← Chapters

အခန်း ၉၃၈

Vol. 49 Ch. 938

အခန်း ၉၃၈

Vol. 49 Ch. 938

အပိုင်း (၉၃၈) ကျုပ်ဆီမှာ ရှုံးနိမ့်သွားတာ မရှက်စရာမလိုဘူး။

ဝူမင်းသားသည် ရထားဘေးတွင် ရပ်လျက် ဦးခေါင်းကို မော့ကာ မျက်လုံးထဲတွင် ဝေခွဲမရမှုများ ပြည့်နှက်နေစွာဖြင့် တွေးတောနေခဲ့၏။ ဤအရာသည် တကယ်တော့ ဘာလုပ်ရန်အတွက် အသုံးပြုသည့် အရာနည်း။ အဘယ့်ကြောင့် မီးရထားဟု ခေါ်ဆိုရသနည်း။ မထင်မှတ်ထားဘဲ သူ၏ နောက်ကျောဘက်မှ ဖန်ကျန်းရီ၏ အသံ ထွက်ပေါ်လာခဲ့ပြီးနောက် သူသည် လူတစ်ယောက်၏ တွန်းတင်ခြင်းကို ခံလိုက်ရတော့သည်။

"မကြည့်နေနဲ့တော့ ... အပေါ်ရောက်သွားရင် ခင်ဗျား သိသွားလိမ့်မယ်။"

လူသုံးယောက်သည် ဘုရင်မင်းမြတ်၏ အထူး ရထားတွဲအတွင်း၌ ထိုင်နေကြပြီး ဝူမင်းသားကမူ ဝေခွဲမရစွာဖြင့် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရှုနေဆဲ ဖြစ်သည်။ အချိန်အနည်းငယ် စောင့်ဆိုင်းပြီးသည့်နောက် ရထား ကိုယ်ထည်သည် စတင် တုန်ခါလာခဲ့၏။ ဝူမင်းသားသည် အလိုအလျောက်ပဲ ထိုင်ခုံ၏ လက်ရန်းကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးထဲတွင် စိုးရိမ် ထိတ်လန့်သည့် အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

ဤတုန်ခါမှုသည် ပိုမို ပြင်းထန်လာခဲ့ပြီး လျင်မြန်စွာပဲ ရထားသည် စတင် ပြေးလွှားလာခဲ့၏။ မျက်စိရှေ့ရှိ ရှုခင်းများသည် စတင် လှုပ်ရှားလာခဲ့ပြီး ပိုမို မြန်ဆန်လာသည်ကို မြင်တွေ့ရချိန်တွင် ဝူမင်းသား၏ မျက်လုံးထဲရှိ စိုးရိမ် ထိတ်လန့်မှုသည် တုန်လှုပ် ချောက်ချားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဒါက ... ဒါက တကယ်တော့ ဘာဖြစ်တာလဲ။ အောက်က အရာတွေက ဘာလို့ သူ့ဘာသာ လှုပ်ရှားနေတာလဲ။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်တွေ့ရချိန်တွင် တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်၏။ "ခင်ဗျား သင်္ဘောစီးတုန်းက သင်္ဘောက ရွက်လွှင့်စရာ မလိုဘဲ ဘာလို့ အလိုအလျောက် သွားလာနိုင်တာလဲ ဆိုတာကို အမြဲတမ်း သိချင်နေခဲ့တာ မဟုတ်လား။ အဲဒီထဲမှာ အသုံးပြုထားတဲ့ နည်းပညာက အခု ကျုပ်တို့ စီးနင်းနေတဲ့ မီးရထားနဲ့ အတူတူပဲ။"

