အခန်း ၉၃၂
Vol. 49 Ch. 932
အပိုင်း (၉၃၂) စက်ရုံတွင်း ဘဝ။
တစ်ညတာ အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ကျိုးမောက်ရွှဲ့နှင့် ကျန်သုံးဦးတို့သည် မျက်ကွင်း ညိုညိုကြီးများဖြင့် စုထျန်း၏ အိပ်ရာနှိုးခြင်းကို ခံလိုက်ကြရသည်။
ဤတစ်ညတာလုံး ကောင်းကောင်းမွန်မွန် မအိပ်စက်ခဲ့ရချေ။ အခန်းတွင်းရှိ အနံ့ဆိုးများကိုတော့ ပြောစရာ မလိုတော့ပေ ...။ ဆယ်မိနစ်လောက် နေလိုက်ရင် အသားကျသွားနိုင်သည်ပဲ ဖြစ်၏။
သို့သော်ငြား စာပေ ပညာရှင်များ၏ မြင့်မြတ်သော မာနတရားနှင့် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်နေသော ဟောက်သံကြီးများက လူကို စိတ်ရှုပ်ထွေး စိတ်ပျက်စေခဲ့သည်။
ဤတစ်ညတာလုံးကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု နှစ်မျိုးစလုံးအောက်တွင် ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်၏။
ဒုတိယနေ့ အလုပ်ဆင်းချိန် ရောက်သောအခါ ကျိုးမောက်ရွှဲ့၏ စိတ်ထဲတွင် နောင်တရစိတ်များ စတင် ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။
ကံကောင်းသည်မှာ စုထျန်းက မနေ့ကကဲ့သို့ပင် တက်ကြွ နွေးထွေးနေဆဲ ဖြစ်သည်ကို မြင်ရသောအခါ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားခဲ့၏။
သူတို့ လေးဦးသည် အလုပ်သမား ဝတ်စုံများကို လဲလှယ် ဝတ်ဆင်ပြီးသည့်နောက် စုထျန်း၏ နောက်မှ လိုက်ပါကာ စက်ရုံအတွင်းသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
စက်ရုံအတွင်းတွင် စတင် အလုပ်များနေပြီ ဖြစ်ပြီး စုထျန်းက သူတို့ကို အလုပ် လုပ်ကိုင်ရမည့် နေရာဆီသို့ ခေါ်ဆောင်သွားခဲ့ရာ မြေပြင်ပေါ်တွင် ထုတ်လုပ်ပြီးစ ကြီးကျယ် သေးငယ်သော အစိတ်အပိုင်း ကိရိယာ အတိုအစ အများအပြား ရှိနေသည်ကို တွေ့ရ၏။
စုထျန်းက အသက် သုံးဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး တိတ်ဆိတ် ငြိမ်သက်တတ်သည့် ဟန်ရှိသော ယောက်ျားကြီး တစ်ဦးကို ဆွဲခေါ်လာပြီး မိတ်ဆက်ပေးလိုက်သည်။ "သူ့နာမည်က ကျန်းတာ့လီ တဲ့ ... မိတ်ဆွေတို့ သူ့ကို ကျန်းကြီး လို့ ခေါ်လိုက်ရင် ရပြီ ...။ နောက်ပိုင်းကျရင် မိတ်ဆွေတို့ သူ့ဆီကနေ သင်ယူကြပေါ့ ...။"
