အခန်း ၉၂၇
Vol. 49 Ch. 927
အပိုင်း (၉၂၇) သူတစ်ပါးက ကျုပ်ကို ထိပါးလာရင် ကျုပ်ကလည်း လူပြန်ရောင်းပစ်မယ်။
သနားစရာ ကောင်းလှသော စာမေးပွဲအောင်သူများသည် ဖန်ကျန်းရီ၏ လက်ခုပ်ထဲတွင် ကစားခြင်းကို ခံနေကြရသည်။
အခြေအနေများမှာ အလွန် ကောင်းမွန်နေသဖြင့် ဖန်ကျန်းရီ၏ အပြုံးမှာလည်း အလွန် တောက်ပနေခဲ့ပြီး ဘေးဘက်များကို အဆက်မပြတ် နှုတ်ဆက်နေ၏။ “ကောင်းပြီ ကောင်းပြီ။ အားလုံးက ဒီလို စိတ်ဓာတ်မျိုး ရှိနေမှတော့ အဓိက ကိစ္စကြီး မအောင်မြင်မှာကို ဘာကြောင့် စိုးရိမ်နေရအုံးမှာလဲ။”
သူက အားတက်သရော ဆက်ပြောလိုက်သည်။ “ကျုပ် အခုချက်ချင်း လူလွှတ်ပြီး အားလုံးကို စာရင်း မှတ်ခိုင်းပါ့မယ်။ အမြန်ဆုံး သဘက်ခါလောက်ဆိုရင် အားလုံးကို အသုတ်လိုက် ခွဲပြီး စက်ရုံထဲ ဝင်နိုင်အောင် စီစဉ်ပေးပါ့မယ်။”
ထို့နောက် သူက စိတ်အေးစေရန် ရှင်းပြလိုက်၏။ “ဝင်ရမှာက ရက်စက်တဲ့ စက်ရုံတွေ ဆိုပေမဲ့ အားလုံး စိတ်ချလက်ချ နေကြပါ။ ကျုပ် စီစဉ်ပေးမှာက နာမည်ကြီး စက်ရုံကြီးတွေချည်းပါပဲ။ တစ်လကို လုပ်ခ လစာ ငွေနှစ်တေလ်း ရလိမ့်မယ်။ အသက်အန္တရာယ်တော့ ဘာမှ မရှိနိုင်ပါဘူး။ အကယ်၍ ပြဿနာ တစ်ခုခု ကြုံလာခဲ့ရင် ချက်ချင်း နှုတ်ထွက်လိုက်ရုံပါပဲ။”
ဟင် ... နာမည်ကြီး စက်ရုံကြီးတွေတောင် ဖြစ်နေသေးသည်။ အဲဒီအထဲက မတရားမှုတွေကတော့ ပိုပြီး ကြီးကျယ် ပေါက်ကွဲထွက်လောက်စရာ ကောင်းနေလိမ့်မည်။
စာမေးပွဲအောင်သူများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ “သိပါပြီ။ လာကြလေ ... မြန်မြန် စာရင်းသွင်းကြမယ်။”
“ကောင်းပြီ ... အားလုံး အခုပဲ စနစ်တကျ တန်းစီကြပါ။ မိတ်ဆွေတို့ကို မှတ်တမ်းတင်ပေးမယ့်သူ ချက်ချင်း လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလှည့်ရောက်တဲ့အခါ ဇာတိနဲ့ နာမည်ကို သေချာ ပြောပြပေးပါ။ စာရင်းသွင်းပြီး တာနဲ့ စက်ရုံထဲ ဝင်ဖို့ စီစဉ်ပေးလို့ ရပါပြီ။”
ကျိုးမောက်ရွှဲ့က သံသယရှိစွာဖြင့် မေးလိုက်၏။ “ထန်အစ်ကို ... ကျုပ်တို့ စက်ရုံထဲ ဝင်ရင် တကယ့် နာမည်ရင်းတွေကို သုံးရမှာလား။ နာမည်တု လုပ်လိုက်ရင် မရဘူးလား။”
ဖန်ကျန်းရီက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။ “ကျုပ်လည်း အဲဒီလို လုပ်ချင်ပါတယ်။ ဒါပေမဲ့ စက်ရုံကြီးတွေထဲကို ဝင်ရမှာဆိုတော့ စည်းကမ်းတွေက အရမ်း တင်းကျပ်တယ်။ မြို့တော်က စက်ရုံကြီးတွေမှာ လူဦးရေ အများကြီး စုဝေးနေတာကြောင့် အစိုးရဆီမှာလည်း စာရင်း တိုင်ကြားထားရတယ်။ အကယ်၍ ကျုပ်တို့က နာမည်တုနဲ့ ဝင်သွားပြီး စုံစမ်းစစ်ဆေးခံရရင် အရင်က ကြိုးစားခဲ့တာတွေ အကုန် သဲရေကျ ဖြစ်သွားလိမ့်မယ်။”
