အခန်း ၉၃၀
Vol. 49 Ch. 930
အပိုင်း (၉၃၀) စာမေးပွဲဖြေသူများ စက်ရုံသို့ ဝင်ရောက်ခြင်း။
မြင်းရထားသည် လမ်းပေါ်တွင် ဖြည်းညင်းစွာ ခုတ်မောင်း လျှောက်လှမ်းနေပြီး လမ်းတစ်လျှောက်ရှိ ရှုခင်းများမှာ တဖြည်းဖြည်းနှင့် စိမ်းသက်လာခဲ့၏။
ကျိုးမောက်ရွှဲ့သည် မြင်းရထား ပြတင်းပေါက်မှ ကန့်လန့်ကာကို လှပ်၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင် ခေတ္တမျှ ဝေခွဲမရသလို ခံစားလိုက်ရ၏။
ကိစ္စရပ်များမှာ တဖြည်းဖြည်းနှင့် ပိုမို ထူးဆန်းလာခဲ့ပြီး သူ စိတ်ကူးထားသည့် မြင်ကွင်းနှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှပေသည်။
ထိုနေ့က စိတ်အရှိန် တက်လာသည်နှင့် တစ်ပြိုင်နက် ထန်ပေါ်ဟူကို သဘောတူကာ စက်ရုံ ဝင်ရောက်ရန် နာမည်စာရင်း ပေးသွင်းခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် နောင်တရနေခြင်းတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထန်ပေါ်ဟူ၏ လူ့ကျင့်ဝတ်နှင့် စိတ်ဓာတ်ကို သူ လေးစား အသိအမှတ်ပြုသောကြောင့် ဖြစ်သည်။
ထို့ပြင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ အမှောင်ခြမ်း သတင်းဆိုးများကို ရှာဖွေတွေ့ရှိခြင်းကလည်း တကယ်ပင် ကြီးကျယ်သော ကိစ္စရပ်ကြီး တစ်ခုကို အောင်မြင်စေနိုင်လိမ့်မည် မဟုတ်ပါလား။
သို့ပေမည့် အဘယ့်ကြောင့်မှန်း မသိဘဲ စိတ်ထဲတွင် အလွန် ထူးဆန်းနေကာ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှု အနည်းငယ်လည်း ရောယှက်နေခဲ့သည်။
သူနှင့်အတူ အဖော်အဖြစ် စာမေးပွဲဖြေသူ သုံးဦး လိုက်ပါလာခဲ့ပြီး သူတို့ လေးဦးစလုံးကို စက်ရုံ တစ်ရုံတည်းသို့ ခွဲဝေ ချထားပေးခဲ့၏။
ကြားသိရသည်မှာ ဤစက်ရုံသည် အတော်လေး နာမည်ကျော်ကြားပြီး မီးရထားနှင့် မီးရထားလမ်းများအတွက် အစိတ်အပိုင်း ကိရိယာများကို သီးသန့် ထုတ်လုပ်ပေးရသော စက်ရုံကြီး တစ်ခု ဖြစ်သည်ဟု ဆိုပေသည်။
ခရီးစဉ်၏ ပထမတစ်ဝက်တွင် သူတို့ လေးဦးစလုံးသည် စက်ရုံအတွင်းသို့ ဝင်ရောက်ပြီးသည့်နောက် ကြုံတွေ့ရမည့် ဘဝ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး နေခဲ့ကြသေးသည်။ စက်ရုံအတွင်းတွင် အမှောင်ထု၊ ကျွန်ပြုမှုနှင့် ညှဉ်းပန်း နှိပ်စက်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်ဟု သူတို့ အသီးသီး ခန့်မှန်း တွေးတောခဲ့ကြ၏။
