← Chapters

အခန်း ၉၄၀

Vol. 49 Ch. 940

အခန်း ၉၄၀

Vol. 49 Ch. 940

အပိုင်း (၉၄၀) ရာစုနှစ်များကို ကျော်လွန်သော အပြုံး (သို့မဟုတ်) ဖန်သူတော်စင်ကြီး၏ နောက်ဆုံးပြက်လုံး။

နံနက်ခင်းနေခြည်သည် တောက်ယွမ်ခရိုင်၏ ခေတ်မီပြခန်းကြီးပေါ်သို့ ဖြာကျနေသည်။

လေထုထဲတွင် လူအုပ်ကြီး၏ အုတ်အော်သောင်းနင်း အသံများနှင့် ကင်မရာမီးရောင်များက တဖျပ်ဖျပ် လင်းလက်နေ၏။ ယနေ့သည် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီးကို ဖွင့်ချမည့်နေ့ ဖြစ်၏။

တက်ကြွနေသော အမျိုးသမီးတင်ဆက်သူလေးသည် ကင်မရာရှေ့တွင် ဟန်ဆောင်အပြုံးကို ချိတ်ဆွဲထားရင်း လူအုပ်ထဲမှ အမျိုးသားတစ်ဦးကို မိုက်ကရိုဖုန်း ထိုးပေးလိုက်သည်။ "ဒီက လူကြီးမင်းရှင်... အရှင်သုံးပါးနဲ့ သူတော်စင်တစ်ပါးရဲ့ လျှို့ဝှက်ဆွေးနွေးမှုအပေါ် ဘယ်လိုမြင်ပါသလဲ။"

ထိုအမျိုးသား၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး အသံများတုန်ယင်နေ၏။ "ဖန်ကျန်းရီက သေချာပေါက် အနာဂတ်ကနေ ကူးပြောင်းလာသူပဲ... မဟုတ်ရင် ဘယ်ဘုရင်မင်းမြတ်ကမှ ကိုယ့်အာဏာကို စွန့်လွှတ်မှာမဟုတ်ဘူး။ သူက ကျုပ်တို့ရဲ့ ဘိုးဘေးပဲ... ကြီးကျယ်ခမ်းနားတဲ့ ကူးပြောင်းသူကြီးပဲ..."

တင်ဆက်သူလေး၏ အပြုံးများ တောင့်တင်းသွားသည်။

'ဒီအရူး ဘယ်ကထွက်လာတာလဲ၊ ငါ့အစီအစဉ်တော့ သွားပါပြီ'

သူမသည် စိတ်ထဲမှ ကျိန်ဆဲရင်း ကင်မရာရှေ့မှ အမြန်လှည့်ထွက်ခဲ့ရသည်။

အခြားတစ်ဖက်တွင်လည်း ဖန်သူတော်စင်ကြီးအား ဝေဖန်သည့် လမ်းသွားလမ်းလာတစ်ဦးနှင့် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှ သမိုင်းပါမောက္ခတို့ အချင်းများနေကြ၏။

“မင်း သတ္တိရှိလား .. လုပ်စမ်း … ငါ လိုင်းပေါ်တင်လိုက်မယ်။”

---

ရုတ်တရက် လူအုပ်ကြီး ငြိမ်သက်သွားသည်။ ခန့်ညားထည်ဝါသော ယာဉ်တန်းကြီး ဆိုက်ရောက်လာပြီး ကားပေါ်မှ လူနှစ်ဦး ဆင်းလာသည်။

တစ်ဦးက နဂါးဝတ်ရုံကို ဆင်မြန်းထားသော တာ့ကျင်း၏ လက်ရှိဘုရင်မင်းမြတ် လီကျင့်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ခေတ်မီအရှေ့တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော ဖန်မိသားစု၏ ဥက္ကဋ္ဌ ဖန်ပေါ်ဝမ် ပင်ဖြစ်၏။

"ပေါ်ဝမ်... မတွေ့ရတာ ကြာပြီပဲ။"

"အရှင်မင်းကြီး... မတွေ့ရတာ ကြာပြီ။"

နှစ်ပေါင်း သုံးရာကျော်ကြာသော်လည်း လီမိသားစုနှင့် ဖန်မိသားစု၏ သံယောဇဉ်ကား မပြယ်သေးပေ။

သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ချိန်တွင် သတင်းထောက်များ၏ ကင်မရာမီးရောင်များက နေမင်းပမာ လင်းထိန်သွားသည်။

သို့ပေမည့် သတင်းထောက် မုန်ဆန်က အခြေအနေကို ဖြိုခွဲလိုက်၏။

"ဥက္ကဋ္ဌဖန်... ဖန်သူတော်စင်ကြီးက သူ့သားကိုခေါ်ပြီး ပြည့်တန်ဆာအိမ်သွားခဲ့တယ်ဆိုတာ ဟုတ်ပါသလား..."

