အခန်း ၇၈
Vol. 6 Ch. 78
အခန်း (၇၈) တစ္ဆေသမားတော်၏ ကျော်စောမှု
"ငါ ပြန်လာပြီ"
ခြံဝင်း အတွင်း၌ ဖုန်းကျို့သည် မျက်နှာပင့်လျှက် ကွမ်ရှီးလင် ရှိရာဘက်သို့ လှမ်းကြည့် လိုက်လေသည်။ သူ ဒေါသတကြီးဖြင့် ပြန်လာသည်အား မြင်သောအခါ သူမမှ ပြုံးလျက် မမေးဘဲ မနေနိုင်တော့ချေ။
"ဘာဖြစ်လာတာလဲ။ ဘယ်သူက အစ်ကိုကြီးကို ဒေါသထွက်အောင် လုပ်လိုက်လို့လဲ"
"ငါ ခယ့်မိသားစုရဲ့ အိမ်တော်ကို သွားခဲ့တာ"
ကွမ်ရှီးလင်သည် စားပွဲနားသို့ လျှောက်လာကာ ထိုင်ချလိုက် ပြီးနောက် ရေတစ်ခွက်အား ငှဲ့ယူလျှက် တစ်ကျိုက်တည်း ကုန်အောင် သောက်ချလိုက်တော့သည်။
"ခယ့်မိသားစု ဟုတ်လား"
သူမ၏ မျက်လုံးများထဲ၌ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ညီမလေးက အစ်ကို ကွမ်မိသားစုဆီ ပြန်သွားတယ်လို့ ထင်နေတာ"
"ငါ ကွမ်မိသားစုဆီ အခုချက်ချင်း ပြန်မသွားသေးဘူး နောက်သုံးလကြာတဲ့ အထိ စောင့်ပြီးမှ ပြန်သွားမယ် ပြီးတော့ ဒီသုံးလ အတွင်းမှာ ငါ သီးသန့် တံခါးပိတ် ကျင့်ကြံတော့မယ်"
ထိုစကားအား ကြားသောအခါ ဖုန်းကျို့ အနည်းငယ် အံ့အားသင့်သွားခဲ့ကာ မျက်တောင် တဖျတ်ဖျတ်ခတ်လျှက် မေးလိုက်လေသည်။
"အပြင်ကို ခဏလေးပဲ ထွက်သွားတာလေ ဘာတွေက အစ်ကို့ကို ဒီလောက်အထိ ဒေါသထွက်သွားစေရတာလဲ"
ကွမ်ရှီးလင်သည် ခယ့်မိသားစုမှ လူများ သူ့အား ပြောဆိုခဲ့သမျှ စကားလုံးတိုင်းကို သူမအား ပြန်လည်၍ ပြောပြလိုက်လေတော့သည်။ နောက်ဆုံးတွင် သူသည် ပြတ်သားစွာ ပြောလိုက်သည်။
"ဒါကြောင့် အစ်ကို ဆုံးဖြတ်လိုက်ပြီ သူတို့ လက်ထပ်ချင်ရင်လည်း လက်ထပ်ကြပါစေ ဘာပဲဖြစ်ဖြစ် နောက်သုံးလနေရင် ကျင်းပမယ့် မျိုးနွယ်စု ရွေးချယ်ပွဲကျရင် အစ်ကို ကွမ်ရှီးရွမ်းကို မြေလှန်ပစ်မယ် ငါ ကွမ်ရှီးလင်ဆိုတာ အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာ သူတို့အားလုံးကို ငါ သိအောင် လုပ်ပြမယ်"
သူသည် သူတို့အားလုံးကို နောင်တရအောင် လုပ်ပြရမည် ဖြစ်သည်။ ခယ့်မိသားစုတင် မကဘဲ ကွမ်မိသားစုမှ လူကြီးများ အကုန်လုံး နောင်တရသွားစေရမည်။ သူတို့အားလုံးမှ သူသည် ကွမ်ရှီးရွမ်းထက် နိမ့်ကျသည်ဟု ထင်နေကြသော်လည်း ကွမ်ရှီးရွမ်းသည် သူ့အား မည်သို့မျှ မယှဉ်နိုင်ကြောင်း သူ သူတို့အားလုံးကို သက်သေပြ၍ နားလည်သွားအောင် လုပ်ပြမည် ဖြစ်သည်။ ဖုန်းကျို့မှ ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"အင်း သဘောတူတယ် ညီမ အခုလေးတင်ပဲ လန်ရွှမ်ကို မှောင်ခိုဈေးကွက်ဆီ သွားခိုင်းထားတယ် ဒီသုံးလ အတွင်းမှာ အစ်ကိုရဲ့ လက်မောင်းကို မူလအတိုင်း ပြန်ကောင်းလာအောင် ညီမ သေချာပေါက် လုပ်ပေးမယ်"
