← Chapters

အခန်း ၉၂၉

Vol. 49 Ch. 929

အခန်း ၉၂၉

Vol. 49 Ch. 929

အပိုင်း (၉၂၉) မော်တော်ကားလေးကို သုတေသန လုပ်ကြည့်ကြမလား။

အခန်းတွင်းရှိ လေထုမှာ အနည်းငယ် ထူးဆန်းနေပြီး မည်သူက မည်သည့်စကားကို ပြောရမည်မှန်း မသိအောင် ဖြစ်နေကြ၏။

လူအတော်များများမှာ ကျောချမ်းလာသည်အထိပင် ခံစားလိုက်ကြရသည်။

ဖန်ကျန်းရီ ဆိုသော ဤလူ့ကမ္ဘာ့လူလည်ကြီးသည် နည်းလမ်းများကို ထင်မှတ်မထားနိုင်လောက်အောင် အသုံးပြုတတ်သူ ဖြစ်ပေသည်။ သူသာ ကွယ်ရာမှနေ၍ ဉာဏ်ဆင် ထိုးနှက်လိုက်မည် ဆိုပါက မည်သူမျှ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်မှ အမတ်တစ်ဦးက စကားစတင် ပြောကြားလာခဲ့၏။ "အရှင်မင်းကြီးကို ကျွန်တော်မျိုးတို့ ဂုဏ်ပြုပါတယ် ... ကိစ္စရပ်တွေက ဒီအခြေအနေအထိ ရောက်ရှိသွားပြီ ဆိုတော့ကာ ဆူပူသောင်းကျန်းနေတဲ့ စာမေးပွဲဖြေသူတွေ အားလုံးက သခင်ဖန်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားလောက်ပါပြီ ... ဘာပြဿနာမှ ထပ်ပြီး ဖန်တီးနိုင်ကြတော့မှာ မဟုတ်ပါဘူး။"

ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်ပြီး စိတ်ထဲတွင် တစ်ဖန် ပြန်လည် ချီးကျူး အံ့ဩနေမိ၏။

သူသည် လူတို့ကို ထိန်းချုပ်အုပ်ချုပ်ရာတွင် အလွန် ကျွမ်းကျင်လိမ္မာသူအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသော်လည်း သူ၏သမက်တော်မှာ သူ၏ အဆင့်အတန်းထက် အစစအရာရာ သာလွန်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

လူကို ထိန်းချုပ်သည့် ပညာရပ်မှသည် လူကို ရောင်းစားသည့် ပညာရပ်အဖြစ်သို့ ပြောင်းလဲ တိုးတက်သွားခဲ့ခြင်း က တကယ်ကို စိတ်ကူးမယဉ်ရဲလောက်အောင်ပင်။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျင်းယီဝေကို ထွက်ခွာသွားရန် အချက်ပြလိုက်၏။

ထို့နောက် သူက လီယွမ်ကျောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "မင်း ဖန်ကျန်းရီဆီကို သွားပြီးတော့ နောက်ပိုင်း သူ ဘာတွေ ဆက်လုပ်မလဲ ဆိုတာကို သေချာ ကြည့်စမ်း ...။ ဒီကာလအတွင်းမှာ နန်းတွင်း ညီလာခံကိုလည်း မင်း လာတက်စရာ မလိုတော့ဘူး ... ကိစ္စရပ်တွေ ပြီးစီးသွားတဲ့ အချိန်ကျမှသာ နန်းတော်ကို ပြန်လာခဲ့တော့ ...။"

လီယွမ်ကျောက်သည် အံ့အားသင့် တုန်လှုပ်စွာဖြင့် မေးလိုက်၏။ "ခမည်းတော်က တကယ်ကြီး သားတော်ကို သွားခိုင်းတာလား ...။ နောက်ပြောင်နေတာ မဟုတ်ဘူး မလား ...။"

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာအမူအရာမှာ တည်ကြည် လေးနက်နေ၏။ "နောက်ပြောင်နေတာ ...။ ဒီကိစ္စက နားထောင်ကြည့်ရတာ အရမ်း ရယ်စရာ ကောင်းနေလို့လား ...။ မိုးခေါင်ရေရှားလောက်အောင် ကြီးမားတဲ့ ကိစ္စရပ်ကြီး တစ်ခုကို သတိတောင် မထားမိလိုက်တဲ့ အချိန်အတွင်းမှာ ဖြေရှင်းပေးနိုင်တဲ့သူ နန်းတွင်းမှာ ဘယ်နှစ်ယောက်လောက် ရှိနိုင်မလဲ ... သူ ဖြေရှင်းတာလောက် စနစ်တကျ ရှိတဲ့သူ ဘယ်သူရှိလဲ ...။ သွားတော့ ... များများကြည့်၊ များများသင်ယူခဲ့ ...။"

လီယွမ်ကျောက်သည် စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်သွားခဲ့၏။ "ခမည်းတော်ကို ကျေးဇူးတင်ပါတယ် ... ဒါဆိုရင် သားတော်ကို ခွင့်ပြုပါအုံး ...။"

...