"ဒါကို မီးရထားလို့ ခေါ်တယ်။ လူအင်အား မလိုအပ်ဘဲ အလိုအလျောက် သွားနိုင်ပြီး ကျောက်မီးသွေး လောင်ကျွမ်းနေသရွေ့ သူက လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ တာ့ကျင်း တစ်နိုင်ငံလုံးက အရေးကြီးတဲ့ မြို့ကြီးတွေ၊ ဝေးလံ ခေါင်သီတဲ့ ဒေသတွေက အစ မီးရထားကို အသုံးပြုလာကြတော့မှာ။ တစ်နိုင်ငံလုံး အထက်အောက် သယံဇာတ ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်နိုင်စွမ်းက အရင်ကထက် အဆပေါင်း ရာချီပြီး ပိုမို အားကောင်း လာတော့မှာပဲ။"

ဝူမင်းသား၏ မျက်နှာသည် တဖြည်းဖြည်း ကြက်သေ သေသွားခဲ့ပြီး ရထား ပြတင်းပေါက်တွင် မှောက်လျက် အပြင်ဘက်ကို မရပ်မနား ကြည့်ရှုနေကာ မည်သည့်အရာကို တွေးတောနေသည်ကို မသိနိုင်ချေ။

မီးရထားသည် ဥသြသံ ဆွဲကာ ပင်ပန်း နွမ်းနယ်မှုကို မသိဘဲ ပြေးလွှားနေခဲ့သည်။ လယ်ကွင်းများ၊ တောင်ကြားများ နှင့် မီးခိုးမည်းများ အဆက်မပြတ် ထွက်ပေါ်နေသည့် မရေမတွက်နိုင်သော စက်ရုံများကို ဖြတ်သန်း သွားခဲ့၏။

ဝူမင်းသားက မကြည့်တတ်၊ မနားလည်ချေ။ သူသည် ထိတ်လန့် ဝရုန်းသုန်းကား ဖြစ်မှုကိုသာ ခံစားနေရပြီး ဤနေရာ တစ်လျှောက်လုံးတွင် သူစိမ်းဆန်သည့် အရာများသာ ပြည့်နှက်နေခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာ ထက်မြက်သည်ဟု ဂုဏ်ယူ ဝင့်ကြွားလေ့ ရှိသော်လည်း မည်သည့်အရာကိုမှ နားမလည်နိုင်ချေ။

ထို အမိုးပေါ်မှ မီးခိုးမည်းများ ထွက်ပေါ်နေသည့် အဆောက်အအုံများသည် တကယ်တော့ ဘာလုပ်ရန် အတွက်နည်း။ အဘယ့်ကြောင့် သံမဏိ ရထားကြီးသည် ကျောက်မီးသွေး လောင်ကျွမ်းရုံနှင့် ဤမှ မြန်ဆန်စွာ ပြေးလွှားနိုင်ပြီး အခန်းတွဲကြီးများကို ဆွဲကာ ပြေးလွှားနိုင်ရသနည်း။

သူသည် ဤကဲ့သို့ပင် ကြည့်ရှုနေခဲ့၏။ မီးရထား ဘူတာရုံသို့ ဝင်ရောက်သည့် အချိန်အထိ သူ၏ အကြည့်များသည် တစေ့တစောင်းမျှပင် မခွာခဲ့ချေ။

ဖန်ကျန်းရီက သူ၏ ပုခုံးကို ပုတ်လိုက်သည်။ "ဆင်းကြရအောင်။"

အတွေးများထဲတွင် နစ်မြောနေသည့် ဝူမင်းသားသည် ရထားပေါ်မှ ဆွဲခေါ်ခြင်းကို ခံလိုက်ရ၏။ ဘူတာရုံ ဧည့်ခန်းမကြီး အတွင်းတွင် မြို့တော်ဆီသို့ သွားရောက်မည့် မြင်းရထားများကို အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။

"ဒါက ဘာကြီးလဲ။"

လီယွမ်ကျောက်သည် ဧည့်ခန်းမကြီး အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် အကြည့်တို့ တောင့်တင်း အေးခဲသွားခဲ့၏။

ဖန်ကျန်းရီသည် သူကြည့်သည့် အတိုင်း လိုက်လံ ကြည့်ရှုလိုက်ရာ မိုးကြိုး ပစ်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ဧည့်ခန်းမကြီး၏ တစ်ဖက်ရှိ ကွင်းပြင် နေရာတွင် အကာအရံများဖြင့် ကာရံ ဆောက်လုပ်ထားသည်။ အလယ်ဗဟို၌ အမိုးမပါသည့် ဘီးလေးလုံးတပ် မြင်းရထား တစ်စီးကို သိသာ ထင်ရှားစွာ ချထားပြီး နောက်ဘက်တွင် မီးဖိုတစ်ခုကို ဆွဲငင်ထားကာ မီးဖိုဘေး၌ ထင်းပုံကြီး တစ်ပုံကို ချထားခဲ့၏။

ဖန်ကျန်းရီကို ထိတ်လန့် အံ့သြသွားစေသည့် အရာမှာ ဤပစ္စည်းတွင် စတီယာရင် ကွင်းတစ်ခု ပါရှိနေခြင်းပဲ ဖြစ်သည်။ ချီးတဲ့မှ … ဘီးလေးခုနဲ့ … လခွမ်း ... မော်တော်ကားကြီးပဲ။

ကြိုဆိုရေး အမတ်က ကပျာကယာ မိတ်ဆက် ရှင်းပြလိုက်၏။ "အရှင်မင်းကြီးကို သတင်းဦးခိုက် အပ်ပါတယ် ... ဒါက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က လွန်ခဲ့တဲ့ နှစ်လလောက်က တီထွင် ထုတ်လုပ်ထားတဲ့ ကိုယ်တိုင်သွားယာဉ်ကြီးပါ။ မြို့တော်ထဲမှာ တစ်ခဏလောက် လှုပ်ခတ် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး အခု ဒီနေရာမှာ ပြသ ထားရှိတာပါ။"

"ကိုယ်တိုင်သွားယာဉ် ဟုတ်လား ... "

လီယွမ်ကျောက်သည် ဝမ်းသာ ပျော်ရွှင်စွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်သည်။ "ဖန်ကြီး ... အစောပိုင်းက ကျုပ် ချမှတ်ပေးခဲ့တဲ့ စီမံကိန်းကို သူတို့ဘာသာ သူတို့ လုပ်ဆောင် အောင်မြင်သွားကြပြီပဲ။ ပုံစံက နည်းနည်း ရုပ်ဆိုးတာလောက်ပဲ ရှိတာ။"

"ဒီပစ္စည်းက လောင်စာအဖြစ် ဘာကို သုံးတာလဲ။ ထင်း မီးရှို့တာတော့ မဟုတ်ပါဘူးနော် ... " ဖန်ကျန်းရီက အမတ်ကို ကပျာကယာ မေးလိုက်၏။

"ထင်း မီးရှို့တာပါ။" အမတ်က ဖြေကြားလိုက်သည်။

ထင်း မီးရှို့တာ ဟုတ်လား ... ဖန်ကျန်းရီသည် ဦးခေါင်းကို ကုတ်လိုက်မိ၏။ ကြည့်ရသည်မှာ စဉ်းစား တွေးခေါ်ပုံက မီးရထား၏ နည်းလမ်းအတိုင်း လိုက်နာ တီထွင်ထားပုံရသည်။ သို့သော် ဤ ထင်း မီးရှို့ခြင်းက ... စွမ်းဆောင်ရည် မြင့်မားနိုင်မည် မဟုတ်ချေ။

"မြင်းရထား မစီးတော့ဘူး ... ဒါကိုပဲ စီးပြီး မြို့တော်ကို ပြန်မယ်။ ကျုပ်က ဒါကြီး ဘယ်လို မောင်းနှင်ရလဲ ဆိုတာကို သေချာ ကြည့်ချင်သေးတယ်။" လီယွမ်ကျောက်သည် နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်သည်။

