← Chapters

အခန်း ၉၃၅

Vol. 49 Ch. 935

အခန်း ၉၃၅

Vol. 49 Ch. 935

အပိုင်း (၉၃၅) တဲနန်းဆောင်တွင်းသို့ ဝင်ရောက်ကာ အရှင်လတ်လတ် ဖမ်းဆီးခြင်း။

စုဟောင်သည် စိတ်ရောကိုယ်ပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် ဟန်ဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... တာ့ကျင်းက နောက်ကနေ လိုက်လံတိုက်ခိုက်နေတဲ့ စစ်သည်တွေက ဆယ့်ငါးလီအကွာမှာ တပ်စွဲစခန်းချနေကြပါပြီ။ ကျွန်တော်မျိုးတို့လည်း စခန်းချပြီး အနားယူသင့်ပြီ ထင်ပါတယ်။ အောက်က စစ်သည်တွေလည်း ဆက်ပြီး မတောင့်ခံနိုင်ကြတော့ဘူး။"

ပထမဆုံးအကြိမ် တိုက်ပွဲကြီးတွင် အကြီးအကျယ် ရှုံးနိမ့်ကာ ဆုတ်ခွာလာခဲ့ရချိန်တည်းက တာ့ကျင်းစစ်တပ်သည် သူတို့ကို ခွေးရူးကိုက်သကဲ့သို့ တကောက်ကောက် လိုက်လံတိုက်ခိုက်နေခဲ့သည်။ တစ်ညလုံးလုံး မရပ်မနား ဖိစီးတိုက်ခိုက်လာခဲ့ခြင်း ဖြစ်၏။

ယခုချိန်မှာတော့ သူတို့လည်း ဆက်လက် မတောင့်ခံနိုင်တော့ချေ။ လက်အောက်ခံ စစ်သည်များသည် စိတ်ဓာတ်ရေးရာ လုံးဝပျက်ပြားနေပြီ ဖြစ်သည့်အပြင် ကာယဗလ ခွန်အားများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေကြပေပြီ။ အကယ်၍သာ ထိရောက်သည့် အနားယူ အားဖြည့်မှုမျိုး မရရှိခဲ့ပါက ဒုတိယအကြိမ် ပြန်လည်ခုခံ တိုက်ခိုက်နိုင်မည့် အင်အားကို စုစည်းနိုင်မည် မဟုတ်ချေ။

ဝူမင်းသားသည် မျက်လုံးများ အရောင်အဝါ ကင်းမဲ့လျက်ရှိနေကာ သူ၏နောက်ဘက်ရှိ တပ်ဖွဲ့များကို တစ်ချက် ဝေ့ကြည့်ပြီးနောက် အမိန့်ပေးလိုက်၏။ "ဒီနေရာမှာပဲ စခန်းချမယ်။ ကင်းထောက်တွေက သတင်းအခြေအနေကို အချိန်မရွေး လာရောက် သတင်းပို့စေ။"

"အမိန့်အတိုင်းပါပဲ။"

စုဟောင်သည် စိတ်ဓာတ် အနည်းငယ် ပြန်လည်တက်ကြွလာကာ နောက်သို့လှည့်၍ အော်ဟစ်လိုက်၏။ "ဒီနေရာမှာပဲ စခန်းချကြမယ်။"

ဗဟိုစစ်သေနာပတိ တဲနန်းဆောင်ကို လျင်မြန်စွာ ဆောက်လုပ်လိုက်ကြပြီး စားသောက်ဖွယ်ရာများကိုလည်း ပြင်ဆင်ပြီးစီးသွားခဲ့သည်။ စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း အချိန်ကြာမြင့်စွာ အစားအသောက် မစားခဲ့ရသည့် ဝူမင်းသားသည် စားချင်စိတ် လုံးဝ ကင်းမဲ့နေခဲ့၏။ ကျန်ရှိသည့် စစ်သူကြီးများမှာလည်း ထိုနည်းတူပဲ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစစ်ပွဲကြီးက ပေးစွမ်းခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ရိုက်ခတ်မှုသည် အလွန်အမင်း ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် ဝူမင်းသားသည် အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း နှင့် မော့သောက်လိုက်သည်။ ထို့နောက် မေးလိုက်၏။ "ကိုယ်တော်တို့ဆီမှာ အခု စစ်အင်အား ဘယ်လောက် ကျန်သေးလဲ။"