"အရှင်မင်းကြီးက တကယ်ပဲ အဲဒီလို ပြောလိုက်တာလား ...။"

စာကြည့်ခန်းအတွင်းတွင် ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်၏။

လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး အားကျသည့် ဟန်ဖြင့် ပြောလိုက်သည်။ "ခမည်းတော်က ခင်ဗျားကို ချီးကျူးလိုက်တာ နည်းနည်းနောနော မဟုတ်ဘူး ... ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားရဲ့ အရှိန်အဝါကို အားကိုးပြီး အပြင်မှာ တစ်လောလောက် အေးအေးဆေးဆေး နေခွင့်ရသွားတာပေါ့ ...။

ဒီကိစ္စကို အရင် မပြောကြသေးနဲ့အုံး ... မနေ့က ကျုပ် စိတ်ကူးဉာဏ် တစ်ခု ရလိုက်တယ် ...။ တကယ်ကို အံ့မခန်း အကြံဉာဏ်ပဲ ... အကယ်၍ အောင်မြင်သွားခဲ့မယ် ဆိုရင် ရထားထက် အများကြီး သာလွန်သွားလိမ့်မယ် ...။" လီယွမ်ကျောက်က လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ဖြင့် ပြောလိုက်ပြီး ရင်ဘတ်အတွင်းမှ ပုံစံကြမ်း စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်၏။

ထိုစာရွက်ကို ဖြန့်ကျက်၍ ဖန်ကျန်းရီ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။ "ဒါက ကျုပ် ကိုယ်တိုင် ပုံစံထုတ်ထားတဲ့ သံလမ်းမလိုတဲ့ ရထားပဲ ... သေချာတာကတော့ အသေးစိတ်တွေ မပါသေးဘူးပေါ့ ...။ ကျုပ် စဉ်းစားထားတာက ခင်ဗျားဘက်ကနေ လူတစ်စု ထုတ်ပေးပြီး အရှေ့ဆင်ခြေဖုံးတက္ကသိုလ်မှာ စီမံကိန်းတစ်ခု အနေနဲ့ စတင်လိုက်ဖို့ပဲ ...။"

ဖန်ကျန်းရီသည် ပုံစံကြမ်း စာရွက်ကို လှမ်းယူ ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် အလွန်အမင်း တုန်လှုပ် အံ့ဩသွားခဲ့၏။

ဤအရာက မော်တော်ကား မဟုတ်ပါလား။

စာရွက်ပေါ်တွင် ဆွဲထားသည့် ပုံမှာ အလွန် ရိုးရှင်းလှပြီး စတုရန်း သေတ္တာပုံစံ တစ်ခုအောက်တွင် ဘီးများနှင့် စက်ပစ္စည်း တည်ဆောက်ပုံ အချို့ ပါဝင်ကာ နောက်ဆုံးတွင် ရေနွေးငွေ့စက် တစ်လုံး တပ်ဆင်ထားသည်ကို တွေ့ရ၏။ သို့ပေမည့် ခေတ်သစ် ကမ္ဘာမှ လူတစ်ယောက် အနေဖြင့် ကြည့်ရှုလိုက်လျှင် ဤအရာသည် မော်တော်ကား၏ မူလသန္ဓေပုံစံ ဖြစ်ကြောင်းကို တစ်ချက်တည်းနှင့် သိမြင်နိုင်သည်။

"ဘယ်လိုလဲ ဖန်ကြီး...။ ပါရမီရှင် တစ်ယောက်ရဲ့ စိတ်ကူးဉာဏ် မဟုတ်ဘူးလား ...။ ကျုပ် တွေးကြည့်လေလေ ပိုပြီး ယုတ္တိရှိလေလေပဲ ...။ နောက်ပိုင်းကျရင် ဒီပစ္စည်းလေး ပေါ်လာခဲ့မယ် ဆိုရင် မြင်းရထားတွေကို သုံးစရာ လိုပါအုံးမလား ...။"

လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "အများကြီးလည်း ကျုပ် မပြောတော့ဘူး ... ငွေငါးသိန်း နဲ့ လူတစ်ရာ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ပေးပြီး သုတေသန စီမံကိန်း လုပ်လိုက်တာနဲ့ ရေနွေးငွေ့စက်ကို ပြုပြင်ပြောင်းလဲပြီး တစ်နှစ်အတွင်း ဒီပစ္စည်းကို ဖန်တီးနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ် ...။"

ဖန်ကျန်းရီက သူ့အား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ပုံစံကြမ်း စာရွက်ကို ခေါက်ကာ ပြန်လည် ကမ်းပေးရင်း သက်ပြင်းချ ပြောဆိုလိုက်သည်။ "အိမ်ရှေ့စံရဲ့ ပါရမီက တကယ်ကို လောကမှာ ပြိုင်ဘက်မရှိလောက်အောင် ကောင်းမွန်တဲ့ စိတ်ကူးပါပဲ ...။ ဒါပေမဲ့ စီမံကိန်း စတင်ဖို့ကိုတော့ ထားလိုက်ပါတော့ ... ငွေကုန်တာပဲ အဖတ်တင်လိမ့်မယ် ...။"

အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ နည်းပညာ အရံသင့်ရှိမှုနှင့် ငွေကြေးကိုသာ မနှမြောဘဲ သုံးစွဲမည် ဆိုပါက တစ်နှစ်ခန့် အချိန်ပေးလိုက်လျှင် တကယ်ပင် ရွေ့လျားနိုင်သော သံလမ်းမဲ့ ရထားကို တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်ပေလိမ့်မည်။

သို့သော် လုံးဝ အသုံးဝင်မည် မဟုတ်သည့်အပြင် ဖြန့်ကျက် အသုံးပြုနိုင်ရန်လည်း မဖြစ်နိုင်ချေ။ လက်တွေ့ကျကျ အသုံးချနိုင်ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလွန်းနေသေးသည်။

ရထား ရှိနေသည် ဆိုသော်လည်း ထိုအရာမှာ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ သူ ကိုယ်တိုင် အတင်းအကျပ် ဆွဲတင် တည်ဆောက်ခဲ့သောကြောင့် ဖြစ်၏။ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းနှင့် ချိန်ထိုး ကြည့်မည် ဆိုပါက အလွန် အချိုးအစား မညီမျှဘဲ ဘာသာရပ် တစ်ခုတည်းကိုသာ အလွန်အမင်း တိမ်းညွတ်နေခဲ့ခြင်း ဖြစ်၏။

သာမန် သမိုင်းကြောင်း၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှင့် လွန်စွာ ကွဲလွဲလျက် ရှိနေခဲ့သည်။

လက်တွေ့ အသုံးချနိုင်သည့် မော်တော်ကား တစ်စီး ဖြစ်လာရန်အတွက် အစိတ်အပိုင်းပေါင်း ထောင်သောင်းချီ လိုအပ်သည့်အပြင် တစ်ခုနှင့် တစ်ခု ချိတ်ဆက် အလုပ်လုပ်နိုင်ရန်လည်း လိုအပ်ပေသေးသည်။ အပိုင်းကဏ္ဍ အတော်များများမှာ သုညကနေ စတင်ရမည် ဖြစ်သောကြောင့် အခက်အခဲမှာ ရထား တည်ဆောက်ခြင်းထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။

သူ ကိုယ်တိုင် ဦးတည်ချက် အချို့ကို ညွှန်ပြပေးနိုင်သည့်တိုင် မော်တော်ကားဟု ခေါ်ဆိုနိုင်သော အရာတစ်ခု ပေါ်ပေါက်လာရန်အတွက် အနည်းဆုံး ဆယ်နှစ်၊ နှစ်ဆယ်ခန့် အချိန်ယူရကောင်း ယူရပေလိမ့်မည်။

ထိုမျှသာမက တည်ဆောက်ပြီးစီးသွားသည့်တိုင် ကုန်ကျမည့် ကြောက်မက်ဖွယ် စရိတ်စကများကို တတ်နိုင်သူ ရှိ၊ မရှိ ဆိုသည်မှာလည်း ပြောပြ၍ မရနိုင်ချေ။

အိမ်ရှေ့စံသည် ဉာဏ်ရည် ထက်မြက်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးနိုင်သည် ဆိုသော်လည်း သူသည် ကားထုတ်လုပ်ရေး ကုမ္ပဏီသစ် တစ်ခု၏ ဝန်ထမ်း ဝင်စားသူ မဟုတ်ပေ။

တစ်နှစ်၊ နှစ်နှစ်အတွင်း မော်တော်ကား ထုတ်လုပ်ချင်သည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်သည်။

