အခန်း ၉၂၅
Vol. 49 Ch. 925
အပိုင်း (၉၂၅) ကျုပ်မှာ နည်းလမ်းသစ်တစ်ခု ရှိတယ်။
ပညာရပ်အသစ်တစ်ခုကို သင်ယူရာတွင် ကျောင်းသားများမှာ အသက်အရွယ် ကြီးရင့်နေကြပြီ ဖြစ်သောကြောင့် သူတို့၏ အတွေးအခေါ်များမှာ ခိုင်မာတောင့်တင်းလျက် ရှိနေ၏။ လူအတော်များများမှာ သိပ္ပံပညာရပ်ဆိုင်ရာ ဗဟုသုတများကို စုပ်ယူနားလည်နိုင်စွမ်း အားနည်းလှသည်။
ကျိုးမောက်ရွှဲ့တို့ နှစ်ယောက်၏ လှုံ့ဆော်မှုကြောင့် သိပ်မကြာခင်မှာပင် လူတစ်ရာကျော်ခန့် စုရုံးမိသွားကြ၏။
ကျန်ရှိနေသော ကြိုးစားပမ်းစား စာကျက်နေကြသည့် စာမေးပွဲအောင်သူ အများစုမှာလည်း အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သောအခါ လက်ထဲမှ စာအုပ်များကို ချထားပြီး စောင့်ကြည့်လာကြသည်။
ကျိုးမောက်ရွှဲ့သည် တစ်ယောက်က အော်လိုက်သည်နှင့် ရာနှင့်ချီသော လူများက တခဲနက် ထောက်ခံလာကြသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ရုတ်တရက် ယုံကြည်ချက်များ ပြည့်ဝလာခဲ့၏။
ထန်ပေါ်ဟူ၏ သွားနေသော လမ်းကြောင်းမှာ နောက်ဆုံးတွင်တော့ မှားယွင်းနေသည်။ မည်သို့ပင်ဖြစ်စေ သူ ကိုယ်တိုင် ဦးဆောင်မှသာ ဖြစ်ပေလိမ့်မည်။
ရှင်းရှန်းအသင်းက သူ့အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့စဉ်က သူ မငြင်းဆန်ခဲ့သင့်ကြောင်း အစောကြီးတည်းက သိခဲ့သင့်၏။ ထိုသို့ ငြင်းဆန်ခဲ့သောကြောင့် ယခုအခါ လူတို့၏ စိတ်ဓာတ်များ ဖရိုဖရဲ ဖြစ်ကုန်ပြီး အဖွဲ့ကို ဦးဆောင်ရန် ခက်ခဲသွားခဲ့ရပြီ ဖြစ်သည်။
ကျိုးမောက်ရွှဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “မိတ်ဆွေတို့ ... ကျုပ်တို့ ထန်အစ်ကိုရဲ့ အိမ်မှာ ထိုင်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ အခုထိ ဘာမှ မရသေးဘူး။ ဒါကြောင့် နည်းလမ်းပြောင်းသင့်ပြီလို့ ထင်တယ်။ သိပ္ပံပညာရပ်တွေကို အများကြီး သင်ယူနေလည်း အကျိုးမရှိဘူး။ ဒီအတိုင်း ဆက်စောင့်နေမယ်ဆိုရင် စိတ်ဓာတ်တွေ ကုန်ခန်းသွားပြီး ဘယ်သူမှ ထုတ်ဖော်ပြောဆိုချင်ကြတော့မှာ မဟုတ်ဘူး။”
လူတစ်ရာကျော်ခန့်က တစ်ပြိုင်နက်တည်း အသံကျယ်ကျယ်ဖြင့် ထောက်ခံလိုက်ကြသည်။
စောင့်ကြည့်နေသော လူအုပ်ကြီးထဲတွင်မူ ခေါင်းခါယမ်းနေသူ အတော်များများ ရှိနေခဲ့၏။
သိပ္ပံပညာရပ်များကို အများကြီး သင်ယူနေလည်း အကျိုးမရှိဘူး ဆိုသည်ကိုတော့ သူတို့ သဘောမတူရဲချေ။ ဤရက်ပိုင်းအတွင်း နည်းလမ်းတချို့ကို သဘောပေါက်လာခဲ့ပြီး နည်းပညာ အသုံးချမှုများနှင့် ပတ်သက်၍လည်း ရိုးရှင်းစွာ နားလည်လာခဲ့ကြပြီ ဖြစ်၏။