သူက ဂုဏ်ယူသည့် ဟန်ဖြင့် ဆက်ပြောလိုက်၏။ “နောက်တစ်ခုက ကျုပ်တို့ လုပ်နေတာတွေက ဘိုးဘေးတွေကို ဂုဏ်တက်စေမယ့် ကြီးကျယ်တဲ့ ကိစ္စရပ်တွေပဲ။ အကယ်၍ နာမည်တုကို သုံးခဲ့ရင် နောင်တစ်ချိန် လောကကြီးက ချီးကျူးဂုဏ်ပြုတဲ့အခါ ညဘက်မှာ ပိုးထည်ဝတ်ဆင်ပြီး လမ်းလျှောက်နေရသလို ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့။ အဲဒါကလည်း မကောင်းဘူးလေ။”
ကျိုးမောက်ရွှဲ့က ရုတ်တရက် သဘောပေါက်သွားပြီး ကျန်ရှိသော စာမေးပွဲအောင်သူများမှာလည်း ကြည်နူး ပျော်ရွှင်သော အပြုံးများကို ပြုံးလိုက်ကြသည်။
သူတို့ အများစုမှာ နာမည်ကျော်ကြားလာပြီး ဘိုးဘေးတို့ကို ဂုဏ်တက်စေမည့် ကိစ္စရပ်များကို စိတ်ကူးယဉ် အိပ်မက် မက်နေကြခြင်း ဖြစ်သည်။
ထို့နောက် ဖန်ကျန်းရီက အစေခံ နှစ်ယောက်ကို ခေါ်လိုက်ပြီး တံခါးဝတွင် စားပွဲရှည်ကြီး တစ်လုံး ခင်းကျင်းကာ တစ်ယောက်ချင်းစီ၏ နာမည်များကို မှတ်တမ်းတင် စာရင်းကောက်ခံစေ၏။
နာမည်စာရင်း ပေးသွင်းသည့် စာမေးပွဲအောင်သူ အားလုံး၏ စာရင်းကို ကောက်ခံပြီးစီးသောအခါ ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဒီနှစ်ရက်အတွင်းမှာ အားလုံးပဲ အနားကောင်းကောင်း ယူထားကြပါ။ ခရီးထွက်ဖို့ ပြင်ဆင်ထားကြပါ။ တခြားအကြောင်းအရာတွေကိုတော့ ကျုပ် အများကြီး မပြောတော့ပါဘူး။ အကယ်၍ ကျုပ်ရဲ့အကူအညီ လိုအပ်ရင် အားလုံးပဲ ကျုပ်ဆီကို အချိန်မရွေး လာရှာနိုင်ပါတယ်။ ကျုပ် ထန်ပေါ်ဟူ ကူညီနိုင်တာ ရှိရင် အစွမ်းကုန် ကူညီပေးပါ့မယ်။”
စာမေးပွဲအောင်သူများက တစ်ညီတစ်ညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြပြီး တဖြည်းဖြည်း လူစုခွဲကာ ထွက်ခွာသွားကြ၏။
လူစုခွဲသွားသော လူအုပ်ကြီးထံမှ တီးတိုး စကားပြောသံများ ထွက်ပေါ်လာသေးသည်။
“ဒီတစ်ခေါက် ကျုပ်တို့ စက်ရုံထဲဝင်ရင် ကာကွယ်ရေး ပစ္စည်းတွေ ကြိုတင် ပြင်ဆင်သွားသင့်လား။ ကျုပ် ထင်တာတော့ လိုအပ်မယ် ထင်တယ်။ အကယ်၍ တစ်ယောက်ယောက်က ကျုပ်တို့ကို ကြိမ်နဲ့ ရိုက်ရင် ဘယ်လိုလုပ်မလဲ။”
“မဖြစ်နိုင်ပါဘူး။ အဲဒီလောက်တော့ မရက်စက်လောက်ပါဘူး။ ပြီးတော့ ကျုပ်တို့က ဘယ်ကနေ သွားပြီး ကာကွယ်ရေး ပစ္စည်းတွေ ရှာရမှာလဲ။”
