လည်း ယခုအခါ တစ်သန်း ရှစ်သိန်း အထိ အံ့မခန်း တိုးပွားလာခဲ့ပြီး ထိုအထဲတွင် တစ်ဝက်နီးပါးမှာ ရီလူမျိုး စစ်သည်များ ဖြစ်ကြသည်။
ထို့အပြင် ရောမ အင်ပါယာ၏ အဖြစ်ဆိုးမျိုး ထပ်မံ မဖြစ်ပေါ်စေရန်အတွက် အင်ပါယာသည် ရီလူမျိုးများကို အင်ပါယာ နိုင်ငံသားများ အဖြစ် ပြောင်းလဲပေးသည့် မူဝါဒကို စတင် အကောင်အထည်ဖော်နေ၏။
မည်သို့ပင်ဖြစ်စေ လူတွေကို တကယ့် လက်အောက်ခံ စစ်တပ် အဖြစ် ထားရှိ၍ မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် စစ်တိုက်သည့် အချိန်၌ ပိုင်ဆိုင်မှု ခံစားချက် မရှိသလို ဂုဏ်ယူမှု ခံစားချက်လည်း မရှိနိုင်ပေ။
အင်ပါယာ၏ ကုန်ထုတ်လုပ်မှု စွမ်းအားသည် အလွန် ဖွံ့ဖြိုးတိုးတက်နေပြီး အားလုံးသည် စစ်ပွဲအတွက် ဝန်ဆောင်မှု ပေးနေသော်လည်း ယွင်ကျုံးဟဲ့ ဘုရင်ရာထူး ရယူထားသည်မှာ သုံးနှစ်ကျော်သာ ရှိသေးသောကြောင့် အင်ပါယာ အနေဖြင့် စစ်သည် တစ်သန်း ရှစ်သိန်းအတွက် လုံလောက်သော သေနတ်နှင့် ကျည်ဆန်များကို မထုတ်လုပ်နိုင်သေးပေ။
သို့ပေမည့် ထိုအထဲမှ သုံးပုံနှစ်ပုံသော စစ်တပ်များသည် လက်နက် အပြောင်းအလဲ အားလုံး ပြီးစီးသွားပြီ ဖြစ်ပြီး ရိုင်ဖယ် သေနတ်များကိုလည်း အပြီးသတ် ပုံစံထုတ်ကာ အများအပြား စတင် ထုတ်လုပ်နေပြီ ဖြစ်သောကြောင့် မကြာမီ စစ်တပ်များကို တပ်ဆင်ပေးနိုင်တော့မှာဖြစ်သည်။
အမျိုးအစားစုံလင်သော ဟောင်ဝစ်ဇာအမြောက်များနှင့် အမြောက်ကြီးများကို အလက် ထောင်ချီ ထုတ်လုပ် ပြီးစီးသွားပြီ ဖြစ်သည်။ စုစုပေါင်း အဓိက စစ်သင်္ဘော နှစ်ဆယ်ကျော်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး မကြာမီ ပြီးစီးတော့မှာဖြစ်၏။
သို့ပေမည့် အသစ်စက်စက် တည်ဆောက်နေသော အင်ပါယာ စစ်သင်္ဘောကြီး နှစ်စင်းမှာမူ မပြီးစီးသေးပေ။ ဤသည်မှာ တန်ချိန် တစ်သောင်းခွဲ ရှိသော စစ်သင်္ဘောကြီးများ ဖြစ်သည်။
ဤအရာမှာ ပင်လယ်ပြင်ပေါ်မှ နတ်လက်နက်များ ဖြစ်ပြီး ဒီဇိုင်းဆွဲသည်မှ စတင် တည်ဆောက်သည်အထိ ယခုအခါ သုံးနှစ်တာ အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ရေမချနိုင်သေးပေ။
လုပ်ငန်းစဉ်အရ နောက်ထပ် ခြောက်လခန့် အကြာမှသာ ရေချနိုင်မည်ဖြစ်ပြီး အနည်းဆုံး တစ်နှစ် အကြာမှသာ တရားဝင် တာဝန်ထမ်းဆောင်နိုင်မှာဖြစ်သည်။