"ကျန်းကြီး ... သေသေချာချာ ဂရုစိုက်ပြီး သင်ပေးလိုက် ...။ ဒီနေ့ သူဌေးက စက်ရုံကို စစ်ဆေးရေး လာလုပ်မှာ ...။ ကျုပ်တို့ အုပ်စု မျက်နှာ အပူမခံနိုင်ဘူး ...။"
ညွှန်ကြား မှာကြားပြီးသည့်နောက် စုထျန်းက သူ၏ ကိုယ်ပိုင်အလုပ်များကို လုပ်ကိုင်ရန် ချက်ချင်း ထွက်ခွာသွားခဲ့၏။
ကျန်းကြီးကလည်း အပိုစကား အများကြီး မပြောဘဲ မြေပြင်ပေါ်မှ ပေတံ တစ်ချောင်းကို ကောက်ယူလိုက်ပြီး ကျိုးမောက်ရွှဲ့တို့ကို စတင် ရှင်းပြ ပြောဆိုတော့သည်။
ပြောရမည် ဆိုလျှင် ဤအလုပ်မှာ အလွန် ရိုးရှင်းလှပြီး စံသတ်မှတ်ချက်အတိုင်း အနားစွန်းများ ရှိနေသော (သို့မဟုတ်) စံမမီသော အစိတ်အပိုင်းများကို စံသတ်မှတ်ချက်နှင့် ကိုက်ညီအောင် သွေးပေးရခြင်းသာ ဖြစ်၏။
ကျိုးမောက်ရွှဲ့တို့၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ဆိုပါက အလွန် လွယ်ကူစွာ တတ်မြောက်သွားကြသည်မှာ သဘာဝပင် ဖြစ်သည်။
ဤကဲ့သို့သော အလုပ်မျိုးမှာ သူတို့၏ မျက်လုံးထဲတွင် ဉာဏ်နည်းသူများ လုပ်သည့် အလုပ်ဟုပင် ခေါ်ဆိုနိုင်၏။
သိပ်မကြာမီမှာပင် သူတို့ လေးဦးသည် လက်တွေ့ အလုပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက် လုပ်ကိုင်ကြတော့သည်။ သူတို့နှင့်အတူ တတွဲတည်း အလုပ် လုပ်ကိုင်နေသူများမှာ ကျန်းကြီး အပါအဝင် တခြား လူလေးဦး ဖြစ်၏။
နာရီဝက်ခန့်သာ လုပ်ကိုင်ရသေးသော်လည်း ကျိုးမောက်ရွှဲ့တို့ လေးဦးသည် မမှန်ကန်မှုကို စတင် သတိထား မိလာခဲ့ကြသည်။
ဤအလုပ်မှာ အလွန် ရိုးရှင်းပြီး မည်သည့် နည်းပညာမှ မလိုအပ်သော်လည်း တကယ်တမ်း လက်တွေ့ လုပ်ကိုင်ရသည့် အခါတွင်တော့ ခွန်အားနှင့် စိတ်အာရုံကို ကြီးမားစွာ စမ်းသပ်နေသည့် ကိစ္စရပ် တစ်ခု ဖြစ်နေချေသည်။
စက်ရုံအတွင်းမှ ဆူညံသံများ၊ အဆက်မပြတ် ထပ်ခါတလဲလဲ သွေးနေရသည့် ငြီးငွေ့ဖွယ် အခြေအနေများက စာမေးပွဲဖြေသူ လေးဦး၏ စိတ်ပိုင်းဆိုင်ရာကို အလွန်အမင်း ညှဉ်းပန်း နှိပ်စက်နေခဲ့၏။
သူတို့အားလုံးက ပုံမှန်ဆိုလျှင် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ဝင်ထွက်သွားလာကြသူများ ဖြစ်သည်။ ဤသို့ညစ်ပတ် ပင်ပန်းသောအလုပ်မျိုးကို လုပ်ရသည်မှာ သာမန်အလုပ်သမားများထက် အများကြီး ညံ့ဖျင်းလို့နေသည်။
သို့သော်ငြား ကျန်းကြီးတို့ တစ်စု၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး ဘာမှ မဖြစ်သကဲ့သို့ လုပ်ကိုင်နေကြသည်ကို မြင်ရသောအခါ ကျိုးမောက်ရွှဲ့တို့လည်း အံကြိတ်ကာ တိတ်တဆိတ် တောင့်ခံထားလိုက်ကြရသည်။
ဤသို့ဖြင့် သုံးနာရီ တိတိ ဆက်တိုက် အလုပ် လုပ်ကိုင်ခဲ့ကြ၏။
ကျိုးမောက်ရွှဲ့သည် သူ၏ လက်မောင်း၊ ခါးနှင့် ခြေထောက်များ အလွန်အမင်း နာကျင် ကိုက်ခဲနေကြောင်းကို ခံစားလိုက်ရသည်။
အလုပ် လုပ်ကိုင်သည့် လှုပ်ရှားမှု အတိုင်းအတာမှာ မကြီးမားလှသော်လည်း ချွေးများ ရွှဲနစ်နေခဲ့ပြီ ဖြစ်၏။
ကျန်ရှိသော စာမေးပွဲဖြေသူ သုံးဦးမှာလည်း သိပ်ပြီး ကောင်းမွန်မနေကြချေ။ ညည်းညူနေကြပြီး သူတို့၏ လှုပ်ရှားမှုများမှာလည်း သိသိသာသာ နှေးကွေးလာခဲ့ပြီ ဖြစ်သည်။
အလုပ် လုပ်ကိုင်နေကြစဉ်မှာပင် တြီကနဲ မြည်သော ဩဘာပေး ခရာမှုတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့၏။
ကျိုးမောက်ရွှဲ့သည် သူ၏ ပုခုံးကို တစ်ယောက်ယောက်က နှစ်ချက်ခန့် ပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကျန်းကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ "ညီအစ်ကို ... ထမင်းစားချိန် ရောက်ပြီ ...။"
ကျိုးမောက်ရွှဲ့သည် ကြီးမားသော ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသကဲ့သို့ သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်၏။
နောက်ဆုံးတော့ ပြီးသွားပြီပဲ ...။ စက်ရုံထဲ စဝင်တုန်းက အလုပ် လုပ်ရတဲ့ အချိန် မရှည်ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်း လုပ်ကြည့်တော့ အဲဒီအတိုင်း မဟုတ်ဘူးပဲ ...။
အထူးသဖြင့် သူတို့လုပ်ရတဲ့ အလုပ်က အတော်လေး သက်သာနေသေးတယ် ... အလေးအပင်တွေကို သယ်ဆောင် ဖြေရှင်းပေးရတဲ့ သီးသန့် အလုပ်သမား အတော်များများကို သူ တွေ့မြင်ခဲ့ရသေးတယ် ...။
အကယ်၍ သူသာ အဲဒီအလုပ်ကို လုပ်ရမယ် ဆိုရင် စောစောစီးစီး အရိုးတွေ တစစီ ကျိုးပဲ့ ကွဲကြေသွားလောက်ပြီ။
အကယ်၍ အချိန်ပိုပါ ဆက်ဆင်းရမည် ဆိုလျှင် ... သေချာပေါက် သွေးချွေးစက်ရုံ ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုတော့ချေ ...။
သူ ငေးငိုင်နေသည့် အခိုက်အတန့်လေး အတွင်းမှာပင် မူလက စက်ရုံအတွင်း၌ အလုပ်များနေကြသော အလုပ်သမားများသည် တစ်ယောက်ပြီး တစ်ယောက် နေရာမှ ထရပ်ကာ အပြင်ဘက်သို့ အပြေးအလွှား ပြေးထွက်သွားကြသည်ကို တွေ့လိုက်ရ၏။
