အခန်း ၉၃၇
Vol. 49 Ch. 937
အပိုင်း (၉၃၇) ကျုပ်က မင်းကောင်းမင်းမြတ် တစ်ပါးလား။
သစ်သီးဖျော်ရည် တစ်ခွက်လုံး သောက်သုံး ကုန်စင်သွားချိန်တွင် ဝူမင်းသားက ဖြည်းညင်းသော အသံဖြင့် ပြောလိုက်သည်။ "အကယ်၍ အဲဒီနှစ်တွေတုန်းက ကျုပ်သာ မင်းဆီကို ကိုယ့်သဘောနဲ့ကိုယ် လာရောက် ရှာဖွေခဲ့မယ်၊ မင်းကို လာတွေ့ခဲ့မယ် ဆိုရင် ... ဒီနေ့မှာ အရာအားလုံးက ကွဲပြား ခြားနားသွားနိုင်မလား။"
"ဖြစ်နိုင်တာပေါ့။"
ဖန်ကျန်းရီသည် ဦးခေါင်းကို ငုံ့ကာ အနည်းငယ် ပြုံးလိုက်၏။ "ဒါပေမဲ့ ဘဝမှာ အကယ်၍ ဆိုတာ မရှိဘူးလေ။ ဖြစ်ပျက်သွားခဲ့တဲ့ အရာတွေ အားလုံးက မလွဲမသွေ ဖြစ်လာရမယ့် ကံကြမ္မာတွေချည်းပဲ။"
"မင်းရဲ့ မျက်လုံးထဲမှာ ကျုပ်က အဲဒီလောက်တောင် အသုံးမကျဘူးလား။ အဲဒီလောက်တောင် အစ်ကိုတော်ရဲ့ အောက်မှာ နိမ့်ကျနေခဲ့တာလား။"
ဝူမင်းသားသည် သူ့ကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်၏။ "အဲဒီနှစ်တွေတုန်းက ကျုပ်က မင်းကို သင်္ဘောပေါ် ပြန်ပေးဆွဲပြီး ရာထူး အဆင့်အတန်းနဲ့ ရွှေငွေ ရတနာတွေ ပေးခဲ့တာတောင် မင်း စိတ်ထဲမှာ နည်းနည်းလေးမှ မလှုပ်ရှားခဲ့ဘူးလား။"
"လုံးဝ မလှုပ်ရှားခဲ့ဘူး ... ကျုပ်မိသားစုဝင်တွေ ဒီမှာ ရှိနေတာကိုး။"
ဝူမင်းသား၏ မျက်လုံး အနက်ရှိုင်းဆုံး နေရာတွင် မှေးမှိန် ကြေကွဲမှုတို့ ဖြတ်သန်းသွားခဲ့သည်။ ပြီးနောက် ဆက်လက် မေးမြန်းလိုက်သည်။ "ကျုပ်က အနောက်တိုင်းမှာ ဒီလောက် နှစ်ပေါင်းများစွာ နေထိုင်ပြီး ကြီးမား ကျယ်ပြန့်တဲ့ အခြေခံ အုတ်မြစ်ကြီး တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ အသင်းတော် ဆိုတာကလည်း ကျုပ် မျက်လုံးထဲမှာ ကစားစရာ အရုပ်တစ်ခုလောက်ပဲ ရှိတာ။ ကျုပ်က အောင်မြင်တဲ့ ရှင်ဘုရင် တစ်ပါး ဖြစ်သင့်တယ် မဟုတ်လား။"
"အကယ်၍သာ မင်းရဲ့ အကူအညီ ရှိခဲ့မယ်ဆိုရင် ကျုပ် ဒီနေ့မှာ တာ့ကျင်းလိုမျိုး သေနတ် လက်နက်တွေကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပြီး အနောက်တိုင်း တိုက်ကြီး တစ်ခုလုံးကို အုပ်စိုး ခြယ်လှယ်နိုင်မှာပဲ။ မိသားစုဝင်တွေ အကြောင်းကို ဖယ်ထားပြီး ပြောရရင် မင်းက ကျုပ်လို လူမျိုးရဲ့ နောက်ကို မလိုက်ချင်ခဲ့တာလား။ ဒါမှမဟုတ် မင်းက အစကတည်းက ကျုပ်ကို အရည်အချင်း ပြည့်မီတဲ့ ရှင်ဘုရင် တစ်ပါးလို့ လုံးဝ မထင်ခဲ့တာလား။"
"မဟုတ်ဘူး ... ကျုပ်ရဲ့ စိတ်ထဲမှာ ခင်ဗျားက ဉာဏ်ပညာ ထက်မြက်တယ်၊ အားကောင်း မောင်းသန် ရှိတယ်၊ ကြံ့ခိုင် တည်ကြည်တယ်။ ဉာဏ်ပညာအရ ပြောရရင် ကျုပ်က ခင်ဗျားကို အများကြီး မမီနိုင်ပါဘူး ... "
