← Chapters

အခန်း ၇၇

Vol. 6 Ch. 77

အခန်း ၇၇

Vol. 6 Ch. 77

အခန်း (၇၇)

ကွမ်ရှီးလင်သည် မိမိ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ခယ့်ရှင်းယာ အလွန် အံ့အားသင့်သွား ခဲ့ရသည်။ လူတိုင်းသည် သူ သေသွားပြီဟု ပြောနေကြသဖြင့် သူမသည်လည်း သူ သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူမ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာချိန်၌ သူမ ခံစားလိုက်ရသည်မှာ ဝမ်းသာပီတိဖြစ်ခြင်း မဟုတ်ဘဲ ထိတ်လန့်တုန်လှုပ်ခြင်းသာ ဖြစ်တော့သည်။

"နင် နင် မသေဘူးလား"

သူမ၏ မျက်နှာသည် ဖြူဖျော့နေခဲ့ကာ သူ့အား ကြည့်လျှက် အသံများပင် တုန်ယင်နေတော့သည်။ ကွမ်ရှီးလင်သည် သူမအား တည့်တည့် စိုက်ကြည့်နေခဲ့ကာ သူ၏ မျက်လုံးများထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေလျှက် ရှိသည်။ သူသည် ဤနေရာအား အဘယ်ကြောင့် လာခဲ့မိသည် ဆိုသည်အား သူကိုယ်တိုင်ပင် မသိပေ။ သူမအား သူ၏ ဇနီးလောင်း အဖြစ် အမြဲတမ်း သတ်မှတ် ထားခဲ့ဖူးသဖြင့် သူ့ရင်ထဲတွင် မတရားသဖြင့် ခံစားလိုက်ရသောကြောင့် ဖြစ်ပေမည်။

ရှောင်ကျို့မှ ကွမ်ရှီးလင်အား ခယ့်ရှင်းယာအား ချစ်သလားဟု မေးခဲ့ဖူးသည်။ ထိုစဉ်တွင် သူသည် ချစ်ခြင်းတရား ဟု အတိအကျ ခေါ်ဆို၍ မရနိုင်သော်လည်း သူ၏ ရင်ထဲတွင် သူမအပေါ် အမြဲတမ်း နှစ်သက် သဘောကျမှုလေး အနည်းငယ်တော့ ရှိခဲ့ဖူးကြောင်း ပြန်ပြောခဲ့သေးသည်။

မည်သို့ပင် ဖြစ်စေ ငယ်ငယ်ကတည်းမှ သူမ ကြီးလာလျှင် သူ၏ သတို့သမီး ဖြစ်လာလိမ့်မည်ဟု အမြဲတွေးထင်ခဲ့ဖူးသဖြင့် သူသည် သူမအပေါ် ကြည့်သည့် အကြည့်များနှင့် သူမအပေါ် ဆက်ဆံပုံများသည် အခြားသူများနှင့် အမြဲတမ်း ကွာခြားခဲ့လေသည်။

သို့သော် သူ၏ ဇနီးလောင်း ဖြစ်လာလိမ့်မည်ဟု အမြဲ တွေးထင် ထားခဲ့ဖူးသော ဤအမျိုးသမီးသည် ယခုအခါ အခြားသူ တစ်ဦးနှင့် လက်ထပ်တော့မည် ဖြစ်ကာ ၎င်းသည်လည်း သူ၏ ဝမ်းကွဲအစ်ကိုပင် ဖြစ်နေတော့သည်။ ဤပြောင်းလဲမှုသည် သူ၏ ရင်ထဲတွင် မည်သို့မျှ သက်သောင့်သက်သာ မရှိလှသော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

သို့သော် ယခုမူ သူမ၏ ဤသို့လုပ်ဆောင်ခြင်းသည် မိမိ၏ ကိုယ်ပိုင်ဆန္ဒ အရ ဟုတ်မဟုတ်ကိုသာ သူ သိချင်နေတော့သည်။ သတင်းကြား၍ အပြေးအလွှား ရောက်ရှိ လာကြသော ခယ့်ရှင်းယာ၏ ဖခင်နှင့် မိခင် ဖြစ်သူတို့သည် သမီးဖြစ်သူ၏ ခြံဝင်းအတွင်း၌ အရပ်ရှည်ရှည်နှင့် ရပ်နေသော ထိုလူအား မြင်လိုက်ရချိန်တွင် သူတို့၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့ကာ မျက်နှာများ ချက်ချင်း ပျက်ယွင်း သွားကြကုန်လေတော့သည်။

"ရှီးလင်"