ဖန်ပေါ်ဝမ်၏ နားထင်ကြောများ ထောင်တက်သွားသည်။ သူက မုန်ဆန်ကို လူရှင်းရာသို့ ဆွဲခေါ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "မင်း ငါ့ဘိုးဘေးကို အမည်းစက်ထင်အောင် မလုပ်နဲ့။ မင်းသတင်းလိုချင်ရင် ငါ မင်းသမီးလေး တစ်ယောက်နဲ့ တိတ်တိတ်ပုန်းရထားတဲ့ ကလေးရှိတယ်ဆိုတဲ့သတင်း ယူသွားစမ်း... နောက်လ ငါကွာရှင်းမယ့်သတင်းကိုပါ ယူသွား... ငါ့ဘိုးဘေးကိုတော့ ထပ်မထိနဲ့..."

---

နားနေခန်းထဲရောက်သည်နှင့် လီကျင့်က မင်းတန်ဆာများကို ဂရုမစိုက်နိုင်တော့ဘဲ ဆေးလိပ်တစ်လိပ်ကို အငမ်းမရ တောင်းသောက်လိုက်သည်။ မီးခိုးငွေ့များအကြားတွင် ဘုရင်တစ်ပါး၏ ပင်ပန်းနွမ်းနယ်မှုများ အတိုင်းသားပေါ်လွင်နေသည်။

"လီကြီး... ဘိုးဘေးရဲ့ အုတ်ဂူကို ဖွင့်ဖို့ ခင်ဗျား စိတ်မခုဘူးလား။" ဖန်ပေါ်ဝမ်က မေးလိုက်သည်။

"ခုတော့ကော ဘာလုပ်ရမှာလဲ။ တစ်ကမ္ဘာလုံးက သူပေးခဲ့တဲ့ ကြိုတင်ဟောကိန်းရဲ့ နောက်ဆုံးလျှို့ဝှက်ချက်ကို သိချင်နေကြပြီလေ။ သူက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ကြိုသိလို့ အုတ်ဂူကို ပြကွင်းပြင်အလယ်မှာ ထားခဲ့တာနေမှာပါ။ ဘိုးဘေးကြီး ကာကွယ်စောင့်ရှောက်ပါစေ..." လီကျင့်က သက်ပြင်းချရင်း ဆိုဖာပေါ်သို့ မှီချလိုက်၏။

ပြန်ထွက်ခွာခါနီးတွင်မူ သူတို့နှစ်ဦးလုံး အနံ့ဖျောက်စပရေးကို အလုအယက် ဆွတ်ဖျန်းလိုက်ကြသေးသည်။

---

ပြကွင်းပြင်အလယ်ရှိ 'ဖန်ကျန်းရီ၏ အုတ်ဂူ' ဟုသာ ရေးထိုးထားသော ရိုးရှင်းလှသည့် ကျောက်တိုင်ရှေ့သို့ လီကျင့်နှင့် ဖန်ပေါ်ဝမ်တို့ ရောက်ရှိလာ၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ကမ္ဘာလုံးက ရင်ခုန်သံ တဒိတ်ဒိတ်ဖြင့် စောင့်ကြည့်နေကြသည်။

ဖန်ပေါ်ဝမ်က ဒူးထောက်လိုက်ချိန်တွင် သူ့ဘေးမှ လှုပ်ရှားမှုကြောင့် အံ့သြသွားသည်။ အရှင်းမြတ် လီကျင့်ကိုယ်တိုင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သောကြောင့်ပင်။

"ဖန်သူတော်စင်ကြီးက လီမိသားစုရဲ့ ဘိုးဘေးလည်း ဖြစ်ပါတယ်။ သူ မရှိရင် လီမိသားစုလည်း မရှိနိုင်ဘူးလေ..." လီကျင့်၏ အသံက လေးနက်တည်ကြည်နေသည်။

တစ်ကမ္ဘာလုံးက ကြည့်ရှုသူများ၏ ရင်ထဲတွင် ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။

ရှေးဟောင်းသုတေသနအဖွဲ့က အုတ်ဂူကို စတင်တူးဖော်သည်။ သို့ပေမည့် တံခါးပွင့်သွားချိန်တွင် အားလုံး အေးခဲသွားကြသည်။ အတွင်း၌ မည်သည့် ရွှေငွေရတနာမှ မရှိ။ ခေါင်းတလားအရွယ် ကျောက်တုံးတစ်တုံးနှင့် ရှေးဟောင်းအသံဖမ်းစက် အချို့သာရှိသော အခန်းလွတ်ကြီး ဖြစ်နေ၏။

ထိုစဉ် အဖွဲ့ခေါင်းဆောင်၏ ဓာတ်မီးရောင်က နံရံပေါ်ရှိ စာသားတစ်ခုအပေါ်သို့ ကျရောက်သွားသည်။

ထိုစာသားကို မြင်လိုက်ရချိန်တွင် အဖွဲ့ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံကုန် အော်ဟစ်လိုက်၏။ "ဒါကို ထုတ်လွှင့်လို့မရဘူး... အရေးပေါ်စီမံကိန်း နံပါတ်တစ်...... ချက်ချင်း လိုင်းဖြတ်ချလိုက်စမ်း........."