ဤအရာသည် လုံးဝ ခပ်ပေါပေါ မဟုတ်ပေ။ အနည်းဆုံးတော့ လူတို့၏ မျက်စိကို ပွင့်လင်းစေပြီး ပြဿနာကို ကြည့်ရှုသည့် ရှုထောင့်ကိုလည်း ပြောင်းလဲသွားစေခဲ့သည်။
ကျိုးမောက်ရွှဲ့က လက်ကို ဝှေ့ယမ်းလိုက်၏။ “သွားကြမယ်။ အခုပဲ ထန်အစ်ကိုဆီ သွားပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောကြမယ်။ နောက်ကျရင် ဒီစာတွေကို ဆက်သင်နေစရာ မလိုတော့ဘူး။ ကျုပ်တို့ လိုရင်းကိုပဲ တန်းသွားကြမယ်။”
လူအုပ်ကြီးသည် ဆူဆူညံညံဖြင့် ကျိုးမောက်ရွှဲ့၏ နောက်မှ ဧည့်ခန်းမကြီးဆီသို့ ပြုံတိုး ဝင်ရောက်သွားကြသည်။
ခန်းမထဲတွင် အစောင့်ကျနေသော ကျင်းယီဝေသည် အခြေအနေ မဟန်သည်ကို မြင်သောအခါ ချက်ချင်းပင် လျှို့ဝှက်စွာ သတင်းပို့ရန် ခပ်မြန်မြန် ပြေးသွားခဲ့၏။
လူအုပ်ကြီးသည် ဧည့်ခန်းမကို ဖြတ်ကျော်ကာ စင်္ကြံလမ်းတွင် ပိတ်ဆို့ရပ်တန့်ပြီး ဖန်ကျန်းရီ၏ တံခါးကို ခေါက်လိုက်ကြသည်။
တံခါး ပွင့်သွားသောအခါ ဖန်ကျန်းရီသည် ပုံမှန်အတိုင်းပင် လွတ်လပ်ပေါ့ပါးပြီး သပ်ရပ်သော အဝတ်အစားကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။
သူသည် လူအုပ်ကြီးကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “မိတ်ဆွေတို့ ... စာမကျက်ဘဲ ကျုပ်ဆီ ဘာကိစ္စရှိလို့ လာကြတာလဲ။”
ကျိုးမောက်ရွှဲ့က လက်သီးဆုပ်၍ အရိုအသေပေးပြီး လေးနက်စွာ မေးလိုက်၏။ “ထန်အစ်ကို ... ရှင်းရှန်းအသင်း တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်ကို မေ့သွားပြီလားလို့ မေးပါရစေ။”
ဖန်ကျန်းရီက ပြုံး၍ ဖြေလိုက်သည်။ “သူတော်စင်တွေရဲ့ မိန့်ကြားချက်တွေကို ပြန်လည်အလင်းဆောင်ဖို့၊ တိုင်းပြည်နဲ့ အစိုးရအတွက် အမှားအမှန် ရှင်းလင်းပေးဖို့၊ တာ့ကျင်းတိုင်းပြည် တစ်ဝှမ်းက မှားယွင်းနေတဲ့ သိပ္ပံပညာရပ်တွေကို ဖယ်ရှားပြီး ပြည်သူတွေအတွက် တရားမျှတမှု တောင်းဆိုပေးဖို့ဆိုတာ ကျုပ် လုံးဝ မမေ့ပါဘူး။”
ကျိုးမောက်ရွှဲ့က အသံကို နှိမ့်၍ ပြောလိုက်၏။ “ဒါဆိုရင် အခု ကျုပ်တို့ အချိန်တွေ အများကြီး ဖြုန်းတီးနေတယ်လို့ ထန်အစ်ကို မထင်ဘူးလား။ ကျုပ်တို့ ဒီနေရာမှာ ဘယ်လောက်ကြာကြာ ပုန်းအောင်းနေရ မှာလဲ။ သိပ္ပံပညာက အကျိုးမရှိဘူးလို့ ကျုပ် ထင်တယ်။ အပေါ်ယံ နားလည်ရုံလောက်ဆိုရင် ရပြီ။ အခု လောလောဆယ် ကျုပ်တို့ သင်ယူထားတာတွေက လုံလောက်နေပါပြီ။”
ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ဒီအတိုင်း ဆက်ဆွဲဆန့်နေမယ်ဆိုရင် ထန်အစ်ကို အဓိကကိစ္စကို မေ့သွားမှာကို ကျုပ် စိုးရိမ်တယ်။ ပြီးတော့ ကျုပ်မှာ မေးစရာတစ်ခု ရှိတယ်။ ဘာကြောင့် ကျုပ်တို့က စာကျက်နေရပြီး ထန်အစ်ကိုကတော့ ကွယ်ရာမှာ ပုန်းနေပြီး မကြာခဏ ပျောက်နေရတာလဲ။ ဥက္ကဋ္ဌ တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင် စံပြ မလုပ်ပြတာက နည်းနည်းတော့ လွန်လွန်းရာ မကျဘူးလား။”
ကျိုးမောက်ရွှဲ့၏ စကားထဲတွင် ရန်စသည့် သဘောများ ပါဝင်နေသည်ကို ကြားသော်လည်း ဖန်ကျန်းရီက စိတ်မဆိုးချေ။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ဝမ်းနည်းနေသည့် မျက်နှာပေးဖြင့် ပြောလိုက်၏။ “ဟုတ်ပါတယ် ... ကျိုးအစ်ကို ပြောတာ မှန်ပါတယ်။ မိတ်ဆွေတို့လည်း စာကို သေချာ နားမလည်ကြဘူး ဆိုတာကို ကျုပ် မြင်ပါတယ်။ ဒါကြောင့် နန်းတွင်းက အမတ်တွေနဲ့ အခြေအတင် ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်မထားတော့ပါဘူး ...”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူအတော်များများမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
အထင်သေးခံလိုက်ရသော်လည်း သူပြောသည်မှာ အမှန်ပင် ဖြစ်၏။ တကယ်လည်း သေချာ နားမလည်ခဲ့ကြပေ။
ဖန်ကျန်းရီက တည်ကြည်စွာ ပြောလိုက်သည်။ “စတင် စဉ်းစားကတည်းက အဆိုးရွားဆုံး ရလဒ်ကို ကျုပ် တွေးထားပြီးသားပါ။ ဒါကြောင့် မိတ်ဆွေတို့ ကြိုးကြိုးစားစား စာကျက်နေတဲ့ အချိန်မှာ ကျုပ်က ဒုတိယ စီမံချက်ကို ပြင်ဆင်နေခဲ့တာ။ ဒါကပဲ မိတ်ဆွေတို့ ကျုပ်ကို မကြာခဏ မတွေ့ရတဲ့ အကြောင်းရင်းပါပဲ။”
ကျိုးမောက်ရွှဲ့က လေးနက်သော မျက်နှာဖြင့် မေးလိုက်၏။ “ဒုတိယ စီမံချက်ဆိုတာ ဘာလဲ။”
ဖန်ကျန်းရီက ဖြေလိုက်သည်။ “သီအိုရီပိုင်းမှာ ကျုပ်တို့ မကျွမ်းကျင်ဘူး ဆိုရင်တော့ အစိုးရကို နားချနိုင်ဖို့အတွက် လက်တွေ့ကျကျ သူတို့ကို အနိုင်ယူမှ ဖြစ်မယ်။”
ထို့နောက် သူက အသံကို မြှင့်လိုက်၏။ “ဒါဆိုရင် လက်တွေ့ဆိုတာ ဘာလဲ။ လက်တွေ့ဆိုတာ သိပ္ပံပညာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပဲ။ ကျုပ်တို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ထုတ်ပြနိုင်ရင် အစိုးရကလည်း ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။”
လူအတော်များများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
သူတို့က စိတ်ဝင်တစား မေးလိုက်ကြ၏။ “ဥက္ကဋ္ဌ ... ဘာသက်သေတွေ တွေ့ထားလို့လဲ။”
ဖန်ကျန်းရီက စဉ်းစားတွေးတောသည့် ဟန်ဖြင့် ပြောလိုက်သည်။ “တိကျတဲ့ သက်သေ အထောက်အထားတွေကိုတော့ ကျုပ် လောလောဆယ် ရှာမတွေ့သေးဘူး။ ဒါပေမယ့် သက်သေတွေ ဘယ်မှာရှိလဲ ဆိုတာကိုတော့ ကျုပ် သိထားပြီးပြီ။ မြို့တော်မှာ စက်ရုံအသစ်တွေ အများကြီး တည်ဆောက်ထားတာ မိတ်ဆွေတို့ သိကြလား။ အဲဒီအထဲက စက်ရုံအတော်များများမှာ သုံးနေတဲ့ နည်းပညာတွေက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကနေ လာတာပဲ။”
သူက ဆက်လက်၍ ရှင်းပြလိုက်၏။ “စက်ရုံတွေ တက္ကသိုလ်ရဲ့ နည်းပညာသစ်တွေကို ရယူတာက လုပ်ငန်းတွင်ကျယ်စေဖို့နဲ့ လူ့လုပ်အားကို သက်သာစေဖို့လို့ မိတ်ဆွေတို့ ထင်နေကြသလား။ တကယ်တော့ မဟုတ်ဘူး။ အမှန်တရားကတော့ စက်ရုံတွေဟာ တက္ကသိုလ်ရဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ရရှိသွားတာဟာ ကုန်ကျစရိတ် သက်သာစေဖို့၊ အလုပ်သမားတွေကို အကြီးအကျယ် ဖိနှိပ်ခေါင်းပုံဖြတ်ဖို့ပါပဲ။”
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ “ကျုပ်မှာ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက စက်ရုံလုပ်ငန်း ကို စိတ်ဝင်စားလို့ စက်ရုံထောင်ဖို့ စိတ်ကူးရှိတာကြောင့် ဒီလို အတွင်းရေးတွေကို သိခဲ့ရတာ။ ဒီကိစ္စကို ကျုပ် သိသိချင်းမှာပဲ ပန်းရှန်းသတင်းစာက သတင်းထောက်တွေကို ဆက်သွယ်ပြီး အမှန်တရားကို စုံစမ်းခိုင်းခဲ့တယ်။ ဒါပေမယ့် စုံစမ်းရရှိတဲ့ ရလဒ်ကတော့ လူကို အံ့သြတုန်လှုပ်စေတယ်။ သူတို့ပြောတာက စက်ရုံထဲက အလုပ်သမားတွေက အရမ်းကို ပျော်ရွှင်နေကြတယ်တဲ့။ တစ်နေ့ကို လေးငါးနာရီလောက်ပဲ အလုပ်လုပ်ရပြီး တစ်လကို အားလပ်ရက် ရှစ်ရက်၊ ကိုးရက်လောက် ရှိတယ်တဲ့။ ပွဲတော်ရက်တွေမှာလည်း လက်ဆောင်တွေနဲ့ ဆုကြေးငွေတွေ ပေးသေးတယ်လို့ ဆိုတယ်။”
သူက ဒေါသထွက်သည့်ဟန်ဖြင့် ဆက်ပြောလိုက်၏။ “ဒီလို သရဲတစ္ဆေ စကားမျိုးကို ကျုပ် ဘယ်လိုလုပ် ယုံနိုင်မှာလဲ။ ဒါကြောင့် မိတ်ဆွေတွေကို စက်ရုံထဲသွားပြီး ထပ်စုံစမ်းခိုင်းခဲ့တယ်။ ရလဒ်ကတော့ ဒီစက်ရုံတွေအထဲမှာ ပြည်သူတွေကို ကျွန်တွေလို သုံးနေကြတုန်းပဲ။ သွေးတစ်ပေါက် မကျန်တဲ့အထိ အစွမ်းကုန် ညှစ်ထုတ် ဖိနှိပ်နေကြတာ။
လူတစ်ယောက် စက်နားမှာ အလုပ်လုပ်ရင်း ပင်ပန်းလွန်းလို့ သွေးအန်ကျတာကိုတောင် အတင်းအကျပ် ဆက်လုပ်ခိုင်းနေတာကို သူ တွေ့ခဲ့ရတယ်။ ကျုပ်ရဲ့ မိတ်ဆွေက ဉာဏ်ရည်ထက်မြက်သူမို့ နောက်ပိုင်းမှာ သတင်းထောက် ယောင်ဆောင်ပြီး သွားခဲ့သေးတယ်။ ရလဒ်ကတော့ ဘာထူးလဲ။ စက်ရုံရဲ့ အမှောင်ခြမ်းကို လုံးဝ ဖုံးကွယ်ထားကြတာပဲ။”