စုဟောင်သည် အားတင်းရင်း လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးတို့ရဲ့ ဒီတပ်ဖွဲ့မှာ စစ်သည်အင်အား တစ်သိန်းနှစ်သောင်းပဲ ကျန်ပါတော့တယ်။ ထွက်ပြေးသွားတဲ့ တပ်သားအများစုကတော့ တခြား လမ်းကြောင်းနှစ်ခု ဆီကို ထွက်ပြေးသွားကြတာပါ။ တခြား စစ်သူကြီးတွေက အဲဒီ ကျန်ရစ်သူတွေကို ပြန်လည် စုစည်းပေးလိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော်မျိုး မှန်းဆကြည့်ရရင်တော့ အနည်းဆုံး စစ်သည်အင်အား ခြောက်သိန်းလောက်တော့ ရှိအုံးမှာပါ။ ကျွန်တော်မျိုးတို့သာ အသက်ရှူပေါက် တစ်ချက်လောက် ပြန်ရတာနဲ့ တစ်ဖက်ရန်သူကို အနိုင်ယူနိုင်မယ့် အခွင့်အရေး သေချာပေါက် ရှိလာမှာပါ။ ကျွန်တော်မျိုးတို့ရဲ့ လူအင်အား သာလွန်မှုကို အပြည့်အဝ ရရှိထားဆဲ ဖြစ်ပါတယ်။"

ဝူမင်းသားသည် ကြေကွဲ ဝမ်းနည်းဖွယ်ရာ အပြုံးဖြင့် ရယ်မောလိုက်၏။ "ခြောက်သိန်း ဟုတ်လား ... တစ်ဖက်ကရော လူဘယ်လောက် သေဆုံးသွားခဲ့လဲ။"

တဲနန်းဆောင်အတွင်းရှိ လေထုသည် တဖြည်းဖြည်း တင်းကြပ်လာခဲ့သည်။ ဟုတ်ပေ၏။ တစ်ဖက်ရန်သူများ အသေအပျောက် အထိအခိုက် ဘယ်လောက်ရှိခဲ့သနည်း။ သူတို့ လုံးဝ မသိကြချေ။

အခြေအနေကို ကြည့်ရသည်မှာ တစ်ဖက်မှ တစ်ယောက်မှ သေဆုံးခဲ့ခြင်း မရှိလောက်ချေ။ တစ်ဖက်မှ အကြီးမားဆုံးသော ဒဏ်ရာရရှိမှု ဆိုသည်မှာ သူတို့ကို နောက်မှလိုက်လံ တိုက်ခိုက်စဉ် ခြေခေါက်လဲသည့် ဒဏ်ရာလောက်သာ ရှိပေလိမ့်မည်။

သို့ပေ ည့်အရှင်မင်းကြီးက ဤစကားကို ပြောဆိုရခြင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။ လက်လျှော့ အရှုံးပေးချင်နေပြီလား။ လက်လျှော့ဖို့ ဟူသည် လုံးဝ မဖြစ်နိုင်ချေ။

အကယ်၍သာ အရှင်မင်းကြီး လက်လျှော့လိုက်မည်ဆိုလျှင် တော်ဝင်မိသားစုဝင် တစ်ယောက်အနေဖြင့် အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေဦးမည်။ သို့သော်ငြား သူတို့အတွက်မူ လုံးဝ မရှိနိုင်ချေ။ အနိုင်ရနိုင်ခြေ အလွန်အမင်း နည်းပါးကြောင်းကို ရှင်းရှင်းလင်းလင်း သိထားသည်တိုင်အောင် ဆက်လက်၍ ကြိုးစားတိုက်ခိုက်ရဦးမည်သာ ဖြစ်သည်။