လူတိုင်းကို အခန်းမည်းလေးများထဲတွင် ပိတ်လှောင်ထားပြီး အလုပ်ကို အဆက်မပြတ် လုပ်ခိုင်းကာ တစ်နေ့ကို ဆန်ပြုတ် နှစ်နပ်သာ ကျွေးမွေးလိမ့်မည် ဖြစ်ကြောင်းပင်ပါသည်။
သာမန် ပြည်သူများ စက်ရုံတွင် ဝင်ရောက် လုပ်ကိုင်နေကြသည့် ကိစ္စကို သိထားကြသော်လည်း သူတို့ အားလုံးမှာ ချမ်းသာ ကြွယ်ဝစွာ နေထိုင်လာခဲ့ကြသည့် စာမေးပွဲဖြေသူများ ဖြစ်သောကြောင့် စက်ရုံ အလုပ်သမားများ၏ ဘဝကို မည်သူမျှ တိတိကျကျ မသိရှိကြချေ။ သူတို့ ပြောဆို ဆွေးနွေးလေလေ ပို၍ ကြောက်ရွံ့လာကြလေလေ ဖြစ်ကာ နောက်ဆုံးတွင်တော့ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြတော့၏။
ရထားခန်းအတွင်းရှိ လေထုမှာ အနည်းငယ် လေးလံ ထိုင်းမှိုင်းလာခဲ့ပြီး အပြင်ဘက် ရှုခင်းများထဲတွင် မြေစာပုံ အများအပြားကို စတင် တွေ့မြင်လာရ၏။
ကျိုးမောက်ရွှဲ့၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။ ဤနေရာသည် ကျွန်ပြု ခိုင်းစေခံရပြီး ပင်ပန်းလွန်း၍ သေဆုံးသွားသော အလုပ်သမားများ၏ အလောင်းများကို စွန့်ပစ်သည့် နေရာများ ဖြစ်နေသည်လား။
သူသည် ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ နေရာမှ ထရပ်လိုက်၏။
ခါးကို ကိုင်း၍ ရထားမောင်းသူ၏ အနီးသို့ ကပ်သွားကာ စိုးရိမ် ထိတ်လန့်စွာဖြင့် မေးမြန်းလိုက်သည်။ "ကျုပ်တို့ အခု ဘယ်နေရာကို ရောက်နေပြီလဲ ...။ ဒီစက်ရုံက ဘာဖြစ်လို့ ဒီလောက်တောင် ဝေးလံနေရတာလဲ ...။ ဟိုဘက် လမ်းဘေးမှာ မြေစာပုံတွေ အများကြီး ရှိနေတာ ဘာကြောင့်လဲ ...။ အဲဒါတွေက သင်္ချိုင်းဂူတွေတော့ မဟုတ်ဘူး မလား ...။"
ရထားမောင်းသူက နောက်ကို လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။ "ရောက်တော့မယ် ...။ ကျုပ်တို့ အခု ရောက်နေတဲ့ နေရာက စုကျားပေါင်းဇီ လို့ ခေါ်တယ် ...။ နောက်ပိုင်း မီးရထားလမ်း တည်ဆောက်ပြီးတော့ လူအတော်များများက ဒီနေရာမှာ စက်ရုံတွေ လာထောင်ကြတယ် ...။ အဲဒီတော့ ရွာအပြင်ဘက်က မြေသား တံတိုင်းတွေကို ဖျက်သိမ်းပစ်လိုက်ကြတာ ...။ အဲဒါတွေက သင်္ချိုင်းဂူတွေ မဟုတ်ပါဘူး ... ဖျက်ထားတဲ့ မြေသားပုံတွေပါ ... အခု စုကျားပေါင်းဇီ ဆိုတဲ့ နာမည်ကလည်း ပြောင်းသွားပြီ ...။"
"ဘာနာမည် ပြောင်းသွားတာလဲ ...။" ကျိုးမောက်ရွှဲ့က စိုးရိမ်တကြီး မေးလိုက်၏။
သွေးချွေးရွာတို့၊ အလုပ်ကြမ်းသမား ရွာတို့တော့ မဟုတ်လောက်ဘူး မလား။
"အဲဒီ စက်ရုံသစ်တွေ အကုန်လုံးက စုကျားပေါင်းဇီရဲ့ အနောက်ဘက်မှာ ရှိနေတာ ...။ လူတွေ အများကြီး အလုံးအရင်းနဲ့ ဝင်ရောက်လာကြတော့ အားလုံးရဲ့ ပါးစပ်ဖျားမှာ ဟို့ချန်ရွာ လို့ နာမည် ပြောင်းခေါ်နေကြပြီ ...။"
ရထားမောင်းသူက လက်ညှိုးထိုးပြလိုက်သည်။ "ဟိုရှေ့က လမ်းခွဲကို ကြည့်လိုက် ...။ အဲဒါ နာမည်ကြီးတဲ့ ဟို့ချန်ရွာ လမ်းမကြီးပဲ ... အထဲကို ဆက်သွားရင် တက္ကသိုလ် ကျောင်းသားတွေ အများကြီး တွေ့ရလိမ့်မယ် ...။ ကျုပ် ကြည့်ရသလောက်တော့ မိတ်ဆွေတို့ကလည်း စာတော်တဲ့ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပုံရတယ် ... အလုပ်လုပ်ဖို့ တစ်ယောက်ယောက်က ဖိတ်ခေါ်လာတာ မဟုတ်လား ...။"
ကျိုးမောက်ရွှဲ့က ဘာမှ ပြန်မဖြေခဲ့သော်လည်း စိတ်ထဲတွင် အတော်လေး အေးချမ်းသွားခဲ့ပြီး ရထားခန်း အတွင်း၌ ပြန်လည် ထိုင်လိုက်၏။
သင်္ချိုင်းကုန်း မဟုတ်ရင် ပြီးတာပါပဲလေ။
တက္ကသိုလ် ကျောင်းသား ... တက္ကသိုလ် ကျောင်းသားတွေ ရှိတာ ကောင်းတယ်။
သူတို့က အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က လူတွေ ဖြစ်နေရင်တောင်မှ အနည်းဆုံးတော့ စာပေပညာ တတ်ကျွမ်းပြီး စာပေ ဖတ်ရှု နားလည်နိုင်ကြတာမို့ ချောချောမွေ့မွေ့ ဆက်သွယ် စကားပြောဆိုနိုင်ကြလိမ့်မယ်။
အတွင်းထဲတွင် ကြမ်းကြမ်းတမ်းတမ်း အရိုင်းအစိုင်း လူမိုက် အုပ်စုကြီး ဖြစ်နေမည်ကိုသာ အလွန် စိုးရိမ်နေခဲ့မိခြင်း ဖြစ်၏။
နောက်ထပ် နာရီဝက်ခန့် ခုတ်မောင်းပြီးသည့်နောက်တွင် မြင်းရထားမှာ ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။
ကျိုးမောက်ရွှဲ့နှင့် တခြား သုံးဦးတို့သည် မြင်းရထားပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ရှေ့တွင် ရှိနေသော အဆောက်အအုံကြီးကို မော့ကြည့်ရင်း တစ်ပြိုင်နက်တည်း တံတွေး တစ်ချက် မြိုချလိုက်ကြ၏။
ဤအရာက ... စိတ်ကူးထဲက ပုံစံနှင့် လုံးဝ ကွာခြားနေခဲ့သည် မဟုတ်ပါလား။
စိတ်ကူးထဲကလို အခန်းမည်း သေးသေးလေးများ မဟုတ်ဘဲ အလွန် ရှည်လျား ကျယ်ဝန်းသည့် စက်ရုံ အဆောက်အအုံကြီး တစ်ခု ဖြစ်နေပြီး တံခါးပေါက် ထိပ်တွင် စာလုံးကြီးများ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။
(ဝမ်ချိုက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံ)
ကျိုးမောက်ရွှဲ့မှာ သတိပြန်ဝင်လာပြီး ခါးကြားမှ ငွေအိတ်ကို ထုတ်၍ ရထားခ ပေးရန် ပြင်လိုက်သည်။
ရထားမောင်းသူက ထိုမြင်ကွင်းကို မြင်သောအခါ ပြောလိုက်၏။ "သခင်လေးတို့ ... ပိုက်ဆံ ပေးစရာ မလိုတော့ဘူး ...။ သခင်လေးထန်က ပိုက်ဆံ ပေးပြီးသားပါ ...။"