ကမ္ဘာတစ်ဝန်းရှိ စခရင်များအားလုံး ရုတ်တရက် မည်းမှောင်သွားသည်။

ပရိသတ်များ ဒေါသတကြီး ကျိန်ဆဲနေစဉ် အမျိုးသမီး တင်ဆက်သူလေးက မျက်နှာသေဖြင့် နည်းပညာချို့ယွင်းမှုဟု အကြောင်းပြကာ မောင်သိန်းထွန်း နောက်ထပ် ပြန်ဆိုမည့် ဆေးသူတော် ဟန်ယွီ ဆိုသော ဝတ္တုကို ဇွတ်အတင်း ထည့်၍ ကြော်ငြာနေလေ၏။

[ကျင့်ကြံသူတွေရဲ့ လောကမှာ မရေးသားထားပေမဲ့ လူတိုင်း တုန်လှုပ်ရတဲ့ ဥပဒေတစ်ခု ရှိတယ်။

"မင်း နတ်ဆိုးဂိုဏ်းသားတွေနဲ့ သွေးသောက်ညီနောင် ဖွဲ့ချင်ဖွဲ့... ဒါပေမဲ့ ဟန်ယွီ နဲ့တော့ ဘယ်တော့မှ အပေါင်းအသင်း မလုပ်နဲ့။"

........

(ဟန်ယွီရဲ့ ဂန္ထဝင် နတ်ဆေးများ)

ညသန်းခေါင် သစ္စာပန်း နတ်ဆေးလုံး ...

"ဒီဆေးအကြောင်း မင်းတို့ ကြားဖူးလား။ ဆေးသောက်လိုက်တာနဲ့ ညဘက်မှာ ကောင်းကင်ဘုံကို အံတုနိုင်လောက်တဲ့အထိ ပါရမီတွေ ထူးကဲပြောင်မြောက်သွားပြီး၊ မနက် နေမင်းကြီး ထွက်လာတာနဲ့ တစ်ပြိုင်နက် အသုံးမကျတဲ့ အမှိုက်ကောင် ဖြစ်သွားတယ်။ အဲဒီ မကောင်ဆိုးဝါး ဟန်ယွီက ဆေးကို ရေနဲ့ဖျော်ပြီး ကျင့်ကြံခြင်းဂိုဏ်းကြီး တစ်ခုဆီ ပါရမီရှင် ရာနဲ့ချီ တင်သွင်းခဲ့တယ်။"

……….

ကျင့်ကြံမှုဖျက် ဆေးဝါး...

"ဒဏ်ရာအပြင်းအထန် ရနေတာကို အပြီးတိုင် ပျောက်ကင်းစေပေမဲ့... ကိုယ် တစ်သက်တာ ကျင့်ကြံထားတဲ့ သိုင်းပညာနဲ့ အတွင်းအားတွေကို ဖျက်ဆီးပစ်မဲ့ ဆေးမျိုးဆိုရင်ရော မင်းတို့ စားရဲလား။"

ကုသိုလ်ပြု ဒုစရိုက်ချေ နတ်ဆေး ..

"တာအိုကျင့်စဉ်ကြောင့် ရထားတဲ့ အပြင်းထန်ဆုံး ဒဏ်ရာတွေကိုတောင် ပျောက်ကင်းစေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးက ဒဏ်ရာပျောက်ကင်းအောင် ကုသနေတဲ့ အချိန်အတွင်းမှာ ကုသိုလ်ကောင်းမှုတွေကို မရပ်မနား ဆက်တိုက် လုပ်နေရမယ်၊ ခဏလေး ရပ်လိုက်တာနဲ့ ချက်ချင်း သေလိမ့်မယ်။ အဲတာက ဘာမှမဟုတ်ဘူး။ အဆိုးဆုံးက အဲဒီဆေးကို နတ်ဆိုးဂိုဏ်းက ဂိုဏ်းချုပ်ကြီး ကို သွားတိုက်တာပဲ။"

---

"နောက်က ရန်သူတွေ လိုက်သတ်နေလို့ မကြောက်နဲ့။ ကျုပ်မှာ အသက် (၈၀) အရွယ် အမေအိုကြီး ရှိသေးတာမို့ မသတ်ပါနဲ့ဆိုပြီး လုံးဝမတောင်းပန်နဲ့။

ကျုပ် ဟန်ယွီရဲ့ ဆေးကိုသောက်ဖူးတယ်လို့ပဲ အော်လိုက်။

ရန်သူတွေတောင် မင်းကို စာနာသနားသွားမယ်။"

စာအုပ်အမည် - ဆေးသူတော် ဟန်ယွီ။

အမျိုးအစား - စိတ်ကူးယဉ် ဟာသ / သိုင်း / ကျင့်ကြံခြင်း။

ရယ်မောချင်သူများ၊ ထူးခြားဆန်းသစ်တဲ့ ကျင့်ကြံခြင်း ဇာတ်လမ်းကောင်းကို ဖတ်ရှုချင်သူများ လုံးဝ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။]

---

ထိန်းချုပ်ခန်း၏ အမိန့်အရ လိုင်းကို ပြင်ပကမ္ဘာ ကာကွယ်ရေးအဖွဲ့ရုံးသို့ လွှဲပြောင်းပေးလိုက်သည်။ စင်မြင့်ထက်တွင် ရပ်နေသော စစ်သူကြီး၏ မျက်နှာက လွန်စွာတည်ကြည်နေသည်။

"ဖန်သူတော်စင်ကြီး ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၃၇၀ တိုင်ခဲ့ပါပြီ။ သူရဲ့ နောက်ဆုံးကြိုတင်ဟောကိန်းဟာ စိတ်ကူးယဉ် ရေးသားချက် မဟုတ်ဘူးဆိုတာကို ကျုပ်တို့ အတည်ပြုပါတယ်။ ဖန်သူတော်စင်ကြီးက ကမ္ဘာ့လူသားတွေရဲ့ ကံကြမ္မာကို နောက်ပြောင်မှာ မဟုတ်ပါဘူး။"

စစ်သူကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် စကားတစ်ခွန်းကို ဟစ်ကြွေးလိုက်သည်။

"နောက်ထပ် နှစ်တစ်ရာကြာရင်... အော့ထရာမန်း (Ultraman) တွေနဲ့ ဆိုင်ယန် (Saiyan) လူမျိုးတွေက ကျုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို ကျူးကျော် ဝင်ရောက်လာကြတော့မှာ ဖြစ်ပါတယ်......... ယနေ့မှာ ကျုပ်တို့ လကမ္ဘာ ကာကွယ်ရေးစခန်းကို အောင်မြင်စွာ တည်ဆောက်ပြီးစီးကြောင်း ကြေညာအပ်ပါတယ်။ လူသားတွေ အနေနဲ့ အဲဒီ ဂြိုဟ်သားတွေကို သေချာပေါက် တိုက်ခိုက်အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်..."

...

တစ်ကမ္ဘာလုံး မှင်သက်သွားချိန် တောက်ယွမ် ကွင်းပြင်ကြီး၏ အပေါ်စီးတွင်မူ မီတာရာနှင့်ချီ မြင့်မားလှသော ဖန်ကျန်းရီ၏ ရုပ်တုကြီးက လူ့လောကကြီးကို ငုံ့ကြည့်နေသည်။

မျိုးဆက်ပေါင်းများစွာကို ဟာသလုပ်နိုင်ခဲ့သောကြောင့် သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးကြီးက သရော် လှောင်ပြောင်နေသယောင်ပင်။

ထိုအပြုံးမှာ ရာစုနှစ်များကို ကျော်လွန်၍ ထာဝရတည်တံ့နေပေတော့မည်။

(ပြီးပါပြီ)

စာပြီးချိန် - (၆.၇.၂၀၂၆) နေ့လယ် ၁၂ : ၁၀ ။

……

အဆုံးထိ အားပေးဖတ်ရှုကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာလို့ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

i.ကျင့်ကြံသူတို့စကားဝိုင်း ကစလို့

ii.ကံကြမ္မာစာအုပ်

iii.ပြိုင်စံရှားဂိုဏ်း

iv.ကောင်းကင်လျှို့ဝှက်နန်းဆောင်

v.ရှမ့်သခင်လေး

vi.တောက်ယွမ်မြို့မှ အစပြု၍

vii.ဟေးလုံထိုင်မှ အရိပ်လူ (ပြီးရန် ၈ အုပ်လို၊ ၁၈ ရက်နေ့ဇာတ်သိမ်ပိုင်း ထွက်ပါမယ်။)

နောင်ပြန်ဆိုမည့်

viii.ဆေးသူတော် ဟန်ယွီ

ix.သွေးခင်းလမ်းမှ အရိုးဖြူရှင် တို့ကိုလည်း ဆက်လက် အားပေးကြပါအုံးခင်ဗျာ။

All Chapters