အခန်း (၈၃၃-၈၃၄)
Vol. 70 Ch. 833-834
အပိုင်း (၈၃၃)
ဤကဲ့သို့သော အာဏာ ချိန်ခွင်လျှာကို တည်ဆောက်ရန်မှာ တကယ်ကို အလွန် ခက်ခဲလှသည်။ သို့ပေမည့် ကံကောင်းစွာဖြင့် အစီအစဉ် သိုင်းသမား အဖွဲ့အစည်း၏ အခြေခံ အုတ်မြစ်မှာ မဆိုးလှပေ။
ပထမဆုံး အနေဖြင့် ယွင်ကျုံးဟဲ့ ကိုယ်တိုင်က ကျီရွှေ့အဖွဲ့အစည်း၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပြီး၊ ဇနီး ကျင်းကျုံးယွဲ့က ကျီရွှေ့အဖွဲ့အစည်း၏ အထူးချွန်ဆုံး သိုင်းသမား ဖြစ်ကာ၊ ယွင်ကျုံးဟဲ့၏ သမီး ကျင်းချွဲက သိုင်းပညာ ပါရမီရှင် တစ်ဦး ဖြစ်ပြီး သိုင်းပညာကိုသာ အစွမ်းကုန် လေ့လာလိုသောကြောင့် အနာဂတ်တွင် ကျီရွှေ့အဖွဲ့အစည်း၏ ဆက်ခံသူ ဖြစ်လာနိုင်သည်။
ဟေးယန် အင်ပါယာ၏ သိုင်းသမား စစ်သည် တစ်သိန်းကိုလည်း စတင် ပြန်လည် ဖွဲ့စည်းနေပြီဖြစ်သည်။ သူတို့သည်လည်း အပူ လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို သင်ယူရမည် ဖြစ်သော်လည်း အအေး လက်နက်များဖြင့် အထူး စစ်ဆင်ရေးများကိုလည်း မစွန့်လွှတ်နိုင်ပေ။ လိုအပ်လာပါက သူတို့သည် အင်ပါယာ၏ အထူးချွန်ဆုံး စစ်တပ် အဖြစ်ပင် တာဝန်ယူရမှာဖြစ်၏။
ဟေးယန် အင်ပါယာမှ လူများသည် သိုင်းပညာဘက်တွင် တကယ်ကို အင်အားကြီးမားကြောင်း ဝန်ခံရမှာ ဖြစ်သည်။
နှစ်နှစ်၊ သုံးနှစ်တိုတို အချိန်အတွင်းမှာပင် ဟေးယန် အင်ပါယာမှ အင်အားကြီးသူများသည် တစ်ယောက်ပြီး တစ်ယောက် အနက်ရောင်နဂါး မျှော်စင် အတွင်းသို့ ဝင်ရောက်၍ လေ့ကျင့်ခဲ့ကြပြီး အသက်အန္တရာယ် ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ရင်ဆိုင်ခဲ့ကြရ၏။
သူတို့ လေ့ကျင့်ပြီး ထွက်လာပြီးနောက် ကျင်းကျုံးယွဲ့၏ သိုင်းပညာ အဆင့်အတန်းကို တစ်ယောက်ပြီး တစ်ယောက် လိုက်မီလာခဲ့ကြသည်။
ယခုအခါ ဟေးယန် အင်ပါယာ အတွင်းတွင် ကျင်းကျုံးယွဲ့ နှင့် အင်အား တူညီသော ထိပ်တန်း အင်အားကြီးသူ သုံးဦး ရှိနေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် သူတို့ကို သိုင်းပညာဖြင့် မသိမ်းပိုက်နိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ဘက်မှနေ၍ သူတို့ကို သန့်စင်ပေးခဲ့ပြီး သူတို့၏ လမ်းပြဆရာ ဖြစ်လာခဲ့သည်။
ဤကဲ့သို့ သန့်စင်ပေးခြင်းသည် အတော်လေး အောင်မြင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်နဂါး ပိရမစ် အတွင်း၌ လေ့ကျင့်စဉ်က အလွန် အန္တရာယ်များလွန်းပြီး သူတို့သည်လည်း အလွန် မိုက်ရူးရဲ ဆန်ခဲ့ကြရာ အကြိမ်တိုင်းတွင် ယွင်ကျုံးဟဲ့ကသာ ဝင်ရောက် ကယ်တင်ပေးခဲ့ရသောကြောင့်ပင်။
ဤအနက်ရောင်နဂါး ပိရမစ်များသည် အလွန် အန္တရာယ်များပြီး မည်သူ ဝင်သွားပါစေ အန္တရာယ်များ ဝိုင်းရံနေကာ အသက်အန္တရာယ် ကိုးဆယ့်ကိုးရာခိုင်နှုန်း ရှိသည်။ ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ဝင်ထွက်ရသည်မှာ အိမ်သာသွားရသကဲ့သို့ လွယ်ကူနေပြီး မည်သည့် ခံစားချက်မျှ မရှိသလို မည်သည့် အန္တရာယ်မှလည်း မရှိပေ။
ထို့အပြင် ယွင်ကျုံးဟဲ့သည် အိပ်မက်ဖန်တီးခြင်း ပညာနှင့် စိတ်စွမ်းအား ပညာများကို အသုံးပြု၍ လူတိုင်းကို ရူးသွပ်စွာ ဦးနှောက်ဆေးနိုင်သည်။
ရည်ရွယ်ချက်မှာ အလိုအလျောက် တုံ့ပြန်မှု တစ်ခုကို လေ့ကျင့်ပေးသကဲ့သို့ လူတိုင်း ယွင်ကျုံးဟဲ့ကို မြင်တွေ့သည်နှင့် ဝိညာဉ် အနက်ရှိုင်းဆုံးမှနေ၍ ကြောက်ရွံ့ လေးစားမှုနှင့် သစ္စာရှိမှုများ ထွက်ပေါ်လာစေရန် ဖြစ်၏။
ထို့အပြင် ဤစိတ်ပိုင်းဆိုင်ရာ ဦးနှောက်ဆေးသည့် ပညာရပ်သည် ပိရမစ် အတွင်းတွင် အလွန် အသုံးဝင်သော်လည်း အချိန် အကြာကြီး ယူရသည်။
ဤသည်မှာ သိမ်းငှက်ကို ယဉ်ပါးအောင် လုပ်သကဲ့သို့၊ သားရဲကို လေ့ကျင့်ပေးသကဲ့သို့ပင် ဖြစ်သည်။ မတတ်နိုင်ပေ။ ဤထိပ်တန်း အင်အားကြီးသူများ၏ လောကအမြင်သည် ပုံသေ ဖြစ်နေပြီဖြစ်ရာ ပြောင်းလဲ၍ မရနိုင်တော့ဘဲ ဦးနှောက်ဆေးသည့် နည်းလမ်းကိုသာ အသုံးပြုရ၏။
လူငယ် သိုင်းပညာ ပါရမီရှင်များကိုမူ အင်ပါယာအပေါ် သစ္စာရှိသည့် ဂုဏ်ယူမှုများ သွတ်သွင်းပေးနိုင်သည်။
အတိုချုပ် ပြောရလျှင် ဟေးယန် အင်ပါယာကို ပြုပြင်ပြောင်းလဲရာတွင် ယွင်ကျုံးဟဲ့သည် အလွန် သတိထား လုပ်ဆောင်ခဲ့ပြီး နှေးကွေးသော်လည်း ရလဒ်များမှာမူ အလွန် သိသာထင်ရှားခဲ့၏။
ထို့အပြင် အင်ပါယာ၏ လေသင်္ဘော တပ်ဖွဲ့သည်လည်း ကောင်းကင်ယံမှ ကြီးမားသော စူးစမ်းရှာဖွေမှုများကို ပြုလုပ်ခဲ့သည်။
တာ့ယန် အင်ပါယာသစ်နှင့် တာရှန်း မိစ္ဆာနိုင်ငံတို့၏ မျဉ်းဖြောင့် အကွာအဝေးမှာ ကီလိုမီတာ တစ်သောင်း သုံးထောင်ခန့်ရှိပြီး အသွားအပြန် ဆိုပါက ကီလိုမီတာ နှစ်သောင်း ခြောက်ထောင်ရှိရာ ဤအကွာအဝေးသည် လေသင်္ဘောများ၏ အဝေးဆုံး ပျံသန်းနိုင်သည့် အကွာအဝေးထက် အများကြီး သာလွန်နေ၏။
ထို့အပြင် လမ်းခရီး တစ်လျှောက်တွင် မည်သည့် ရိက္ခာ ဖြည့်တင်းရေး စခန်းမှ မရှိသောကြောင့် အင်ပါယာ လေသင်္ဘောများသည် တာရှန်း မိစ္ဆာနိုင်ငံ အတွင်းသို့ ယခုအချိန်အထိ ဝင်ရောက်နိုင်ခြင်း မရှိသေးသလို အရှေ့ဘက် လောကသည် တကယ်တမ်း မည်သို့ ဖြစ်နေသည်ကိုလည်း မသိရှိရသေးပေ။
ယခုအချိန်သည် ယွင်ကျုံးဟဲ့ အရှေ့ဘက်လောကမှ ထွက်ခွာလာခဲ့သည်မှာ ခုနစ်နှစ်ခန့် ရှိနေပြီဖြစ်ရာ တာရှန်း မိစ္ဆာနိုင်ငံဘက်တွင်လည်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေလောက်ပြီ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က လေသင်္ဘော တပ်ဖွဲ့သည် ကောက်ချက် တစ်ခု ချမှတ်နိုင်ခဲ့သည်။ အင်ပါယာ အနေဖြင့် အကြီးအကျယ် အရှေ့ဘက်သို့ စစ်ချီရန် ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ယခု အခြေအနေအောက်တွင် မည်သည့် စစ်တပ်ကမှ မိုင်ပေါင်း နှစ်သောင်းကျော် ကျယ်ဝန်းသော လူသူကင်းမဲ့သည့် နယ်မြေကို ဖြတ်ကျော်နိုင်မည် မဟုတ်ဘဲ စစ်သည် သိန်းချီပါသော စစ်တပ်ကြီး ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေဓ
ဤသည်မှာ အင်ပါယာ ပြည်တွင်းနှင့် မတူပေ။ နေရာတိုင်းတွင် အဝေးပြေး လမ်းမကြီးများ ရှိပြီး နေရာတိုင်းတွင် ရိက္ခာ ဖြည့်တင်းရေး စခန်းများနှင့် စားနပ်ရိက္ခာများ ရှိနေခြင်း မဟုတ်ပေ။
ထို့အပြင် ရေလမ်းမှ သွားရန်လည်း မဖြစ်နိုင်ပေ။ မြောက်ဘက်မှ သွားမည်ဆိုပါက မိုင်ပေါင်း တစ်သောင်းကျော် ကျယ်ဝန်းသော အမြဲတမ်း ရေခဲနေသည့် ပင်လယ်ကြီး ရှိသည်။
အင်ပါယာတွင် ရေခဲခွဲ သင်္ဘောများ ရှိနေပြီ ဖြစ်သော်လည်း ရေယာဉ်စု တစ်ခုလုံးက ရေခဲများကို ခွဲကာ ရှေ့ဆက် သွားရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် မိုင်ပေါင်း တစ်သောင်းကျော် ရေခဲခွဲရမည် ဆိုပါက စွမ်းအင်များ စောစောတည်းက ကုန်ဆုံးသွားမည် ဖြစ်ပြီး သင်္ဘောများပင် ပျက်စီးသွားလောက်သည်။
ဤသည်မှာ အလွန် ထူးဆန်းလှသည်။ ထိုအချိန်က တာ့ယန် အင်ပါယာ၏ ပညာရှင်သစ် အင်အားစုများသည် သင်္ဘောစီး၍ ထွက်ခွာလာခဲ့ကြပြီး တိုက်သစ်ကြီးကို ရှာတွေ့ကာ တာ့ယန် အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြခြင်း မဟုတ်ပါလား။ အဘယ်ကြောင့် ယခုအခါ ရေလမ်းမှ သွား၍ မရတော့သနည်း။
အကြောင်းမှာ ရာသီဥတု ပြဿနာကြောင့် ဖြစ်သည်။ ဤနှစ်ပေါင်း ရာချီ အတွင်း လောကကြီး ပိုမို အေးခဲလာခဲ့သည်။ မူလက ဤပင်လယ်ပြင်သည် အနည်းဆုံး လအနည်းငယ်ခန့် ရေခဲ ပျော်လေ့ ရှိသော်လည်း ယခုအခါ လုံးဝ အေးခဲသွားပြီ ဖြစ်ပြီး လုံးဝ သွားလာ၍ မရတော့ပေ။