ကွမ်ရှီးလင်မှ ခေါင်းလှည့် ကြည့်လိုက်မိရာ ခယ့်မိသားစု၏ လူကြီးနှစ်ဦးအား မြင်လိုက်ရသည်။ ထို့နောက် သူမှ ပြောလိုက်သည်။

"ကျွန်တော် ဒီကို စကားတစ်ခွန်းပဲ လာမေးတာပါ"

ထိုသို့ပြောပြီးနောက် သူသည် သူတို့ဘက်မှ ကျောခိုင်းလိုက်ကာ မိမိရှေ့ရှိ ခယ့်ရှင်းယာကိုသာ ထပ်မံ၍ တည့်တည့် စိုက်ကြည့် လိုက်ပြန်တော့သည်။ မိမိသမီး၏ မျက်နှာ ဖြူဖျော့သွားကာ ကွမ်ရှီးလင်အား မကြည့်ရဲဘဲ မျက်လုံးများ ပျာယာခတ်နေသည်အား မြင်သောအခါ ခယ့်ရှင်းယာ၏ မိခင် ဖြစ်သူ၏ ရင်ထဲ စိုးရိမ်သွားခဲ့ကာ သမီးဖြစ်သူအား ရင်ခွင်ထဲသို့ ထည့်သွင်းကာ လှမ်းဖက်လိုက်ပြီးနောက် ကွမ်ရှီးလင်ကိုမူ ဒေါသ မျက်လုံးများဖြင့် စိုက်ကြည့် လိုက်လေတော့သည်။

"နင် ဒီကို ဘာလာလုပ်တာလဲ နင်နဲ့ ငါတို့ ရှောင်ယာရဲ့ စေ့စပ်ပွဲက ပျက်ပြယ်သွားပြီလေ ငါတို့ ရှောင်ယာ ဘယ်သူနဲ့ လက်ထပ်လက်ထပ် နင်နဲ့ ဘာဆိုင်လို့လဲ"

"ပြီးတော့ ရှီးလင်ရေ စေ့စပ်ပွဲ ပျက်ပြယ်သွားတာက ကွမ်မိသားစုနဲ့ ခယ့်မိသားစု နှစ်ဖက်စလုံး ဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့ကြတာပါ ပြီးတော့ ရှောင်ယာနဲ့ နင့်ဝမ်းကွဲအစ်ကိုတို့ရဲ့ မင်္ဂလာပွဲကလည်း ကွမ်မိသားစုရော ခယ့်မိသားစုကပါ လူကြီးတွေအကုန်လုံး သဘောတူပြီးမှ ဆုံးဖြတ်ခဲ့ကြတာပါ"

ခယ့်ရှင်းယာ၏ ဖခင်ဖြစ်သူသည် ကွမ်ရှီးလင်အား ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချရင်း ပြောလိုက်လေသည်။ သူသည် မျိုးရိုးကောင်းမှ လာသူ ဖြစ်သော်လည်း သနားစရာ ကောင်းသည်မှာ မိဘမဲ့ တစ်ဦး ဖြစ်နေခဲ့ကာ အဆင့်အတန်းနှင့် ရာထူးနေရာ အရ ကွမ်ရှီးလင်သည် သူ၏ ဝမ်းကွဲအစ်ကိုအား မည်သို့မျှ ယှဉ်နိုင်ခြင်း မရှိပေ။

"ပြီးတော့ မင်းကလည်း အဲ့ဒါကို သဘောတူခဲ့တာပဲပေါ့"

သူသည် ခယ့်ရှင်းယာကိုသာ စိုက်ကြည့်နေဆဲ ဖြစ်ပြီး အဖြေတစ်ခုအား ဇွတ်အတင်း မေးမြန်းနေခဲ့သည်။ သို့သော် ကွမ်ရှီးလင်မှ မိမိသမီးအား အဖြေပေးရန် အတင်းအကြပ် ဖိအား ပေးနေသည်အား မြင်သောအခါ ခယ့်ရှင်းယာ၏ မိခင် ဖြစ်သူမှာ ဒေါသ ထွက်သွားလေတော့သည်။

"ရှောင်ယာက သဘောတူတယ်ပဲ ထားဦးတော့ ဘာဖြစ်လဲ ကွမ်ရှီးရွမ်းနဲ့ လက်ထပ်ရတာက နင်နဲ့ လက်ထပ်ရတာထက် ပိုဆိုးသွားမှာမို့လို့လား နင့်ကိုယ်နင် ပြန်ကြည့်စမ်း နင့်မှာ ဘာရှိလို့လဲ နင့်မှာ မိဘတွေတောင် မရှိတာ ကွမ်မိသားစုထဲမှာ နင့်ရဲ့ အဆင့်အတန်းက ကွမ်ရှီးရွမ်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"