"ငွေကုန်တာပဲ အဖတ်တင်လိမ့်မယ် ဆိုတာ ဘာစကားလဲ ...။ ခင်ဗျား ကိုယ်တိုင်ပဲ လောကမှာ ပြိုင်ဘက်မရှိဘူး လို့ ပြောပြီးတော့ ငွေဖြုန်းတာ ဖြစ်မယ်လို့ ပြောနေသေးတယ် ...။" လီယွမ်ကျောက်က မျက်လုံးကို ပြူး၍ မေးလိုက်၏။

ဖန်ကျန်းရီက ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။ "ရိုးရိုးသားသား ပြောရရင်တော့ ဒီကိစ္စက မအောင်မြင်နိုင်ဘူးလို့ ကျုပ် ထင်တယ် ... မြင်းရထားလောက်တောင် အဆင်ပြေမှာ မဟုတ်ဘူး ...။"

လီယွမ်ကျောက်၏ မျက်နှာမှာ တင်းမာသွားပြီး သရော်သည့် ဟန်ဖြင့် ပြောလိုက်၏။ "နန်းတွင်းက လူတွေကလည်း ခင်ဗျားလိုပဲ ပြောကြတာ ...။ ဟမ့် .. ခင်ဗျားလည်း ဒီလောက်တောင် အမြင်ကျဉ်းမြောင်းပြီး အတွေးအခေါ် နောက်ကျကျန်နေလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး ...။ တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ ...။"

"..."

သူက အမြင်ကျဉ်းမြောင်းပြီး အတွေးအခေါ် နောက်ကျကျန်နေသည်တဲ့လား။

ဖန်ကျန်းရီမှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်မောလိုက်မိသည်။ "အိမ်ရှေ့စံ ... ခင်ဗျားရဲ့ နည်းလမ်းက တကယ် ကောင်းပေမဲ့ လက်တွေ့ လုံးဝ မကျဘူး ...။ ရေနွေးငွေ့စက် တစ်လုံး တည်ဆောက်ရတာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ခင်ဗျား မသိတာမှ မဟုတ်တာ ... ဒီပစ္စည်းကို လက်တွေ့ အသုံးချနိုင်တဲ့ အဆင့်အထိ ရောက်အောင် လုပ်ဖို့က အရမ်း ခက်ခဲလွန်းတယ် ... အခု လောလောဆယ်မှာ ရထား ရှိနေတာကပဲ လုံလောက်နေပါပြီ ...။

ကျုပ်တို့ အလုပ်လုပ်တဲ့အခါ ကုန်ကျစရိတ်ကို ထည့်တွက်ရမယ် မဟုတ်လား ...။ ကျုပ် ထင်တာကတော့ အိမ်ရှေ့စံ ကိုယ်တိုင် မြို့တော်ထဲက စက်ရုံအသီးသီးကို သွားပြီးတော့ လေ့လာစူးစမ်းသင့်တယ် ...။ စက်ရုံတွေကို ဘယ်လို စီမံခန့်ခွဲပြီး တိုးတက်အောင် လုပ်ရမလဲ ဆိုတာကို လေ့လာရင်း လုပ်ငန်းစဉ်တွေကို သဘောပေါက်သွားတဲ့ တစ်နေ့ကျမှ ဒီကားလေးကို ထုတ်လုပ်ချင်တယ် ဆိုရင် ပိုပြီး အဆင်ပြေ ချောမွေ့သွားလိမ့်မယ် ...။ အခြေခံအားဖြင့် ပြောရရင် ကျုပ်တို့ လိုချင်တာက ထုတ်လုပ်မှုပဲ ... အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ လိုတယ် ...။ အကယ်၍ ခင်ဗျားက ကားလေးကို ဖန်တီးနိုင်ရင်တောင်မှ အသုံးပြုလို့ ကောင်း၊ မကောင်း ဆိုတာကို တစ်ဖက်မှာ ခဏ ထားလိုက်အုံး ... ဘယ်သူမှ မသုံးနိုင်ဘူး ဆိုရင် အဲဒါက သံတိုသံစပုံကြီး တစ်ခုလောက်ပဲ အဖတ်တင်မှာ ...။"

လီယွမ်ကျောက်သည် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားခဲ့၏။

တကယ်လည်း ဟုတ်ပေသည် ... လက်ရှိအချိန်တွင် ရေနွေးငွေ့စက်၏ ကုန်ကျစရိတ်မှာ သာမန်မျှ မဟုတ်ချေ။ မော်တော်ကားလေးကို အမြောက်အမြား မထုတ်လုပ်နိုင်ဘူး ဆိုပါက ဘာမှ အသုံးဝင်မည် မဟုတ်ချေ။