ဤစစ်သင်္ဘောကြီး နှစ်စင်း၏ အမည်များကို တစ်နိုင်ငံလုံးမှ အကြံပြုချက် တောင်းခံခဲ့ပြီးနောက် မဲပေး ရွေးချယ်ခဲ့ကြ၏။
ရလဒ် အနေဖြင့် ပထမ သင်္ဘောမှာ ရှင်းကျုံး ဖြစ်ပြီး ဒုတိယ သင်္ဘောမှာ အောက်ထျန်း ဖြစ်သည်။
ရှင်းကျုံး သင်္ဘောသည် သဘာဝကျလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် တာ့ယန် အင်ပါယာသစ်၏ ကောင်းကင်ဘုံ ဧကရာဇ် အဖြစ် သတ်မှတ်ခံထားရသောကြောင့်ပင်။
အခြား သင်္ဘော တစ်စင်းမှာ မူလက ကျီးရှား သို့မဟုတ် ယွင်ကျုံးဟဲ့ ဖြစ်သင့်သည်။ သို့ပေမည့် ကျီးရှားသည် ယွင်ကျုံးဟဲ့၏ တရားဝင် နာမည် သက်သက်သာ ဖြစ်ပြီး တကယ်တမ်း ခေါ်ဆိုသူ အလွန် နည်းပါးသည်။ ယွင်ကျုံးဟဲ့ ဟူသော နာမည်မှာမူ သိပ်မကောင်းဘဲ လူဆိုး တစ်ယောက်၏ နာမည်နှင့် တူနေ၏။
ထို့ကြောင့် အင်ပါယာ ရေတပ် အကယ်ဒမီ ကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းသား တစ်ဦးက ယွင်ကျုံးဟဲ့ကို မေးမြန်းခဲ့သည်။ “အရှင်... အရှင့်ရဲ့ နာမည်တွေထဲက ဘယ်နာမည်က ပိုကောင်းပြီး ပိုခန့်ညားတယ်လို့ ထင်ပါသလဲ။”
ယွင်ကျုံးဟဲ့က အလိုအလျောက် ဖြေကြားလိုက်၏။ “ယွင်အောက်ထျန်း”
ရလဒ်အနေဖြင့် ဤနာမည်သည် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး အင်ပါယာ ပြည်သူများက ဤနာမည်သည် ရယ်စရာလည်းကောင်း၊ ရင်းနှီးမှုလည်း ရှိကာ ခန့်ညားထည်ဝါပြီး အလွန် ကောင်းမွန်သည်ဟု ထင်မြင်ခဲ့ကြသည်။
ထို့နောက် ဒုတိယ စစ်သင်္ဘောကြီးကို အောက်ထျန်း သင်္ဘောဟု အမည်ပေးလိုက်ကြ၏။
ယခုအခါ အင်ပါယာ တစ်ခုလုံးက ဤပင်လယ်ပြင်ပေါ်မှ လက်နက်ကြီး နှစ်ခု တရားဝင် ရေချမည့် အချိန်ကို စောင့်မျှော်နေကြသည်။
ဟေးယန် အင်ပါယာ ဘက်တွင်မူ ဤဟေးယန် အင်ပါယာ၏ စစ်သူကြီးများသည် သူတို့ ကိုယ်သူတို့ တာ့ယန် အင်ပါယာသစ် စစ်တပ်များ၏ လယ်ဗယ်တင်ရန် သတ်ရသည့် ဘီလူးများ ဖြစ်နေကြောင်း သတိထားမိလာကြ၏။
အမှန်တကယ်တွင် နေရာတိုင်း၌ ပုန်ကန်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းပင်။
ယွင်ကျုံးဟဲ့နှင့် တာ့ယန် အင်ပါယာသစ် ကတော့ နည်းနည်းလေးမှ မလောဘဲ အင်ပါယာ၏ စစ်တပ်များကို ဟေးယန် အင်ပါယာ စစ်မြေပြင်သို့ အလှည့်ကျ စေလွှတ်နေသည်။
နှစ်နှစ်ကျော်ကြာ တိုက်ခိုက်ပြီးနောက် ဟေးယန် အင်ပါယာသို့ လာရောက်၍ ပုန်ကန်မှု နှိမ်နင်းရေးတွင် ပါဝင်ခဲ့သော စစ်သည် စုစုပေါင်းမှာ ခုနစ်သိန်းကျော် ရှိသွားခဲ့ပြီဖြစ်၏။
နောက်ဆုံးတွင် ဟေးယန် အင်ပါယာ၏ ပုန်ကန်သူ စစ်သူကြီးများ ဆက်မပေါ်လာတော့ပေ။ တဖြည်းဖြည်းနှင့် ပုန်ကန်သူ မရှိတော့ချေ။
တာ့ယန် အင်ပါယာသစ် ဝင်ရောက်လာမှုနှင့်အတူ ဟေးယန်အင်ပါယာသည်လည်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
အသစ်စက်စက် အနက်ရောင်နဂါးမြို့သစ်ကို စတင် တည်ဆောက်နေပြီဖြစ်ပြီး ရထားလမ်းများ၊ အဝေးပြေး လမ်းမကြီးများကို ဖောက်လုပ်နေ၏။
ထို့အပြင် အင်ပါယာ စစ်တပ်များသည် ကျိန်စာတိုက်ခံထားရသော နယ်မြေ ပတ်လည်တွင် ခံတပ် အများအပြားကို တည်ဆောက်ကာ နယ်မြေကို တရားဝင် ပိတ်ဆို့ထားလိုက်သည်။
နောက်ဆုံးတွင် ယွင်ကျုံးဟဲ့သည် ကျီးယန်ကို ကျိန်စာတိုက်ခံထားရသော နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ သိုင်းပညာ လေ့ကျင့်ရန် ခွင့်ပြုပေးလိုက်၏။
သို့ပေမည့် ဤကိစ္စနှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့သည် အလွန် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ တာ့ယန် အင်ပါယာသစ်၏ သိုင်းသမားများကို ကျိန်စာတိုက်ခံထားရသော နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ သိုင်းပညာ လေ့ကျင့်ခိုင်းမည့်အစား မူလ ဟေးယန် အင်ပါယာ၏ သိုင်းသမားများကိုသာ သိုင်းပညာ တိုးတက်စေရန် အဓိက ထားသည်။
ဟေးယန် အင်ပါယာတွင် မူလက သိုင်းသမား နှစ်သိန်းခန့် ရှိခဲ့သော်လည်း နှစ်နှစ်၊ သုံးနှစ်တာ စစ်ပွဲကြီးများ အပြီးတွင် တစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီး ယခုအခါ တစ်သိန်းပင် မပြည့်တော့ပေ။
တာ့ယန် အင်ပါယာသစ်၏ ယဉ်ကျေးမှုများ အပြည့်အဝ ဝင်ရောက်လာမှုနှင့်အတူ တိုးတက်သော ယဉ်ကျေးမှုက နောက်ကျသော ယဉ်ကျေးမှုကို ဝါးမျိုသည့် အကျိုးသက်ရောက်မှုများ တဖြည်းဖြည်း ထင်ရှားလာသည်။
ဟေးယန် အင်ပါယာ၏ သိုင်းသမားများသည်လည်း တိုးတက်သော ကုန်ထုတ်လုပ်မှု စွမ်းအား ဆိုသည်မှာ ဘာလဲ၊ အင်အားကြီးမားသော စွမ်းအား ဆိုသည်မှာ ဘာလဲ ဆိုသည်ကို တဖြည်းဖြည်း သိရှိ နားလည်လာကြ၏။