ထန်အစ်ကိုက ကိစ္စရပ်များကို စဉ်းစားရာတွင် ဤမျှလောက်ပင် ပြည့်စုံ လုံလောက်ပြီး နွေးထွေး ဂရုစိုက်လွန်းလှသည်။
ကျိုးမောက်ရွှဲ့က လက်ကို ပြန်ရုပ်လိုက်ပြီး ခေါင်းညိတ် အချက်ပြလိုက်၏။
ရထားမောင်းသူ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူတို့ လေးဦးသား စက်ရုံရှေ့တွင် ဝေခွဲမရစွာဖြင့် ရပ်နေမိကြသည်။
ထိုအချိန်မှာပင် စက်ရုံ တံခါးပေါက်မှ လူတစ်ဦးက ကျိုးမောက်ရွှဲ့တို့ ရှိရာဆီသို့ တက်ကြွ နွေးထွေးစွာဖြင့် ပြေးလာခဲ့၏။
"မိတ်ဆွေတို့က စက်ရုံမှာ အလုပ်လုပ်ဖို့ လာကြတာ မဟုတ်လား ...။ သူဌေးက မိတ်ဆွေတို့ကို အထဲ ခေါ်သွားဖို့ ကျုပ်ကို အထူး တာဝန်ပေးလိုက်တာ ...။"
ကျိုးမောက်ရွှဲ့သည် လန့်ဖြတ်သွားခဲ့ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်မှ လာသူကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
ဤသူ၏ ခန္ဓာကိုယ်မှာ ပိန်ပါးပြီး အသားအရေ မည်းညစ်နေသော်လည်း ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ အလွန် သန့်ရှင်း သပ်ရပ်နေပေ၏။ အသက် ခြောက်ဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။
ကျန်သုံးဦးမှာ စကား မပြောရဲကြသဖြင့် ကျိုးမောက်ရွှဲ့က သတ္တိမွေး၍ ပြောလိုက်၏။ "ဟုတ်ပါတယ် ... ကျုပ်တို့က စက်ရုံမှာ အလုပ်လုပ်ဖို့ လာကြတာပါ ...။ မိတ်ဆွေရဲ့ နာမည်ကို သိပါရစေ ...။"
"အို ... စကားပြောတာက အတော်လေး ယဉ်ကျေး သိမ်မွေ့တာပဲ ...။ ကြည့်ရတာ စာပေ သင်ယူဖူးတဲ့သူတွေ ဖြစ်ပုံရတယ် ... ကျုပ်တို့ စက်ရုံက စာတတ်တဲ့သူတွေကို အကြိုက်ဆုံးပဲ ...။"
ထိုသူက အံ့ဩ ချီးကျူးပြီးသည့်နောက် မိတ်ဆက်လိုက်၏။ "ကျုပ် နာမည်က စုထျန်းပါ ... စုကျားပေါင်းဇီက ဇာတိသားပဲ ...။ ကဲ ... မိတ်ဆွေတို့ ကျုပ်ရဲ့ နောက်ကနေ လိုက်ခဲ့ကြလေ ...။"
ကျိုးမောက်ရွှဲ့က ခေါင်းညိတ်လိုက်ပြီး စုထျန်း၏ နောက်မှ လိုက်ပါကာ စက်ရုံအတွင်းသို့ ဝင်ရောက် သွားခဲ့ကြသည်။
စုထျန်းက လမ်းလျှောက်ရင်း ပြောပြနေ၏။ "ကျုပ်တို့ ဝမ်ချိုက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံက ဟို့ချန်ရွာမှာ ရှိတဲ့ စက်ရုံ အများကြီးထဲမှာ အတော်လေး ကောင်းမွန်တဲ့ စက်ရုံပဲ ...။ ပုံမှန်ဆိုရင် ဒီအထဲကို ဝင်နိုင်ဖို့ အတော်လေး ခက်ခဲတယ် ... မိတ်ဆွေတို့က ဘယ်လိုလုပ် ဝင်လာနိုင်ခဲ့တာလဲ ...။ တက္ကသိုလ် ကျောင်းသားတွေတော့ မဟုတ်လောက်ဘူး မလား ...။"
