← Chapters

အခန်း ၉၂၄

Vol. 49 Ch. 924

အခန်း ၉၂၄

Vol. 49 Ch. 924

အပိုင်း (၉၂၄) ခင်ဗျားလည်း ဘာသာရပ် ပြောင်းချင်လို့လား။

သံသယဖြစ်ဖွယ် အရိပ်သည် အော်ဟစ်သံကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်းပင် အမှောင်ထဲသို့ ပုန်းရှောင်သွားတော့၏။

ဖန်ကျန်းရီသည် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "ဒီရက်ပိုင်းတော့ အေးအေးဆေးဆေး ရှိနေမှာပါ။ သိပ်မကြာခင် ပြဿနာတွေ ထပ်တက်လာအုံးမှာ သေချာတယ်။"

လီယွမ်ကျောက်က သံသယဖြစ်စွာဖြင့် မေးလိုက်၏။ "ဘာကို ဆိုလိုတာလဲ။"

"အဓိက ကိစ္စကိုတော့ ဘယ်သူမှ မေ့မှာ မဟုတ်ဘူး။ လောလောဆယ် အချိန်တိုအတွင်းမှာတော့ သူတို့ စူးစမ်းချင်စိတ် ရှိနေသေးလို့ ထိန်းထားနိုင်တာပါ။ ဒါပေမဲ့ လူတိုင်းက စူးစမ်းချင်စိတ် ရှိတာ မဟုတ်ဘူးလေ။ ဆက်လေ့လာသွားရင် သူတို့လည်း ငြီးငွေ့လာပြီး အချိန်တိုအတွင်းမှာ နားမလည်နိုင်ဘူးဆိုတာကို သိသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားမှာပဲ။"

လီယွမ်ကျောက်က စဉ်းစားကာ မေးလိုက်သည်။ "ဒါဆို နောက်တစ်ဆင့် ဘာဆက်လုပ်မလို့လဲ။"

ဖန်ကျန်းရီက မကောင်းဆိုးဝါး တစ်ကောင်လို ပြုံးလိုက်၏။ "သူတို့ကို ဒီမှာ စာသင်ခိုင်းတာက ပထမအဆင့်ပဲ ရှိသေးတယ်။ အသိပညာတချို့ ပေးပြီး ပဋိပက္ခ တစ်စိတ်တစ်ပိုင်းကို လျှော့ချတာပဲ။ ဒုတိယအဆင့်ကမှ အရေးအကြီးဆုံးပဲ။ လက်တွေ့ဘဝက သူတို့ကို လူဖြစ်အောင် သင်ပေးလိမ့်မယ်။"

"ဟင်။ လူဖြစ်အောင် ဘယ်လို သင်ပေးမှာလဲ။"

"အချိန်တန်ရင် ခင်ဗျား သိလာမှာပါ။ ကျုပ် အိမ်ငှားပြီး လူမွေးထားတဲ့ ပိုက်ဆံတွေကို အလကား အကုန် မခံနိုင်ဘူးလေ။"

လီယွမ်ကျောက်က လက်ပိုက်ကာ ပြောလိုက်၏။ "အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တွေ လုပ်နေတာပဲ။ ဘာတွေများ ဖုံးကွယ်ထားစရာ ရှိလို့လဲ။ ဒါပေမဲ့ ကျုပ် ဒီရက်ပိုင်း အပြင်မှာ လျှောက်သွားနေတော့ ခမည်းတော်က သေချာပေါက် မကျေနပ်လောက်တော့ဘူး။ နောက်နှစ်ရက်လောက်နေရင် ကျုပ် နန်းတော်ကို ပြန်ရလိမ့်မယ်။ ခင်ဗျား တစ်ယောက်တည်း ရပါ့မလား။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါတယ်။ အရှင့်သားက အပြင်မှာ အကြာကြီး နေဖို့ မသင့်တော်ဘူးလေ။ ကျုပ် တစ်ယောက်တည်း လုပ်နိုင်ပါတယ်။ ပြီးတော့ အရှင့်သားကို အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိသေးတယ်။

သန်ဘက်ခါ ကျင်းယီဝေတွေ လစာထုတ်မလို့။ ကျုပ်က အချိန်မရတော့ အရှင့်သား ကျုပ်ကိုယ်စား သွားထုတ်ပေးပါ။"

လီယွမ်ကျောက်က အသံတိတ် ရယ်မောလိုက်၏။ "လစာထုတ်တာ တစ်နေကုန် ကြာတာကို။ ကျုပ် ခင်ဗျားကိုယ်စား သုံးခါတောင် ထုတ်ပေးပြီးပြီ။"

"မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။ ကျုပ် အိပ်ချင်ပြီ၊ သွားအိပ်တော့မယ်။" ဖန်ကျန်းရီက ပြောပြီးသည်နှင့် လက်နောက်ပစ်ကာ သူ၏ အိပ်ခန်းဆီသို့ အရင် လျှောက်သွားတော့၏။

လီယွမ်ကျောက်က သက်ပြင်းချလိုက်ပြီး သူ၏ဘေးတွင် ကလောင်တံကို ကိုက်ကာ ကြိုးစားပမ်းစား ပုစ္ဆာတွက်နေသော ကျောင်းသားကို ကြည့်ကာ သရော်သော လေသံဖြင့် ပြောလိုက်သည်။ "ဘာလဲ ညီအစ်ကို ... ဒီပုစ္ဆာလေးတောင် မတွက်တတ်သေးဘူးလား။"

ထိုကျောင်းသားက ခေါင်းမော့ကာ လီယွမ်ကျောက်ကို ကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။ "အစ်ကိုလီ မဟုတ်လား။ ကျုပ် သင်နေတာ ရူပဗေဒလေ။ ခင်ဗျားတို့ ဇီဝဗေဒ သင်သလို လွယ်တယ်များ ထင်နေလား။ လာလေ ... သိပ်တော်ရင် လာတွက်ကြည့်။"

ဇီဝဗေဒ သင်နေသော အခြားကျောင်းသား အများအပြားသည် ထိုစကားကို ကြားသောအခါ ခေါင်းမော့ကာ စကားပြောသော ကျောင်းသားကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။

လီယွမ်ကျောက်ကလည်း မကြောက်ချေ။

သူက ရထားအကြောင်းကို အချိန်အတော်ကြာ လေ့လာခဲ့သူ ဖြစ်ရာ သူ၏ သင်္ချာနှင့် ရူပဗေဒ အဆင့်အတန်းသည် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် တွင် ဆရာလုပ်ရန်ပင် လုံလောက်နေပြီ ဖြစ်သည်။

ချက်ချင်းပင် ကလောင်တံကို ယူကာ ရွှမ်းခနဲ ရွှမ်းခနဲဖြင့် အစမှအဆုံး တွက်ချက်မှု အဆင့်ဆင့်ကို ရေးချလိုက်ပြီး နောက်ဆုံး အဖြေကို ထုတ်ပေးလိုက်၏။

ထို့နောက် ကလောင်တံကို ပစ်ချကာ ရယ်မော၍ ပြောလိုက်သည်။ "ဒီလောက် လွယ်တာကို ကျုပ်က တွက်တောင် မတွက်ချင်ဘူး။ ခင်ဗျားတို့ ရူပဗေဒ သင်တဲ့သူတွေ ညံ့တယ်လို့ ပြောတာ မယုံဘူးလား။ ဟိုဘက်က ဆိုင်းဘုတ်ကို သွားကြည့်လိုက်။ ရူပဗေဒ သင်တဲ့သူ ဘယ်နှစ်ယောက် အဆင့်ဝင်လဲလို့။"

မူလက ပုစ္ဆာတွက်နေသော ကျောင်းသားသည် စာရွက်ပေါ်ရှိ တွက်ချက်မှု အဆင့်ဆင့်ကို ကြည့်ကာ ပါးစပ် အဟောင်းသားဖြင့် ကြက်သေ,သေနေတော့၏။

သို့ပေမည့် ရူပဗေဒ သင်နေသော အခြားကျောင်းသား အများအပြားကမူ ဒေါသတကြီးဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

"ဘယ်လို စကားပြောနေတာလဲ။ ခင်ဗျားတို့ ဇီဝဗေဒ သင်တဲ့သူတွေက အဲဒီလွယ်လွယ်လေးတွေကို သင်နေပြီးတော့ ဒီမှာ လာပြီး လေလုံးထွားရဲသေးတယ်ပေါ့။"

အခြေအနေကို မြင်သောအခါ လီယွမ်ကျောက်က မကြောက်မရွံ့ဖြင့် အသံကျယ်ကြီးဖြင့် သွေးထိုး လှုံ့ဆော်လိုက်၏။ "ညီအစ်ကိုတို့ ... ဒီရူပဗေဒ သင်တဲ့သူတွေက ညံ့တယ်လို့ ကျုပ်ပြောတာကို သူတို့ မကျေနပ်ဘူးတဲ့။ ကျုပ်တို့ကိုတောင် အထင်သေးနေသေးတယ်။"

ဇီဝဗေဒ သင်နေသော ကျောင်းသားတစ်ယောက်က ချက်ချင်း ဝင်ထောက်ခံလိုက်သည်။ "သူတို့နဲ့ သွားပြီး အငြင်းပွားမနေပါနဲ့။ လူတစ်ရာ အဆင့်စာရင်းထဲ မဝင်တော့ သူတို့ သင်တာတွေက ခက်တယ်လို့ အကြောင်းပြ နေတာလေ။ ဟိုးအရင်တုန်းက ဘယ်သူကများ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ရဲ့ ပညာရပ်တွေက တစ်ချက်ကြည့်တာနဲ့ နားလည်တယ်၊ ဘာမှ မခက်ဘူးလို့ ပြောခဲ့တာလဲ။ အခုကျတော့ ခက်တယ်ဆိုပြီး ဖြစ်သွားပြန်ပြီလား။"

လီယွမ်ကျောက်က ခေါင်းခါကာ လှောင်ပြုံး ပြုံးလိုက်၏။ "တော်ပါတော့ မိတ်ဆွေတို့ရယ်။ သူတို့နဲ့ သွားပြီး ရန်မဖြစ်ပါနဲ့။ ဒီ ရူပဗေဒနဲ့ ဓာတုဗေဒ သင်တဲ့သူတွေက ကျုပ်တို့ကို နောက်ကျကျန်အောင် ဆွဲချနေတာ။ နောက်ပိုင်းကျရင် သူတို့ဘာသာသူတို့ သိလာပါလိမ့်မယ်။"

ဓာတုဗေဒ သင်နေသည့် အုပ်စုက ရုတ်တရက် ဒေါသထွက်သွားကြ၏။

မင်း ဇီဝဗေဒနဲ့ ရူပဗေဒ ရန်ဖြစ်တာ ငါတို့ ဓာတုဗေဒကို ဘာလို့ ဆွဲသွင်းရတာလဲ။

"ခင်ဗျားတို့ ဇီဝဗေဒ သင်တဲ့သူတွေက သိပ်တော်နေလို့လား။ ဒီမှာ စာလာသင်တဲ့ ဆရာတွေတောင် ပြောသွားတယ်၊ ခင်ဗျားတို့ သင်နေတာတွေက အမှိုက်တွေချည်းပဲတဲ့။ ဘယ်သူမှ မသင်ချင်တဲ့ ဘာသာရပ်ကို အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ကနေ ဘွဲ့ရရင်တောင် အလုပ်ရှာလို့ မရဘူး၊ တစ်ပြားမှ မရဘူးတဲ့။"

"ဆေးဖော်တဲ့ကောင်။ မင်းအမေကို ဘယ်သူက အလုပ်ရှာလို့ မရဘူးလို့ ပြောတာလဲ။"

"မင်းကို ပြောတာလေ၊ ဘာဖြစ်လဲ။"

"ဟေ့ ... ဟေ့ ... မရိုက်ကြနဲ့။ အိပ်နေတဲ့လူတွေ ရှိတယ်ဟေ့။"

...

ကျိုးမောက်ရွှယ်သည် လက်ထဲရှိ ပြဋ္ဌာန်းစာအုပ်ကို ကြည့်ရင်း စိတ်မငြိမ်မသက် ဖြစ်နေ၏။

ခေါင်းမော့ကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ ဤခံစားချက်မှာ ပို၍ပင် ဆိုးရွားလာတော့သည်။

အားလုံးက နန်းတော်ကို သွားပြီး တောင်းဆိုမယ်၊ အခွင့်အရေးတွေ ရအောင် ယူမယ်လို့ သဘောတူထားကြပြီး သူက အဲဒီကနေ နာမည်ကောင်း ရအောင် ယူချင်ခဲ့တာလေ။

အခု နာမည်ကောင်းကို ထန်ပေါ်ဟူက လုယူသွားပြီ။ ပြီးတော့ ဒီပညာတတ်တွေကလည်း အချင်းချင်း ကွဲပြားကုန်ပြီ။

အခု ဘာသာရပ် တစ်ခုချင်းစီ အစုလိုက်အပြုံလိုက် ဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက်လည်း အထင်သေးနေကြတယ်။