အမတ်သည် တစ်ခဏမှ အခက်တွေ့သွားပြီး အတန်ကြာ ချီတုံချတုံ ဖြစ်နေပြီးသည့်နောက် ပြေးထွက်သွားခဲ့၏။ အရှင်မင်းကြီး ဝမ်းသာ ပျော်ရွှင်နေသည်မှာ အလွန် ကြုံတောင့်ကြုံခဲ ဖြစ်သည့်အပြင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သည်လည်း ဤနေရာနှင့် မဝေးလှချေ။ ထိုနေရာတွင် ဤပစ္စည်းကို ကိုင်တွယ် မောင်းနှင်တတ်သည့် လူများ ရှိ၏။

လူအများသည် ဆယ်မိနစ် ကျော်မှ စောင့်ဆိုင်း ပြီးသည့်နောက် အမတ်သည် လူငယ် ကျောင်းသား တစ်ယောက်ကို ခေါ်ဆောင်လျက် အမောတကော ပြန်လည် ပြေးလာခဲ့သည်။ လီယွမ်ကျောက်၏ ရှေ့ဆီသို့ ဆွဲခေါ်လာပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ... သူ မောင်းတတ်ပါတယ်။"

လီယွမ်ကျောက်သည် ထိုသူကို အထက်အောက် နှစ်ချက်မှ အကဲခတ် ကြည့်ရှုလိုက်ပြီး မေးလိုက်သည်။ "ဒီယာဉ်ကို မင်း တီထွင်ခဲ့တာလား။"

"အရှင်မင်းကြီးကို သတင်းဦးခိုက် အပ်ပါတယ် ... မဟုတ်ပါဘူး။ ကျွန်တော်မျိုးက ကားမောင်းတဲ့သူပါ။ ဒီပစ္စည်းကို ဘယ်သူကမှ မမောင်းချင်ကြလို့ ... ဒါကြောင့် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျွန်တော်မျိုးကို စမ်းသပ်မောင်းနှင်ဖို့ အထူးတလည် ရှာဖွေခဲ့တာပါ။"

"ကိစ္စ မရှိဘူး။ ဒီနေ့မှာ မင်းကပဲ ကားမောင်းပြီး ကိုယ်တော့်ကို နန်းတော်ဆီ ပြန်ပို့ပေးရမယ်။"

အလကား ရရှိလိုက်သည့် ဂုဏ်ကျက်သရေပဲ ဖြစ်ပေသည်။ တစ်သက်လုံး ကြွားဝါ ပြောဆိုရန် လုံလောက်သွားခဲ့ပြီ မဟုတ်ပါလား။ လူငယ်လေးသည် မျက်ရည်ကျလုမတတ် ဖြစ်သွားပြီး ကိုယ်တိုင်သွားယာဉ်ဆီသို့ ကပျာကယာ ပြေးသွားကာ မီးဖိုထဲသို့ ထင်းများ ထိုးထည့်လိုက်၏။

အချိန်အနည်းငယ် ပြင်ဆင်ပြီးသည့်နောက် လီယွမ်ကျောက်သည် ယာဉ်၏ ရှေ့ခန်း ထိုင်ခုံတွင် ထိုင်လိုက်ပြီး လူငယ် ယာဉ်မောင်း၏ ကိုင်တွယ် မောင်းနှင်ပုံကို စောင့်ကြည့်ရန် စိတ်လှုပ်ရှား တက်ကြွစွာ ပြင်ဆင်နေခဲ့သည်။ ဖန်ကျန်းရီနှင့် ဝူမင်းသားတို့ကမူ နောက်ခန်း ထိုင်ခုံတွင် ထိုင်နေကြ၏။

မီးရထားကဲ့သို့ပဲ ထင်းများ လောင်ကျွမ်းလာပြီး ရေနွေးများ ဆူပွက်လာချိန်တွင် ယာဉ်တစ်စီးလုံးသည် ဒုန်း ဒုန်း ဒုန်း ဖြင့် စတင် တုန်ခါလာခဲ့သည်။ အချိန်မရွေး တစ်စစီ ပြိုကွဲ ထွက်သွားတော့မည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။

ဤမှ ညံ့ဖျင်းလှသည့် အရည်အသွေးကြောင့် ဖန်ကျန်းရီသည် ထိတ်လန့် ကြောက်ရွံ့မှုကို အနည်းငယ် ခံစားလိုက်ရသည်။ ဤသရဲတစ္ဆေ ပစ္စည်းကို အဘယ့်ကြောင့် မည်သူမျှ မမောင်းချင်ကြသလဲ ဆိုသည်မှာ အံ့သြစရာ မရှိတော့ချေ။ အပေါ်တက်ထိုင်လိုက်သည်နှင့် လူတစ်ယောက်လုံး သိမ့်သိမ့်တုန်အောင် လှုပ်ခါ ခံရတော့မည် မဟုတ်ပါလား။ လက်တွန်း လယ်ထွန်စက်များပင်လျှင် ဤမှ လှုပ်ခါခြင်း မရှိကြချေ။

ကိုယ်တိုင်သွားယာဉ်သည် ဖြည်းညင်းစွာ စတင် လှုပ်ရှားလာခဲ့၏။ အချိန်တိုင်း ကြက်သေ သေနေခဲ့သည့် ဝူမင်းသားသည် လုံးဝ ထိတ်လန့် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပြီး ဖန်ကျန်းရီ၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားလိုက်သည်။ ဖန်ကျန်းရီမှာလည်း ကားတံခါးကို ဆုပ်ကိုင်လျက် တုန်ယင်နေခဲ့၏။

ယာဉ်သည် အပြင်ဘက်သို့ ထွက်ခွာသွားပြီး လမ်းမကြီးပေါ်သို့ ရောက်ရှိလာချိန်တွင် အရှိန်နှုန်းက စတင် မြင့်တက်လာခဲ့သည်။ ဖန်ကျန်းရီ၏ စိတ်သည်လည်း လိုက်ပါ မြင့်တက်လာခဲ့၏။ တုန်ခါမှုက ပိုမို ပြင်းထန်လာခဲ့ပြီး မြီးညှောင်ရိုးများပင် နာကျင်လာခဲ့တော့သည်။ ထိုမျှမက ဒုတ် ဒုတ် ဒုတ် ဟူသည့် အသံကျယ်ကြီးကလည်း နားကွဲမတတ် ဆူညံနေခဲ့သည် မဟုတ်ပါလား။

ဒါ ဘယ်ခွေးမသား လုပ်တာလဲ။ ပြန်ရောက်မှ အပြစ်ပေးအုံးမယ်။

ယာဉ်စုတ်ကြီးက လမ်းမပေါ်တွင် မောင်းနှင် သွားလာနေပြီး အသံကျယ်ကြီးကြောင့် ချက်ချင်းပဲ လမ်းသွားလမ်းလာ အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။ သို့ပေမည့် အပြင်ဘက်တွင် ကိုယ်ရံတော် တပ်ဖွဲ့က တားဆီးထားသည့်အတွက် အနားကပ်၍မရချေ။

ကလေးငယ် အတော်များများက ယာဉ်စုတ်ကြီး၏ နောက်သို့ ရူးသွပ်စွာ လိုက်လံ ပြေးလွှားကြပြီး ပါးစပ်မှလည်း အားပေး အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ကြသည်။ အပြင်ဘက် မြို့တော်၏ အလယ်ပိုင်းသို့ ရောက်ရှိသည့် အချိန်အထိ လမ်းသွားလမ်းလာများ၏ ဝိုင်းဝန်း ကြည့်ရှုမှုကို တစ်လမ်းလုံး ခံခဲ့ရသည်။

လီယွမ်ကျောက်သည် စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ယာဉ်မောင်းနှင့် ဆွေးနွေး ပြောဆိုနေခဲ့၏။ "ဒီပစ္စည်းက နှစ်လီအကွာအဝေးကို ပြေးရင် ထင်း ဘယ်လောက် မီးရှို့ရလဲ။"

"အရှင်မင်းကြီး ဘာပြောတာလဲ ... ကျွန်တော်မျိုး မကြားရဘူး။"

"ကိုယ်တော် မေးတာက ... မီးဖိုထဲက ပြာတွေ စုပုံနေတာကို ဘယ်လို ဖြေရှင်းလဲလို့ မေးတာ။"

ခရီးလမ်း ရှေ့သို့ တိုးလာမှုနှင့်အတူ လမ်းဘေး တစ်လျှောက်တွင် မှန်ပြတင်းပေါက်များကို အမြောက်အမြား အသုံးပြုထားသည့် ဆိုင်ခန်းများစွာက စတင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မိုးမျှော် မြင့်မားပြီး တောက်ပနေသည့် အဆောက်အအုံ ဆယ်ခုကျော်က မျက်စိရှေ့သို့ စတင် ဝင်ရောက်လာခဲ့၏။

ဝူမင်းသားသည် ဦးခေါင်းကို မော့လိုက်ပြီး ထို မြင့်မား ကြီးမားလှသည့် အဆောက်အအုံများကို အလွန်အမင်း ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်ရှုလိုက်ရာ စိတ်ထဲတွင် အက်ကွဲကြောင်း အနည်းငယ်က စတင် ပေါ်ပေါက် လာခဲ့တော့သည်။

မီတာ ဆယ်နှင့်ချီ၊ ရာနှင့်ချီ မြင့်မားသည့် မိုးမျှော် အဆောက်အအုံ ဆယ်ခုကျော်သည် အပြင်ဘက် မြို့တော်၏ နေရာ အနှံ့အပြားတွင် ဤကဲ့သို့ပဲ ပြန့်ကျဲ တည်ရှိနေကြပြီး နေရောင်ခြည်များကို လွတ်လပ်စွာ ရောင်ပြန်ဟပ်နေခဲ့ကြ၏။

ကြည့်ရသည်မှာ ဤနှစ်အတွင်းတွင် မြို့တော်၏ ပြောင်းလဲမှုက မသေးငယ်လှချေ။ အနည်းဆုံးတော့ အပြင်ဘက် မြို့တော်၏ ပြောင်းလဲမှုသည် အလွန်အမင်း ကြီးမား နေခဲ့သည်။

ဖန်ကျန်းရီသည် စိတ်ထဲ၌ သက်ပြင်းချကာ တွေးတောမိလိုက်၏။

ဝူမင်းသားသည် အချိန်ကာလ တစ်လျှောက်လုံး မည်သည့် အသံကိုမှ မပြုလုပ်ခဲ့သည်ကို တွေးတောမိသည့်အတွက် သူ့ဆီသို့ လှည့်ကြည့် မနေဘဲ မနေနိုင်ခဲ့ချေ။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပဲ ဖန်ကျန်းရီသည် စကားပြောဆို မေးမြန်းလိုသည့် စိတ်ဆန္ဒများကို ရုပ်သိမ်းလိုက်တော့သည်။

ဝူမင်းသားသည် ဦးခေါင်းကို မော့လျက် လှမ်းမျှော်၍ မမီနိုင်လောက်အောင် မြင့်မားသည့် အဆောက်အအုံကြီးများကို ကြည့်ရှုနေပြီး ပါးပြင် တစ်လျှောက်တွင် မျက်ရည်ကြောင်း နှစ်ကြောင်းက အဆက်မပြတ် စီးကျနေခဲ့ကာ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိခဲ့ချေ။

"ကျုပ် ရှုံးနိမ့်သွားခဲ့ပြီ ... "