"မြန်မြန် သွားပြီး ထမင်းစားကြ ... ငေးမနေကြနဲ့တော့ ...။" ကျန်းကြီးက အော်ဟစ် သတိပေးလိုက်ပြီး စက်ရုံအတွင်းမှ အပြေးအလွှား ထွက်ခွာသွားခဲ့သည်။
နေ့လယ် နားချိန် တစ်နာရီ ရှိတယ်လို့ ပြောထားတာ မဟုတ်ဘူးလား ...။ စားသောက်ဆောင်ကလည်း မသေးဘူးလေ ... ထမင်း မစားရလောက်အောင် ဖြစ်သွားနိုင်သေးလို့လား ...။
ကျိုးမောက်ရွှဲ့၏ မျက်လုံးများ အရောင်လက်သွားခဲ့ပြီး တစ်ခုခုကို သတိထား မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက တခြား စာမေးပွဲဖြေသူ သုံးဦးကို ချက်ချင်း ခေါ်ဆောင်ကာ စားသောက်ဆောင်ဆီသို့ တစ်ပြိုင်နက်တည်း ပြေးသွားလိုက်ကြ၏။
စားသောက်ဆောင်သို့ ရောက်သောအခါ ကျိုးမောက်ရွှဲ့ တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားသည်။
မူလက ဧရိယာ အတော်လေး ကျယ်ဝန်းသည့် စားသောက်ဆောင်ကြီးမှာ ယခုအချိန်တွင် လူပင်လယ်ကြီးအဖြစ် ပြောင်းလဲနေပြီး ပခုံးချင်း တိုက်မိလောက်အောင် ကြပ်ညပ်နေခဲ့၏။
ထမင်း ခပ်ယူသည့် တန်းစီလိုင်းမှာလည်း အလွန် ရှည်လျားနေသည်။
ကျိုးမောက်ရွှဲ့က နှာခေါင်းကို ပွတ်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိ၏။
ကြည့်ရတာ အထင်လွဲသွားတာပဲ ... ဘာနောက်ကွယ် ဇာတ်လမ်းမှ မရှိပါဘူး ... သက်သက် လူများပြီး ကြပ်ညပ်နေတာကိုး...။
မနက်ကလည်း ထမင်း မစားခဲ့ရဘူးလေ ... အခုချိန်အထိ လုပ်လာရတာ ဗိုက်လည်း ဆာ၊ ပင်လည်း ပင်ပန်းနေပြီ ဆိုတော့ကာ အလုပ်သမားတွေ ထမင်း လုစားကြတာဟာ ယုတ္တိ ရှိနေတာပဲ ...။
မည်သည့် ထူးခြားချက်ကိုမှ ရှာဖွေ မတွေ့ရှိသောအခါ သူလည်း မတတ်နိုင်တော့ဘဲ လူအုပ်ကြီး၏ နောက်တွင် လိုက်ပါ၍ တန်းစီလိုက်ရတော့သည်။
ဗိုက်ဆာနေပြီ ဖြစ်သော်လည်း ဤစားသောက်ဆောင်မှ ဟင်းလျာများအပေါ်တွင် မည်သည့် မျှော်လင့်ချက်ကိုမှ လုံးဝ မထားရှိခဲ့ချေ။
စက်ရုံ အစုတ်လေးထဲမှာ ဘာကောင်းတာတွေများ ကျွေးမွေးနိုင်မှာလဲ ...။ ရေလုံပြုတ် ဟင်းချို ကျဲကျဲတို့ ဘာတို့လောက်ပဲ ဖြစ်မှာပါလေ ...။
ထိုအကြောင်းကို တွေးမိသောအခါ သူ၏ခံတွင်းများပင် ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်အတော်ကြာအောင် တန်းစီပြီးသည့်နောက်တွင် ထမင်း ခပ်ယူသည့် ကောင်တာသို့ ရောက်ရှိလာခဲ့၏။
ကောင်တာအတွင်း၌ ခင်းကျင်းထားသော ဟင်းလျာ တန်းစီလိုင်းကို ကြည့်လိုက်သောအခါ ...။
ကျိုးမောက်ရွှဲ့ တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားတော့သည်။ စိတ်ကူးထဲကလို ရေလုံပြုတ် ဟင်းချို ကျဲကျဲ ထမင်းဝိုင်း မဟုတ်ဘဲ ဇလုံကြီးများနှင့် ထည့်ထားသော အကြော်အလှော် ဟင်းလျာများ ဖြစ်နေသည် မဟုတ်ပါလား။
ကြည့်ရသည်မှာ ဆီပြန်နေပြီး အတွင်းမှ အသားဖတ်များမှာလည်း မနည်းလှချေ။
စက်ရုံထဲက စားသောက်စရာတွေက ဒီလောက်တောင် ကောင်းမွန်နေတာလား ...။
ကျိုးမောက်ရွှဲ့သည် ဦးနှောက်ထဲတွင် သံသယများဖြင့် ထမင်းနှင့် ဟင်းလျာများကို ခပ်ယူ ပြီးစီးသွားခဲ့သည်။
ယခုအချိန်တွင် စားသောက်ဆောင်အတွင်း၌ ထိုင်ခုံ နေရာများ မရှိတော့သဖြင့် သူသည် တခြား သုံးဦးကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်၍ စားသောက်လိုက်၏။
စားသောက်ဆောင်၏ တံခါးဝတွင်လည်း အလုပ်သမား နှစ်ဦး၊ သုံးဦးခန့် စုစုပေါင်းကာ မြေပြင်ပေါ်တွင် ထိုင်၍ စကားပြောရင်း စားသောက်နေကြသည်ကို တွေ့ရသည်။
သူတို့ လေးဦးသည် အတော်လေး သီးသန့် ဖြစ်သည့် နေရာတစ်ခုကို ရှာဖွေလိုက်ပြီး ထိုအလုပ်သမားများကို အတုယူကာ မြေပြင်တွင် ထိုင်လျက် ခေါင်းငုံ့ပြီး စားသောက်လိုက်ကြ၏။
"ကျိုးအစ်ကို ... ကျုပ်တို့ လာတဲ့ နေရာ မှားနေပြီလား မသိဘူး ...။ ဒီစားသောက်စရာတွေက သန့်ရှင်း သပ်ရပ်ပြီး အရသာ ကောင်းမွန်တယ်လို့ မပြောနိုင်ပေမဲ့ ဘာမှ အပြစ်တင်စရာ မရှိဘူး ...။"
"ဟုတ်တယ် ...။ ကျုပ်အိမ်က ငှားထားတဲ့ အလုပ်သမားတွေတောင် ဒါမျိုး မစားရဘူး ...။"
"မစားရရုံတင် ဘယ်ကမလဲ ... စက်ရုံနဲ့ ယှဉ်လိုက်ရင် အိမ်မှာကျွေးတာတွေက ဝက်၊ ခွေးလောက်တောင် မတန်တော့ဘူး ...။ ကျုပ် ထင်တာတော့ ကျုပ်ရဲ့ အိမ်ကမှ သွေးချွေးစက်ရုံ ဖွင့်ထားသလားလို့ပဲ ...။"
"ကျိုးအစ်ကို ... ခင်ဗျားက မြို့တော် ဇာတိသားပဲလေ ... မြို့တော်က ဒီလောက်ထိ ချမ်းသာ ကြွယ်ဝနေပြီလား ...။ သာမန် ပြည်သူတွေတောင် နေ့တိုင်း ဒီလောက် ဆီပြန်တွေ စားနေကြတာလား ...။"
နားဘေးမှ တစ်ယောက် တစ်ခွန်း ပြောဆိုနေသည့် အသံများကို ကြားရသောအခါ ကျိုးမောက်ရွှဲ့ တစ်ယောက် အလွန်အမင်း ခေါင်းကိုက်သွားသည်။
