← Chapters

အခန်း ၉၃၆

Vol. 49 Ch. 936

အခန်း ၉၃၆

Vol. 49 Ch. 936

အပိုင်း (၉၃၆) အောင်ပွဲခံ၍ ပြန်လည်ရောက်ရှိခြင်း

ဗဟိုစစ်သေနာပတိ တဲနန်းဆောင်အတွင်းတွင် လီယွမ်ကျောက်၊ ဖန်ကျန်းရီနှင့် ဝူမင်းသားတို့ လူသုံးယောက်သာ ရှိနေကြသည်။

ဝူမင်းသားသည် မြေပြင်ပေါ်သို့ ပစ်ချခံထားရပြီး ဂုဏ်သိက္ခာဟူ၍ လုံးဝ မရှိတော့ချေ။ အတင်းအကျပ် ကုန်းထလိုက်သော်လည်း ဖုန်တလိပ်လိပ်နှင့် မျက်နှာတစ်ခုလုံး ညစ်ပေနေကာ ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်၏။

သူ၏ ဤကဲ့သို့သော ပုံပန်းသွင်ပြင်ကို မြင်တွေ့ရချိန်တွင် ဖန်ကျန်းရီသည် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ နောက်ဆုံးအကြိမ် တွေ့မြင်ခဲ့ရချိန်တွင် သြဇာအာဏာ ထည်ဝါစွာဖြင့် ကြီးမားသည့် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့သေးသည်။ တော်ဝင်နန်းတော်၏ ဖိအားပေးမှုကြောင့် ပင်လယ်ရပ်ခြားဆီသို့ ထွက်ပြေးခဲ့ရသည့်တိုင်အောင် စိတ်ဓာတ်ကျဆင်းသည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

သို့ပေမည့် ယနေ့မှာတော့ ... ဆံပင်ဖြူများ မနည်းမနော တိုးပွားနေခဲ့ပြီ ဖြစ်ကာ စိတ်ဓာတ် ခွန်အားများလည်း စစ်ပွဲအတွင်း၌ လုံးဝ ရိုက်ချိုး ဖျက်ဆီးခြင်း ခံလိုက်ရပေပြီ။ မည်သည့်အရာမဆို အချိန်ကာလ၏ ပြောင်းလဲမှုများကို မလွန်ဆန်နိုင်ကြချေ။

ဖန်ကျန်းရီသည် ရှေ့သို့ တိုးသွားပြီး သူ၏ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်လိုက်၏။

လီယွမ်ကျောက်သည် အလွန်အမင်း ဂုဏ်ယူ ဝင့်ကြွားသည့် ဟန်ဖြင့် ပြောလိုက်သည်။ "ဦးရီးတော် ... မတွေ့ရတာ ကြာပြီပဲ။ ခင်ဗျား ကိုယ်တော့် လက်ထဲမှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား။ ရှုံးနိမ့်ရတဲ့ အရသာက ဘယ်လိုနေလဲ။"

ဝူမင်းသား၏ အာရုံလွတ်နေသည့် မျက်လုံးများသည် သူ့ကို ကျော်လွန်သွားကာ ဖန်ကျန်းရီ၏ အပေါ်တွင် ရပ်တန့်သွားခဲ့ပြီး အက်ရှနေသည့် အသံဖြင့် မေးလိုက်၏။ "အစ်ကိုတော် ... အသက်ရှင်နေသေးတာလား။"

ဖန်ကျန်းရီသည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "အရှင်မင်းကြီးက အရာရာ ကျန်းမာ ထက်မြက်ပါတယ်။ ပုံမှန်အတိုင်း ထီးနန်း စွန့်လွှတ်ခဲ့တာပါ။"

လီယွမ်ကျောက်သည် သူ့ကို မည်သူကမှ ဂရုမစိုက်သည်ကို မြင်တွေ့ရချိန်တွင် အနည်းငယ် ရှက်ရွံ့ အနေရခက်သွားကာ အသံအနည်းငယ် ပြုလိုက်ပြီးနောက် ကျောခိုင်းပြီး တဲနန်းဆောင် အခင်းအကာဆီသို့ မျက်နှာမူလိုက်တော့သည်။

ဝူမင်းသားသည် တောင့်တင်း ကြက်သေ သေနေသည့် မျက်နှာဖြင့် ပြုံးလိုက်ပြီး တိတ်ဆိတ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "စစ်ပွဲက မပြီးဆုံးသေးဘူး။ ကျန်နေသေးတဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းဖို့အတွက် ကျုပ် ခင်ဗျားရဲ့ အကူအညီ အနည်းငယ် လိုအပ်တယ်။"