စစ်သူကြီး တစ်ယောက်က အရက်ခွက်ကို လှည့်ကစားရင်း ဝူမင်းသားကို ခိုးကြည့်လိုက်ပြီးနောက် ဦးခေါင်းကို ငုံ့ကာ ဆက်လက် တိတ်ဆိတ်နေခဲ့၏။ ထူးဆန်းကျပ်တည်းလှသည့် လေထုကြီးက ထိုအတိုင်းပဲ ဆက်လက် တည်ရှိနေခဲ့၏။

ဝူမင်းသားသည် ခါးသက်လှသည့် အရက်များကို တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် မော့သောက်နေခဲ့ပြီး နောက်ဆုံး တစ်ခွက်သို့ ရောက်ရှိလာချိန်မှာတော့ သူက အရက်ခွက်ကို မြှောက်လိုက်ကာ စိတ်ဓာတ် ကျဆင်းနေသည့် အသံဖြင့် ပြောလိုက်သည်။ "လာ ... ကိုယ်တော်နဲ့ အတူတူ သောက်ကြတာပေါ့။"

စစ်သူကြီးများသည် အရက်ခွက်များကို တစ်ယောက်ပြီးတစ်ယောက် မြှောက်လိုက်ကြသော်လည်း စစ်ချီတက်စဉ်ကဲ့သို့သော သတ္တိ ၊ သန္နိဋ္ဌာန်များ လုံးဝ မရှိကြတော့ချေ။

ဝူမင်းသား အရင်စတင် သောက်သုံးမည့် အချိန်ကို စောင့်ဆိုင်းနေကြစဉ်မှာပဲ တဲနန်းဆောင် အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာခဲ့၏။ "အရှင်မင်းကြီး ... ညီအစ်ကိုများအဖွဲ့က အရေးတကြီး ဝင်ရောက်ခွင့် တောင်းခံနေပါတယ်။ တာ့ကျင်းနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ ပါလာတယ်လို့ ဆိုပါတယ်။"

ဝူမင်းသားသည် နှုတ်ခမ်းနားသို့ ရောက်နေပြီဖြစ်သည့် အရက်ခွက်ကို ဖြည်းညင်းစွာ ပြန်လည် ချထားလိုက်၏။ "ဝင်လာခဲ့။"

ရှောင်ရွှိုက်တို့ လူလေးယောက်သည် တဲနန်းဆောင်အတွင်းသို့ ဝင်ရောက်လာကြပြီး ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ကြသည်။

ဝူမင်းသားသည် အားအင်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ "မင်းတို့မှာ ဘာသတင်း တင်ပြစရာ ရှိလို့လဲ။ အကယ်၍ အသုံးဝင်တဲ့ သတင်းဆိုရင် ကိုယ်တော် ဆုတော်လာဘ်တော်တွေ အများကြီး ချီးမြှင့်ပေးမယ်။"

သူ၏ စကားသံ အဆုံးတွင်ပဲ ထိုလူလေးယောက်က သူတို့၏ ခါးနောက်ဘက်မှ သေနတ်များကို လျင်မြန် ဖြတ်လတ်စွာ ဆွဲထုတ်လိုက်ကြသည်။ သေနတ်သံ အနည်းငယ် ထွက်ပေါ်လာခဲ့ပြီး တဲနန်းဆောင်အတွင်း စားပွဲခုံများနောက်တွင် ထိုင်နေကြသည့် စစ်သူကြီးများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ကြသည်။

သေနတ်ဆွဲထုတ်ကာ လူသတ်သည့် အပြုအမူသည် အလွန်အမင်း ပြတ်သားလွန်းလှပြီး လုပ်ငန်းစဉ် တစ်ခုလုံးသည် ငါးစက္ကန့်မျှပင် မကြာလိုက်ချေ။ ဤမှ နီးကပ်သည့် အကွာအဝေးတွင် ပစ်မှတ်လွဲချော်ရန်မှာ အလွန်ပဲ ခက်ခဲလှ၏။

အမည်းရောင် သေနတ်ပြောင်းဝ လေးခုသည် ဝူမင်းသားဆီသို့ တစ်ပြိုင်နက်တည်း ချိန်ရွယ်လာခဲ့သည်။ "မင်းတို့ ဘာလုပ်ချင်ကြတာလဲ။ ပုန်ကန်ကြတော့မလို့လား။"