ဖန်ကျန်းရီက သူ၏လက်အနီးရှိ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး စာရွက်စာတမ်း တစ်ထပ်ကို ထုတ်ယူလိုက်၏။ "အရှင်မင်းကြီးက ခင်ဗျားကို လာပြီး သင်ယူလေ့လာခိုင်းတာ ဆိုတော့ကာ ကျုပ်တို့ အဓိကကိစ္စကိုပဲ ပြောကြတာပေါ့ ...။ မြို့တော်ထဲမှာ မီးရထားလမ်းနဲ့ ရထားတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ စက်ရုံသစ်တွေ အများကြီး ရှိနေတယ် ...။ အိမ်ရှေ့စံ အနေနဲ့ ရုပ်ဖျက်ပြီးတော့ စက်ရုံတွေထဲကို သွားရောက် လေ့လာစူးစမ်းတာက တခြား ဘာလုပ်လုပ် အရာအားလုံးထက် ပိုကောင်းတယ် ... ကိုယ်တိုင် သွားရောက် လေ့လာတာက အကောင်းဆုံးပဲ ...။

စက်ရုံ အသေးလေးတွေက သာမန်လောက်ပဲ ထင်ရပေမဲ့ နောင်တစ်ချိန်မှာ အလားအလာ အရမ်း ကြီးမားတယ် ...။ အဲဒီအထဲမှာ ပါဝင်နေတဲ့ ပညာရပ်တွေကလည်း အများကြီးပဲ ... လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ဖြစ်ဖြစ်၊ အင်ဂျင်နီယာပိုင်း ဖြစ်ဖြစ် ... အိမ်ရှေ့စံအတွက် အများကြီး အကျိုးကျေးဇူး ရှိလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ် ...။

ရော့ ... ဒါက အဲဒီ စက်ရုံတွေရဲ့ အချက်အလက် စာရွက်စာတမ်းတွေပဲ ...။ အိမ်ရှေ့စံ ကြိုက်တဲ့ စက်ရုံကို ရွေးချယ်ပြီး သွားလို့ ရတယ် ... ကျင်းယီဝေတွေကို လိုက်ပို့ခိုင်းလိုက်ရုံပဲ ...။"

"အင်း ...။"

လီယွမ်ကျောက်က နေရထိုင်ရ ခက်စွာဖြင့် ညည်းတွားလိုက်ပြီး မျှော်လင့်ချက် ကလေး တစ်ပွေ့တစ်ပိုက်ဖြင့် ထပ်မံ မေးမြန်းလိုက်၏။ "ဒီကိစ္စက တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား ...။"

"မျှော်လင့်ချက် ရှိပါတယ် ... နောက်ထပ် ဆယ်နှစ်၊ နှစ်ဆယ်လောက် စောင့်ပြီးမှ ထပ်ပြောကြတာပေါ့ ...။"

"..."

လီယွမ်ကျောက်သည် ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် နောက်ဆုံးတွင်တော့ လက်လွှတ် အရှုံးပေးလိုက်တော့သည်။ "ကောင်းပြီလေ ... ဒါဆိုရင် ကျုပ် စက်ရုံတွေထဲ သွားပြီး လေ့လာစူးစမ်းတော့မယ် ...။ အဲဒီ စာမေးပွဲဖြေသူတွေကိုလည်း သွားကြည့်ရအုံးမယ် ...။"

"သူတို့တွေ ဘယ်တော့လောက် ထွက်ခွာကြမှာလဲ ...။"

လီယွမ်ကျောက်သည် တက်ကြွမှုနှင့် ခံနိုင်ရည် အပြည့်ရှိသူ တစ်ဦး ဖြစ်ပေ၏။ သူက လက်တွေ့မကျသည့် ဤစိတ်ကူးကို လက်လွှတ်လိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါး သက်သာသွားခဲ့သည်။ ခေါင်းမာပြီး မော်တော်ကားကို သုတေသန လုပ်နေမည်ကို တကယ်ပင် စိုးရိမ်နေခဲ့မိ၏။

သူ သုတေသန လုပ်ပြီးစီးသည့် အချိန် ရောက်လျှင် မြေးတော်လေးပင်လျှင် ဘုရင်မင်းမြတ် ဖြစ်နေလောက်ပြီ ဖြစ်ပေမည်။

"မနက်ဖြန် ကျရင် သူတို့ စတင် ထွက်ခွာကြတော့မယ် ...။"

All Chapters