ဤစကားသံ နှုတ်ဖျားမှ ထွက်ကျလာမှုနှင့်အတူ ဝူမင်းသားသည် ဦးခေါင်းကို ပိုက်ကာ အော်ဟစ် ငိုကြွေးတော့၏။ အသည်းကွဲမတတ်၊ နှလုံးသား ကွဲကြေမတတ် ငိုကြွေးနေခြင်း ဖြစ်ပြီး စိတ်ဓာတ် ပြိုကွဲမှုသည် တစ်ခဏတာ အတွင်းမှာပဲ ဖြစ်ပေါ်သွားခဲ့တော့သည်။

"ကျုပ် ရှုံးနိမ့်သွားခဲ့ပြီ ... ကျုပ် ရှုံးနိမ့်သွားခဲ့ပြီ ... "

ဤအချိန်၌ သူ၏ ဂုဏ်ယူ ဝင့်ကြွားမှုများ အားလုံးသည် ရိုက်ချိုး ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အနည်းငယ်မျှပဲ မကျန်ရှိတော့ချေ။ စစ်ရှုံးနိမ့်ခြင်းကို သူသည် လက်နက် မကောင်းမွန်ခြင်း၊ အချိန် မလုံလောက်ခြင်းဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်သေးသော်လည်း ဤအမှန်တရားကမူ သူ့ကို ကြီးကြီးမားမား နာကျင် ထိခိုက်စေခဲ့သည် မဟုတ်ပါလား။

လက်နက် တစ်ခုတည်းသာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးက အသစ် တဖန် ပြန်လည် မွေးဖွား ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။ သူ ရင်ဆိုင်နေရသည်မှာ သူစိမ်းဆန်ပြီး အားကောင်း မောင်းသန် ရှိကာ နားမလည်နိုင်သည့် ကမ္ဘာလောကကြီး တစ်ခု ဖြစ်၏။

မြို့တော်ကြီးက အရင်က မြို့တော်ကြီး ပင်။ သို့ပေမည့် ပိုးအိမ်ကို ဖောက်ခွဲကာ အသစ်တဖန် ပြန်လည် မွေးဖွားလာသည့် ဖီးနစ်ငှက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေခဲ့၏။ ကွဲအက် ပျက်စီးနေသည့် ကြက်ဥခွံများမှ တစ်ဆင့် ပူပြင်း ပြင်းထန်ပြီး အရှိန်အဟုန် ကြီးမားသည့် အသစ်စက်စက် အသက်သွေးကြော တစ်ခုက ထိုအထဲမှ တဖြည်းဖြည်း မွေးဖွား လာနေခဲ့ပြီ ဖြစ်သည်။

သူ၏ ကြိုးစား အားထုတ်မှုများ၊ သူ၏ စစ်ဗျူဟာ မဟာဗျူဟာများ၊ သူ၏ ပိုင်ဆိုင်မှုများ အားလုံးသည် ဤအရာများ အားလုံး၏ ရှေ့တွင် အလွန်အမင်း ရယ်စရာ ကောင်းနေခဲ့သည် မဟုတ်ပါလား။

ဝူမင်းသားသည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် ငိုကြွေးနေခဲ့ပြီး ယာဉ်စုတ်ကြီး၏ အသံကျယ်ကြီးက သူ၏ နောက်ဆုံး ကျန်ရစ်သည့် ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် ပေးထားခဲ့၏။

ဝူမင်းသားသည် အချိန်ကြာမြင့်စွာ ငိုကြွေးပြီးသည့်နောက် ရှိုက်ငိုခြင်းဆီသို့ ပြောင်းလဲသွားခဲ့ပြီး ပါးစပ်မှလည်း အဆက်မပြတ် တတွတ်တွတ် ရေရွတ်နေခဲ့၏။ "ကျုပ် ရှုံးနိမ့်သွားခဲ့ပြီ ... "

ဖန်ကျန်းရီသည် သူ၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး စကားဆိုကာ ဖြေသိမ့် ပေးလိုက်သည်။ "ကျုပ်ဆီမှာ ရှုံးနိမ့်သွားတာ ရှက်စရာမလိုပါဘူး။"

All Chapters