တစ်နေ့ပြီးတစ်နေ့ ဦးနှောက်ဆေးခံရမှုအောက်တွင် ဟေးယန်အင်ပါယာ၏ သိုင်းသမားများသည် နောက်ဆုံး၌ ယွင်ကျုံးဟဲ့ကို တကယ်တမ်း သစ္စာခံလာကြသည်။
ယွင်ကျုံးဟဲ့က သိုင်းသမား မျိုးနွယ်စုများ၊ သို့မဟုတ် ယဇ်ပုရောဟိတ် မျိုးနွယ်စုများကို တိုက်ရိုက် ဖျက်သိမ်း ပစ်မည်ကို လူအများအပြားက စိုးရိမ်ခဲ့ကြသော်လည်း သူ ထိုသို့ မလုပ်ခဲ့ဘဲ ဤအင်အားစု နှစ်ခုကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရုံသာမက သိပ္ပံပညာရှင် အချို့ကိုပင် ဤဘက်ရှိ သုတေသနများသို့ ပြောင်းလဲ လုပ်ဆောင် စေခဲ့၏။
ဟေးယန် အင်ပါယာ၏ သိုင်းပညာအပေါ် သုတေသန ပြုလုပ်မှုသည် အတိုင်းအတာ တစ်ခုအထိ ဇီဝဗေဒနှင့် အနည်းငယ် နီးစပ်သည်။
သို့ပေမည့် ကြိုတင် ခန့်မှန်း၍ ရနိုင်သည်မှာ တာ့ယန် အင်ပါယာသစ်၏ ယဉ်ကျေးမှုများ ဟေးယန် အင်ပါယာ အတွင်းသို့ အပြည့်အဝ ဝင်ရောက်လာပြီးနောက် ဤသိုင်းပညာ ယဉ်ကျေးမှုများ ဆက်လက် တည်ရှိနိုင်မည်လား ဆိုသည်မှာ တကယ်ကို ပြောရခက်သည့် အခြေအနေပင်။
ဟေးယန် အင်ပါယာ၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်ရခြင်းမှာ သိုင်းပညာကို အလေးထားသောကြောင့် ဖြစ်သည်။ ဤအဓိက လမ်းကြောင်းမှ သွေဖည်သွားသည်နှင့် သိုင်းပညာ အဆင့်အတန်း ကျဆင်းသွားမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ဤကိစ္စကို အကြိမ်ကြိမ် စဉ်းစားခဲ့ပြီး သိုင်းပညာ ယဉ်ကျေးမှုကို လောကနှင့် ကင်းကွာစေရန်၊ လူနည်းစုသာ သိရှိစေရန် လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့သည်။ ဟေးယန် အင်ပါယာ၏ နာမည်ကို မှေးမှိန်စေပြီး ကျီရွှေ့အဖွဲ့အစည်း ကို ပြန်လည် အသက်သွင်းရန် ဖြစ်၏။
ဤသည်မှာ Star Wars ဇာတ်ကားထဲမှ ဂျီဒိုင်း အဖွဲ့အစည်းနှင့် တူသည်။ သေချာပေါက် ထိုအရာသည် ရုပ်ရှင် သက်သက်သာ ဖြစ်ပြီး လက်တွေ့တွင် ဤကဲ့သို့ လောကနှင့် ကင်းကွာပြီး လူနည်းစုသာ သိရှိသော ရည်မှန်းချက်ကို အောင်မြင်နိုင်မည်လား ဆိုသည်မှာ လုံးဝ မသိနိုင်ပေ။
ထို့အပြင် ဤသို့ လုပ်ဆောင်လိုက်ပါက ကျီရွှေ့အဖွဲ့အစည်းသည် ဘုရင်အာဏာ၊ ဝန်ကြီးအဖွဲ့၊ စစ်တပ် ဦးစီးဌာနတို့၏ အပြင်ဘက်သို့ ရောက်ရှိသွားမည် ဖြစ်သော်လည်း အာဏာ အတိုင်းအတာ တစ်ခုတော့ ရှိရမှာ ဖြစ်သည်။