“မင်း ဘယ်လောက်ကြာကြာ လုပ်ဖို့ စဉ်းစားထားလဲ။”
“ဘယ်လိုပဲဖြစ်ဖြစ် တစ်လလောက်တော့ ပြည့်အောင် လုပ်ရမှာပေါ့။ တစ်လကို လုပ်ခ လစာ ငွေနှစ်တေလ်း ရတယ်လေ။ ဥက္ကဋ္ဌက ကျုပ်တို့အတွက် ငွေတွေ အများကြီး သုံးခဲ့ပြီးပြီ။ ကျုပ်တို့ ပိုက်ဆံရရင် သူ့ရဲ့ လိုငွေပြနေတာတွေကို ပြန်ဖြည့်ဆည်းပေးရမယ်။”
“အေး ... ဟုတ်တယ်၊ ဟုတ်တယ်။”
လူအုပ်ကြီး ကွဲကွာသွားပြီးနောက် တံခါးကြီး ပိတ်သွားခဲ့၏။
ဖန်ကျန်းရီသည် အခန်းတွင်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်သည်။
သူက လက်ထဲရှိ နာမည်စာရင်းကို တစ်ချက် ခါယမ်းလိုက်ပြီး ရှေ့တွင် ရှိနေသော ကျင်းယီဝေထံသို့ ကမ်းပေးကာ အမိန့်ပေးလိုက်၏။ “ဒါကို ယူသွားပြီး အရာရှိပွဲစားတွေဆီ ပေးလိုက်။ အကုန် စီစဉ်ပြီးတာနဲ့ ချက်ချင်း ပြန်လာ သတင်းပို့။”
“ဟုတ်ကဲ့ ...” ကျင်းယီဝေက လက်သီးဆုပ် ဂါရဝပြုပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ကျန်ရှိနေသော နောက်ထပ် ကျင်းယီဝေ တစ်ယောက်က နေရာတွင် ကျန်ရစ်ခဲ့ပြီး ပြုံး၍ ပြောလိုက်၏။ “သခင်လေး ... သခင်လေးရဲ့ နည်းလမ်းတွေက တကယ်ကို ထက်မြက်လွန်းတယ်။ ခုနက သူတို့ရတဲ့ လုပ်ခ လစာတွေကို သခင့်ရဲ့ လိုငွေပြနေတာတွေ ဖြည့်ဆည်းဖို့ ပြန်ပေးမယ်လို့ ပြောနေတာ ကျုပ် ကြားလိုက်ရတယ်။ ကြည့်ရတာ ဒီကာလအတွင်း ကျုပ်တို့ သုံးစွဲခဲ့တဲ့ စရိတ်တွေ ပြန်ရတော့မယ် ထင်တယ်။”
ဖန်ကျန်းရီက လက်ထဲတွင် တစ်ဖန် ပြန်လည် ကိုင်ဆောင်ထားသည့် လက်ဖက်ရည်ပန်းကန်လုံးကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျင်းယီဝေကို မော့ကြည့်ကာ ရယ်မောလိုက်၏။ ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။ “မင်းက တကယ်ကို အမြော်အမြင် တိမ်တာပဲ။ အချိန်ပိုဆင်းပြီး ကြိုးကြိုးစားစား မလုပ်ရင် ကြီးမားတဲ့ ဥစ္စာဓနကို ဘယ်တော့မှ မရနိုင်ဘူး။”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက ခွက်ထဲရှိ လက်ဖက်ရည်များကို တစ်ခါတည်း မော့သောက်လိုက်၏။
ကျင်းယီဝေသည် ကြောင်တောင်တောင် ဖြစ်သွားပြီး အနေရခက်စွာ ရယ်မောလိုက်သည်။ “သခင်လေး ... ဒီနေ့အတွက် ရုံးစာရွက်စာတမ်းတွေနဲ့ တက္ကသိုလ်က စာရွက်စာတမ်းတွေ ရောက်နေပါပြီ။ အခု ကြည့်မလား။”
“အင်း ... ယူလာခဲ့။” ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းလိုက်၏။