"အဲဒါတွေ အားလုံးက မင်းတို့ရဲ့ ကိစ္စတွေပဲ။ ကျုပ်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ အကယ်၍ မင်းတို့ ကျုပ်ကို သတ်ချင်တယ် ဆိုရင်လည်း သဘောရှိ လုပ်နိုင်တယ်။" ဝူမင်းသားသည် သေရန် ဆုံးဖြတ်ထားသည့် ပုံစံမျိုးကို ပြသလိုက်၏။

ဖန်ကျန်းရီသည် သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ။ ခင်ဗျားက တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်တဲ့အတွက် သေချာပေါက် မြန်မြန်ဆန်ဆန် သေဆုံးခွင့် ပေးမှာပါ။ ဒါပေမဲ့ သစ်ရွက်တွေက မူလ အမြစ်ဆီကို ပြန်လည် ကြွေကျရစမြဲပဲ မဟုတ်လား။ မသေခင် တာ့ကျင်းဆီ ပြန်ပြီး တစ်ချက်လောက် မကြည့်ချင်တော့ဘူးလား။ ဒါမှမဟုတ် ခင်ဗျားက ပင်လယ်ရပ်ခြားမှာပဲ သေချင်နေတာလား။"

တာ့ကျင်းမှာ သေဆုံးရမည် ... ဝူမင်းသားသည် တစ်ခဏမှ ကြက်သေ သေသွားခဲ့ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့၏။ "ကောင်းပြီလေ ... "

ဝူမင်းသား၏ ပူးပေါင်းပါဝင်မှုနှင့် တာ့ကျင်း၏ စစ်အင်အားများ ပေါင်းစပ်လိုက်သည့်အတွက် အခြားသော ပုန်ကန်သူ စစ်တပ်များကို အနိုင်ယူ ဖျက်ဆီးသည့် အရှိန်နှုန်းသည် အလွန်အမင်း လျင်မြန်သွားခဲ့သည်။

တစ်စိတ်တစ်ပိုင်းသည် ဝူမင်းသား၏ ဖျောင်းဖျ ပြောဆိုမှုကို လက်ခံခဲ့ကြပြီး အခြား တစ်စိတ်တစ်ပိုင်းကမူ ပုန်ကန်မှုကို တိုက်ရိုက် ရွေးချယ်ကာ ဆက်လက် တိုက်ခိုက်ခဲ့ကြ၏။ စစ်သည်အင်အား သန်းချီသည်ဟု ဆိုသော စစ်တပ်ကြီး၏ ချို့ယွင်းချက် အားနည်းချက်များ အားလုံးသည် နောက်ဆက်တွဲ စစ်ပွဲများအတွင်း၌ အပြည့်အဝ ထုတ်ဖော် ပြသခြင်း ခံခဲ့ရသည်။

စစ်အင်အားကို အလောတကြီး စုဆောင်းထားခြင်း ဖြစ်သည့်အတွက် စစ်သည် အတော်များများမှာ စိတ်ဓာတ်ရေးရာအရ ဖြစ်စေ၊ ခန္ဓာကိုယ် ကာယဗလအရဖြစ်စေ အရည်အချင်း မပြည့်မီကြချေ။

စစ်ရေးအမိန့်အပေါ် တုံ့ပြန်နိုင်စွမ်းမှာလည်း သာမန် စစ်သည်များထက် များစွာ ညံ့ဖျင်းနေခဲ့သည်။ ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည့် ပုန်ကန်သူ စစ်သူကြီးများသည် တိကျ သိမ်မွေ့သည့် အမိန့်ပေး ကွပ်ကဲမှုများကို လုံးဝ မလုပ်ဆောင်နိုင်ကြချေ။

အမှန်တကယ်တော့ သူတို့ လုပ်ဆောင်နိုင်ခဲ့လျှင်ပင် ဘာအသုံးဝင်မှုမှ ရှိတော့မည် မဟုတ်ချေ။ သူတို့တွင် သေနတ် လက်နက်များကို ရှောင်ကွင်းနိုင်မည့် တုံ့ပြန် စစ်ဗျူဟာကို စဉ်းစားရန် အချိန်မှ မရှိခဲ့ကြချေ။