ဒီအတိုင်း ဆက်သွားနေရင် ဘာအလုပ်မှ ဖြစ်လာမှာ မဟုတ်ဘူး။

အစောကြီးကတည်းက အိမ်ပြန်ပြီး ဇိမ်ကျကျ နေလိုက်တာမှ ပိုကောင်းအုံးမယ်။

ပြီးတော့ အရေးအကြီးဆုံး အချက်က ဒီမှာ စာသင်နေတာ ခုနစ်ရက်တောင် ရှိနေပြီ။

ဒီ သောက်ရမ်းခက်တဲ့ သိပ္ပံပညာကို သူ နည်းနည်းလေးတောင် နားမလည်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ သင်္ကေတတွေ၊ ရှုပ်ယှက်ခတ်နေတဲ့ စကားလုံးတွေက သူ့ခေါင်းကို ကိုက်ခဲစေတယ်။

အရင်က သူ နားလည်ရခက်တယ်လို့ ထင်ခဲ့တဲ့ လေးအုပ်၊ ငါးကျမ်းကိုတောင် သူ ပြန်လွမ်းလာမိတယ်။

အခြေအနေတွေက သူ ထင်ထားတာနဲ့ တဖြည်းဖြည်း လွဲချော်လာပြီ။ အရင်က စိတ်အားထက်သန်စွာနဲ့ ပြည်သူတွေရဲ့ အားပေးမှုကြားမှာ ပညာတတ်တစ်စုကို ခေါ်ပြီး နန်းတော်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်မယ်လို့ ထင်ထားခဲ့တာ။

အခု စာပြန်သင်နေရတယ်။ ပြီးတော့ နားလည်း မလည်ဘူး။

မဖြစ်ဘူး။ ဒီအတိုင်း ဆက်သွားလို့တော့ လုံးဝ မဖြစ်ဘူး။

ကျိုးမောက်ရွှယ်သည် ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီး သူနှင့် အတော်လေး ရင်းနှီးသော သူတစ်ယောက်အနားသို့ သွားကာ ပြောလိုက်၏။ "အစ်ကိုကျန်း ... အခု အခြေအနေက တော်တော်လေး မမှန်ဘူးလို့ မထင်ဘူးလား။"

အစ်ကိုကျန်းက ခဏတာ ကြောင်သွားပြီး လက်ထဲရှိ ပြဋ္ဌာန်းစာအုပ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ "သိပ်မမှန်ဘူး။ ရူပဗေဒက ဘာလို့ တခြား ဘာသာရပ်တွေထက် ဒီလောက်တောင် ပိုခက်နေရတာလဲ။"

"ကျုပ် ပြောတာ အဲဒါ မဟုတ်ဘူး။ ကျုပ်တို့က ကြီးမားတဲ့ ကိစ္စကြီး လုပ်မယ်လို့ တိုင်ပင်ထားကြတာ မဟုတ်ဘူးလား။ အခု ဒီမှာ စာလာသင်နေတာ ဘယ်တော့မှ ပြီးမှာလဲ။ တစ်ချက်လောက် အားထုတ်လိုက်ရင် အောင်မြင်နိုင်ပေမဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ကြိုးစားရရင် စိတ်ဓာတ်တွေ ကျကုန်မှာပေါ့။ အခု ချက်ချင်းကို စိတ်ဓာတ်တွေ ကျနေပြီ၊ စွမ်းအင်တွေလည်း ကုန်ခမ်းနေပြီဆိုတော့ နောက်ပိုင်း ဘယ်သူက နန်းတော်ကို သွားပြီး ဆန္ဒပြချင်စိတ် ရှိတော့မှာလဲ။"

အစ်ကိုကျန်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။ "ဒါပေမဲ့ ဥက္ကဋ္ဌက ပြောတယ်လေ။ နန်းတော်နဲ့ အငြင်းပွားချင်ရင် သိပ္ပံပညာကို နားလည်မှ ရမယ်တဲ့။ အခု ကျုပ်တို့က အပေါ်ယံလေးတောင် နားမလည်သေးဘူး ဆိုတော့ နန်းတော်နဲ့ ဘယ်လို သွားပြီး အငြင်းပွားမှာလဲ ... ဟူး ... ဒီသိပ္ပံပညာကို အထင်သေးလို့ မရဘူး၊ တကယ်ကို နက်နဲတယ်။ သဘာဝတရားရဲ့ နိယာမတွေကို သေချာ တွက်ချက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ရင် ကောင်းကောင်း အသုံးချနိုင်ပြီး အင်အားတွေ အများကြီး ရလာနိုင်တယ်။"

ကျိုးမောက်ရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး တခြားသူကို သွားရှာရန် လှည့်ထွက်သွား၏။ ပြဋ္ဌာန်းစာအုပ်ကို ကြည့်ပြီး ခေါင်းကုတ်နေသော သူတစ်ယောက်ကို မြင်သောအခါ အနားသို့ သွားလိုက်သည်။