ထိုစကားအား ကြားသောအခါ သူ၏ နှလုံးသားမှာ ချက်ချင်းဆိုသလို နွေးထွေးသွားရခဲ့ရကာ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ပြောလိုက်သည်။
"ရှောင်ကျို့ ကျေးဇူးတင်ပါတယ်"
"အစ်ကိုက ညီမရဲ့ အစ်ကိုကြီးပဲဟာ ကျေးဇူးတင်နေစရာ ဘာလိုလဲ ကဲ အစ်ကိုလည်း အခန်းထဲ ပြန်ပြီး သွားကျင့်ကြံတော့ အစ်ကို့ လက်မောင်း ပြန်မကောင်းခင်မှာ စိတ်စွမ်းအားကျင့်စဉ်ကို သေချာ ကျင့်ထားမှသာ အချိန်တန်လို့ လက်ပြန် ကောင်းလာတဲ့အခါ အစ်ကိုရဲ့ ကြိုးစားမှုတွေက ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိလိမ့်မယ်"
"ကောင်းပြီ ဒါဆို အစ်ကို အခန်းထဲ ပြန်သွားတော့မယ်"
ကွမ်ရှီးလင်မှ မတ်တပ်ရပ်ကာ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
နောက်ရက် အနည်းငယ်သည် အေးချမ်းသော်လည်း အလုပ်များလွန်းလှသည်။ ကွမ်ရှီးလင်သည် စိတ်စွမ်းအားကျင့်စဉ်အား ကျင့်ကြံရန် အလုပ်များနေလျှက် ရှိကာ ဖုန်းကျို့မှာမူ သူမ၏ ကိုယ်ခံပညာ ကျင့်စဉ်များနှင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းများတွင် အလုပ်များနေလျှက် ရှိသည်။ သူတို့၏ နေ့ရက်များသည် အလုပ်ကိုယ်စီဖြင့် ပြည့်နှက်နေသောကြောင့် အချိန်များသည် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့တော့သည်။
သတိမထားမိလိုက်ဘဲ သူတို့ တိမ်လွှာ လမင်းမြို့တော်သို့ ရောက်ရှိ လာခဲ့သည်မှာ နှစ်လတိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်းချင်း လဲလှယ်သည့် နည်းလမ်းအား အသုံးပြုကာ ဖုန်းကျို့သည် သူမ လိုအပ်သော ဆေးဖက်ဝင်အပင်များ အားလုံးကို တစ်လမပြည့်မီ အချိန်အတွင်းမှာပင် စုဆောင်းနိုင်ခဲ့လေသည်။ ၎င်းနောက်တွင် သူမသည် နောက်ထပ် နှစ်ပတ်ခန့် အချိန်ယူကာ သူမ၏ အစ်ကိုကြီး၏ လက်မောင်းအား လုံးဝ မူလအတိုင်း ပြန်လည်၍ ကောင်းမွန်လာစေရန် ကုသပေးနိုင်ခဲ့သည်။
ဤနှစ်လတာ ကာလအတွင်း တိမ်လွှာ လမင်းမြို့တော်၌ ဖုန်းကျို့၏ နာမည်သည် တဖြည်းဖြည်းနှင့် ကျော်ကြားလာခဲ့လေသည်။ အခြားသော အကြောင်းရင်းကြောင့် မဟုတ်ဘဲ မှောင်ခိုဈေးကွက်သို့ ခြေတစ်လှမ်းမျှ မနင်းဖူးသော လူများပင် တိမ်လွှာ လမင်းမြို့တော်တွင် 'တစ္ဆေသမားတော်' တစ်ဦး ပေါ်ထွန်းနေကြောင်း ကြားသိ ခဲ့ရသည့်အတွက် ဖြစ်သည်။ ထိုသူသည် ထူးချွန်သော ဆေးပညာ စွမ်းရည်များအား ပိုင်ဆိုင်ထားရုံ သာမက ဆေးဖော်စပ်ခြင်း အပိုင်းတွင်လည်း အလွန်အမင်း ကျွမ်းကျင်လှသူ ဖြစ်သည်။
သို့သော်လည်း လျှို့ဝှက် ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပြီး ဘယ်သောအခါမျှ အပြင်တွင် မည်သူမှ မမြင်ဖူးသည့် ဒဏ္ဍာရီလာ အထွတ်အမြတ် နဂါးတစ်ကောင် ကဲ့သို့ပင် လူများသည် တစ္ဆေသမားတော်၏ ကျော်စောမှုကိုသာ ကြားဖူးကြပြီး လူချင်းမူ လုံးဝ မမြင်တွေ့ဖူးကြပေ။