တာ့ကျင်း၏ ရူးသွပ် ပြင်းထန်သော လိုက်လံတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် ရှင်းလင်းမှုတို့ကို ရင်ဆိုင်ရချိန်တွင် ရန်သူ့စစ်တပ်သည် တစ်ချက်တည်းနှင့်ပဲ ပြိုကွဲ ပျက်စီးသွားခဲ့ကြရသည်။

တစ်လတိတိ အချိန်ကုန်ခံ တိုက်ခိုက်ပြီးသည့်နောက် ပုန်ကန်သူ အင်အားကြီး အုပ်စုများ အားလုံးကို ဖိနှိပ် ချေမှုန်းနိုင်ခဲ့၏။ ဤလုပ်ငန်းစဉ် အတွင်းတွင် တပ်များကို ဦးဆောင်လာသည့် တော်ဝင်မင်းသား တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့ပြီး နှစ်ပါးကို အရှင် ဖမ်းဆီးရမိခဲ့သည်။

နောက်ပိုင်း ကာလများသို့ ရောက်ရှိလာချိန်တွင် ပုန်ကန်သူ စစ်တပ်များသည် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒ လုံးဝ ကင်းမဲ့သွားခဲ့ကြပြီး စစ်တပ် အတော်များများ၏ အတွင်းပိုင်း၌ပင် ပုန်ကန် ထကြွမှုများ ဖြစ်ပေါ်လာခဲ့၏။

ထွက်ပြေးသည့် အချိန်တွင် စစ်သူကြီးများက ရိက္ခာများကို မီးရှို့ဖျက်ဆီးရန် အမိန့်ပေးခဲ့ကြ၏။ သို့ပေမည့် မည်သူကမှ ထိုအမိန့်ကို မနာခံခဲ့ကြချေ။ စစ်သူကြီးများကို သတ်ဖြတ်လိုက်ကြပြီးနောက် ဦးခေါင်းများကို ယူဆောင်ကာ မိမိတို့ သဘောဆန္ဒ အလျောက် လက်နက်ချ အရှုံးပေးလာခဲ့ကြတော့သည်။

နောက်ဆုံးတွင် တပ်မကြီးသည် သဲပွင့်များကဲ့သို့ တစ်စစီ ပြိုကွဲသွားခဲ့ပြီး ကျန်ရစ်သည့် ပုန်ကန် ထွက်ပြေးသူ အင်အားစုငယ်များသည် မည်သည့်နေရာသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ကို မသိရတော့ချေ။ တာ့ကျင်းဘက်မှလည်း သူတို့ကို ဆက်လက် ဂရုစိုက် ရှင်းလင်းရန် ပျင်းရိနေခဲ့ပြီ ဖြစ်သည်။ ဤအချိန်တွင် လီယွမ်ကျောက် သည် စစ်တပ်ကို တိုက်ရိုက် ဦးဆောင်ကာ စစ်သုံ့ပန်း အမြောက်အမြားနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းဥစ္စာများကို ယူဆောင်လျက် သန့်စင်သော မြို့တော်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့၏။

သန့်စင်သော မြို့တော်ဘက်မှ သတင်းကို ကြိုတင် ရရှိထားသည့်အတွက် ဆရာကြီးဝူ၏ ဦးဆောင်မှုဖြင့် ကြီးကျယ် ခမ်းနားလှသည့် ကြိုဆိုရေး အခမ်းအနား တစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဘောအုပ်စုကြီး ဘာပြဿနာမှ မရှိခဲ့သည့်အပြင် တစ်ဖက်ရန်သူများကို စစ်တပ် ပုံစံပင် မပေါက်တော့သည့် အထိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိလိုက်ရသည့်အချိန်တွင် ဖန်ကျန်းရီသည်လည်း လုံးဝ စိတ်အေး လွတ်လပ်သွားခဲ့၏။

ကြည့်ရသည်မှာ သံချပ်ကာ သင်္ဘောကြီးသည် အမှန်တကယ်ပဲ အစွမ်းထက်သည်မှာ လွန်ကျူးလွန်းနေခဲ့သည်။ ဤခေတ်ကာလတွင် လေယာဉ်တင် သင်္ဘောကြီး တစ်စီး၏ တိုက်ခိုက်ရေး အင်အားနှင့် ညီမျှနေခဲ့ပြီး သူကိုယ်တိုင်က သာ လွန်ကဲစွာ တွေးတော စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ ခေတ်သစ် ကမ္ဘာမှ လူတစ်ယောက် ဖြစ်သည့်အတွက် ဖန်တီး ထုတ်လုပ်ထားသည့် အရာများသည် ထိုမျှလောက် အဆင့်မမီဟု အမြဲတမ်း တွေးတောမိနေခြင်းမှာ မလွဲမသွေ ဖြစ်ပေသည်။