မူလကတည်းက အာရုံကြောများ ထုံကျင်သေဆုံးနေသည့် ဝူမင်းသားသည် ဤမြင်ကွင်းကြောင့် ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။ သူသည် စားပွဲခုံကို လက်နှစ်ဖက်ဖြင့် ရူးသွပ်စွာ ရိုက်နှက်နေပြီး တော်ဝင်မင်းသား တစ်ပါး၏ တည်ကြည်ခန့်ညားသော ဂုဏ်သိက္ခာများ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

"အရှင်မင်းသား ... ကျုပ်က အရှင်မင်းကြီးနဲ့ ကျန်းယဲ့နယ်စားမင်းတို့ရဲ့ အမိန့်အတိုင်း ခင်ဗျားကို အိမ်ပြန်ခေါ်ဖို့ အထူးတလည် ရောက်လာခဲ့တာပါ။" စစ်မှန် ပြတ်သားလှသည့် တာ့ကျင်းစကားသံက ရှောင်ရွှိုက်၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့၏။

ဝူမင်းသားသည် သစ်သားရုပ်ထုတစ်ခုကဲ့သို့ တောင့်တင်းအေးခဲသွားပြီး သူ့ကို စိုက်ကြည့်နေခဲ့သည်။

ညီအစ်ကိုများအဖွဲ့ ... ညီအစ်ကိုများအဖွဲ့ရဲ့ လူတွေက ဘာလို့ တာ့ကျင်းစကားကို ပြောတတ်နေကြတာလဲ။

ထိုမျှမက အလွန်အမင်း သွက်လက် ကျွမ်းကျင်စွာ ပြောဆိုနေကြသည် မဟုတ်ပါလား။ သစ္စာဖောက်တွေ ... သူတို့က အတွင်းလူ သစ္စာဖောက်တွေပဲ။ ယာယီ ငွေပေး သိမ်းသွင်းထားခြင်းမျိုးဆိုလျှင် ဤသို့ သွက်လက်စွာ ပြောဆိုနိုင်မည် မဟုတ်ချေ။ သို့ပေမည့် ... မည်သို့ဖြစ်နိုင်မည်နည်း။ တာ့ကျင်းက ဘယ်အချိန်တည်းက ဤသို့ အကွက်ချ စီစဉ်ထားသနည်း။ လုံးဝ မဖြစ်နိုင်သောကိစ္စပင်။

ထိတ်လန့်တုန်လှုပ်မှုနှင့် ကြက်သေ သေသွားမှုတို့က ရင်ဘတ်အတွင်းသို့ တစ်ပြိုင်နက်တည်း စီးဝင်လာခဲ့၏။ သူကိုယ်တိုင်က အစကနေ အဆုံးအထိ သူတစ်ပါး၏ လှည့်စား ကစားခြင်းကို ခံနေခဲ့ရသည်လား။ သူ ရရှိခဲ့သည့် သတင်းအချက်အလက်တွေ အားလုံးက တာ့ကျင်းက သူ့ဆီကို ပေးပို့နေခဲ့သည့်အရာတွေလား။

"မင်းတို့ ... မင်းတို့တွေက တကယ်တော့ ဘယ်သူတွေလဲ။ ဘာလို့ ကိုယ်တော့်ကို သစ္စာဖောက်ကြတာလဲ။"

ဝူမင်းသားသည် မျက်လုံးများ သွေးရောင်လွှမ်းနေပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သည့် အခြေအနေနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ညီအစ်ကိုများအဖွဲ့ဆိုတာ တကယ်တော့ ကျင်းယီဝေတပ်ဖွဲ့ပဲ။ အစတည်းက အမြဲတမ်း ဒီလိုပဲ ဖြစ်ခဲ့တာ။ ကျုပ်တို့က ခင်ဗျားဆီမှာ တစ်ခါမှ ညွတ်တွား ခိုလှုံခဲ့တာ မဟုတ်ဘူး။ ဒါကို ဘယ်လိုလုပ် သစ္စာဖောက်တယ်လို့ ပြောလို့ရမှာလဲ။"

ရှောင်ရွှိုက်သည် အနည်းငယ် ပြုံးလိုက်ပြီးသည့်နောက် ဘေးဘယ်ညာရှိ လူများကို အမိန့်ပေးလိုက်၏။ "ကဲ ... ပြောတာတွေ များနေပြီ။ အရှင်မင်းသားကို မြန်မြန် ကြိုးတုပ်ပြီး ပါးစပ်ကို အဝတ်နဲ့ ဆို့ထားလိုက်ကြ။ ပြီးတော့ လူတစ်ယောက် ရှာပြီး အရှင်မင်းကြီးရဲ့ တပ်ဖွဲ့တွေကို လာပြီး ခေါ်ဆောင်ခိုင်းလိုက်တော့။"

…….