မြောက်ဘက်ရှိ ပင်လယ်ပြင်သည် အေးခဲသွားခဲ့လေပြီ။ တောင်ဘက်မှ သွားမည် ဆိုပါကလည်း ရေလမ်းက ပိတ်နေသည်။
အင်ပါယာ၏ လေသင်္ဘော တပ်ဖွဲ့သည် ရေကြောင်းပြ မြေပုံများ အပါအဝင် အလွန် အသေးစိတ်ကျသော မြေပုံများကို ရေးဆွဲထားပြီး ဖြစ်၏။
ဤနေရာမှ အရှေ့ဘက်လောကသို့ သွားမည့် ပင်လယ်ပြင်သည် ကုန်းမြေများဖြင့် ပိတ်ဆို့ခံထားရပြီး ဝင်ပေါက် တစ်ခုမှ မရှိပေ။
ဧရာမ သင်္ဘောကြီးများက အမြဲတမ်း အနီးကပ် လိုက်ပါလာသောကြောင့် လေသင်္ဘောများသည် စွမ်းအင်များကို အဆက်မပြတ် ဖြည့်တင်းနိုင်ခဲ့ပြီး တောက်လျှောက် တောင်ဘက်သို့ ဆင်းလာခဲ့ကြသည်။
နောက်ဆုံးတွင် တောင်ဘက်ရှိ အမြဲတမ်း ရေခဲနေသည့် ပင်လယ်ကြီးသို့ ရောက်ရှိလာခဲ့ပြီး ရေလမ်း လုံးဝ ပိတ်ဆို့နေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကုန်းမြေများဖြင့် အားလုံး ပိတ်ဆို့ခံထားရခြင်း ဖြစ်၏။
ဤအချိန်တွင် တာ့ယန် အင်ပါယာသစ် အတွင်း၌ သဟဇာတ မဖြစ်သော အသံ အနည်းငယ် ထွက်ပေါ်လာသည်။
‘တာ့ယန် အင်ပါယာသစ်၏ စစ်တပ်က သွားလို့ မရဘူးဆိုရင် တာရှန်း မိစ္ဆာနိုင်ငံ ၏ စစ်တပ်ကလည်း လာလို့ မရဘူးလေ။ အားလုံးက လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတာပဲလေ။ အဲဒီလိုဆိုရင် တာ့ယန် အင်ပါယာသစ် အနေနဲ့ အရှေ့ဘက်ကို စစ်ချီဖို့ အရမ်း လောနေစရာ မလိုဘူးပေါ့။ စစ်တပ် တစ်သန်းကျော်က ကုန်းလမ်းကနေ တာရှန်း မိစ္ဆာနိုင်ငံဆီ တိုက်ရိုက် ချီတက်သွားနိုင်လောက်အောင် အင်အားကြီးမားတဲ့ အချိန်ရောက်မှ စစ်စတိုက်လို့ ရတာပဲ။’
ယွင်ကျုံးဟဲ့သည် ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာန၏ အစည်းအဝေးတွင် ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့ပြီး ဤသည်မှာ ပုံမှန် အရှုံးပေးရေးဝါဒ ဖြစ်ကြောင်း ကြေညာခဲ့သည်။ အခက်အခဲများ ကြားတွင် ရှင်သန်ပြီး သက်သောင့်သက်သာ ရှိမှု ကြားတွင် သေဆုံးတတ်၏။
တာရှန်း မိစ္ဆာနိုင်ငံသည် အဆက်မပြတ် အသွင်ပြောင်းနေပြီး အဆက်မပြတ် အင်အားကြီးမား လာနေသည်။ အနာဂတ် တစ်နေ့နေ့တွင် တာရှန်း မိစ္ဆာနိုင်ငံမှ သိုင်းသမားများသည် မိုင်ပေါင်း နှစ်သောင်းကျော် ကျယ်ဝန်းသော လူသူကင်းမဲ့သည့် နယ်မြေကို ဖြတ်ကျော်ပြီး ဝင်ရောက် တိုက်ခိုက်လာနိုင်သည်။
သေချာပေါက် တာ့ယန် အင်ပါယာသစ်သည် အရပ်လေးမျက်နှာ၌ ပင်လယ် ဝိုင်းရံနေသောကြောင့် ကြည့်ရသည်မှာ အလွန် လုံခြုံသည်ဟု ထင်ရ၏။
သို့ပေမည့် နောက်ဆုံး တစ်နေ့တွင် အင်ပါယာ ပြည်တွင်းက လုံလောက်တော့မည် မဟုတ်ဘဲ ပင်လယ်ကို ဖြတ်ကျော်၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။
ထို့အပြင် ယခုအခါ အင်ပါယာသည် ပင်လယ်ကို ဖြတ်ကျော်နေပြီ ဖြစ်ပြီး အလယ်ပိုင်း တိုက်ကြီးတွင် မြို့များနှင့် စခန်းများကို တည်ဆောက်နေပြီဖြစ်၏။
ဤကုန်းမြေသည် တာရှန်း မိစ္ဆာနိုင်ငံနှင့် ထိစပ်နေပြီး အကွာအဝေးမှာ အလွန် ဝေးကွာရုံ သက်သက်သာ ဖြစ်သည်။
စစ်ပွဲကို အင်ပါယာ ပြည်တွင်းနှင့် အဝေးဆုံးတွင် ဖြစ်ပွားစေရမည် ဆိုသည့် အချက်သည် အခြား မည်သည့် အရာထက်မဆို ပိုမို အရေးကြီး၏။
တာရှန်း မိစ္ဆာနိုင်ငံမှ သိုင်းသမားများကို အင်ပါယာ အတွင်းသို့ ဝင်ရောက်လာခွင့် ပြုလိုက်သည်နှင့် လုံးဝ အိပ်မက်ဆိုးကြီး ဖြစ်သွားမှာဖြစ်သည်။
ထိုအချိန်က ဝန်ကြီးချုပ်နှင့် စစ်တပ် ဦးစီးဌာန၏ ပထမ စစ်သူကြီးတို့သည် ယွင်ကျုံးဟဲ့ဘက်တွင် အပြည့်အဝ ရပ်တည်ခဲ့ကြပြီး အရှုံးပေးရေးသမားများ၏ အသံကို တစ်ဖက်သတ် အင်အားဖြင့် တိုက်ရိုက် ဖိနှိပ်ပစ်ခဲ့သည်။ သုံးရက်ဆိုသည့် အချိန်တိုအတွင်းမှာပဲ အရှုံးပေးရေးသမား အရာရှိများ အားလုံး ရာထူးမှ နှုတ်ထွက်ခဲ့ရ၏။
ဤသည်ကလည်း အင်ပါယာ၏ အရာရှိ အားလုံးကို အမြင့်ဆုံး ခေါင်းဆောင်များ၏ အကြွင်းမဲ့ ဆန္ဒကို ရှင်းလင်းစွာ မြင်တွေ့သွားစေခဲ့သည်။
ကျီးကျန်း နှင့် ဟွာပီ ဆိုသော ထိပ်သီး ခေါင်းဆောင်ကြီး နှစ်ဦးသည် အလွန် ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြသည်။ အင်ပါယာသည် ဤစစ်ပွဲအတွက် နှစ်အတော်ကြာ ပြင်ဆင်ခဲ့ပြီး အရာအားလုံးသည် ဤစစ်ပွဲကြီးကို ဗဟိုပြု၍ လည်ပတ်နေခြင်း ဖြစ်၏။
ဤအချိန်တွင် အကယ်၍ အင်ပါယာ နိုင်ငံသားများနှင့် စစ်တပ်ကို ဤစစ်ပွဲ မတိုက်တော့ဘူးဟု သွားပြော လိုက်ပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန် ကြောက်စရာ ကောင်းမည်ဖြစ်ပြီး အင်ပါယာ တစ်ခုလုံး ချက်ချင်း ရည်မှန်းချက် ပျောက်ဆုံးသွားကာ ဟာလာဟင်းလင်း ဖြစ်သွားပြီး ယိုယွင်းပျက်စီးခြင်းသို့ပင် ရောက်ရှိသွားမှာ ဖြစ်သည်။
လေးကြိုး တင်ပြီးသား မြားကို မပစ်ဘဲ နေ၍ မရ ဆိုသည့် စကား၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ စစ်တိုက်လိုသော ဆန္ဒကို နှိုးဆွလိုက်ပြီးနောက် ပြန်လည် ငြိမ်းသတ်ရန်မှာ အလွန် ခက်ခဲသွားပြီ ဖြစ်၏။
ထို့အပြင် စစ်ပွဲအတွက် အားလုံး စုစည်းလိုက်ခြင်းနှင့် စစ်ရေးယန္တရား လည်ပတ်နေခြင်းတို့ကြောင့် အင်ပါယာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ခါမှ မရှိဖူးသော အရှိန်အဟုန်ဖြင့် မြန်ဆန်သော အဆင့်သို့ ရောက်ရှိနေ၏။ အင်ပါယာ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုးသည် နှစ်စဉ် ရာခိုင်နှုန်း ဆယ်ဂဏန်းဖြင့် တိုးတက်နေသည်။
အရှေ့ဘက်သို့ စစ်ချီမည့် မဟာဗျူဟာကို လုံးဝ အတည်ပြုပြီးနောက်၊ နောက်ဆက်တွဲမှာ မည်သို့ စစ်ချီမည်နည်း ဆိုသည်ပင် ဖြစ်သည်။
အင်ပါယာ၏ လေသင်္ဘော တပ်ဖွဲ့ ထပ်မံ ထွက်ခွာသွားသလို ရေယာဉ်စုကလည်း စူးစမ်းရှာဖွေရန် ထပ်မံ ထွက်ခွာသွား၏။
နောက်ဆုံးတွင် တိုက်ကြီး တစ်ခုလုံး၏ အကျဉ်းမြောင်းဆုံး နေရာကို ရှာတွေ့ခဲ့၏။ ဤအင်ပါယာသည် ဟေးယန် အင်ပါယာနှင့် ကီလိုမီတာ ငါးထောင်ခန့် ကွာဝေးပြီး တိုက်ကြီးနှစ်ခု ဆက်စပ်နေသော နေရာနှင့် တူကာ အကျဉ်းမြောင်းဆုံး နေရာမှာ ကီလိုမီတာ ငါးဆယ်ပင် မပြည့်ပေ။
ထို့ကြောင့် တစ်ခါမှ မရှိဖူးသော စီမံကိန်းကြီး တစ်ခုကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြ၏။ နောက်ဆုံးတွင် လုံးဝ အတည်ပြုလိုက်သည်။
ဤအကျဉ်းမြောင်းဆုံး ကုန်းမြေကို တူးဖောက်ပြီး တူးမြောင်း တစ်ခု ဖောက်လုပ်ကာ စစ်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်အောင် လုပ်ဆောင်ရန် ဖြစ်၏။
ဤသည်မှာ ကီလိုမီတာ ဆယ်ဂဏန်းခန့် ရှည်လျားသော ကုန်းမြေကို တူးဖောက်ရမည်ဖြစ်ပြီး ဧရာမ စစ်သင်္ဘောကြီးများ ဖြတ်သန်းနိုင်ရန်အတွက် ဤတူးမြောင်းသည် လုံလောက်အောင် နက်ရှိုင်းပြီး လုံလောက်အောင် ကျယ်ဝန်းရမှာဖြစ်သည်။
ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေးခဲ့ကြသည်။
ပထမဆုံး အနေဖြင့် တူးမြောင်းကို ဖောက်လုပ်ရန် ကုန်ကျစရိတ် မည်မျှ များပြားမည်၊ လူအင်အား မည်မျှ လိုအပ်မည် ဆိုသည်ကို မပြောတော့ပေ။
ထို့အပြင် တူးမြောင်းကို အောင်မြင်စွာ ဖောက်လုပ်ပြီးစီးသွားသည်နှင့် တာရှန်း မိစ္ဆာနိုင်ငံနှင့် တာ့ယန် အင်ပါယာတို့၏ အတားအဆီးကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
တာ့ယန် အင်ပါယာသစ်၏ ရေယာဉ်စုက တာရှန်း မိစ္ဆာနိုင်ငံသို့ သွားရောက်နိုင်ပါက တာရှန်း မိစ္ဆာနိုင်ငံ၏ ရေယာဉ်စု ကလည်း ဝင်ရောက် တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် တူးမြောင်းကို ဖောက်လုပ်သင့်၊ မသင့် ယွင်ကျုံးဟဲ့သည် အကြိမ်ကြိမ် စဉ်းစားခဲ့သည်။
နောက်ဆုံးတွင် ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနက အစီရင်ခံစာ တစ်စောင် တင်ပြလာခဲ့သည်။ အလွန် ကြောက်စရာကောင်းသော အစီရင်ခံစာ တစ်စောင် ဖြစ်၏။
အပိုင်း (၈၃၄)
ဤနှစ်များအတွင်း တာ့ယန် အင်ပါယာသစ်သည် တာရှန်း မိစ္ဆာနိုင်ငံသို့ စူးစမ်းရှာဖွေရေး အဖွဲ့ ဆယ်ဖွဲ့ကျော်ကို စေလွှတ်ခဲ့ပြီး အားလုံးမှာ အင်အားကြီးမားသော သိုင်းသမားများ ဖြစ်ကြကာ စုစုပေါင်း လူအရေအတွက်မှာ ထောင်ချီ ရှိသည်။ သို့ပေမည့် တစ်ယောက်မှ ပြန်မလာခဲ့ပေ။
ထို့အပြင် လူတစ်ယောက်က အစီရင်ခံစာဟောင်း တစ်စောင်ကို ထုတ်ပြခဲ့သည်။
ထိုအချိန်က ကျင်းကျုံးယွဲ့သည် လူတစ်သောင်းကျော်ကို ခေါ်ဆောင်ကာ အနောက်ဘက် ဒေသ နိုင်ငံများ၏ လမ်းကြောင်းမှ သွားခဲ့သော်လည်း အလယ်ပိုင်း တိုက်ကြီးသို့ ရောက်ရှိခဲ့ပြီး တာ့ယန် အင်ပါယာသစ်နှင့် အနီးဆုံး အချိန်တွင် မိုင်ထောင်ချီသာ ကွာဝေးခဲ့၏။
အသေအပျောက် အလွန် များပြားခဲ့ပြီး နောက်ဆုံးတွင် ငါးရာခိုင်နှုန်းသာ အသက်ရှင် ကျန်ရစ်ခဲ့သော်လည်း တာရှန်း မိစ္ဆာနိုင်ငံ၏ သိုင်းသမားများသည် ကျင်းကျုံးယွဲ့၏ စစ်တပ်ထက် အများကြီး ပိုမို အင်အားကြီးမားကြရာ တာရှန်း မိစ္ဆာနိုင်ငံ စစ်တပ် ဖြတ်သန်း မလာနိုင်ဘူးဟု မပြောနိုင်ပေ။
တာ့ယန် အင်ပါယာသစ်၏ အင်အားကြီးမားမှုသည် ရေတပ်သစ်တွင် ရှိပြီး တာရှန်း မိစ္ဆာနိုင်ငံ၏ အင်အား ကြီးမားမှုမှာမူ မိစ္ဆာနိုင်ငံ သိုင်းသမား စစ်တပ်တွင် ရှိကာ ထိုအရာမှာ မြေပြင် စစ်တပ် ဖြစ်သည်။
ထို့ကြောင့် ရေတိုက်ပွဲသည် တာ့ယန် အင်ပါယာသစ်အတွက် ပိုမို အကျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာသစ်၏ စစ်သင်္ဘောများသည် အဆင့်မြင့် ရေနွေးငွေ့ အင်ဂျင်များ တပ်ဆင်ထားသောကြောင့် ခရီးအကွာအဝေး ပိုမို ဝေးကွာစွာ သွားလာနိုင်ပြီး ပစ်ခတ်မှုနှုန်း မြန်ဆန်ကာ ပစ်ခတ်နိုင်သည့် အကွာအဝေး ဝေးကွာပြီး တိကျမှု မြင့်မားသော အမြောက်ကြီးများ တပ်ဆင်ထားသောကြောင့်ပင်။
တာ့ယန် အင်ပါယာသစ် ပြည်တွင်းသည် နောက်ဆုံးတွင် အရပ်လေးမျက်နှာ ပင်လယ် ဝိုင်းရံနေသောကြောင့် အင်အားကြီးမားသော ရေတပ် ရှိနေသရွေ့ ပြည်တွင်းကို အမြဲတမ်း ကာကွယ်နိုင်မှာဖြစ်သည်။
အကြိမ်ပေါင်း ဆယ်ဂဏန်းခန့် ဆွေးနွေး အတည်ပြုပြီးနောက် အင်ပါယာသည် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ တူးမြောင်း ဖောက်လုပ်မည်။
ပထမဆုံး နေရာ ရွေးချယ်မှု ပြုလုပ်ခဲ့ပြီး တူးမြောင်း ဖောက်လုပ်မည့် နေရာကို ဆုံးဖြတ်ကာ အနီးအနားတွင် ဆိပ်ကမ်းများ တည်ဆောက်ပြီး မြို့ပြ အခြေစိုက် စခန်းများ တည်ဆောက်ခဲ့သည်။
ဤသည်မှာ တစ်နှစ်ခွဲတိတိ အချိန်ယူခဲ့ရပြီး ဤမြို့ကို ကျင်းထျန်း ဟု အမည်ပေးခဲ့သည်။ ထို့နောက် ရီလူမျိုး သိန်းချီ၊ အင်ပါယာ လက်မှုပညာရှင် သောင်းချီနှင့် စစ်တပ် သောင်းချီကို ကျင်းထျန်း မြို့သို့ ပို့ဆောင်ခဲ့၏။
အင်ပါယာ ပြည်တွင်းမှ ယမ်းမှုန့်များကို သယ်ယူရုံသာမက ယွင်ကျုံးဟဲ့က မြို့ထဲတွင် ယမ်းမှုန့် အလုပ်ရုံများကိုလည်း တည်ဆောက်ခဲ့သည်။
အရာအားလုံး အဆင်သင့် ဖြစ်ပြီးနောက် ကြီးကျယ်ခမ်းနားသော စီမံကိန်းကြီးကို စတင်တော့သည်။ လူသိန်းချီက တူးမြောင်းကို စတင် တူးဖော်ကြ၏။
“ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ဝုန်း.. ဝုန်း... ...”
နေ့တိုင်း ပေါက်ကွဲမှုတွေ ဖြစ်နေ၏။ နက္ခတ်ဗေဒင် ကိန်းဂဏန်းများကဲ့သို့ များပြားလှသော ယမ်းမှုန့်များက အကျဉ်းမြောင်းဆုံး ကုန်းမြေပေါ်တွင် အပေါက် တစ်ပေါက်ကို တဖြည်းဖြည်းချင်း ဖောက်လုပ်နေသည်။
မည်သည့် စကားလုံးကမှ ဤဧရာမ စီမံကိန်းကြီး၏ အခက်အခဲကို ဖော်ပြ၍ မရနိုင်သလို ဤကြီးကျယ် ခမ်းနားသော စီမံကိန်းကြီး၏ ကြီးမားသော အဓိပ္ပာယ်ကိုလည်း ဖော်ပြ၍ မရနိုင်ပေ။
အင်အားကြီးမားသော တာ့ယန် အင်ပါယာသစ်တွင်လည်း ဤကဲ့သို့ ခမ်းနားကြီးကျယ်သော စီမံကိန်းမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
ဤသည်မှာ တကယ့်ကို ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး သဘာဝ အတားအဆီးကြီးသည် လမ်းမကြီး တစ်ခု ဖြစ်သွားခဲ့သည်။
အချိန်မျာစ ရေလို စီးဆင်းပြီး နေ့ရက်မျာစ မြန်ဆန်စွာ ကုန်ဆုံးသွားကာ နောက်ထပ် ငါးနှစ်တာ အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ဤအချိန်တွင် အင်ပါယာ၏ တတိယမြောက် စစ်သင်္ဘောကြီး ရေချပြီး တာဝန်ထမ်းဆောင်နေပြီ ဖြစ်၏။ အဓိက စစ်သင်္ဘော ဆယ်စင်းကျော်ကိုလည်း အားလုံး အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပြီးစီးသွားပြီ ဖြစ်သည်။
စစ်သည် တစ်သန်းကျော်ကိုလည်း အားလုံး လက်နက် တပ်ဆင် ပြောင်းလဲပြီးစီးသွားပြီ ဖြစ်သည်။ ယခုအချိန်သည် ယွင်ကျုံးဟဲ့ ဘုရင်ရာထူး ရယူခဲ့သည်မှာ ရှစ်နှစ်ကျော် ရှိသွားပြီဖြစ်ပြီး သူ အရှေ့ဘက်လောကမှ ထွက်ခွာလာခဲ့သည်မှာ ဆယ့်နှစ်နှစ် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ကိုလိုနီ နယ်မြေ သုံးခုနှင့် ဟေးယန် အင်ပါယာ တို့သည်လည်း တာ့ယန် အင်ပါယာ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သလို ရီလူမျိုး သန်းဆယ်ဂဏန်းကျော်သည်လည်း အင်ပါယာ၏ နိုင်ငံသားများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့ လည်း အသက် လေးဆယ် ကျော်နေပြီ ဖြစ်သော်လည်း သူသည် တကယ်ကို မအိုမသေ ထာဝရ အသက်ရှင်နေသည့် ပုံစံမျိုး ဖြစ်နေပြီး မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ ကျောက်စိမ်းကဲ့သို့ ချောမောနေဆဲ၊ ပန်းပုထုထားသကဲ့သို့ ရှိနေဆဲ ဖြစ်၏။
ကလေး နှစ်ယောက် ဖြစ်သော ကျင်းချွဲ နှင့် ကျင်းဟူ တို့သည်လည်း အသက် နှစ်ဆယ့်သုံးနှစ် ရှိနေကြပြီ ဖြစ်သည်။
ကျီးချင့် မွေးဖွားခဲ့သော ကလေး နှစ်ယောက်သည်လည်း အသက် ရှစ်နှစ် ရှိနေကြပြီ ဖြစ်သည်။ ကျင်းကျုံးယွဲ့ နှင့် ယွင်ကျုံးဟဲ့ တို့သည် နောက်ထပ် အမြွှာ သားသမီး နှစ်ယောက် ထပ်မံ ရရှိခဲ့ပြီး အသက် ငါးနှစ် ရှိနေပြီ ဖြစ်သလို တူရှား မွေးဖွားခဲ့သော ကလေးသည်လည်း အသက် ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့ကို အနည်းငယ် အနေရခက်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ၏ ဥပဒေသည် တစ်လင်တစ်မယား စနစ် ဖြစ်သောကြောင့်ပင်။
‘ခင်ဗျားက အင်ပါယာရဲ့ ဘုရင် တစ်ပါး ဖြစ်နေလျက်နဲ့ အင်ပါယာ ပြည်တွင်းမှာတင် ဇနီး သုံးယောက် ရှိနေတယ်လား။’
သို့ပေမည့် မည်သည့် ဘုရင်မှ ပြီးပြည့်စုံနိုင်မည် မဟုတ်ရာ ဘုရင်ရာထူးအတွက် ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခိုင်း၍ မရနိုင်ပေ။
“အရှင်... ဘိုးဘိုးကြီး အခြေအနေ မကောင်းတော့ဘူး။” ကျီးကျန်းက တုန်ယင်စွာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ အမြန် နှင်းတောင်ထိပ်သို့ သွားကာ တံခါးပိတ် နေထိုင်နေသော ကျီးရှန့် နှင့် နောက်ဆုံးအကြိမ် သွားရောက် တွေ့ဆုံ၏။