ဖန်ကျန်းရီက ဖြည်းညင်းစွာ ပြောဆိုနေမှုနှင့်အတူ ဝူမင်းသား၏ စိတ်ထဲတွင် ကာလကြာရှည်စွာ ကင်းကွာနေခဲ့သည့် ဝမ်းမြောက် ပျော်ရွှင်မှုတို့က တဖြည်းဖြည်း စီးဝင်လာခဲ့၏။
"အကယ်၍ ခင်ဗျားသာ ရှင်ဘုရင် တစ်ပါး ဖြစ်ခဲ့မယ်ဆိုရင် နှစ်ပေါင်း ထောင်ချီတိုင်အောင် နာမည် ကျော်ကြား ရေရှည် တည်တံ့အောင် လုပ်ဆောင်နိုင်မှာ သေချာတယ်။"
ဤနေရာသို့ ရောက်ချိန်တွင် ဖန်ကျန်းရီက စကားကို တစ်ခဏ ရပ်တန့်လိုက်ပြီး အာဘော်ကို ပြောင်းလဲကာ ပြောလိုက်သည်။ "ဒါပေမဲ့ အနာဂတ်က ခင်ဗျားနဲ့ မသက်ဆိုင်ဘူး။"
"ကျုပ်က ဉာဏ်ပညာ ကြီးမားတဲ့ မင်းကောင်းမင်းမြတ် တစ်ပါး ဖြစ်နိုင်တာပဲ။ ဘာလို့ အနာဂတ်က ကျုပ်နဲ့ မသက်ဆိုင်ရမှာလဲ။" ဝူမင်းသားသည် သူ၏ အဖြေကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့၏။
ဖန်ကျန်းရီသည် အထင်အမြင် သေးစွာဖြင့် ပြုံးလိုက်သည်။ "ခင်ဗျား ကျုပ်ကို အသိအမှတ် ပြုတဲ့အတွက် ကျုပ် အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ခင်ဗျားက အစကနေ အဆုံးအထိ ကျုပ်ရဲ့ စွမ်းဆောင်ရည် အရည်အချင်းကိုပဲ ကြိုက်နှစ်သက်ခဲ့တာ၊ ကျုပ်ရဲ့ စိတ်ထား အကျင့်စာရိတ္တနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကျုပ် ခင်ဗျားကို ကြည့်တော့လည်း အစကနေ အဆုံးအထိ ခင်ဗျားရဲ့ စွမ်းဆောင်ရည် အရည်အချင်းကိုပဲ မြင်တွေ့ရပြီး စိတ်ထား အကျင့်စာရိတ္တ ဆိုတာကို တစ်ခါမှ မတွေ့ခဲ့ရဘူး။
အရာရာတိုင်းက ခင်ဗျားရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက်ပဲ အစေခံ ဖြည့်ဆည်း ပေးနေရတာ။ တာ့ကျင်းမှာ ခင်ဗျားရဲ့ သားတစ်ယောက် ရှိနေသေးတာပဲ။ ကျုပ်တို့ အတူတူ နေထိုင်ခဲ့တာ ဒီလောက် အချိန်ကြာမြင့်နေတာတောင် သူက ခင်ဗျားအတွက် အသက်စွန့် တိုက်ခိုက်ပြီး သေလား ရှင်လား မသိဘူးဖြစ်နေတယ်။ ခင်ဗျား တစ်ခွန်းလောက် မေးဖူးလား။"
"သူက တာ့ကျင်းရဲ့ ဖမ်းဆီးခြင်းကို သေချာပေါက် ခံလိုက်ရမှာပဲ။ ဥပဒေအရ အသက်ရှင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလေ။ ကျုပ်က စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထားတဲ့အတွက်ကြောင့် ... "
"မဟုတ်ဘူး ... သူ အသက်ရှင်နေသေးတယ်။ ကျုပ်က သူ့ရဲ့ အသက်ကို ကယ်တင် ပေးခဲ့တာ။"
ဖန်ကျန်းရီသည် ဝူမင်းသား၏ အတင်းအကျပ် ဆင်ခြေပေး ပြောဆိုမှုကို တိုက်ရိုက် ဖြတ်တောက်လိုက်၏။ "ခင်ဗျား ဘယ်လိုပဲ ရှင်းပြ ရှင်းပြ အဲဒါတွေက ဆင်ခြေ ဆင်လက်တွေထက် မပိုပါဘူး။
ဒီတစ်ခေါက် စစ်မြေပြင်မှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို အစတည်းက တောက်ယွမ်ခရိုင်မှာ လျှို့ဝှက် သုတေသန ပြုလုပ်နေခဲ့တာ။ တော်ဝင် နန်းတော်က ဘယ်သူမှ မသိခဲ့ဘူး။ ခင်ဗျား နားလည်နိုင်လောက်ပါတယ်။ ဒီလို လက်နက်မျိုးသာ ကျုပ်ဆီမှာ လူနှစ်ထောင်လောက် ပေးရင် မြို့တော်ကြီးကို သိမ်းပိုက်ဖို့ လုံလောက်ပြီး တော်ဝင် နန်းတော် တစ်ခုလုံးကို သတ်ဖြတ် ရှင်းလင်းပစ်လို့ ရတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အရှင်မင်းကြီးက ကျုပ် ဒီလို လက်နက်မျိုးကို လျှို့ဝှက် ထုတ်လုပ်နေတယ် ဆိုတာကို သိသွားခဲ့ပေမဲ့ ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တစ်ခါမှ မသံသယ မရှိခဲ့ဘူး။ အကယ်၍ ခင်ဗျား နေရာမှာသာ ဆိုရင် ခင်ဗျား လုပ်နိုင်ပါ့မလား။"
ဝူမင်းသားသည် စကား မပြောနိုင်တော့ချေ။ အကယ်၍ သူသာ ဆိုပါက ပထမဆုံး တုံ့ပြန်မှုသည် ချက်ချင်းပဲ နည်းလမ်းရှာကာ ဤကဲ့သို့သော လူမျိုးကို ခေါင်းဖြတ် သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။ ဤသည်မှာ ဦးခေါင်း ထက်တွင် ဓားတစ်ချောင်း အမြဲတမ်း ချိတ်ဆွဲထားသည်နှင့် ဘာမှ မခြားနားချေ။
"ကျုပ်နဲ့ ရှင်ဘုရင် နှစ်ပါးအကြားက ရှင်ဘုရင်နဲ့ အမတ် ဆက်ဆံရေးက အစကတည်းက ရှင်ဘုရင်နဲ့ အမတ် ဆက်ဆံရေး မဟုတ်ခဲ့ဘူး။"
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အတိတ်ကို အောက်မေ့ သတိရသည့် အရိပ်အယောင်များ ချိတ်ဆွဲလာခဲ့၏။ "ကျုပ် ငယ်ရွယ်စဉ်တည်းကနေ အခုချိန်ထိ လျှောက်လှမ်းလာခဲ့ရာမှာ ကိစ္စအတော်များများ ပြောင်းလဲသွားခဲ့ပြီး စိတ်ခံစားချက်တွေလည်း အများကြီး ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ အစကနေ အဆုံးအထိ တစ်ခါမှ မပြောင်းလဲခဲ့ဘူး။ ခင်ဗျားနဲ့ ကျုပ်က နောက်ဆုံးမှာတော့ တစ်လမ်းတည်း သွားတဲ့သူတွေ မဟုတ်ကြဘူး။ အစကတည်းက အတူတူ လျှောက်လှမ်းခဲ့ကြရင်တောင် နောက်ဆုံး ကျုပ်တို့ကို စောင့်ကြိုနေတာက လမ်းခွဲ ဖြတ်သန်းရခြင်းပဲ ဖြစ်လိမ့်မယ်။"
ဝူမင်းသားသည် နားထောင်ပြီးသွားချိန်တွင် အံကြိတ်လိုက်သည်။ "မင်းပြောတာတွေ အားလုံး မှန်တယ် ဆိုအုံးတော့ ... သမိုင်း တစ်လျှောက်မှာ ကြီးကျယ် ခမ်းနားတဲ့ ရှင်ဘုရင် ဘယ်လောက်များများက အေးစက် ရက်စက်ခဲ့ကြတာလဲ။ စိတ်ခံစားချက် သံယောဇဉ် တစ်ခုတည်းကြောင့်နဲ့ မင်းက အနာဂတ်ကိူ အစ်ကိုတော်ရဲ့ လက်ထဲ၊ လီယွမ်ကျောက်ရဲ့ လက်ထဲထည့်ပေးထားတာလား"
"ဟုတ်တယ် ... ဒီအချက် တစ်ချက်တည်းနဲ့တင် လုံလောက်ပြီ။"
ဖန်ကျန်းရီသည် အလွန်အမင်း တိကျ ပြတ်သားသည့် ဟန်ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးမှာ ဖြူစင် ရိုးသားတဲ့ နှလုံးသား တစ်ခု ရှိတယ်။ ဒီစိတ်ခံစားချက်က အာဏာ တပ်မက်မှုကို ဖိနှိပ် ချေမှုန်းနိုင်ပြီး အတားအဆီး သံကြိုးတွေ အားလုံးကို ရိုက်ချိုး ဖျက်ဆီးပစ်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။
တာ့ကျင်းက သမိုင်းကို ထပ်တလဲလဲ ဖြစ်စေခဲ့တယ်၊ သမိုင်းသစ်ကို ဖွင့်လှစ်ခဲ့တယ်၊ နောင်တစ်ချိန်မှာ သမိုင်းကို ကျော်လွန်မယ့် အခွင့်အရေးလည်း ရှိလာအုံးမှာပဲ။"
"ဘာတွေ ပြောနေတာလဲ မသိဘူး။"
ဝူမင်းသားသည် ရှက်ရွံ့ ဒေါသထွက်စွာဖြင့် လက်ကို ခါယမ်းလိုက်သည်။ "မင်း ဘာတွေ လျှောက်ပြောနေလဲ ဆိုတာ နားမလည်တော့ဘူး။"
ဖန်ကျန်းရီကလည်း ငြင်းဆန်ခြင်း မပြုတော့ဘဲ အပြုံး အနည်းငယ်ကိုသာ ဖော်ပြလိုက်၏။
သို့ပေမည့် ထိုအချိန်မှာပဲ လီယွမ်ကျောက်သည် သင်္ဘောခန်း အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး လက်ထဲတွင် ငါးမျှားတံ နှစ်ချောင်းကို ဆွဲကိုင်လျက် ဖန်ကျန်းရီဆီသို့ လျှောက်လာခဲ့သည်။ "ဖန်ကြီး ... ဒီအတိုင်း နေရတာ ပျင်းစရာ ကောင်းတယ်။ ငါးမျှားကြရအောင်။"
ဖန်ကျန်းရီသည် ငါးမျှားတံကို လှမ်းယူလိုက်ပြီး ရေထဲသို့ ပေါ့ပါးစွာ ပစ်ချလိုက်၏။
လီယွမ်ကျောက်သည် ဝူမင်းသားကို ကြည့်လိုက်ပြီး ငါးမျှားတံကို ကမ်းပေးလိုက်သည်။ "ခင်ဗျား ငါးမျှားမလား။"
ဝူမင်းသားသည် တစ်ခဏမှ ကြက်သေ သေသွားခဲ့ပြီး တုံ့ဆိုင်းစွာဖြင့် ငါးမျှားတံကို လှမ်းယူလိုက်၏။ "ငါးမျှားတံက နှစ်ချောင်းပဲ ရှိတာလေ ... သူ့ကို ပေးလိုက်ရင် မင်းက ဘာနဲ့ မျှားတော့မှာလဲ။"
လီယွမ်ကျောက်သည် ခါးနောက်ဘက်မှ စက်သေနတ် တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ဖြူစင်သော သွားနှစ်တန်းကို ဖော်ပြလိုက်သည်။ "ကျုပ်က ဒါနဲ့ မျှားရင် ရပါပြီ။"
သင်္ဘောအုပ်စုကြီးက ဆက်လက် ခုတ်မောင်းနေဆဲ ဖြစ်ပြီး ကျန်းလင်ဆိပ်ကမ်းဆီသို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ လီယွမ်ကျောက်သည် သင်္ဘောဦးပိုင်းတွင် ရပ်တည်လျက် ခေါင်းကိုမော့ကာ အဝေးဆီသို့ မျှော်ကြည့်နေခဲ့၏။ ဖန်ကျန်းရီမှာလည်း စိတ်လှုပ်ရှား မနေဘဲ မနေနိုင်ခဲ့ချေ။