ထို့နောက် လေသံတိုးတိုးဖြင့် မေးလိုက်၏။ "အစ်ကိုဝမ် ... အခု အခြေအနေက တော်တော်လေး မမှန်ဘူးလို့ မထင်ဘူးလား။"

အစ်ကိုဝမ်က သူ့ကို တစ်စောင်းလေး ကြည့်လိုက်ပြီးနောက် သဘောပေါက်သွားသလို ပြုံးကာ ပြောလိုက်သည်။ "တော်တော်လေး မမှန်ဘူး။ အစ်ကိုကျိုး ... ခင်ဗျားလည်း ဘာသာရပ် ပြောင်းချင်လို့လား။"

" ... "

ချီးတဲ့မှ … မင်းအမေ ဘာသာရပ်ပြောင်းမှာလား။ စာသင်ရတာ စွဲလမ်းနေပြီလား။

ကျိုးမောက်ရွှယ်၏ ရင်ထဲတွင် ဆဲရေးတိုင်းထွာလိုက်သော်လည်း မျက်နှာပေါ်တွင်မူ အားတင်းပြုံးပြကာ ပြောလိုက်၏။ "ကျုပ်တို့က ကြီးမားတဲ့ ကိစ္စကြီး လုပ်ဖို့၊ ပြည်သူတွေအတွက် အရေးဆိုဖို့ လာကြတာလေ။ အခု ဒီလိုလုပ်နေတာ ဘယ်တော့မှ ပြီးမှာလဲ။ ခင်ဗျားက ဘယ်အချိန်အထိ သင်နေမှာလဲ။"

အစ်ကိုဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။ "ကျုပ် အစကတည်းက ဘာသာရပ် ရွေးမှားခဲ့တာကိုး။"

" ... "

ကျိုးမောက်ရွှယ်၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။

အစ်ကိုဝမ်က ဆက်ပြောသည်။ "ဒါပေမဲ့ ခင်ဗျား ပြောတာ အကြောင်းပြချက် ရှိတယ်။ ကျုပ်လည်း တော်တော်လေး မမှန်ဘူးလို့ ခံစားနေရတယ်။ ဒီအတိုင်း ဆက်သွားနေရင် အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ ဒီအရာက သာမန် ခက်တာ မဟုတ်ဘူး။"

ကျိုးမောက်ရွှယ်က ဝမ်းသာသွား၏။ "ဟုတ်တယ်။ ကျုပ် ဆိုလိုတာက ဒီအတိုင်း ဆက်သွားလို့ မရဘူး။ ထန်ပေါ်ဟူဆီ တိုက်ရိုက်သွားပြီး ရှင်းပြလိုက်တာ ပိုကောင်းမယ်။ ဒီအတိုင်း ဆက်သွားနေရင် လူတိုင်း ဒုက္ခရောက်ကုန်မှာပေါ့။ ကျုပ် ကြည့်ရသလောက် ခင်ဗျားတို့ ပုံစံက အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ကို စာမေးပွဲ သွားဖြေမယ့်ပုံစံ ပေါက်နေပြီ။"

အစ်ကိုဝမ်က နှုတ်ခမ်းသပ်လိုက်သည်။ "ကောင်းပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်လည်း နားမလည်တော့ဘူး ဆိုတော့ လူများများစုပြီး ဥက္ကဋ္ဌဆီ သွားပြောကြတာပေါ့။ ဒါပေမဲ့ တကယ်ပြောရရင် ... ကျုပ်သာ သေချာ နားလည်အောင် သင်နိုင်ခဲ့ရင် တစ်လကို ငွေတစ်ရာ ရမယ်ဆိုတာကလည်း မဆိုးပါဘူး။ ပြီးတော့ အခု အသက်မွေးဝမ်းကျောင်းကျောင်းကနေ အရာရှိ ဖြစ်နိုင်တဲ့ လမ်းကြောင်းလည်း ရှိနေပြီလေ။

ကျုပ်တို့က အစစ်အမှန် ကျောင်းသားတွေ ဖြစ်ပြီး အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ရဲ့ ဘွဲ့လည်း ရထားတယ်ဆိုရင် နန်းတွင်းမှာ တော်တော်လေး နေရာရမှာပဲ။"

"ခင်ဗျား ... "

"နောက်တာပါ။ နောက်တာပါ။ အစ်ကိုကျိုး စိတ်မဆိုးပါနဲ့။ ကျုပ်တို့ အခု တခြားလူတွေကို သွားပြီး ဆက်သွယ်ကြတာပေါ့။"

All Chapters