ချင်ဝမ် ကျီးရှန့် သည် အသက် တစ်ရာ့တစ်ဆယ်ကျော် နေပြီဖြစ်ပြီး နောက်ဆုံးတော့ ဘဝ၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တကယ်တမ်းတွင် လွန်ခဲ့သော နှစ်အနည်းငယ်တည်းက သူ အိပ်ရာမှ မထနိုင်တော့သော်လည်း အရှေ့ဘက်သို့ စစ်ချီမည့် နေ့ရက်ကို စောင့်မျှော်နေခဲ့ပြီး ယွင်ကျုံးဟဲ့ အရှေ့ဘက်လောကကို ပြန်လည် သိမ်းပိုက်မည့် နေ့ရက်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် သူ မစောင့်နိုင်တော့ပေ။
ကျီးရှန့်က တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။ “အရှင်... ကျုပ် လူငယ်ဘဝတုန်းက အရမ်း ပုန်ကန်တတ်ခဲ့တယ်။ အရှေ့ဘက်လောကကို ရောက်ဖူးတယ်၊ တာရှ၊ တာယင်၊ တာ့ကျိုး အင်ပါယာတွေကို ကျုပ် ရောက်ဖူးတယ်။ ပြီးတော့ အဲဒီတုန်းက ကျုပ်က ကျီရွှေ့အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ အင်ပါယာကြီး သုံးခုရဲ့ ဆက်သမှုတွေကို လက်ခံခဲ့ဖူးတယ်။
ကျုပ် အဲဒီဘက်မှာ ဆယ့်ငါးနှစ်လောက် နေခဲ့ဖူးတယ်။ အရှေ့ဘက်လောကက အဲဒီလောက် မတိုးတက်ပေမယ့် ဘာလို့မှန်းမသိဘူး၊ အဲဒီနေရာက ကျုပ်တို့ရဲ့ အခြေခံ အုတ်မြစ်လို့ အမြဲတမ်း ခံစားရတယ်။ ကျုပ်ရဲ့ အလှပဆုံး အရွယ်တွေကို အဲဒီမှာ ကုန်ဆုံးခဲ့တာ။ ပြီးတော့ အဲဒီမှာ ဇနီး သုံးယောက်တောင် ယူခဲ့ပြီး ကလေး အချို့တောင် မွေးခဲ့သေးတယ်။”
“ကျုပ် ပြန်သွားဖို့ အမြဲတမ်း အိပ်မက် မက်နေခဲ့တာ၊ ပြန်သွားဖို့ အမြဲတမ်း အိပ်မက် မက်နေခဲ့တာ။ ပေါက်စီတစ်လုံးလောက်၊ ဖက်ထုပ် တစ်ပွဲလောက်၊ တို့ဟူးပျော့ တစ်ပွဲလောက် အရမ်း စားချင်တာပဲ။ ကျုပ်ရဲ့ အရှေ့တိုင်း၊ အိပ်မက်ထဲက အရှေ့တိုင်း…
အရှင်... အရှေ့ဘက်ကို စစ်ချီပါ... အရှေ့ဘက်ကို စစ်ချီပါ... အရှေ့ဘက်ကို စစ်ချီပါ...”
ထို့နောက် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ချင်ဝမ် ကျီးရှန့် သည် ကွယ်လွန်သွားတော့သည်။
နက်ရှိုင်းသော နှမြောတသမှုများကို ချန်ရစ်ခဲ့သော်လည်း အဆုံးအစ မရှိသော မျှော်လင့်ချက်များလည်း ပြည့်နှက်နေ၏။
ထို့အပြင် ချင်ဝမ် ကျီးရှန့်က သေတမ်းစာ တစ်စောင် ချန်ထားခဲ့သည်။ သူ သေဆုံးသွားပြီးနောက် ပြာကျအောင် မီးသင်္ဂြိုဟ်ပြီး အသစ် ဖောက်လုပ်ထားသော တူးမြောင်းပေါ်တွင် ကြဲချပေးရန် ဖြစ်သည်။
သူ သေဆုံးသွားပြီးနောက် ယွင်ကျုံးဟဲ့သည် အင်ပါယာ အာဏာရှင် ဘုရင်၏ နာမည်ဖြင့် ကျီးရှန့်ကို အင်ပါယာ၏ ချင်ဝမ် အဖြစ် သေလွန်ပြီးမှ ဘွဲ့ထူး ချီးမြှင့်ခဲ့၏။
ထို့အပြင် အင်ပါယာ၏ တတိယမြောက် စစ်သင်္ဘောကြီးကို ချင်ဝမ်သင်္ဘောဟု အမည်ပေးခဲ့သည်။
ဤဆုံးဖြတ်ချက်ကို လူအများအပြားက ကန့်ကွက်ခဲ့ကြသည်။ ကျီးရှန့် သည် ယခင်က အုပ်ချုပ်ရေးမှူး သက်သက်သာဖြစ်ပြီး သေလွန်ပြီးမှ ချင်ဝမ် ဘွဲ့ထူး ချီးမြှင့်ခံရသူ ဖြစ်သောကြောင့် ယန်ရှင်းကျုံး နှင့် ယွင်ကျုံးဟဲ့ တို့နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ဟု လူအများအပြားက ထင်မြင်ကြ၏။
သို့ပေမည့် ယွင်ကျုံးဟဲ့က အလွန် ပြတ်သားပြီး နာမည်ကို တိုက်ရိုက် ပေးလိုက်သည်။
‘ဒီလောက် အများကြီး ဂရုစိုက်နေစရာ မလိုပါဘူး။ အရင်တုန်းက ဂျာမနီ နိုင်ငံမှာ ဘစ်စမတ်လို့ နာမည် ပေးထားတဲ့ စစ်သင်္ဘောကြီး တစ်စင်းတောင် ရှိခဲ့သေးတာပဲ။ အဲဒါက ဒုတိယ ကမ္ဘာစစ် ကာလ ဂျာမနီ ဖြစ်နေပြီဆိုတော့ ဧကရာဇ်တောင် မရှိတော့ဘူးလေ။’
သုံးလ အကြာတွင်...
သုံးဆယ့်ကိုး ကီလိုမီတာ ရှည်လျားသော တူးမြောင်းကို နောက်ဆုံးတွင် အောင်မြင်စွာ ဖောက်လုပ် ပြီးစီးသွားခဲ့၏။
ယွင်ကျုံးဟဲ့သည် အင်ပါယာ အာဏာရှင် ဘုရင် အနေဖြင့် တူးမြောင်း စီမံကိန်း ကြီးကျယ် အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။
အင်ပါယာ၏ တတိယမြောက် စစ်သင်္ဘောကြီး ချင်ဝမ် သည် တူးမြောင်းကို ဖြတ်သန်းသွားသော ပထမဆုံး သင်္ဘော ဖြစ်လာခဲ့ပြီးနောက် ယွင်ကျုံးဟဲ့ ကိုယ်တိုင် ချင်ဝမ် ကျီးရှန့်၏ အရိုးပြာများကို တူးမြောင်း အတွင်းသို့ ကြဲချပေးခဲ့၏။
ထို့အပြင် ဤတူးမြောင်းကို ချင်ဝမ် တူးမြောင်း ဟု အမည်ပေးလိုက်ပြီး တူးမြောင်း ဘေးရှိ မြို့ကိုလည်း ချင်ဝမ်မြို့ ဟု အမည် ပြောင်းလဲလိုက်သည်။
စီမံကိန်း တစ်ခုလုံးသည် ငါးနှစ်ခွဲ အချိန်ယူခဲ့ရသည်။ စုစုပေါင်း လူသုံးသန်းကို အသုံးပြုခဲ့ပြီး ယခုအခါ တူးမြောင်း တစ်ဖက်တစ်ချက်စီတွင် မြို့ပြအုပ်စု သုံးခု ရှိနေပြီ ဖြစ်၏။
ဤနေရာသည် အင်ပါယာ၏ ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပြီး လူသန်းပေါင်းများစွာ ဤနေရာသို့ လာရောက် အခြေချ နေထိုင်ကြကာ ဤနေရာတွင် အင်ပါယာ၏ ဒုတိယ ရေတပ် ဌာနချုပ်ကိုလည်း တည်ဆောက်ထား၏။ ထိုမျှမက တက္ကသိုလ် သုံးခုကိုလည်း မကြာမီ တည်ဆောက် ပြီးစီးတော့မှာဖြစ်သည်။
ယွင်ကျုံးဟဲ့ အာဏာရှင် ဘုရင်အဖြစ် တာဝန်ယူခဲ့သော ဤရှစ်နှစ်တာ ကာလအတွင်း အင်ပါယာ၏ နယ်မြေ အကျယ်အဝန်းသည် ခြောက်ဆကျော် တိုးချဲ့နိုင်ခဲ့၏။
ချင်ဝမ် တူးမြောင်း ဖွင့်လှစ်လိုက်ပြီးနောက် တာ့ယန် အင်ပါယာသစ်မှ တာရှန်း မိစ္ဆာနိုင်ငံသို့ သွားရောက်မည့် လမ်းကြောင်း တရားဝင် ပွင့်သွားခဲ့ပြီဖြစ်ပြီး အရှေ့ဘက်ကို စစ်ချီလို့ ရပြီ ဖြစ်သည်။
ထိုအချိန်မှာပဲ အင်ပါယာ ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနမှ ထိပ်သီး ခေါင်းဆောင်ကြီးများသည် အသစ်စက်စက် ဆွေးနွေးမှုများကို စတင် ပြုလုပ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ အတွင်းတွင် ကြီးမားသော တောင်းဆိုသံများ ရှိနေသောကြောင့်ပင်။
ထိုအရာမှာ ယွင်ကျုံးဟဲ့ကို ဧကရာဇ် အဖြစ် တင်မြှောက်လိုကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ၏ စနစ်တွင် အမြဲတမ်း ဧကရာဇ် တစ်ပါး ရှိခဲ့ပြီး ထိုသူမှာ ယန်ရှင်းကျုံး ဖြစ်ကာ ဧကရာဇ် နေရာ လစ်လပ်နေခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိပြီ ဖြစ်သောကြောင့်ပင်။
လူတိုင်း၏ အမြင်တွင် အာဏာရှင် ဘုရင်၏ အောင်မြင်မှုများသည် ယန်ရှင်းကျုံး ထက် လုံးဝ မနိမ့်ကျတော့ဘဲ ပို၍ပင် တော်နေသေးသည်။ ထို့ကြောင့် သူ ဧကရာဇ် ဖြစ်လာခြင်းမှာ လုံးဝ သဘာဝကျသည်။
ထို့အပြင် ယခုအခါ မကြာမီ အရှေ့ဘက်သို့ စစ်ချီတော့မှာဖြစ်ပြီး တာရှန်း မိစ္ဆာနိုင်ငံနှင့် စစ်ပွဲ စတင်တော့မှာ ဖြစ်၏။
ရန်သူတွင် ဧကရာဇ် ရှိပြီး တာ့ယန် အင်ပါယာတွင် ဧကရာဇ် မရှိပါက အဆင့်နိမ့်နေသလို ဖြစ်နေသည် မဟုတ်ပါလား။ အာဏာရှင် ဘုရင် ဆိုလျှင် လူသား အဖြစ် သတ်မှတ်၍ ရသေးသော်လည်း ဧကရာဇ် ဆိုပါက ဘုရင်အာဏာသည် ကောင်းကင်ဘုံက ပေးအပ်ခြင်း ဆိုသည့် အဓိပ္ပာယ် ပါဝင်သွားပြီဖြစ်သည်။
ဧကရာဇ်က အင်ပါယာ၏ အမြင့်ဆုံး ခေါင်းဆောင် အဖြစ် ရှိနေပါက အနာဂတ် စစ်ပွဲကြီးတွင် ကောင်းကင်ဘုံက အင်ပါယာ စစ်တပ်ကို စောင့်ရှောက်ပေးနိုင်ကောင်း ပေးနိုင်မှာဖြစ်၏။
ဤသည်မှာ အယူသီးသည်ဟု ထင်ရပြီး တာ့ယန် အင်ပါယာသစ်သည် အမြဲတမ်း အယူသီးမှုကို အရှေ့တိုင်း၏ နောက်ကျပြီး ယိုယွင်းနေသော အတွေးအခေါ်ဟု ရှုတ်ချခဲ့သည်။
သို့ပေမည့် နောက်ဆက်တွဲ ရင်ဆိုင်ရမည်မှာ လောကအဆင့် စစ်ပွဲကြီး ဖြစ်ပြီး အသက်ရှင်ခြင်း၊ သေဆုံးခြင်းနှင့် သက်ဆိုင်သော စစ်ပွဲကြီး ဖြစ်ရာ အယူမသီးသောသူ မရှိပေ။
ဤဧကရာဇ် တင်မြှောက်ရေး လှိုင်းလုံးကြီးသည် ပို၍ ပို၍ ကြီးမားလာပြီး နောက်ဆုံးတွင် ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနတို့ပင် မတားဆီးနိုင်တော့ချေ။
......................