ယခုတစ်ခေါက် အပြင်ထွက်ခဲ့သည့် အချိန်ကာလသည် အလွန်အမင်း ကြာမြင့်လွန်းနေခဲ့ပြီ ဖြစ်ကာ တစ်နှစ်ကျော်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ကျင်းဘုရင်မင်းမြတ်ကို ကတိပေးခဲ့သည့် ကိစ္စကို လုပ်ဆောင် အောင်မြင်ခဲ့ပြီ ဖြစ်ကာ ဝူမင်းသားကို တိုက်ခိုက် အနိုင်ယူရန် ငါးလပင် မကြာခဲ့ချေ။ သို့ပေမည့် အသွားအပြန် ခရီးလမ်းနှင့် အခြားသော ကိစ္စရပ်များကို ဖြေရှင်းရာတွင် အချိန် အတော်များများ ကုန်ဆုံးသွားခဲ့ရသည်။
တာ့ကျင်းမှ ထွက်ခွာလာခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မြို့တော်ကြီးသည် မည်သည့် ပုံပန်းသွင်ပြင် ဖြစ်နေမည်ကို မသိနိုင်တော့ချေ။
စက်မှုခေတ်၏ ပြောင်းလဲမှု ဆိုသည်မှာ ထပ်ညွှန်းကိန်း ပုံစံဖြင့် တိုးတက် ပြောင်းလဲလာခြင်း ဖြစ်သည်။ နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ကြာမြင့်မှသာ ပေါ်ပေါက်လာနိုင်သည့် ပြောင်းလဲမှုများသည် စက်မှုခေတ်တွင် တစ်နှစ် သို့မဟုတ် နှစ်အနည်းငယ်အတွင်းမှာပဲ လုပ်ဆောင် အောင်မြင်နိုင်ပြီး နေ့ချင်းညချင်း တိုးတက် ပြောင်းလဲလာသည်ဟု ပြောဆိုလျှင်ပင် လုံးဝ လွန်ကဲမှု မရှိချေ။ ယခုအခါ မြို့တော်အတွင်း၌ အရေးကြီးသည့် ကိစ္စကြီးများ ဘယ်လောက်များများ ထပ်မံ ဖြစ်ပွားနေခဲ့ပြီလဲ ဆိုသည်ကို မသိနိုင်ချေ။
"ဖန်ကြီး ... ဒီလေထုက အတော်လေး ဆိုးရွားတာပဲ။ အရင်တုန်းကတော့ သတိမထားမိခဲ့ဘူး။ ဒီတစ်ခေါက် ပြန်ရောက်လာတော့ ကောင်းကင်ကြီးက နည်းနည်း မွဲပြာနေသလို ခံစားရတယ်နော်။"
"နည်းနည်းတော့ ရှိပုံရတယ်။" ဖန်ကျန်းရီ၏ မျက်နှာသည် တည်ကြည် လေးနက်သွားပြီး စိတ်ထဲတွင် တွက်ချက် စဉ်းစားနေခဲ့၏။ လေထုက အမှန်တကယ်ပဲ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သော်လည်း ထိုမှလောက် ပြင်းထန် ဆိုးရွားခြင်းတော့ မရှိသေးဘဲ သိသိသာသာ ခံစား သိရှိနိုင်ရုံမှသာ ဖြစ်သည်။ သို့ပေမည့် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ထားမှသာ ရတော့မည်။ ဤ ညစ်ညမ်းမှု ဖြစ်စေသည့် စက်ရုံများကို စောစောစီးစီး ပြောင်းရွှေ့ ဖယ်ရှားပစ်ရပေမည်။ သို့မဟုတ်ပါက ဤလေထုကို ရှူရှိုက်မိပြီး အစောပိုင်း မဟုတ်လျှင်တောင် နောက်ပိုင်းတွင် ရောဂါရလာတော့မည်။
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် သင်္ဘောအုပ်စုကြီးသည် ဆိပ်ကမ်းဆီသို့ စတင် ဝင်ရောက်လာခဲ့သည်။ ဆိပ်ကမ်းမှ သတင်းကို ကြိုတင် ရရှိထားပြီး ဖြစ်၏။ အဆင့်အတန်း ကြီးငယ်မရွေး အမတ်အရာရှိများသည် နေရာကို အသင့် ပြင်ဆင်ထားကြပြီး တန်းစီ ရပ်တည်လျက် အရှင်မင်းမြတ် ပြန်လည် ရောက်ရှိလာမှုကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။
လီယွမ်ကျောက်သည် ရှေ့ဆုံးမှ သင်္ဘောပေါ်မှ ဆင်းသက်လာချိန်တွင် အမတ်အရာရှိ တစ်စုက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ... အရှင်မင်းကြီး အောင်ပွဲခံပြီး ပြန်လည် ရောက်ရှိလာတာကို ဂုဏ်ပြု ကြိုဆို ကြပါတယ်။"
"အင်း အင်း အင်း ... ထကြ ထကြ။" လီယွမ်ကျောက်သည် ဝမ်းသာ ပျော်ရွှင်လွန်း၍ မခံမရပ်နိုင် ဖြစ်နေကာ အိမ်ဝဆီသို့ ပြန်လည် ရောက်ရှိလာသည့်အတွက် စိတ်အခြေအနေသည် ထူးခြားစွာ လှပ သာယာနေခဲ့သည်။
ရထား ခဏလောက် စီးလိုက်လျှင် မြို့တော်ဆီသို့ ပြန်လည် ရောက်ရှိတော့မည် ဖြစ်၏။ အနောက်တိုင်း ဆိုသည်မှာ တောဆန်လွန်းလှပြီး ပင်လယ်ပြင်ပေါ်တွင်လည်း ပျင်းစရာ ကောင်းလွန်းလှ၏။
အမတ်အရာရှိများသည် မတ်တပ် ရပ်လိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တိုးလာကာ သတိထား စိုးရိမ်စွာဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး လမ်းခရီး တစ်လျှောက်လုံး ပင်ပန်းနွမ်းနယ်လာခဲ့တဲ့အတွက် ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် ကြိုဆိုရေး ဧည့်ခံပွဲ အရက်ဝိုင်းကို အထူးတလည် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အရှင်မင်းကြီး ... "
"အဲဒါတွေ မလိုဘူး။" လီယွမ်ကျောက်သည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"ကျုပ် ရထားစီးပြီး မြို့တော်ကို ပြန်မယ်။" သူက ပြောဆိုပြီးသည်နှင့် ရှေ့သို့ လျှောက်သွားခဲ့၏။
ဖန်ကျန်းရီသည် သူ၏ နောက်မှ လိုက်ပါလာပြီး ထိုအမတ်ကို စူးရဲစွာ တစ်ချက် ကြည့်လိုက်သည်။ "ကြိုဆိုဖို့အတွက် ကြိုတင် အကြောင်းကြားတဲ့ သင်္ဘော လွှတ်ပြီးတော့ မြို့တော်ကို တိုက်ရိုက် ပြန်မယ်လို့ ပြောထားတာတောင် ဘယ်သူက မင်းကို အရက်ဝိုင်း ပြင်ဆင်ခိုင်းတာလဲ။ ဘယ်သူ့ရဲ့ ပိုက်ဆံကို သုံးတာလဲ။ စာရင်း စစ်ဆေးတာကိုပဲ စောင့်နေလိုက်တော့။"
"ဒါက ... နယ်စားမင်း ... ကျွန်တော်မျိုးက ... "
လီယွမ်ကျောက်သည် လူအများကို ဦးဆောင်လျက် ဘူတာရုံ တည်ရှိရာ နေရာဆီသို့ လျှောက်သွားခဲ့၏။ ဘူတာရုံသည် ဆိပ်ကမ်းနှင့် အလွန်အမင်း မဝေးလှချေ။ လျင်မြန်စွာပဲ လူအများသည် တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့ကြသည်။
မီးရထားကို စောစောစီးစီး အသင့် ပြင်ဆင်ထားပြီး ဖြစ်ရာ လီယွမ်ကျောက်သည် ရှေ့ဆုံးမှ ရထားတွဲပေါ်သို့ တက်ရောက် သွားခဲ့၏။