အကယ်၍ တိမ်လွှာ လမင်းမြို့တော် တစ်ခုလုံးတွင် တစ္ဆေသမားတော်သည် မည်သူ ဖြစ်ကြောင်း သိရှိသူ ရှိမည်ဆိုလျှင် ၎င်းသည် မှောင်ခိုဈေးကွက်၏ ကိုယ်စားလှယ်များသာ ဖြစ်ပေလိမ့်မည်မှာ သေချာလှသည်။ သို့သော်လည်း မှောင်ခိုဈေးကွက် ဆိုသည်မှ သာမန် အင်အားစု တစ်စု မဟုတ်ချေ။ မှောင်ခိုဈေးကွက်၏ သြဇာလွှမ်းမိုးမှုသည် နိုင်ငံအများအပြားသို့ ပြန့်နှံ့နေလျှက် ရှိကာ သူရိယတေဇ နိုင်ငံတော်၏ အုပ်ချုပ်သူ ဘုရင်မင်းမြတ်ပင်လျှင် တစ္ဆေသမားတော်သည် မည်သူမည်ဝါ ဖြစ်ကြောင်းအား ဖော်ထုတ်ရန် မှောင်ခိုဈေးကွက်၏ ပါးစပ်အား ဖြဲဟကာ ဖွင့်ခိုင်းနိုင်စွမ်း မရှိပေ။
အင်အားစုမျိုးစုံသည် လူချင်း တွေ့ဆုံခွင့်ရရန် အမည်မဖော်ဘဲ လာရောက် တောင်းဆိုကြသော်လည်း သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် ငြင်းပယ်ခံခဲ့ရလေသည်။ သူရိယတေဇ နိုင်ငံ၏ အုပ်ချုပ်သူ ဘုရင်မင်းမြတ် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ချိန်တွင်ပင် တစ္ဆေသမားတော်အား လူချင်း မတွေ့ဆုံနိုင်ခဲ့ချေ။
ထို့ကြောင့်ပင် တစ္ဆေသမားတော်၏ အမှတ်အသားမှာ ပို၍ပို၍ လျှို့ဝှက် ဆန်းကြယ်လာခဲ့ကာ လူတိုင်း၏ စူးစမ်းလို စိတ်အား ပိုမို၍ ကြီးထွား လာစေတော့သည်။
အာရုံတက်ချိန် ခြံဝင်းအတွင်း၌
ဖုန်းကျို့သည် လန်ရွှမ်၏ မောင်ဖြစ်သူ လန်ဟွာအား ထိုက်ကျိ ကိုယ်ခံပညာ သင်ကြားပေးနေစဉ် အဝေးမှနေ၍ ကွမ်ရှီးလင်၏ ဝမ်းသာပီတိ ဖြစ်နေသော အသံအား ကြားလိုက်ရသည်။
"ရှောင်ကျို့ မက်မွန်ပွင့် ဘုန်းကြီးကျောင်းက မက်မွန်ပန်းတွေ ပွင့်နေပြီကွ ညီမလေး သွားကြည့်ချင်တယ်လို့ ပြောထားတယ် မဟုတ်လား ဒီနေ့ အစ်ကိုကြီး ညီမလေး နဲ့အတူ လိုက်ခဲ့ပေးမယ်လေ"
ဖုန်းကျို့သည် သူမ၏ ကိုယ်ဟန် အမူအရာအား ဖြည်းညှင်းစွာ အဆုံးသတ်ကာ အသက်အား ဝဝရှူသွင်းလိုက်ပြီးနောက် လန်ဟွာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်း ဆက်ပြီး လေ့ကျင့်နေဦး"
ထို့နောက်မှ ဖုန်းကျို့သည် ကွမ်ရှီးလင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အစ်ကိုကြီး ညီမ လန်ရွှမ်ကို ပြင်ဆင်စရာ ရှိတာတွေ သွားပြင်ခိုင်း ထားပြီးပြီ ခဏနေရင် သူ အဆင်သင့်ဖြစ်လိမ့်မယ် ဒါပေမဲ့ ဟဲဟဲ အစ်ကိုတော့ လိုက်မလာတာပဲ ကောင်းမယ်"
သူ့အား လိုက်ခွင့်မပြုကြောင်း ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကွမ်ရှီးလင် ပြာယာခတ်သွားခဲ့ကာ ကမန်းကတန်း ပြောလေတော့သည်။
"အစ်ကိုက ဘာလို့ လိုက်လို့ မရရတာလဲ ဒီလမ်း ခရီးမှာ လန်ရွှမ်နဲ့ နင် နှစ်ယောက်တည်း သွားလို့ ဘယ်ဖြစ်ပါ့မလဲ လမ်းမှာ တစ်ခုခု ပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ"