အခန်း ၉၂၈
Vol. 49 Ch. 928
အပိုင်း (၉၂၈) ကျုပ်တို့က ပိုက်ဆံပေးရတာ မဟုတ်ဘူး၊ သူတို့က ကျုပ်တို့ကို ပိုက်ဆံပေးတာ။
“ကိုယ်တော် မနေ့က မင်းကို ပေးလိုက်တဲ့ စာတွေကို ဘယ်လောက်တောင် ဖတ်ပြီးပြီလဲ။”
နွေးထွေးသော နန်းဆောင်တွင်းတွင် ကျင်းဘုရင်မင်းမြတ်သည် မနှစ်မြို့ဖွယ် မျက်နှာပေးဖြင့် လီယွမ်ကျောက်ကို စိုက်ကြည့်နေခဲ့၏။
မင်းနှင့် အမတ်များ အားလုံး ရှိနေကြပြီး လီယွမ်ကျောက်မှာမူ ခေါင်းကို ငုံ့ထားကာ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က ဒေါသတကြီးဖြင့် စားပွဲပေါ်မှ စာကို လီယွမ်ကျောက်ထံ ပစ်ပေါက်လိုက်၏။ “အနောက်မြောက်ဒေသမှာ မိုးခေါင်လို့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နည်းလမ်းတွေ တင်ပြထားတဲ့ စာပေါ်မှာ မင်း ဘာတွေ လျှောက်ဆွဲထားတာလဲ။”
စာသည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျ ကွဲအက်သွားပြီး သိပ်သည်းလှသော စာသားများအပေါ်တွင် ထူးဆန်းသည့် ပုံကြမ်းတစ်ခုက ထပ်မံ ပါဝင်နေခဲ့သည်။
ဘီးများ၊ ဆက်သွယ်ထားသော တိုင်များ ပါဝင်ပြီး ကြည့်ရသည်မှာ စက်ပစ္စည်း တည်ဆောက်ပုံ တစ်ခုနှင့် တူနေ၏။
လီယွမ်ကျောက်သည် သူ၏ အပြစ်ကို သူသိသောကြောင့် တီးတိုး ပြောလိုက်သည်။ “သားတော် တကယ်ပဲ အကုန် မဖတ်ရသေးပါဘူး။ မနေ့က နည်းနည်း ပင်ပန်းနေလို့ပါ ... စာတွေကို စစ်ဆေးနေတုန်း ရုတ်တရက် စိတ်ကူးဉာဏ် ရလာတာနဲ့ စာပေါ်မှာ လက်တည့်စမ်းပြီး ဆွဲလိုက်မိတာပါ။”
“ဟမ့် ... ဒါဆိုလည်း မင်း ဆွဲထားတာ ဘာအရာလဲ ဆိုတာ ကိုယ်တော့်ကို ရှင်းပြစမ်းပါအုံး။” ကျင်းဘုရင်မင်းမြတ် က အေးစက်သော အသံဖြင့် မေးလိုက်၏။
ထိုပုံအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လီယွမ်ကျောက်သည် ချက်ချင်း အားအင် ပြည့်ဝလာခဲ့ပြီး ကြမ်းပြင်ပေါ်မှ စာကို ကောက်ယူကာ မျက်ခုံးပင့်ပြီး ဝမ်းသာအားရ ရှင်းပြလိုက်သည်။ “ဒါက အရမ်းကို အံ့မခန်း ဖြစ်တဲ့အရာပဲ ...”
သူက ဆက်လက်၍ ရှင်းပြလိုက်၏။ “သားတော် မနေ့က ဒီစာကို စဖတ်တုန်းက သူတို့ရဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နည်းလမ်းက တကယ်ကို သာမန်ပါပဲ။ ရိက္ခာ သယ်ယူပို့ဆောင်ပြီး ကယ်ဆယ်ရေး လုပ်တာလောက်ပဲ ရှိတာပါ။ ဘာမှ ထူးခြားမှု မရှိဘဲ လူကို အိပ်ငိုက်စေတယ်။”
သူက လက်ကို လှုပ်ရှားပြရင်း အားရပါးရ ပြောလိုက်သည်။ “ဒါပေမဲ့ ရုတ်တရက် စိတ်ကူးဉာဏ် ရလာလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလို ရိက္ခာ သယ်ယူပို့ဆောင်တာက အချိန် အများကြီး ကုန်တယ်။ ရေလမ်းက မပေါက်ဘူး၊ ကုန်းလမ်းကလည်း ဆုံးရှုံးမှု အရမ်း များတယ်။ ဒါကြောင့် ကျွန်တော်မျိုးတွေးမိတာက ... ဒီရထားတွေက သံလမ်းပေါ်မှာပဲ ပြေးစရာ မလိုဘဲ လမ်းပေါ်မှာ တိုက်ရိုက် ပြေးဆွဲလို့ ရနိုင်မလား ဆိုတာပဲ။”
မင်းနှင့် အမတ်များ အားလုံးမှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေမိကြ၏။
ဘာ သရဲတစ္ဆေ စကားတွေ ပြောနေတာလဲ။ သံလမ်း မရှိဘဲ ဘယ်လိုလုပ် ပြေးဆွဲနိုင်မှာလဲ။
လီယွမ်ကျောက်က ဆက်ပြောလိုက်သည်။ “အရင်တုန်းက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကနေ ဆောင်းပါးတစ်ခု ထွက်လာတာကို ကျွန်တော်မျိုးမှတ်မိသေးတယ်။ အဲဒါက ဘီးလေးလုံးတပ် ရထားတွေရဲ့ ကွေ့ဝိုက်မှု ပြဿနာကို ဖြေရှင်းပေးထားတာ။ ဒါကြောင့် ပြောရရင် ရေနွေးငွေ့စက်ကို မြင်းရထားပေါ်မှာ တပ်ဆင်လိုက်တာနဲ့ မြင်းဆွဲစရာ မလိုတော့ဘူး။ အဲဒီအပေါ်မှာ ဦးတည်ရာကို ထိန်းချုပ်တဲ့ တည်ဆောက်ပုံ တစ်ခု ထည့်ပြီး လူက ရထားကို မောင်းနှင် ထိန်းချုပ်လိုက်ရင် သံလမ်းတွေတောင် သက်သာသွားပြီ မဟုတ်လား။ သားတော် မေ့သွားမှာ စိုးလို့ စာပေါ်မှာ ရေးဆွဲထားလိုက်တာပါ။”
ကျင်းဘုရင်မင်းမြတ်သည် မျက်မှောင်များ ကြုတ်သွားခဲ့၏။ “အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေပြန်ပြီ။ ဘယ်လို မြင်းရထားမျိုးကများ ရေနွေးငွေ့စက်ရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိမှာလဲ။ ခရီးလမ်း တစ်လျှောက်လုံး ကျောက်မီးသွေးတွေပါ သယ်သွားရအုံးမယ် ဆိုရင် ဒါက ပိုပြီး အလုပ်ရှုပ်စေတာပဲ။”
အမတ်များကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ခဏ ထားလိုက်ဦး။ ရေနွေးငွေ့စက်က အံ့သြစရာ ကောင်းသည်မှာ မှန်ပေမဲ့ ဒီလိုမျိုး အသုံးပြု၍ မရနိုင်ချေ။
အဲဒီ သံတုံးကြီးက လမ်းတစ်ဝက်မှာတင် ကျိုးပဲ့ ပျက်စီးသွားလိမ့်မည်။ ခရီးသွားသောအခါ ကျောက်မီးသွေး ပုံကြီးပါ သယ်သွားရဦးမည် ဆိုလျှင် မြင်းကို အသုံးပြုတာကမှ ပိုပြီး အဆင်ပြေလွယ်ကူသေး၏။
တကယ်ကို အလုပ်မရှိ အလုပ်ရှာ လုပ်နေခြင်းပင် ဖြစ်ပေသည်။
လီယွမ်ကျောက်က မျက်ခုံးပင့်ကာ ပြောလိုက်၏။ “ရထားတွေလို အများကြီး ဆွဲစရာ မလိုပါဘူး။ သေးသွားအောင် နည်းလမ်း ရှာလိုက်ရင် ရပြီ မဟုတ်လား။ ဒါပေမဲ့ ကျောက်မီးသွေးကတော့ တကယ် ပြဿနာ တစ်ခုပဲ ... သားတော် ထင်တာတော့ ရေနံ (သို့မဟုတ်) တောရိုင်းမီးအဆီကို စမ်းကြည့်လို့ ရနိုင်တယ်။ နေရာလည်း မယူဘူး၊ သယ်ရတာလည်း လွယ်ကူတယ်။”
“တော်ပြီ၊ တော်ပြီ ... မင်းရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို ကိုယ်တော် မကြားချင်တော့ဘူး။”
ကျင်းဘုရင်မင်းမြတ်က ပြတ်သားစွာ ဟန့်တားလိုက်၏။ “ဒါက မင်း စာပေါ်မှာ လျှောက်ဆွဲထားတာအတွက် ဆင်ခြေ မဟုတ်လား။”
ကျင်းဘုရင်မင်းမြတ်က ဆက်လက် မေးမြန်းလိုက်သည်။ “ကိုယ်တော် မင်းကို မေးမယ်။ မကြာသေးခင်က မင်း ဘာတွေ လုပ်နေတာလဲ။ နန်းတွင်း အစည်းအဝေးမှာလည်း မတွေ့ရဘူး၊ နန်းတော်ထဲမှာလည်း မတွေ့ရဘူး။ မင်းကို စာတွေ စစ်ဆေးခိုင်းတာကိုတောင် မင်းက အိပ်ငိုက်ရဲသေးတယ်ပေါ့လေ။”
လီယွမ်ကျောက်သည် ချက်ချင်းပင် တစ်ဖန် ပြန်လည် အားငယ် ညှိုးငယ်သွားခဲ့၏။ “သားတော် ဖန်ကြီးနဲ့အတူ ရှိနေတာပါ။ ဆူပူသောင်းကျန်းနေတဲ့ စာမေးပွဲဖြေသူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနေတာ။ နောက်ပိုင်းကျမှ အရင် ပြန်လာခဲ့တာပါ။ မနေ့က သားတော် တကယ်ပဲ အရမ်း ပင်ပန်းနေလို့ပါ ... တလောက ကျင်းယီဝေတွေကို လစာ ပေးတော့ ဖန်ကြီးက သားတော်ကို ကိုယ်တိုင် သွားပေးခိုင်းတာနဲ့ တစ်နေ့လုံး လစာ ပေးနေရလို့ပါ။”
နွေးထွေးသော နန်းဆောင်တွင်းရှိ အမတ်များသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွားခဲ့၏။ “ဟွန်း ... သူကတော့ မင်းကို အလုပ်တွေ ရှာပေးတတ်သားပဲ။ စာမေးပွဲဖြေသူတွေရဲ့ ပြဿနာကို ဖြေရှင်းတာ ဘယ်လို နေပြီလဲ။”
လီယွမ်ကျောက်က ဖြေလိုက်သည်။ “ဘာပြဿနာမှ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်။ သားတော်က အစောကြီး ပြန်လာခဲ့တာဆိုတော့ နောက်ပိုင်း သူ ဘယ်လို ဆက်လုပ်လဲ ဆိုတာတော့ မသိတော့ဘူး။ ကျင်းယီဝေတွေ က ခမည်းတော်ဆီကို သတင်း မပို့ကြသေးဘူးလား။”
“အရှင်မင်းကြီး ... ကျင်းယီဝေတွေ သတင်းပို့လာပါပြီ။”
စောစော လာတာထက် အချိန်ကိုက် ရောက်လာတာက ပိုကောင်းပေသည်။ ကျင်းဘုရင်မင်းမြတ် မေးပြီးသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ လူများ၏ အကြည့်များက နွေးထွေးသော နန်းဆောင်၏ တံခါးပေါက်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။
ကျင်းဘုရင်မင်းမြတ်က ကော်ထျန်းယန်ကို မျက်စိပစ် ပြလိုက်ရာ ကော်ထျန်းယန်သည် တံခါးပေါက်ဆီသို့ ခပ်မြန်မြန် ပြေးသွားခဲ့သည်။
သတင်းလွှာကို ယူဆောင်လာပြီးနောက် ကျင်းဘုရင်မင်းမြတ်က လက်ကို မြှောက်ကာ အမိန့်ပေးလိုက်၏။ “ဖတ်ပြစမ်း။”
ကော်ထျန်းယန်က သတင်းလွှာကို ဖြန့်၍ ဖတ်ပြလိုက်သည်။ “ကျွန်တော်မျိုးသည် မကြာသေးမီက ဆူပူသောင်းကျန်းနေသော စာမေးပွဲအောင်သူများကို နေအိမ်တစ်ခုတွင် နေရာချထားပေးခဲ့ပါသည်။ ပဋိပက္ခများကို လျှော့ချရန်အတွက် သူတို့ကို အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကို လေ့လာခွင့် ပြုခဲ့ပါသည်။ ယခုအခါ အကျိုးသက်ရောက်မှုများ မြင်တွေ့နေရပြီ ဖြစ်သော်လည်း သူတို့၏ စိတ်ထဲတွင် ဆန့်ကျင်ဘက် သဘောထားများ ရှိနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးသည် အစီအစဉ်အတိုင်း နောက်တစ်ဆင့်ကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး သူတို့ကို စက်ရုံများဆီသို့ အလုပ်လုပ်ရန် စေလွှတ်လိုက်ပါသည်။ မကြာမီ အချိန်အတွင်း သူတို့သည် အစိုးရ၏ စေတနာ မှန်ကန်မှုကို သဘောပေါက် နားလည်လာပြီး ဆန့်ကျင်မှုများကို စွန့်လွှတ်သွားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ အရှင်မင်းကြီး စိုးရိမ်တော်မမူပါနှင့်။ ကိစ္စရပ်များ ပြီးစီးသည်နှင့် တစ်ပြိုင်နက် ကျွန်တော်မျိုး နန်းတွင်းသို့ ချက်ချင်း ပြန်လာပြီး အသေးစိတ် တင်ပြပါမည်။”
စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော နန်းဆောင်တွင်းရှိ လူများ အားလုံး ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားကြ၏။
ဘာ .. ဘာတဲ့။
ဖန်ကျန်းရီက ပညာတတ်တွေကို တစ်နေရာတည်းမှာ စုစည်းပြီး အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က စာတွေကို သင်ခိုင်းရုံတင် မကဘဲ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတွေထဲကို အလုပ်လုပ်ဖို့ ပို့လိုက်တယ်ပေါ့လေ။
“သူ ဒါကို ဘယ်လိုလုပ် ဆောင်ရွက်နိုင်ခဲ့တာလဲ။” အံ့သြတုန်လှုပ်သော ရေရွတ်သံတစ်ခုက မထိန်းနိုင်ဘဲ ထွက်ပေါ်လာခဲ့သည်။
ကျင်းဘုရင်မင်းမြတ်က သတိပြန်ဝင်လာပြီး သတင်းလွှာကို ယူလိုက်ကာ မျက်လုံးကို ပွတ်ပြီး အကြိမ်အနည်းငယ် သေချာစွာ ထပ်ဖတ်ကြည့်လိုက်၏။
နောက်ဆုံးတွင်တော့ သူ အကြားမမှားခဲ့ကြောင်း ဝန်ခံလိုက်ရပေသည်။
ဟုတ်တယ်။ တကယ်ကို ဒီအတိုင်း ဖြစ်ခဲ့တာပဲ။
ဖန်ကျန်းရီသည် ဆူပူသောင်းကျန်းနေသော စာမေးပွဲအောင်သူများကို စက်ရုံထဲသို့ အလုပ်လုပ်ရန် တကယ်ကြီး ပို့ဆောင်လိုက်ခြင်း ဖြစ်၏။
“စိတ်ကူးကြည့်လို့တောင် မရဘူး။” ကျင်းဘုရင်မင်းမြတ်သည် အချိန်အတော်ကြာအောင် အောင့်ထားပြီးမှ စကားတစ်ခွန်း ကို ပါးစပ်ထဲမှ ထုတ်ပြောလိုက်နိုင်သည်။
စိတ်ကူးကြည့်၍ မရနိုင်ဘူး ဆိုသည့် စကားမှလွဲ၍ တခြား ပြောစရာ စကားလုံး မရှိတော့ချေ။
“မြန်မြန် သွား။ ခုနက သတင်းပို့တဲ့ ကျင်းယီဝေကို ကိုယ်တော့်ဆီ ခေါ်ခဲ့စမ်း။ ဘာတွေ ဖြစ်ကုန်တာလဲ ဆိုတာ သေချာ ရှင်းပြခိုင်းရမယ်။”
ကော်ထျန်းယန်က အမိန့်ကြားသည်နှင့် ချက်ချင်း အပြင်သို့ ပြေးထွက်သွားခဲ့၏။
ကျင်းဘုရင်မင်းမြတ်က လီယွမ်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။ “အရင်က မင်း ဖန်ကျန်းရီနဲ့အတူ ရှိနေတာ ဆိုတော့ သူ တကယ်ပဲ ဘာတွေ လုပ်ခဲ့တာလဲ။”
လီယွမ်ကျောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေလိုက်၏။ “အစပိုင်းမှာ စာမေးပွဲအောင်သူတွေကို စာသင်ခိုင်းတဲ့ ကိစ္စကိုတော့ ကျွန်တော်မျိုးသိပါတယ်။”
သူက ဆက်လက် ရှင်းပြလိုက်သည်။ “အဲဒီတုန်းက ဖန်ကြီးရဲ့ ရည်ရွယ်ချက်က ရန်သူကို အနိုင်ယူချင်ရင် ရန်သူ့အကြောင်းကို အရင် နားလည်အောင် လုပ်ရမယ် ဆိုတာပါပဲ။ ပြီးတော့ အဲဒီ စာမေးပွဲအောင်သူတွေလည်း စိတ်ဓာတ် တက်ကြွလာခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလူတွေကို စက်ရုံထဲ ပို့ပြီး အလုပ်လုပ်ခိုင်းမဲ့ ကိစ္စကိုတော့ သားတော် လုံးဝ မသိခဲ့ရပါဘူး။”
လီယွမ်ကျောက်က ပြောရင်းဖြင့် စိတ်ထဲတွင် အလွန်အမင်း နောင်တရနေမိ၏။
အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည့် ဇာတ်လမ်းကောင်းကြီး တစ်ခုကို လွတ်သွားခဲ့ပြီ ထင်သည်။
ဒီလိုမှန်းသိရင် နှစ်ရက်လောက် နောက်ကျပြီးမှ ထွက်လာခဲ့သင့်တာ။
လူအုပ်ကြီးသည် ရုတ်တရက် သဘောပေါက်သွားကြ၏။ ဤအကြောင်းပြချက်က ယုတ္တိရှိသော်လည်း နောက်ပိုင်းကိစ္စကို ဘယ်လို ရှင်းပြမည်နည်း။
ထိုအချိန်တွင် မူလက ထွက်ခွာသွားသော ကျင်းယီဝေကို ကော်ထျန်းယန်က ပြန်လည် ဆွဲခေါ်လာခဲ့ပြီ ဖြစ်သည်။
ကျင်းဘုရင်မင်းမြတ်က ချက်ချင်း မေးမြန်းလိုက်၏။ “ဖန်ကျန်းရီက အဲဒီ စာမေးပွဲအောင်သူတွေကို စက်ရုံထဲ ဘယ်လိုလုပ် ပို့လိုက်တာလဲ။”
ကျင်းယီဝေက သတိထားပြီး ပြန်ဖြေလိုက်သည်။ “သခင်ဖန်က ပြောတာတော့ စက်ရုံတွေက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်နဲ့ ပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်နေတယ်တဲ့။ သူတို့ကို ကိုယ်တိုင် သွားပြီး သက်သေ အထောက်အထားတွေ စုဆောင်းခိုင်းတာပါ။ နောက်ပိုင်းမှာ စိတ်ခံစားမှုနဲ့ အချက်အလက်တွေကို သုံးပြီး နားချလိုက်တော့ သူတို့ သွားဖို့ သဘောတူလိုက်ကြတာပါ။ စုစုပေါင်း ခုနစ်ရာခြောက်ဆယ့်ငါးယောက်က တက်တက်ကြွကြွ နာမည်စာရင်း ပေးသွင်းခဲ့ကြပါတယ်။”
“...”
ကျင်းဘုရင်မင်းမြတ်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ ထပ်မေးလိုက်၏။ “နောက်ပိုင်းမှာ သူ ဘာဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။”
ကျင်းယီဝေက ရှင်းပြလိုက်သည်။ “နောက်ပိုင်းမှာ သခင်ဖန်ရဲ့ ရည်ရွယ်ချက်က သူတို့ကို ပြည်သူတွေရဲ့ ဘဝကို ကိုယ်တိုင် မြင်တွေ့ခံစားစေချင်တာပါ။ သိပ္ပံပညာသစ်က ပြည်သူတွေရဲ့ ဘဝအပေါ် ဘယ်လောက်တောင် ပြောင်းလဲစေခဲ့လဲ ဆိုတာကို အဲဒီ စာမေးပွဲဖြေသူတွေ ကိုယ်တိုင် မြင်တွေ့သွားရင် ထပ်ပြီး ဆန့်ကျင်ကြတော့မှာ မဟုတ်ဘူးလေ။ စက်ရုံတွေဘက်မှာလည်း သခင်လေးက တချို့ကိစ္စတွေကို ကြိုတင် စီစဉ်ထားပြီးသားပါ။ ပိုပြီး အသေးစိတ်ကျတာတွေကိုတော့ ကျွန်တော်မျိုးလည်း သိပ်မသိတော့ပါဘူး။”
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာကြွက်သားများ နှစ်ချက်ခန့် တုန်ယင်သွားခဲ့၏။
ကြီးမားတဲ့ ပြဿနာကို ပေါ့ပေါ့ပါးပါးလေး ဖြေရှင်းလိုက်တာပဲ။
ဤသို့သော နည်းလမ်း ရှိလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။ ဖန်ကျန်းရီ တစ်ယောက်တည်းသာ ဤကဲ့သို့ တွေးတောနိုင်ပေလိမ့်မည်။
ကျင်းဘုရင်မင်းမြတ် တိတ်ဆိတ်နေစဉ်မှာပင် သူ့နောက်မှ အမတ်တစ်ယောက်၏ အသံက ထွက်ပေါ်လာခဲ့သည်။
“စက်ရုံတွေမှာ အလုပ်သမား ရှာရတာ အရမ်း စည်ကားနေတယ်လို့ ကြားရပေမဲ့ တစ်ခါတည်းနဲ့ နေရာ ခုနစ်ရာကျော် ရှာပြီး ဘယ်လိုလုပ် ထည့်ပေးလိုက်နိုင်တာလဲ။”
ကျင်းယီဝေက ဖြေလိုက်၏။ “အရာရှိပွဲစားတွေကို ရှာလိုက်ရင် သူတို့ စီစဉ်ပေးနိုင်ပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ စက်ရုံတွေ အများကြီး ရှိတယ်။ စာမေးပွဲဖြေသူ တစ်ယောက်ကို ပို့ပေးရင် ငွေနှစ်တေလ်း တောင် ရသေးတယ်လေ။”
အမတ်က မှတ်ချက်ပြုလိုက်သည်။ “ဒါဆိုရင် မင်းတို့က ဒီလူတွေကို အလုပ်နေရာ စီစဉ်ပေးဖို့ ငွေတစ်ထောင်ကျော်တောင် သုံးခဲ့ရတာပေါ့။ ငွေတစ်ထောင်ကျော်နဲ့ ဒီလောက် ကြီးမားတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်တာတော့ တန်ပါတယ်လေ။”
ကျင်းယီဝေက ပြန်ဖြေလိုက်၏။ “ကျုပ်တို့က သူတို့ကို ပိုက်ဆံပေးရတာ မဟုတ်ပါဘူး။ အရာရှိပွဲစားတွေက ကျုပ်တို့ကို ပိုက်ဆံပေးတာပါ။ ကျင်းယီဝေက ငွေတစ်ထောင်ကျော်တောင် မြတ်လိုက်ပါသေးတယ်။”
“………”
ရုတ်တရက် အခန်းတွင်း တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။
ကျင်းဘုရင်မင်းမြတ်သည် ဦးရေပြားများ ထုံကျဉ်လာသကဲ့သို့ ခံစားလိုက်ရ၏။
ဤကိစ္စကို နန်းတွင်းရှိ အရာရှိများ အားလုံးက ကြီးမားသော ရန်သူကြီး တစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ စိုးရိမ်နေခဲ့ကြသည်။ နည်းနည်းလေး အမှားအယွင်း ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ကိစ္စက ပိုပြီး ပြန့်ပွားသွားပြီး လူတွေကို ပိုပြီး ပါဝင်ပတ်သက်လာစေကာ အစိုးရအပေါ် မကျေနပ်မှုတွေကို ဖြစ်ပေါ်စေနိုင်သည်။
သို့ပေမည့် ဖန်ကျန်းရီက လက်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ထိုလူများကို စက်ရုံထဲသို့ ပြန်လည် ပို့ဆောင် ပေးလိုက်နိုင်၏။
မဟုတ်သေးဘူး ... စာမေးပွဲဖြေသူတွေကို စက်ရုံထဲ ပို့လိုက်ရုံလောက် ရိုးရှင်းတာ မဟုတ်ဘူး။ ဒီကောင်က တကယ်ကြီး လူတွေကို စက်ရုံဆီ ရောင်းစားပစ်လိုက်တာပဲ။
ကော်ထျန်းယန်ဆိုလျှင် တစ်ကိုယ်လုံး တုန်ယင်နေ၏။
သန်မာလွန်းသည်။ ဖန်ကျန်းရီသည် ယခင်ထက် အများကြီး ပိုပြီး သန်မာလာခဲ့ပြီ ဖြစ်သည်။
ဒါက လူကုန်ကူးတဲ့သူတွေ လုပ်တဲ့ အလုပ်မျိုး မဟုတ်ဘူးလား။ သူ့ရဲ့ ထူးဆန်းတဲ့ အကျင့်စရိုက်အတိုင်း ဆိုရင် စာမေးပွဲဖြေသူတွေက သူ့အတွက် ပိုက်ဆံတောင် ပြန်ရေတွက်ပေးနေရအုံးမလား မသိချေ။