← Chapters

အခန်း ၇၉

Vol. 6 Ch. 79

အခန်း ၇၉

Vol. 6 Ch. 79

အခန်း (၇၉) မတ်လ၏ မက်မွန်ပန်းများ ပွင့်လန်းခြင်း

ဖုန်းကျို့မှ ရယ်မောလျက် ပြောလိုက်သည်။

"ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်ရမှာလဲ လန်ရွှမ်က ဘယ်လောက်တောင် အရည်အချင်း ရှိတယ်ဆိုတာ အစ်ကိုလဲ သိသားပဲ ပြီးတော့ အစ်ကိုက နောက်လ ကွမ်မိသားစုက လူတွေ အကုန်လုံးရဲ့ ရှေ့မှာ ကွမ်ရှီးရွမ်းကို အနိုင်ယူချင်တယ်ဆိုတာ မမေ့နဲ့နော် ဒါကြောင့် အစ်ကိုက ကျင့်ကြံဖို့ အချိန်ပိုပေးသင့်တယ် မဟုတ်ဘူးလား"

ဖုန်းကျို့သည် ခဏမျှ ရပ်နားလိုက် ပြီးနောက် ဆက်ပြောလိုက်သည်။

"ပြီးတော့ မက်မွန်ပွင့် ဘုန်းကြီးကျောင်းက ရှုခင်းတွေ အရမ်းလှတယ်လို့ ညီမလေး ကြားထားတယ် အဲ့ဒီမှာ ရက်နည်းနည်း နေပြီးမှ ပြန်လာဖို့ စီစဉ်ထားတယ်"

"ရက်နည်းနည်း နေဦးမယ် ဟုတ်လား"

ကွမ်ရှီးလင် မှ အံ့အားသင့်သွား ပြီးနောက် ပြောလိုက်သည်။

"ဒါပေမဲ့ မက်မွန်ပွင့် ဘုန်းကြီးကျောင်းက ဘယ်သူ့ကိုမှ ညအိပ်ညနေ တည်းခိုခွင့် မပြုဘူးလေ"

ဖုန်းကျို့မှ ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။

"သူတို့ တစ်ခါမှ ခွင့်မပြုခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ဒါဘာလဲ ဆိုတာ ကြည့်လိုက်စမ်း"

သူမသည် သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ရာအား ထုတ်ယူလိုက်ကာ ကွမ်ရှီးလင်၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်လေသည်။

ကွမ်ရှီးလင်သည် သူမ၏ လက်ထဲမှ ၎င်းအား ယူကာ သေချာ ကြည့်လိုက် ပြီးနောက် သူ၏ မျက်လုံးများ အလိုလို ပြူးကျယ်သွားခဲ့ကာ အံ့သြတကြီး အော်ပြောလိုက်တော့သည်။

"မြေပိုင်ဆိုင်ခွင့် စာချုပ် မက်မွန်ပွင့် ဘုန်းကြီးကျောင်းရဲ့ မြေပိုင်ဆိုင်ခွင့် စာချုပ်လား ဘယ်လို ဘယ်လိုလုပ်ပြီး နင် ဒါကို ရလာတာလဲ"

(သူတို့ အချင်းချင်း မောင်နှမများ ကဲ့သို့ စကားပြောလျှင် နင် ငါ ဆိုသည်အား အလျှင်းသင့်သလို ထည့်သုံးသွားပါမည်)

"ပြီးခဲ့တဲ့လက မှောင်ခိုဈေးကွက်မှာ လူတစ်ယောက်က ညီမကိုလာတွေ့ဖို့ တောင်းဆိုခဲ့တယ်လေ အစကတော့ ညီမ ဂရုမစိုက်ခဲ့ဘူး ဒါပေမဲ့ အခကြေးငွေက မက်မွန်ပွင့် ဘုန်းကြီးကျောင်း ဖြစ်နေတာကို မြင်တော့ ညီမလဲ လက်ခံလိုက်တာ ဒါကြောင့် အခုချိန်ကစပြီး အဲ့ဒီနေရာက ညီမတို့ အပိုင် လုံးလုံးလျားလျား ဖြစ်သွားပြီ"

သူမမှ ပြုံးဖြီးဖြီး လုပ်ကာ မြေပိုင်ဆိုင်ခွင့် စာချုပ်အား ပြန်သိမ်းလိုက်ရင်း ပြောလိုက်သည်။

"လတ်တလော ညီမမှာ အချိန်နည်းနည်း အားနေတာနဲ့ အဲ့ဒီကို သွားကြည့်ဖို့ တွေးလိုက်တာလေ တစ်ချက်က ပန်းလေးတွေရဲ့ အလှကို သွားခံစားလို့ရမယ် နောက်တစ်ချက်က အဲ့ဒီနေရာကို သေချာလေး သွားလေ့လာလို့ရမယ် အကယ်လို့ နေရာက သင့်တော်တယ်ဆိုရင် တစ္ဆေသမားတော် အတွက် အခြေချစခန်း အဖြစ် ညီမ အသုံးပြုလိုက်မယ်"

ကွမ်ရှီးလင်၏ မျက်လုံးများ အရောင်လက်သွားခဲ့ကာ သူမှ ပြောလိုက်လေသည်။

"မက်မွန်ပွင့် ဘုန်းကြီးကျောင်းက မက်မွန်ပန်းတွေက တော်တော် ကျယ်ပြန့်တဲ့ ဧရိယာအထိ ပွင့်ကြတာ အပြင်ဘက် အစွန်အဖျားမှာလည်း အရောင်အသွေးစုံလင်တဲ့ မက်မွန်ပန်းတွေနဲ့ ပြည့်နှက်နေတာ နာမည်ကသာ မက်မွန်ပွင့် ဘုန်းကြီးကျောင်းလို့ ခေါ်တာ တကယ်တမ်းကျတော့ ဘုန်းကြီးကျောင်းတွေနဲ့ ဘာမှမဆိုင်ဘူး ငါ အရင်က အဝေးကနေ တစ်ခါ မြင်ဖူးသေးတယ် အထဲက ခြံဝင်းတွေနဲ့ မဏ္ဍပ်တွေက အရမ်းကို သပ်ရပ်ပြီး လှလွန်းတယ် ပြီးတော့ လူတွေ ဝင်ခွင့်မရှိတဲ့ အတွင်းပိုင်းက မက်မွန်ပန်းတွေက တခြားနေရာကနေ ပြောင်းစိုက် ထားတာဖြစ်လို့ တစ်နှစ်ပတ်လုံး ပွင့်နေကြတယ်လို့လည်း ကြားဖူးသေးတယ် သူတို့က လူတွေ စိတ်ကူးယဉ်နိုင်တာထက် ပိုလှတယ်တဲ့"

ထိုစကားအား ကြားသောအခါ ဖုန်းကျို့သည် သူ့အား မျက်စောင်းလေးထိုးကာ နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်၊

"ငါ့အစ်ကိုကြီးက ဒီအကြောင်း တော်တော်များများ သိနေပုံရတယ်နော်"

ကွမ်ရှီးလင်မှ ခေါင်းကုတ်လိုက်ကာ ရှက်ကိုးရှက်ကန်း ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ငါ အရင်တုန်းက သူငယ်ချင်းတချို့နဲ့ အဲ့ဒီကို သွားဖူးလို့ ဒီအကြောင်းတွေ သိနေတာပါ"

သူ စကားပြောနေစဉ် ဖုန်းကျို့သည် သူ့အား အပြုံးကြီးကြီးဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်အား မြင်သောအခါ သူသည် လက်ကာပြရင်း ပြောလိုက်လေသည်။

"နင်တို့သာ သွားကြပါ ဒီတစ်ခေါက် ငါ လိုက်မသွားတော့ဘူး နောက်တစ်ခေါက် သွားမယ့်အထိ ငါ စောင့်လိုက်မယ်"

"အင်း ဟိုဘက်မှာ ညီမတို့ အကုန် အဆင်သင့် ဖြစ်သွားရင် အစ်ကိုနဲ့ လန်ဟွာတို့ လာဖို့ နောက်ကျမှာ မဟုတ်ပါဘူး"

ဖုန်းကျို့မှ ခေါင်းညိတ်လိုက်ကာ ထိုက်ကျိ ကျင့်ကြံနေဆဲ ဖြစ်သော လန်ဟွာဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဒီကို လာခဲ့"

လန်ဟွာသည် သူ၏ ကိုယ်ဟန် အမူအရာအား ဖြည်းညှင်းစွာ အဆုံးသတ်ကာ သက်ပြင်းချ လိုက် ပြီးနောက် အပြေးလေး ရောက်လာခဲ့သည်။

"သခင်မလေး"

သူ သတိပြန်လည် လာစဉ်တည်းမှ သူ၏ ကျန်းမာရေးသည် တစ်နေ့တခြား တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ယခင်တွင် ခြေလှမ်း အနည်းငယ်ပင် လျှောက်ရန် ခက်ခဲခဲ့သော သူသည် ယခုအခါ သခင်မလေးထံမှ ထိုက်ကျိ ကိုယ်ခံပညာကိုပင် သင်ယူနိုင်နေပြီ ဖြစ်သည်။

ပျော့ညံ့ပြီး ချည်းနဲ့သော ကိုယ်ခံပညာ အကွက်များ ပါဝင်သည့် ထိုက်ကျိသည် အထူးတလည် အသုံးမဝင်လှ ဟု သူ ထင်ခဲ့သော်လည်း သခင်မလေးမှ ၎င်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း ပြောခဲ့သဖြင့် သူ ဆက်လက် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်လတာ ကာလအတွင်း အနည်းငယ် ဝဖြိုးလာသော လူငယ်လေးအား ကြည့်ကာ ဖုန်းကျို့မှ ပြုံးလျက် သတိပေးလိုက်လေသည်။

"မင်းအစ်မနဲ့ ငါ မက်မွန်ပွင့် ဘုန်းကြီးကျောင်းကို သွားမယ် မင်း ဒီမှာနေခဲ့ပြီး ကျန်းမာရေး ပြန်ကောင်းလာအောင် သေချာဂရုစိုက်ထား ပြီးတော့ ငါ့အစ်ကိုကြီးကိုလည်း သေချာစောင့်ကြည့်ပေးဦး သူ ပျင်းမနေအောင်လို့"

လန်ဟွာသည် ဘေးမှ ကွမ်ရှီးလင်အား လှမ်းကြည့်လိုက်ကာ လေးနက်စွာ ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ သခင်လေးကို ကျွန်တော် သေချာစောင့်ကြည့်ပေးပါ့မယ်"

"ငါ့ကို ဘာလို့ သူ့ကို စောင့်ကြည့်ခိုင်းရမှာလဲ ဒီကလေးက သူ့ဘာသာသူ ဂရုစိုက်နိုင်ရင်ပဲ တော်လှပြီ"

ကွမ်ရှီးလင်မှ သူ့ဘာသာသူ တီးတိုးလေး ရေရွတ်လိုက်မိသည်။ ဖုန်းကျို့သည် သူ့အား လျစ်လျူရှုလိုက်ကာ ဆက်ပြောလိုက်သည်။

"နောက်တစ်ခုက မင်း ထိုက်ကျိကို နေ့တိုင်း ညတိုင်း မှန်မှန်ကျင့်ရမယ်နော်"

"ဟုတ်ကဲ့ပါ"

လန်ဟွာမှ ထပ်မံ သဘောတူလိုက်လေသည်။

ထိုအချိန်တွင် လန်ရွှမ်သည် အနက်ရောင် ဝတ်စုံ အပြည့်ဖြင့် ဝင်ရောက် လာခဲ့လေသည်။ သူတို့အားလုံး ခြံဝင်းထဲတွင် ရှိနေသည်အား မြင်သောအခါ သူမသည် ဖုန်းကျို့ထံ လျှောက်လာပြီး ပြောလိုက်သည်။

"သခင်မ မြင်းလှည်း အဆင်သင့်ဖြစ်ပါပြီ"

"အင်း ငါ အဝတ်အစား ခဏသွားလဲပြီးရင် ထွက်ကြတာပေါ့"

ဖုန်းကျို့မှ ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် နောက်သို့ လှည့်ကာ သူမ၏ အခန်းဘက်သို့ လျှောက်သွားလေတော့သည်။

လန်ရွှမ်သည် သူမ၏ မောင်ဖြစ်သူဘက်သို့ လှည့်လိုက်သည်နှင့် အကြည့်များသည် နူးညံ့သွားခဲ့ကာ ညင်သာစွာ သတိပေးလိုက်လေသည်။

"အစ်မ သခင်မလေးနဲ့ အပြင်လိုက်သွားမလို့ မင်း အိမ်မှာ ကျန်းမာရေး သေချာဂရုစိုက်နော်"

လန်ဟွာမှ ခေါင်းညိတ်ပြကာ စိုးရိမ်တကြီးဖြင့် မှာတမ်းချွေလိုက်လေသည်။

"မမ သခင်မလေးကို သေချာ ကာကွယ်ပေးနော် ဘယ်သူမှ သခင်မကို အနိုင်မကျင့်စေနဲ့"

All Chapters