နန်းတွင်း တရားလွှတ်တော်တွင် မရှိသော်လည်း အလုပ်ကိုတော့ ဆက်လုပ်ရပေမည်။
ကျင်းယီဝေက ရုံးစာရွက်စာတမ်းများကို သွားယူရန် အပြင်သို့ ထွက်သွားသည်။
ဖန်ကျန်းရီက မတ်တပ်ရပ်လိုက်ပြီး လက်ကို နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျက်စိမှိတ်၍ စဉ်းစားနေခဲ့၏။
ကိစ္စရပ်များမှာ အတော်လေး အဆင်ပြေချောမွေ့နေပေသည်။ နောက်ဆုံး အဆင့်မှာ မည်သို့ ပြီးမြောက်မည်နည်း ဆိုသည့် အပေါ်တွင်သာ မူတည်တော့သည်။
အကယ်၍ ဤကိစ္စ အောင်မြင်သွားခဲ့လျှင် တောင်-မြောက် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသော ဤစာမေးပွဲအောင်သူများသည် တာ့ကျင်းတိုင်းပြည်၏ သိပ္ပံပညာ ပြန့်ပွားရေးအတွက် အကြီးမားဆုံးသော အထောက်အကူများ ဖြစ်လာကြပေလိမ့်မည်။ အဆိုးဆုံး အခြေအနေတွင်တောင်မှ အတားအဆီးများ ဖြစ်လာကြတော့မည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာခဲ့၏။
တစ်လောကလုံးက သူရဲကောင်းတွေ အကုန်လုံး ငါ့ရဲ့ စက်ရုံထဲကို ရောက်လာကြပြီပဲ။
နောက်ပိုင်းမှာ သူတို့ကို စောင့်ကြိုနေတဲ့ လှည့်ကွက်တွေ အများကြီး ရှိသေးတယ်။
အဖြစ်အပျက်တွေက လူတွေကို တစ်ခါတည်းနဲ့ နားလည် သဘောပေါက်သွားစေနိုင်တယ်။ ဘယ်လောက်ပဲ ခိုင်မာတောင့်တင်းနေတဲ့ ဦးနှောက်ဖြစ်ပါစေ၊ အချက်အလက်နဲ့ စိတ်ခံစားမှု နှစ်ခုစလုံးရဲ့ ဖိနှိပ်မှုကိုတော့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
သိပ်မကြာမီတွင် ကျင်းယီဝေသည် စာရွက်စာတမ်း အထပ်လိုက်ကြီးကို ပိုက်ကာ ပြန်လည် ရောက်ရှိလာပြီး ဖန်ကျန်းရီ၏ စားပွဲရှေ့တွင် ချထားပေးလိုက်သည်။
ဖန်ကျန်းရီက စားပွဲတွင် ထိုင်လိုက်ပြီး ရုံးစာရွက်စာတမ်းများကို တိတ်တဆိတ် ကိုင်တွယ် ဖြေရှင်းနေခဲ့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် အရာရှိပွဲစားဆီသို့ သွားသော ကျင်းယီဝေက ပြန်လည် ရောက်ရှိလာခဲ့သည်။
သူက ဖန်ကျန်းရီ၏ ရှေ့တွင် ရပ်လိုက်ပြီး ဝမ်းသာအားရ မျက်နှာဖြင့် သတင်းပို့လိုက်၏။ “သခင်လေး ... ကျုပ် အကုန်လုံး ပြီးစီးအောင် လုပ်ဆောင်ခဲ့ပါပြီ။”
“အို ...” ဖန်ကျန်းရီက ခေါင်းမော့ကြည့်လိုက်သည်။
ကျင်းယီဝေက ရှင်းပြလိုက်၏။ “ဒီတစ်ခေါက် စက်ရုံဝင်ဖို့ စာရင်းပေးသွင်းတဲ့သူ စုစုပေါင်း ခုနစ်ရာ ခြောက်ဆယ့်ငါးယောက် ရှိပါတယ်။ အရာရှိပွဲစားတွေဘက်က ပေးတဲ့ ပွဲစားခက တစ်ယောက်ကို ငွေနှစ်တေလ်း ဆိုတော့ မူလက တစ်ထောင့်ငါးရာ့သုံးဆယ် ရရမှာပါ။ ဒါပေမယ့် နောက်ဆုံး ရှင်းတမ်း ထုတ်တဲ့အခါမှာ အရာရှိပွဲစားတွေက ကိန်းဂဏန်း ပြည့်သွားအောင် ဆိုပြီး ငွေတစ်ထောင့်ခြောက်ရာ အတိ ပေးလိုက်ပါတယ်။”
ဖန်ကျန်းရီ၏ ဘေးတွင် အစောင့်ကျနေသော ကျင်းယီဝေမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။
ချီးတဲ့မှ။ တကယ်တော့ လူတွေကို ရောင်းစားလိုက်တာပဲ။ ပြီးတော့ ငွေတစ်ထောင့်ခြောက်ရာတောင် ရောင်းရလိုက်သေးတယ်။ သခင်လေးက ငါ့ကို အမြော်အမြင် တိမ်တယ်၊ ကြီးမားတဲ့ ဥစ္စာဓနကို မရနိုင်ဘူးလို့ ပြောတာ မဆန်းတော့ဘူးပဲ။
ဒီလိုမျိုး လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ရှိသေးတယ်လို့ တကယ်ကို စဉ်းစားတောင် မစဉ်းစားမိဘူး ... ငါ အချိန်ပိုပဲ ဆက်ဆင်းတော့မယ် ...
ဖန်ကျန်းရီက ရယ်မောလိုက်၏။ “အရာရှိပွဲစားတွေက ပိုက်ဆံပိုပေးချင်နေသေးတာပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။”
ကျင်းယီဝေက ဆက်ပြောလိုက်သည်။ “သခင်လေး ... အရင်က ကျုပ်တို့ သဘောတူထားတဲ့ ဈေးနှုန်းက စာမေးပွဲအောင်သူ တစ်ယောက်ကို ငွေနှစ်တေလ်းပါ။ သူတို့ဘက်က ဒီလောက်များတဲ့ လူတွေ ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး။ နောက်လည်း ဒီလို ကိစ္စမျိုး ရှိရင် သူတို့ကို ဆက်ပြီး ဆက်သွယ်ပေးဖို့ မျှော်လင့်နေကြတယ်။ ဘယ်လောက်ရှိရှိ အကုန် ယူမယ်တဲ့။ စက်ရုံ အတော်များများက စာမေးပွဲဖြေသူတွေကို လုပြီး ခေါ်ချင်နေကြတာ။”
ဖန်ကျန်းရီက မေးလိုက်၏။ “ဒီလူတွေက သိပ်ကြာကြာ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို မင်း သူတို့ကို မပြောပြခဲ့ဘူးလား။”
ကျင်းယီဝေက ခေါင်းညိတ်လိုက်သည်။ “ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပြောတာက စက်ရုံပိုင်ရှင်တွေက ဂရုမစိုက်ဘူးတဲ့။ ဒီလောက် ငွေလေးကိုလည်း နှမြောမနေဘူးတဲ့။ စာမေးပွဲဖြေသူတွေကို များများ ရှာနိုင်လေလေ ပိုပြီး ဂုဏ်ရှိလေလေပဲ မဟုတ်လား။ နောင်တစ်ချိန် သူတို့ ထွက်သွားရင်တောင် စက်ရုံတွေက အပြင်မှာ ကြော်ငြာတဲ့အခါ အင်အားတောင့်တင်းတယ် ဆိုပြီး အလုပ်သမား ရှာရတာ လွယ်ကူသွားလိမ့်မယ်။”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ဇာတ်ညွှန်းကိုရော အရာရှိပွဲစားတွေကို ပေးခဲ့ပြီးပြီလား။”