ဝူမင်းသားမှာမူ သူ၏ သင်္ဘောအုပ်စုကြီး အကြီးအကျယ် ရှုံးနိမ့်သွားကြောင်း သတင်းကို သိရှိလိုက်ရချိန်တွင် အထီးကျန် ဆွေးမြေ့စွာဖြင့် ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်သည့် အပြုံးဖြင့်သာ ပြုံးနိုင်ခဲ့၏။ ဟုတ်ပေသည်။ ကုန်းနေတိုက်ပွဲတွင် ထိုမျှ ခန့်မှန်း၍ မရနိုင်သည့် လက်နက်များကို ထုတ်ဖော် အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား။ ရေကြောင်း တိုက်ပွဲတွင်လည်း ထိုနည်းတူပဲ ဖိနှိပ် ချေမှုန်းခံလိုက်ရခြင်းမှာ မည်သည့် ထူးဆန်းမှု ရှိတော့မည်နည်း။

ယခုအချိန်တွင် သူသည် တာ့ကျင်းဆီသို့ အမြန်ဆုံး ပြန်လည် သွားရောက်ကာ သေဒဏ် ခံယူလိုစိတ်သာ ရှိတော့ပြီး တာ့ကျင်း၏ လက်ရှိ အခြေအနေ ပုံပန်းသွင်ပြင်ကို နောက်ဆုံးအကြိမ် ပြန်လည် မြင်တွေ့လိုတော့သည်။

သူ၏ ဆန္ဒအတိုင်းပဲ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ကလည်း ဤနေရာတွင် ကြာရှည်စွာ ဆက်လက် နေထိုင်လိုခြင်း မရှိကြတော့ချေ။

နောက်ထပ် တစ်လတာ အချိန်ကို အသုံးပြုကာ စစ်သုံ့ပန်းများကို စီမံ ဖြေရှင်းခြင်း၊ အသင်းတော်၏ အကျိုးအမြတ် ခွဲဝေခြင်းနှင့် နိုင်ငံအသီးသီး၏ ဆက်ဆံရေး စသည့် ပြဿနာများကို ဖြေရှင်းပြီးသည့်နောက် ဆိပ်ကမ်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။

ယနေ့ ဆိပ်ကမ်းတွင် တာ့ကျင်းလူမျိုးများအပြင် ဆယ်ခုထက်မကသော နိုင်ငံများမှ သံတမန်များနှင့် တော်ဝင် မင်းညီမင်းသားများပဲ ရောက်ရှိနေကြသည်။ ဤလူများ အားလုံးသည် လာရောက် နှုတ်ဆက် ကြိုဆိုကြခြင်း ဖြစ်သည်။

တာ့ကျင်းက အင်အားကြီးမားသည့် ရန်သူကို လျှပ်စီး လက်သကဲ့သို့ ချေမှုန်းနိုင်ခဲ့သည့် သတင်းသည် အမြန်ဆန်ဆုံး အရှိန်နှုန်းဖြင့် နိုင်ငံအတော်များများဆီသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။ ဤမြေပြင်ပေါ်တွင် နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ တည်ရှိနေခဲ့ပြီး မည်သူကမှ မလှုပ်ခတ်နိုင်ခဲ့သည့် အင်အားစုကြီးသည် အရှေ့တိုင်းမှ ရောက်ရှိလာသည့် လျှို့ဝှက်ဆန်းကြယ်သော နိုင်ငံတစ်ခု၏ လက်ချက်ဖြင့် သစ်ရွက်ဆွေးများကို လှည်းကျင်း ဖျက်ဆီးသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။

မည်သူကမှ တာ့ကျင်းကို အလေးမထားဘဲ မနေရဲကြတော့ချေ။ လီယွမ်ကျောက်သည် ရိုးရှင်းစွာ နှုတ်ဆက် စကားပြောဆိုပြီးသည့်နောက် လူအများကို ခေါ်ဆောင်ကာ သင်္ဘောပေါ်သို့ ကြိုတင် တက်ရောက်သွားခဲ့သည်။

ဖန်ကျန်းရီကမူ အောက်ဘက်တွင် ကျန်ရစ်ကာ နောက်ဆုံး နှုတ်ဆက်ခြင်းကို ပြုလုပ်နေခဲ့၏။

လိုင်ကော်အာသည် သံချပ်ကာ သင်္ဘောကြီးကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်၏။ "အစ်ကိုကြီး ... ကျုပ်တို့ရဲ့ ဒီတစ်ခေါက် လမ်းခွဲမှုက နောက်ထပ် နှစ်ပေါင်း ဘယ်လောက်ကြာမှ ပြန်တွေ့ရမလဲ မသိတော့ဘူး။ နှမြောစရာ ကောင်းတာက ဆရာကြီးဝူလည်း ပြန်သွားတော့မှာ ဆိုတော့ ဘဝကြီးက စိတ်လှုပ်ရှားစရာတွေ အများကြီး လျော့နည်းသွားတော့မှာပဲ။"

ဖန်ကျန်းရီသည် သတိပေး မှာကြားလိုက်၏။ "အကြာကြီး စောင့်စရာ မလိုပါဘူး။ မင်းလည်း အမြဲတမ်း ဒီနေရာမှာပဲ နေနေလို့ မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားလပ်ရက် ပေးဖို့လည်း သင်ယူရအုံးမယ်။ သွားလာနေတဲ့ သင်္ဘောတွေ အများကြီးပဲ။ နောင်ကျရင် တာ့ကျင်းကနေ ဒီကို လာမယ့် သင်္ဘောတွေက ပိုပြီးတော့တောင် များပြားလာအုံးမှာ။ မင်း အချိန်မရွေး ပြန်လာလို့ ရတယ်။"

လိုင်ကော်အာသည် ခေါင်းခါယမ်းလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ "ဒီဘက်မှာ ကိစ္စတွေက အရမ်း များပြားလွန်းတယ်။ ကျုပ် ကိုယ်လက်ရုန်းဖို့ အချိန်ရမယ် မထင်ဘူး။ ကျုပ်တို့ တာ့ကျင်းက စစ်သည်တွေလည်း ဒီမှာ အများကြီး ကျန်ရစ်နေသေးတယ်။ တော်ဝင် နန်းတော်က သူတို့ကို ပြန်လည် ခေါ်ဆောင်ဖို့ ဘယ်အချိန်လောက်မှ သင်္ဘောတွေ လွှတ်ပေးမလဲ မသိဘူး။"

"စစ်တပ်ကတော့ ဒီမှာပဲ ကျန်ရစ်ခဲ့လိမ့်မယ်။ နောင်ကျရင် ငါတို့ စစ်သည်တွေကို အလှည့်ကျ လဲလှယ်ပေးဖို့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း သင်္ဘောတွေ လွှတ်ပေးလိမ့်မယ်။ ပြီးတော့ ဂိုဏ်းအုပ်ချုပ်ရေး နယ်မြေ ခြောက်ခုအတွင်းမှာ ငါတို့ရဲ့ တပ်စွဲစခန်း နေရာတွေကို ဘုန်းတော်ကြီးဆော်ဂျာနဲ့ အမြန်ဆုံး ညှိနှိုင်းပြီး ရွေးချယ် သတ်မှတ်ထားလိုက်။ ဘာပဲဖြစ်ဖြစ် တာ့ကျင်းက ဒီမြေပြင်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းကမ်း သေဝပ်မှုကို ထိန်းသိမ်း စောင့်ရှောက်ပေးရအုံးမှာပဲ မဟုတ်လား။"

ဖန်ကျန်းရီသည် စကားပြောဆို ပြီးဆုံးပြီးသည့်နောက် လိုင်ကော်အာ၏ ပုခုံးကို ပုတ်လိုက်၏။ "ငါ သွားတော့မယ်။ အားရင် ငါ့ဆီကို စာများများ ရေးအုံး။"

လိုင်ကော်အာသည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဖန်ကျန်းရီ သင်္ဘောပေါ်သို့ တက်ရောက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်လံ ကြည့်ရှုနေခဲ့သည်။ ရေနွေးငွေ့ ဥသြသံ မြည်ဟည်းလာမှုနှင့်အတူ သင်္ဘောအုပ်စုကြီးသည် ခရီးစတင်ကာ အဝေးဆီသို့ ခုတ်မောင်း သွားခဲ့သည်။

မသိမသာနှင့် သင်္ဘောအုပ်စုကြီးသည် ပင်လယ်ပြင်ပေါ်တွင် ခုတ်မောင်းနေခဲ့သည်မှာ လဝက်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် ရာသီဥတုသည် သာယာ ကြည်လင်နေပြီး ပင်လယ်လေပြေက သဲ့သဲ့ ဖြတ်သန်း တိုက်ခတ်နေခဲ့၏။ နေရောင်ခြည် ကျဆင်းလာမှုကြောင့် ပင်လယ်ပြင်ပေါ်တွင် ရွှေရောင် အလင်းတန်းလေးများက တစ်လက်လက် တောက်ပနေခဲ့၏။

ဝူမင်းသားသည် လက်နှစ်ဖက်ဖြင့် ကုန်းပတ်၏ လက်ရန်းတိုင်များကို ဖိကိုင်ထားကာ အဝေးဆီသို့ ငေးမော ကြည့်ရှုနေပြီး စိတ်ထဲတွင် အဆုံးမရှိသော ဝေခွဲမရမှုများ ပြည့်နှက်နေခဲ့သည်။ သူ သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး မကြာမီမှာပဲ မည်သူကမှ သူ့ကို ထိန်းချုပ် တားဆီးထားခြင်း မရှိတော့ဘဲ လွတ်လပ်စွာ သွားလာ စေခွင့်ပြုထားခဲ့၏။

ဤအရာများ အားလုံးသည် ဖန်ကျန်းရီ၏ ညွှန်ကြားချက်များကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ယောက်ကို ချုပ်နှောင် ထိန်းချုပ်ထားရန် လုံးဝ မလိုအပ်ချေ။

မကြာသေးမီ ကာလများအတွင်း ထိတွေ့ ဆက်ဆံမှုများအရ သူ အတော်လေး နားလည် သိရှိနေခဲ့ပြီ ဖြစ်သည်။ ဝူမင်းသားသည် အရင်က ဝူမင်းသားပဲ ဖြစ်၏။ ဉာဏ်ပညာ ထက်မြက်သည့် လူတစ်ယောက်၊ စိတ်ထဲတွင် အလွန်အမင်း မာန ကြီးမားသည့် လူတစ်ယောက် ဖြစ်၏။ မိုက်မဲစွာဖြင့် ပြန်လည် ခုခံ တိုက်ခိုက်မည် မဟုတ်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်လည်း လုံးဝ ရွေးချယ်မည် မဟုတ်ချေ။ သူသည် သူကိုယ်တိုင် ရှုံးနိမ့်ခဲ့သည်ဟု တစ်ခါမှ ဝန်မခံခဲ့သော်လည်း အနာဂတ်၏ ကံကြမ္မာကိုတော့ တည်ငြိမ် အေးဆေးစွာဖြင့် လက်ခံထားပြီး ဖြစ်သည်။ သူက အချိန်ကာလကိုသာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

"အရှင်မင်းသား ... စိတ်အာရုံ ကြည်လင်နေပုံပဲ။"

ဖန်ကျန်းရီသည် သစ်သီးဖျော်ရည် နှစ်ခွက်ကို သယ်ဆောင်လျက် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။ ဝူမင်းသား၏ အနီးသို့ ရောက်ရှိလာချိန်တွင် တစ်ခွက်ကို ကမ်းပေးလိုက်၏။ "အခုလေးတင် ညှစ်ထားတာ။ သစ်သီးတွေ ထပ်ပြီး မစားရင် ပုပ်ကုန်တော့မယ်။"

ဝူမင်းသားသည် သစ်သီးဖျော်ရည်ကို လှမ်းယူကာ တစ်ငုံ သောက်လိုက်ပြီး လက်ရန်းတိုင်ဘေးတွင် ကိုင်းမှီလျက် ပင်လယ်ပြင်ကို ဆက်လက် ကြည့်ရှုနေခဲ့သည်။

သူ၏ ပုံစံက စကားပြောဆိုလိုသည့် စိတ်ဆန္ဒ မရှိလှသည်ကို မြင်တွေ့ရသည့်အတွက် ဖန်ကျန်းရီကလည်း သူ ဤနှစ်များအတွင်း မည်သည့်အရာများကို ဖြတ်သန်း ကြုံတွေ့ခဲ့ရသနည်းဟု မေးမြန်းလိုသည့် စိတ်ဆန္ဒများကို ရုပ်သိမ်းလိုက်တော့သည်။ ဘေးနားတွင် ရပ်လျက် ရှုခင်းများကို အတူတူ ခံစား ကြည့်ရှုနေခဲ့၏။

All Chapters