သာမန် ပြည်သူတွေ ပုံမှန် ဘာစားသလဲ ဆိုတာကို ချီးတဲ့မှ ... ငါ ဘယ်လိုလုပ် သိမှာလဲ ...။ ငါမှ မမြင်ဖူးခဲ့တာ ...။
"ဒါက ပထမဆုံးနေ့ပဲ ရှိသေးတယ်လေ ... ခင်ဗျားတို့က ဘာဖြစ်လို့ လောနေကြတာလဲ ...။ ညဘက်ကျရင် အဲဒီ အိပ်ဆောင် တစ်ခုတည်းမှာ နေတဲ့ အလုပ်သမားတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ပြီး သူတို့ ပါးစပ်ထဲကနေ စကားအချို့ ဖော်ထုတ်ကြည့်တာက ပိုမကောင်းဘူးလား ...။ ထမင်းစားပြီးရင် နားနေဆောင်ကို သွားကြည့်ကြတာပေါ့ ... အဲဒီနေရာက နည်းနည်း မမှန်ဘူးလို့ ကျုပ် ထင်တယ် ...။"
"အင်း ... ဒါလည်း နည်းလမ်း တစ်ခုပဲ ...။"
သူတို့ လေးဦးသည် တိတ်ဆိတ်စွာဖြင့် နေ့လယ်စာကို စားသောက် ပြီးစီးသွားခဲ့ရာ ဆယ်မိနစ် ကျော်ကျော်လောက်သာ အချိန် ကုန်ဆုံးခဲ့၏။
စားသောက်ဆောင်သို့ ပန်းကန်၊ ဇွန်း၊ ခက်ရင်းများ ပြန်လည် အပ်နှံပြီးသည့်နောက် ကျိုးမောက်ရွှဲ့က ဦးဆောင်ကာ နားနေဆောင်ဆီသို့ လျှောက်သွားလိုက်ကြသည်။
နားနေဆောင် တံခါးရှေ့တွင် လူသူ အရိပ်အယောင် မရှိဘဲ အတော်လေး တိတ်ဆိတ် ငြိမ်သက်နေ၏။
ကျိုးမောက်ရွှဲ့က နားနေဆောင်၏ တံခါးကြီးကို တန်းခနဲ တွန်းဖွင့်လိုက်ရာ အခန်းတွင်း၌ စာအုပ်စင် နှစ်တန်းနှင့် သတင်းစာ အပုံလိုက်ကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။
တခြား အရာများကတော့ စားပွဲ၊ ထိုင်ခုံနှင့် ခုံတန်းလျား အချို့သာ ဖြစ်၏။
စာမေးပွဲဖြေသူများသည် အခန်းတွင်းသို့ ဝင်ရောက်လာကြပြီး စာအုပ်စင်ပေါ်မှ စာအုပ်များကို လက်တည့်စမ်း ယူငင် လှန်လှော ကြည့်ရှုလိုက်ကြသည်။
"ဒါတွေ အကုန်လုံးက အပျင်းပြေ ဖတ်တဲ့ စာအုပ်တွေချည်းပဲ ... လူကို ပျက်စီးစေတဲ့ ပစ္စည်းတွေ ... ဘာမှ အသုံးဝင်ပုံ မရဘူး ...။"
"မဟုတ်ဘူး ... ဒီဘက်မှာ ရှိတာတွေက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ သင်ထောက်ကူ စာအုပ်တွေပဲ ...။"
ကျိုးမောက်ရွှဲ့က ထိုသတင်းစာ အပုံလိုက်ကြီး ရှိရာဆီသို့ လျှောက်သွားပြီး သတင်းစာ အချို့ကို ယူ၍ နေ့စွဲများကို ကြည့်ရှုလိုက်၏။
အကုန်လုံးက သတင်းစာ အဟောင်းတွေချည်းပဲ ...။ ဘာမှ မထူးခြားဘူး ...။
"ထားလိုက်တော့ ... ဘာမှ အသုံးဝင်မဲ့ ပစ္စည်းတွေ ရှိပုံ မရဘူး ...။ အားလုံးပဲ ဒီနေရာမှာ ခဏလောက် အနားယူကြတာပေါ့ ... နေ့လယ် ကျရင် အလုပ် ဆက်လုပ်ရအုံးမယ် ...။"
ကျိုးမောက်ရွှဲ့က သတင်းစာကို ပစ်ချလိုက်ပြီး စာအုပ်စင်ပေါ်မှ စာအုပ် တစ်အုပ်ကို ဆွဲယူ၍ ဖတ်ရှုလိုက်သည်။
ဤသို့ ဖတ်ရှုရင်းဖြင့် မိနစ်အတော်ကြာ အချိန် ကုန်ဆုံးသွားခဲ့ရာ အလုပ်ဆင်းရမည့် အချိန်သို့ နီးကပ်လာခဲ့ပြီ ဖြစ်၏။
ကျိုးမောက်ရွှဲ့က ခေတ္တမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် စာအုပ်စင်ရှေ့မှ စာအုပ် နှစ်အုပ်ကို ယူ၍ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။
ကြည့်ရတာ စက်ရုံတွင်း ဘဝက အတော်လေး ပျင်းစရာ ကောင်းတယ် ထင်တယ် ...။ နားနေဆောင်ထဲက စာအုပ်တွေကိုလည်း ဘယ်သူမှ မဖတ်ကြဘူး ဆိုတော့ကာ အဲဒီ စာအုပ် အနည်းငယ်ကို ညဘက်ကျမှ အိမ်ပြန် ဖတ်ပြီး အပျင်းဖြေရတာ ပိုကောင်းမယ် ...။
စက်ရုံသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာပြီးနောက် ကျိုးမောက်ရွှဲ့တို့သည် အရင်က အလုပ်များကို ဆက်လက် လုပ်ကိုင်ကြပြန်၏။
မနက်ပိုင်းက အလုပ်ကဲ့သို့ပင် ပျင်းစရာ ကောင်းပြီး ပင်ပန်းလွန်းလှသည်။
သူဌေး တစ်ခေါက် လာရောက်ခဲ့သည်မှ လွဲလျှင် တခြားဘာမှ မထူးခြားပေ။
ထိုသူမှာ ရိုးသား အပြစ်ကင်းသည့် ရုပ်ရည် ရှိပြီး ဝတ်ကောင်းစားလှနှင့် လူဝကြီး တစ်ဦး ဖြစ်၏။
မည်သူ့ကို မြင်မြင် ပြုံးဖြီးနေတတ်သည့် ပုံစံမျိုး ဖြစ်ပြီး အသစ် ရောက်လာသော အလုပ်သမားများကို မြင်သော်လည်း အများကြီး မမေးမြန်းခဲ့ချေ။ ရိုးရှင်းစွာ လှည့်လည် ကြည့်ရှုပြီးသည့်နောက် တန်းခနဲ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ကျိုးမောက်ရွှဲ့က သူ့အား တိတ်တဆိတ် အကြိမ်အနည်းငယ် အကဲခတ် ကြည့်ရှုခဲ့သော်လည်း သာမန် လူတို့ထက် ထူးခြားသည့် အချက်ကို မတွေ့ရသဖြင့် စောင့်ကြည့်ခြင်းကို စွန့်လွှတ်လိုက်၏။
ညနေ ငါးနာရီ အချိန်အထိ ရောက်ရှိသွားသောအခါ အလုပ်ဆင်းသည့် ခရာမှုတ်သံက တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
စာမေးပွဲဖြေသူ လေးဦးမှာ အလွန်အမင်း ပင်ပန်း နွမ်းနယ်နေသော ခန္ဓာကိုယ်များကို ဆွဲငင်ကာ စားသောက်ဆောင်တွင် ဝက်ဝံ တစ်ကောင်ကဲ့သို့ အငမ်းမရ စားသောက်ပြီးသည့်နောက် အိပ်ဆောင်သို့ ပြန်လည် ထွက်ခွာလာကြတော့သည် ...။