"သူတို့ တကယ် အောင်မြင်အောင် လုပ်နိုင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။" လီယွမ်ကျောက်သည် စစ်တပ်ကြီးကို ဦးဆောင် ချီတက်ရင်း စိတ်လှုပ်ရှားနေသည့် အသံဖြင့် ပြောလိုက်သည်။

ဖန်ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်အခြေအနေသည် အလွန်အမင်း ကြည်လင် လန်းဆန်းနေခဲ့၏။

ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးမိသွားပြီ ဆိုမှတော့ အောက်ခြေမှ စစ်သည်များမှာလည်း စိတ်ဓာတ်ရေးရာ ဆိုသည်မှာ ရှိတော့မည် မဟုတ်သောကြောင့် နောက်ပိုင်းတွင် ပြဿနာ အများကြီး ရှိလာတော့မည် မဟုတ်ချေ။ တာ့ကျင်း၏ ချီတက်မှု အရှိန်နှုန်းသည် အပြည့်အဝ ဖွင့်လှစ်ထားသည့်အတွက် လျင်မြန်စွာပဲ စစ်တပ်နှစ်ခု ဆုံတွေ့သွားခဲ့ကြသည်။ နှစ်ဖက်စလုံးသည် မီတာတစ်ရာကျော် အကွာအဝေးတွင် ရပ်တန့်နေခဲ့ကြ၏။

လီယွမ်ကျောက်သည် အဝေးကြည့်မှန်ပြောင်းကို မြှောက်ကာ တစ်ဖက်မှ အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။ ညီအစ်ကိုများအဖွဲ့က လူများက သူတို့ကိုယ်တိုင် ဝူမင်းသားကို ဖမ်းဆီးမိထားပြီဟု ပြောဆိုခဲ့သည် ဆိုသော်လည်း လုံးဝ မယုံကြည်ရဲချေ။ အကယ်၍ သူတို့သာ ပြန်ပြီး ဖမ်းဆီးခံလိုက်ရမည် ဆိုပါက ပြဿနာများ ပိုမို ရှုပ်ထွေးသွားတော့မည် မဟုတ်ပါလား။

တစ်ဖက်ရှိ ဝူမင်းသား၏ စစ်တပ်များသည် လက်နက်များကို စွန့်လွှတ်ထားကြပြီ ဖြစ်သည်။ စစ်သည်များသည် မူလနေရာတွင်ပဲ ရပ်တန့်နေကြပြီး လက်နက်များကို သူတို့၏ ရှေ့တည့်တည့်သို့ပဲ ပစ်ချထားကာ တာ့ကျင်းဘက် သို့ ကြည့်ရှုနေကြ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "အရှင်မင်းကြီး ... လူတစ်စုကို လွှတ်ပြီး အခြေအနေ ဘယ်လိုရှိလဲဆိုတာ သေချာ သွားရောက် စစ်ဆေးခိုင်းလိုက်ပါ။ ပြီးမှ ကျွန်တော်မျိုးတို့ သွားကြတာပေါ့။"

လီယွမ်ကျောက်သည် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပဲ လူဆယ်ယောက်ပါသည့် တပ်ခွဲငယ်တစ်ခုသည် ဝူမင်းသား၏ စစ်တပ်ဆီသို့ လျင်မြန်စွာ ပြေးလွှားသွားခဲ့သည်။

မကြာမီ အချိန်အတွင်းမှာပဲ ပြန်လည် ရောက်ရှိလာခဲ့၏။ "အရှင်မင်းကြီးကို သတင်းဦးခိုက်ပါတယ် ... ရန်သူ့ခေါင်းဆောင်ကို ဖမ်းဆီးရမိပြီးပါပြီ။ ရန်သူ့စစ်တပ် အားလုံးလည်း လက်နက်စွန့်လွှတ်ပြီး မူလနေရာမှာတင် လက်နက်ချ အရှုံးပေးထားကြပါတယ်။ ကျွန်တော်မျိုးတို့ စစ်တပ် အချိန်မရွေး ဝင်ရောက်နိုင်ပါပြီ။"

လီယွမ်ကျောက်သည် ပြုံးလိုက်ပြီး ဖန်ကျန်းရီကို ဘေးတိုက် ကြည့်လိုက်သည်။ "ကြည့်ရတာ ကျုပ် ဒီနိုင်ငံခြားသား အနည်းငယ်ကို သေချာပေါက် ကောင်းကောင်း ဆုချီးမြှင့်ရတော့မယ် ထင်တယ်။ ဒီလောက် ကြီးမားတဲ့ အမှုတော်ကို ထမ်းဆောင်ပြီး စစ်သည်တော် အများအပြားရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာပဲ။ ကဲ ... သွားကြစို့။"

တာ့ကျင်း စစ်တပ်ကြီးသည် ရှေ့သို့ ချီတက်သွားပြီး အပြင်ဘက်ရှိ စစ်သည်များသည် သေနတ်များကို ကိုင်ဆောင်ကာ အသင့်ပြင် တပ်စွဲထားကြသည်။ ဝူမင်းသား လက်အောက်ခံ စစ်သည်များကမူ ကပျာကယာ လမ်းကြောင်းတစ်ခု ဖယ်ပေးလိုက်ကြပြီး တစ်ဖက်လူများကို တည့်တည့် မကြည့်ရဲကြချေ။

တပ်ဖွဲ့၏ အတွင်းပိုင်းသို့ ရောက်ရှိသွားချိန်တွင် ရှောင်ရွှိုက်တို့ လူလေးယောက်သည် မူလနေရာ၏ အလယ်ဗဟို၌ စောင့်ဆိုင်းနေကြပြီး ဝူမင်းသားကို ဖမ်းဆီး ထိန်းချုပ်ထားကာ ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထား စောင့်ကြည့်နေကြ၏။ လီယွမ်ကျောက်တို့၏ အရိပ်အယောင်ကို မြင်တွေ့ရသည့် အချိန်မှပဲ လုံးဝ စိတ်အေးသွားကြသည်။

ဝူမင်းသားကို ဆွဲခေါ်ကာ ရှေ့သို့ တိုးလာပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ အမှုတော်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါပြီ။"

ဝူမင်းသားသည် ဦးခေါင်းကို ငုံ့ထားပြီး မည်သည့် မျက်နှာအမူအရာ ဖြစ်နေသည်ကို မသိနိုင်ချေ။ လီယွမ်ကျောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ထဲရှိ မြင်းနှင်တံဖြင့် ပတ်ဝန်းကျင်ရှိ လက်နက်ချ စစ်သည်များဆီသို့ ညွှန်ပြကာ မေးလိုက်သည်။ "မဆိုးဘူး ... ဒါတွေ အားလုံးက မင်းတို့ လုပ်ခဲ့ကြတာလား။"

"အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့က ပုန်ကန်သူကို ဖမ်းဆီးလိုက်ပြီး အဲဒီသတင်းကို စစ်တပ်တစ်ခုလုံးဆီ သတင်းပို့လိုက်ပြီးတဲ့နောက် ရန်သူ့စစ်တပ် အားလုံးက အလိုအလျောက် လက်နက်စွန့်လွှတ်ပြီး အရှုံးပေးလိုက်ကြတာပါ။ ထပ်ပြီးတော့ ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒ မရှိကြတော့ပါဘူး။"

"ကောင်းတယ် ... အလွန်ကောင်းတယ်။ သူ့ကို တဲနန်းဆောင်ထဲ ခေါ်သွားကြ။ ကျန်တဲ့သူတွေ အားလုံး အပြင်ဘက်မှာ သတိနဲ့ ကင်းစောင့် နေထိုင်ကြစေ။"

All Chapters