ကျိုးမောက်ရွှဲ့က ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး ... ကျုပ်တို့ကို မိတ်ဆွေ တစ်ယောက်က မိတ်ဆက်ပေးလိုက်တာပါ ...။"
"ဆွေမျိုးတွေ ဖြစ်မယ် ထင်တယ် ...။"
"မဟုတ်ပါဘူး ... သိတာ သိပ်မကြာသေးတဲ့ မိတ်ဆွေ တစ်ယောက်ပါ ...။"
စုထျန်းက သွားဖြဲ၍ ရယ်မောလိုက်၏။ "အဲဒီလူက တကယ်ကို သဘောကောင်းတာပဲ ...။"
"တကယ်ကို တွေ့ရခဲတဲ့ လူကောင်း တစ်ယောက်ပါ ...။" ကျိုးမောက်ရွှဲ့က ထောက်ခံ ပြောဆိုလိုက်သည်။
စကားပြောဆိုနေကြစဉ်မှာပင် သူတို့ လေးဦးသည် စက်ရုံအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်၏။
ကျိုးမောက်ရွှဲ့တို့ လေးဦးစလုံး၏ မျက်လုံးများထဲတွင် တုန်လှုပ် အံ့အားသင့်သည့် အကြည့်များ တစ်ပြိုင်နက်တည်း ပေါ်လွင်လာခဲ့ကြသည်။
အပြင်ဘက်မှ ကြည့်မည် ဆိုပါက စက်ရုံ၏ အပြင်ပန်း ပုံသဏ္ဌာန်မှာ သာမန်မျှသာ ဖြစ်ပြီး ဧရိယာ ကျယ်ဝန်းရုံလောက်သာ ရှိသည်ဟု ထင်ရ၏။
သို့ပေမည့် ဤအတွင်းပိုင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျယ်ပြောလှသော နေရာလွတ်ကြီးက လူတို့၏ အမြင်အာရုံကို ချက်ချင်း တုန်လှုပ် သွားစေခဲ့သည်။
အလွန် ကောင်းမွန်လွန်းလှသည်ဟု ပြော၍ မရသကဲ့သို့ အလွန်လည်း ခန့်ညားမနေချေ။
သို့သော်ငြား နေအိမ် ခြံဝန်းများအတွင်း၌သာ နှစ်ရှည်လများ နေထိုင်လာခဲ့ကြသည့် ဤစာပေ ပညာရှင်များအတွက်မူ ဤမျှလောက် ကြီးမား ကျယ်ဝန်းသော အတွင်းပိုင်း နေရာလွတ် ရှိသည့် အဆောက်အအုံကြီး ကို ပထမဆုံး အကြိမ် မြင်ဖူးခြင်းပင် ဖြစ်၏။
ဤအရာက အခန်းမည်းလေးများနှင့် လုံးဝ ဆက်စပ်မှု မရှိချေ ...။
ယခုအချိန်တွင် စက်ရုံအတွင်း၌ အလုပ်သမား တစ်စုမှာ အဆက်မပြတ် အလုပ်များနေကြပြီး နေရာဒေသ အပိုင်းအခြား အနည်းငယ် သတ်မှတ်ကာ ကွဲပြားသော အလုပ်များကို လုပ်ကိုင်နေကြသည်ကို တွေ့ရ၏။
ကောင်းကင်ထက်တွင်မူ ဆွဲချထားသော သံချိတ်များ ရှိနေသည်။
ကျိုးမောက်ရွှဲ့သည် သံချိတ်များကို လိုက်ကြည့်ရင်း အမိုးဘက်သို့ မော့ကြည့်လိုက်ရာ အမိုးပေါ်တွင် စက်သီး၊ စက်သီးလမ်းကြောင်း အစရှိသည့် ကိရိယာ တည်ဆောက်ပုံ အများအပြား ရှိနေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
စုထျန်းက သူတို့ လေးဦး တုန်လှုပ်နေသည်ကို မြင်သောအခါ ပြုံး၍ ရှင်းပြလိုက်၏။ "ပထမဆုံး အကြိမ် မြင်ဖူးတာ မဟုတ်လား ...။ ဒီအထဲမှာ အံ့ဩစရာ ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှိတယ် ...။ အမိုးပေါ်က အဲဒီ ဘီးတွေကို ကြည့်လိုက် ...။ ပစ္စည်းတွေကို မတင်တာ ဖြစ်ဖြစ်၊ သယ်ဆောင်တာ ဖြစ်ဖြစ် အရမ်းကို အဆင်ပြေ လွယ်ကူစေတယ် ... အဲဒါတွေက သူဌေးက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က လူတွေကို အထူး ဖိတ်ခေါ်ပြီး ပုံစံထုတ် တည်ဆောက်ခိုင်းထားတာလေ ...။
ကျုပ်တို့ စက်ရုံက မီးရထားအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို သီးသန့် ထုတ်လုပ် ပေးရတာ ...။ မိတ်ဆွေတို့ က စက်ရုံကို အခုမှ စဝင်တာ ဆိုတော့ အရမ်း ခက်ခဲတဲ့ အလုပ်တွေကို စီစဉ်ပေးမှာ မဟုတ်ဘူး ...။ ပုံသွင်းပြီးစ အစိတ်အပိုင်း အများအပြားကို သွေးဖို့ လိုအပ်တယ် ...။ မိတ်ဆွေတို့ အနေနဲ့ စံသတ်မှတ်ချက်အတိုင်း သွေးပေးရုံပဲ ... ကျုပ် လူလွှတ်ပြီး မိတ်ဆွေတို့ကို သင်ပေးပါ့မယ် ...။"
ကျိုးမောက်ရွှဲ့က သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် မေးလိုက်သည်။ "မိတ်ဆွေက ကျုပ်တို့ကို အလုပ် စီစဉ်ပေးတာ ဆိုတော့ကာ ... မိတ်ဆွေက ..."
စုထျန်းက ရင်ဘတ်ကို ကော့လိုက်၏။ "ကျုပ်က ဒီစက်ရုံရဲ့ ဒုတိယ အုပ်စု ခေါင်းဆောင်ပဲ ... သွေးတဲ့ အလုပ်ကို အဓိက တာဝန်ယူရတာ ...။ မိတ်ဆွေတို့ အခုကစပြီး ကျုပ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရမယ် ... ကျုပ်ရဲ့ အုပ်စုထဲမှာ တခြား ညီအစ်ကို လေးယောက်လည်း ရှိသေးတယ် ...။
ဒါပေမဲ့ သူတို့က အလုပ်များနေကြတော့ တွေ့ဖို့ မလောကြပါနဲ့အုံး ... ကျုပ် အရင်ဆုံး မိတ်ဆွေတို့ကို ဒီတစ်ဝိုက်မှာ လိုက်ပြပြီး အခြေခံ အချက်အလက်တွေကို ရှင်းပြပေးမယ် ...။ ပြီးရင် အလုပ်သမား ဝတ်စုံနဲ့ နေထိုင်စရာ နေရာ စီစဉ်ပေးပြီး မနက်ဖြန်ကျမှ အလုပ် စလုပ်ကြတာပေါ့ ...။"
ကျိုးမောက်ရွှဲ့က ခေါင်းညိတ်လိုက်ပြီးနောက် စုထျန်း၏နောက်မှ လိုက်ပါကာ စက်ရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့၏။
လှည့်လည် ကြည့်ရှုသည့် လုပ်ငန်းစဉ်အတွင်းတွင် အလုပ်ကြမ်း လုပ်ကိုင်နေကြသော အလုပ်သမား အများအပြား ကို မလွဲမသွေ တွေ့မြင်ခဲ့ရသည်။
တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည့် ပုံစံများမှာ ကြည့်ရသည်မှာ အလွန် ခက်ခဲ ပင်ပန်းနေသည့် ဟန်ရှိ၏။
စာမေးပွဲဖြေသူ လေးဦးမှာ စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြပြီး ဤမြင်ကွင်းကို ရင်ထဲတွင် မှတ်သား ထားလိုက်ကြသည်။