ခယ့်မိခင်၏ စကားလုံးများသည် ပြတ်သားလှကာ ခနဲ့တဲ့တဲ့ လေသံများ စွန်းထင်းနေလျှက် သူမမှ ဆက်ပြောလိုက်သည်။

"နင် လုံးဝ လက်လျှော့သွားအောင် ကုန်ကုန် ပြောလိုက်မယ် ကွမ်မိသားစုရဲ့ လူကြီးတွေက ငါတို့ကို အကုန်ပြောပြပြီးသား နောက်သုံးလနေရင် ကျင်းပမယ့် ကွမ်မိသားစုရဲ့ မျိုးနွယ်စု ခေါင်းဆောင်ငယ် ရွေးချယ်ပွဲမှာ ကွမ်ရှီးရွမ်းက သေချာပေါက် အနိုင်ရပြီး ခေါင်းဆောင်ငယ် ဖြစ်လာမှာ အဲ့ဒီတော့ ငါတို့ ရှောင်ယာက မကြာခင်မှာ ခေါင်းဆောင်ငယ်ရဲ့ ဇနီး ဖြစ်လာတော့မှာပေါ့ ပြီးတော့ နောင်ကျရင် ရှီးရွမ်းက မိသားစုရဲ့ အကြီးအကဲအဖြစ် တရားဝင် အာဏာ လွှဲပြောင်းယူတဲ့အခါကျရင် သူက ကွမ်မိသားစု အကြီးအကဲရဲ့ ဇနီး ဖြစ်လာဦးမှာ အကယ်လို့ သူက နင့်ကို လက်ထပ်ရင် ဘာရမှာလဲ"

ခယ့်မိခင်၏ စကားများအား ကြားရသော်လည်း ကွမ်ရှီးလင် မည်သည်ကိုမှ ပြန်မပြောခဲ့ပေ။ သူသည် မိခင်ဖြစ်သူ၏ အနောက်တွင် ပုန်းကွယ်နေသော ခယ့်ရှင်းယာအား တည်ငြိမ်လေးနက်သော မျက်လုံးများဖြင့် ခေတ္တမျှ စိုက်ကြည့်နေ ပြီးနောက် ရုတ်တရက် လှည့်ထွက်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာ သွားလေတော့သည်။

ခယ့်ဖခင်သည် သူ၏ ညာဘက်လက်မောင်းသည် ခန္ဓာကိုယ်၏ ဘေးတွင် ချည့်နဲ့စွာ တွဲလောင်းကျနေသည်အား မြင်လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်မေးလိုက်သည်။

"သူ့ရဲ့ ညာဘက် လက်မောင်းက ဘာဖြစ်လို့ ဒုက္ခိတ ဖြစ်သွားသလို ပုံစံပေါက်နေရတာလဲ"

ခယ့်မိခင်မှ မည်သည်မှ မဖြစ်သကဲ့သို့ လေသံဖြင့် ပြန်ဖြေလိုက်သည်။

"သူ ဘာဖြစ်ဖြစ် ရှင်က ဘာလို့ လိုက်ပူနေတာလဲ ဘာပဲဖြစ်ဖြစ် အခုချိန်ကစပြီး ငါတို့ ရှောင်ယာနဲ့ သူနဲ့ ဘာမှ မပတ်သက်တော့ဘူးလေ"

"သမီး အခန်းထဲ ပြန်ဝင်တော့မယ်"

ခယ့်ရှင်းယာ ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် အခန်းထဲသို့ ပြန်ဝင်သွားခဲ့ကာ တံခါးအား ပိတ်လိုက်ပြီးနောက် မှန်တင်ခုံဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်လေတော့သည်။ သူမသည် မိမိ၏ အလှပြင် သေတ္တာထဲရှိ သစ်သားဆံထိုးလေးအား ခေတ္တမျှ စိုက်ကြည့်နေ ပြီးနောက် ရုတ်တရက် ၎င်းအား ကောက်ကိုင်ကာ အခန်းထောင့်ရှိ ခြင်းတောင်းထဲသို့ လွှင့်ပစ် လိုက်တော့သည်။

"ငါ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာ ငါ နောင်တရမှာ မဟုတ်ဘူး ငါ သေချာပေါက် နောင်တရမှာ မဟုတ်ဘူး"

သူမသည် မိမိ၏ ရင်ထဲတွင် ဖြစ်ပေါ်နေသော မသက်မသာ ခစားချက်လေးအား မောင်းထုတ်လိုက် ပြီးနောက် သူမ၏ မျက်လုံးများတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်လာတော့သည်။ ကွမ်ရှီးလင် သူမအပေါ် မည်မျှပင် ကောင်းမွန်စေကာမူ သူသည် သူမ လိုချင်သော အရာများအား ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

All Chapters