စာမေးပွဲအောင်သူများသည် စိတ်ဝင်တစား နားထောင်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး လောကကြီးကို လှည့်စားနေကြသည်။ ဤစက်ရုံများသည် ဤမျှလောက်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေပါလား။ ထို့ပြင် အရှေ့ဆင်ခြေဖုံးတက္ကသိုလ်သည်လည်း နောက်ကွယ်မှ ကြံရာပါပင် ဖြစ်နေချေပြီ။
ဖန်ကျန်းရီက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်၏။ “ဒီလောက်ပြောရင် အားလုံးလည်း သဘောပေါက် လောက်ပါပြီ။ စက်ရုံတွေက ပြည်သူတွေကို ဖိနှိပ်နေတာ အမှန်ပဲ။ သတင်းထောက်တွေကလည်း အဲဒီဖန်ခွေးရဲ့ လက်အောက်ငယ်သားတွေမို့ လှပတဲ့ အယောင်ဆောင်မှုတွေနဲ့ လောကကြီးကို လှည့်စားနေကြတာ။
အစိုးရတောင်မှ သူတို့ လှည့်စားတာကို ခံနေရတာ ဖြစ်နိုင်တယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ဆိုတာကလည်း လူသတ်သမားကို ဓားထုတ်ပေးနေတဲ့ သူခိုးဂျပိုးပဲ။ ကျုပ်တို့သာ သက်သေအထောက်အထားတွေကို လက်ထဲမှာ ခိုင်ခိုင်မာမာ ရရှိထားနိုင်ရင် ပြည်တွင်းက ဖောက်ပြန်နေတဲ့လေထုကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်နိုင်လိမ့်မယ်။”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ ပညာတတ်တွေက တာ့ကျင်းတိုင်းပြည်ကို အလင်းဆောင်ပြီး ပြည်သူတွေအတွက် တရားမျှတမှုကို ပြန်လည်ပေးအပ်ရမယ်။”
ကျိုးမောက်ရွှဲ့၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့၏။
ထန်ပေါ်ဟူက ဤမျှလောက် ကြီးမားသည့် သတင်းကြီးတစ်ခုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
မြို့တော်တွင် စက်ရုံများ ဤမျှလောက် များပြားစွာ ရှိနေရာ ထိုအထဲတွင် ကယ်ဆယ်ခြင်းကို စောင့်မျှော်နေသည့် အလုပ်သမား ဘယ်လောက်တောင် များပြားနေလိမ့်မည်နည်း။
သူပြောသည်မှာ မှန်ပေသည်။ ဤကိစ္စကို တစ်လောကလုံး သိအောင် ထုတ်ပြန်နိုင်ခဲ့လျှင် သက်ရောက်မှု အင်အားက အလွန် ကြီးမားသွားပေလိမ့်မည်။
လူတစ်ယောက်က အားတက်သရော မေးလိုက်၏။ “ဒါဆိုရင် ဥက္ကဋ္ဌ ... ဘာဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။ သက်သေတွေကို ဘယ်လို ရှာဖွေစုဆောင်းကြမလဲ။”
ဖန်ကျန်းရီက ဖြေလိုက်သည်။ “စက်ရုံတွေက သတင်းစာတိုက်၊ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၊ ပြီးတော့ အဲဒီဖန်ကျန်းရီတို့ အပါအဝင် အင်အားစုတွေ အားလုံးနဲ့ ပေါင်းကြံထားကြတာ။ ကျုပ် ထင်တာတော့ တည့်တည့် သွားစုံစမ်းရင် ဘာရလဒ်မှ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ် နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားမိတယ်။ ဒါပေမဲ့ အားလုံးတော့ နည်းနည်း ပင်ပန်းခံကြရလိမ့်မယ် ...”
လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြ၏။ “ဥက္ကဋ္ဌ ... ပြောပါပဲ။ တာ့ကျင်းတိုင်းပြည်အတွက်၊ တစ်လောကလုံးက ပြည်သူတွေအတွက် ဒီလောက် အခက်အခဲလေးကို ခံနိုင်ရည် မရှိစရာလား။”
ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်သည်။ “ကောင်းပြီ ... ဒါဆိုရင် ကျုပ် ပြောတော့မယ်။”
ထို့နောက် သူက ရှင်းပြလိုက်၏။ “မြို့တော်ထဲမှာ စက်ရုံတွေ အများကြီး ရှိသလို သူတို့ဆီမှာလည်း အလုပ်လုပ်ဖို့ လူအင်အားတွေ လိုအပ်နေတယ်။ ဒါကြောင့် ကျုပ်က အရာရှိပွဲစား အဖွဲ့ထဲက လူတွေကို ပိုက်ဆံပေးပြီး အလုပ်နေရာ အများကြီး ရှာခိုင်းထားတယ်။”
သူက ဆက်လက်၍ အားရပါးရ ပြောလိုက်သည်။ “ကျုပ်တို့မှာ ဒီလောက် လူအင်အား များတာပဲ။ အားလုံးကို လူစုခွဲပြီး စက်ရုံအသီးသီးထဲကို တိတ်တဆိတ် ဝင်ရောက်ကြမယ်။ ဒီလိုဆိုရင် စက်ရုံတွေက ဘယ်လောက်ပဲ သတိထားပြီး ဟန်ဆောင်နေပါစေ ကျုပ်တို့ရဲ့ စူးရှတဲ့ မျက်လုံးတွေကို လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ဖန်ကျန်းရီက ကမ်းလှမ်းလိုက်၏။ “ကျုပ်တို့ စက်ရုံထဲမှာ အလုပ်လုပ်ရင်း သက်သေတွေကို ရှာဖွေ မှတ်တမ်းတင်ကြမယ်။ အချိန်တန်ရင် ဒီနေရာကို ပြန်စုကြမယ်။ အဲဒီအချိန်ကျရင် အစိုးရဆီကို ကျုပ်တို့ အသံထုတ်ဖော်ရမယ့် အချိန်ပဲ။ ဘယ်လိုလဲ။”
ဖန်ကျန်းရီ၏ ရှေ့တွင် ရှိနေသော စာမေးပွဲအောင်သူ အုပ်စုကြီးမှာ ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားကြသည်။
သူတို့သည် မယုံကြည်နိုင်သည့် အကြည့်များဖြင့် ဘေးနားရှိ လူများကို အချင်းချင်း ကြည့်လိုက်ကြ၏။
ဘာလဲ။ သူတို့ကို ရက်စက်ကြမ်းကြုတ်သော စက်ရုံများဆီ အလုပ်လုပ်ခိုင်းခြင်းလား။