သွေးချွေးစက်ရုံဆိုတဲ့ အငွေ့အသက်တွေ ရနေပြီပဲ ...။
"ကျုပ်တို့ရဲ့ လုပ်ငန်းစဉ်က နောက်ဆုံး အဆင့်ပဲ ...။ သွေးပြီးသွားရင် လာရောက် စစ်ဆေး လက်ခံမယ့်သူ ရှိလိမ့်မယ် ... စစ်ဆေး အောင်မြင်သွားမှ ပြီးစီးတယ်လို့ သတ်မှတ်တာ ...။ မိတ်ဆွေတို့ရဲ့ တစ်လ လုပ်ခ လစာက ငွေနှစ်တေလ်း ရမယ် ...။ အကယ်၍ သွေးထားတဲ့ ကုန်ချောတွေက စံမမီဘူး ဆိုရင်တော့ လုပ်ခ လစာ ဖြတ်တောက်ခံရလိမ့်မယ် ...။" စက်ရုံ၏ အဆုံးပိုင်းသို့ ရောက်သောအခါ စုထျန်းက မိတ်ဆက် ရှင်းပြလိုက်၏။
ကျိုးမောက်ရွှဲ့သည် မထိန်းနိုင်တော့ဘဲ ဝင်ရောက် မေးမြန်းလိုက်သည်။ "ဒါဆိုရင် ကျုပ်တို့ တစ်နေ့ကို ဘယ်လောက်ကြာကြာ အလုပ် လုပ်ရမလဲ ...။ ခုနစ်နာရီလောက်လား ... ဒါမှမဟုတ် ရှစ်နာရီလောက်လား ...။"
ကျန်ရှိနေသော စာမေးပွဲဖြေသူ သုံးဦးကလည်း စုထျန်းကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။
အားလုံးက အသက်စွန့်ပြီး သက်သေအထောက်အထား စုဆောင်းရန် ပြင်ဆင်ပြီးသား ဖြစ်ကြသည်။
စုထျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဆယ့်လေးနာရီ၊ ဆယ့်ငါးနာရီတောင်လား ...။ လုပ်နေရတာ အားအင် သုံးရတဲ့ အလုပ်တွေလေ ... မိတ်ဆွေတို့က အသက်ကို မလိုချင်တော့ဘူးလား ...။
ကျုပ်တို့ စက်ရုံက ငါးရက် လုပ်ပြီး နှစ်ရက် နားရတယ် ...။ တစ်နေ့ကို ရှစ်နာရီပဲ လုပ်ရတာ ...။ အဲဒီအထဲမှာ နေ့လယ်စာ စားဖို့နဲ့ နားဖို့ အချိန် တစ်နာရီ ပါဝင်သေးတယ် ...။ ဟို နာရီကြီးကို ကြည့်လိုက်ကြ ...။"
ကျိုးမောက်ရွှဲ့တို့ လေးဦးသည် စုထျန်း လက်ညှိုးထိုးပြရာ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်ကြရာ အလွန် ကြီးမားသည့် နာရီကြီး တစ်လုံးကို စက်ရုံ အဆောက်အအုံပေါ်တွင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။
စုထျန်းက ဆက်ပြောလိုက်သည်။ "နာရီ ကြည့်တတ်ကြတယ် မဟုတ်လား ...။ နေ့တိုင်း မနက် ရှစ်နာရီမှာ အလုပ် စလုပ်ပြီး ဆယ့်နှစ်နာရီ ရောက်ရင် နားရမယ် ...။ နေ့လယ် တစ်နာရီမှာ အလုပ် ပြန်စပြီး ညနေ ငါးနာရီ ရောက်ရင် အလုပ်ဆင်းလို့ ရပြီ ...။ လစဉ်လည်း လစာပြည့် ခွင့်ရက် နှစ်ရက် ရှိတယ် ... စက်ရုံမှာ သမားတော် ရှိတယ် ... နေမကောင်းရင် သူ့ဆီ သွားပြလို့ ရတယ် ...။"
"အလုပ်ဆင်းပြီးရင် ဘာလုပ်ချင် လုပ်ချင် သဘောပဲ ... ဟို့ချန်ရွာထဲမှာ စားစရာတွေ၊ ကစားစရာ နေရာတွေ အများကြီး ရှိတယ် ...။"