ကျင်းယီဝေက ဖြေလိုက်သည်။ “ပေးခဲ့ပါပြီ။ အရာရှိပွဲစားတွေက ပြောတာတော့ သက်ဆိုင်ရာ စက်ရုံတွေကို ဉာဏ်ရည်ထက်မြက်တဲ့ အလုပ်သမားတွေ စီစဉ်ပေးဖို့ အကြောင်းကြားပြီးပါပြီတဲ့။ သခင်လေး အတွက် သရုပ်ဆောင်တာ လုံးဝ မပျက်ကွက်စေရဘူးလို့ အာမခံထားပါတယ်။”
ဖန်ကျန်းရီက သတိပေးလိုက်၏။ “အဲဒါဆိုရင် ကောင်းပြီ။ စက်ရုံတစ်ရုံရုံကများ သရုပ်ဆောင်တာ ပျက်ကွက်ခဲ့ရင် နောက်နောင် မြို့တော်မှာ စက်ရုံ လာမထောင်နဲ့တော့။ နောက်ထပ် လူတချို့ ရှာပြီး တစ်အိမ်တက်ဆင်း အကြောင်းကြားခိုင်းလိုက်အုံး။ သတိကြီးကြီးထားပြီး အမှားအယွင်း လုံးဝ မရှိစေနဲ့၊ အရာရာကို ဇာတ်ညွှန်း အတိုင်းပဲ သွားရမယ်လို့ ပြောလိုက်။”
ရိုးရှင်းစွာ စီစဉ် ညွှန်ကြားပြီးနောက် ဖန်ကျန်းရီက ထပ်မေးလိုက်သည်။ “ဒါနဲ့ ... ဒီကာလအတွင်းမှာ စုစုပေါင်း ငွေဘယ်လောက် ကုန်သွားလဲ။”
“အင်း ... ငွေခြောက်ရာတောင် မပြည့်ပါဘူး။ သခင်လေး ... ကျုပ်တို့ အသားတင် ငွေတစ်ထောင်ကျော်တောင် မြတ်သွားတယ် ...” ကျင်းယီဝေက ဝမ်းသာအားရ ဖြေလိုက်၏။
ဖန်ကျန်းရီက ဘာမှ ပြန်မပြောချေ။
အိမ်ငှားရမ်းခက အများဆုံး ဖြစ်နေသည်ကလွဲလျှင် ကျန်သောအရာတွေက ဘာငွေမှ သိပ်မကုန်ခဲ့ပေ။
စာရေးကိရိယာတွေ၊ ဆရာတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ အားလုံးက အရှေ့ဆင်ခြေဖုံးတက္ကသိုလ်က ဟာတွေပဲ ဖြစ်သည်။
စားစရာ၊ သောက်စရာတွေကတော့ တောက်ယွမ်ခရိုင်က မြို့တော်ထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေ အများကြီး ရှိတာကြောင့် အတွင်းရေး ဆက်သွယ်မှုတွေနှင့် ဖြေရှင်းခဲ့တာ ဖြစ်၏။
စာမေးပွဲဖြေသူတွေ ဝတ်ဆင်တဲ့ အဝတ်အစားတွေဆိုရင်လည်း ပန်းချီစံအိမ် အထည်ချုပ်စက်ရုံကနေ အရင်းဈေးနဲ့ ယူထားတာ ဖြစ်သည်။
ငွေတစ်ထောင်ကျော် မြတ်သည်က မဆိုးဘူးဟု ပြော၍ ရပေသည်။
ဖန်ကျန်းရီက အမိန့်ပေးလိုက်၏။ “ငွေတစ်ရာ ထုတ်ပြီး အပြင်မှာ ငါနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ ညီအစ်ကိုတွေကို ဆုကြေးငွေအဖြစ် ခွဲပေးလိုက်။ ကျန်တဲ့ဟာတွေကိုတော့ ပြန်ယူသွားပြီး အဲဒီ စာမေးပွဲဖြေသူတွေ အလုပ်လုပ်လို့ ပြီးသွားတဲ့အခါ သူတို့ လာအပ်တဲ့ လစာငွေတွေနဲ့ စာရင်း ပေါင်းလိုက်။ အဲဒါကို ကျင်းယီဝေတွေ အတွက် နှစ်ကုန် မက်လုံးပေး ဆုကြေးငွေအဖြစ် ထားရှိမယ်။”
သူက ဆက်လက် ညွှန်ကြားလိုက်သည်။ “ပြီးတော့ ... ဒီကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို စုစည်းပြီး နန်းတော်ဆီကို စာရင်း တင်ပြလိုက်တော့။ သွားတော့။”
“ကောင်းပါပြီ။ ...”