အခန်း ၈၀
Vol. 6 Ch. 80
အခန်း (၈၀)
ထိုစကားများအား ကြားသောအခါ ကွမ်ရှီးလင်မှ ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။
"ဟုတ်တယ် နင် သူ့ကို သေချာ စောင့်ကြည့် ပေးရမယ်နော် အထူးသဖြင့် နှာဘူးကောင်တွေပေါ့ သူတို့ကို ရှောင်ကျို့နား အကပ်မခံနဲ့"
သူ တွေးမိလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်လေတော့သည်။
"တကယ်ဆို ငါလည်း သူနဲ့ လိုက်သွားသင့်တာ"
သို့သော် သနားစရာ ကောင်းသည်မှာ ရှောင်ကျို့သည် သူ့အား ခွင့်မပြုသည့် အပြင် သူကိုယ်တိုင်သည်လည်း အိမ်မှာနေ၍ ကျင့်ကြံနေရန် လိုအပ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသည့် အမူအရာအား မြင်သောအခါ လန်ရွှမ်မှ ပြောလိုက်သည်။
"သခင်လေး စိုးရိမ်စရာ မလိုပါဘူး သခင်မလေးကို ကျွန်မ သေချာ စောင့်ကြည့်ပေးပါ့မယ်"
သူမမှ ထိုသို့ပြော ပြီးနောက် လန်ဟွာဘက်သို့ လှည့်ကာ စကား အနည်းငယ် ထပ်ပြောလိုက်ကာ ဖုန်းကျို့ အခန်းထဲမှ ထွက်လာမည့် အချိန်အား စောင့်ရန် တံခါးအပြင်ဘက်သို့ လျှောက်သွား လိုက်လေတော့သည်။
မကြာမီမှာပင် ဖုန်းကျို့သည် အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားလျက် အခန်းတွင်းမှ ထွက်လာခဲ့ကာ လန်ရွှမ်နှင့်အတူ အပြင်သို့ ထွက်လာခဲ့တော့သည်။ သူတို့ မြင်းလှည်းပေါ်သို့ တက်လိုက်ပြီးနောက် ဖုန်းကျို့သည် တံခါးဝသို့ လိုက်ပို့ကြသော သူတို့နှစ်ဦးအား လှမ်းပြောလိုက်သည်။
"ညီမတို့ သွားတော့မယ် အိမ်ထဲ ပြန်ဝင်ကြတော့"
"လမ်းမှာ ဂရုစိုက်သွားကြနော်"
ကွမ်ရှီးလင်မှ လှမ်းမှာလိုက်ပြန်သည်။ တကယ်တမ်းတွင် ဤနေရာမှ မက်မွန်ပွင့် ဘုန်းကြီးကျောင်းသို့ မြင်းလှည်းဖြင့် လေးနာရီခန့်သာ သွားရသော်လည်း သူ့မှာမူ သူတို့ အဝေးကြီး သွားရမည် အလား မိခင်ကြီးတစ်ဦးကဲ့သို့ စိုးရိမ်တကြီးဖြင့် အထပ်ထပ်အခါခါ မှာကြားနေလေတော့သည်။
ဖုန်းကျို့သည် ပြတင်းပေါက်ရှိ လိုက်ကာများအား ချလိုက်ပြီးနောက် အပြင်ဘက်တွင် ထိုင်နေသော လန်ရွှမ်မှ မြင်းလှည်းသမားအား ထွက်ခွာရန် အချက်ပြလိုက်တော့သည်။ ထို့နောက် သူတို့သည် မက်မွန်ပွင့် ဘုန်းကြီးကျောင်းဆီသို့ ဦးတည်၍ ထွက်ခွာသွားကြကုန်တော့သည်။
တစ်ချိန်တည်းမှာပင် ဖုန်းအိမ်တော်၏ လခြမ်းသဏ္ဍာန်ခြံဝင်း အတွင်း၌
"ရှောင်ကဲ အဆင်သင့်ဖြစ်ပြီလား ယီရွှမ်က အပြင်မှာ စောင့်နေတာ မနက်တစ်ပိုင်းလုံး ရှိနေပြီ"
အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသော အရပ်မောင်း ကောင်းသည့် စစ်သူကြီးဖုန်းသည် အခန်းတံခါးအား ရံဖန်ရံခါ လှမ်းကြည့်ရင်း အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေသည်။ အခန်းတံခါး ပွင့်လာပြီးနောက် သူ၏ အဖိုးတန်သမီးလေး ထွက်လာသည်အား မြင်သောအခါမှ သူ အမြန်လျှောက် သွားလိုက်လေသည်။
"သမီးကို အဖေ ဘယ်လိုလုပ်ရမလဲ ရူယွမ် ထွက်သွားကတည်းက သမီးက အစေခံကိုတောင် အနားမကပ်ခိုင်းဘဲ အကုန်လုံး ကိုယ့်ဘာသာကိုယ် လုပ်နေတယ် ဒါက ဘာသဘောလဲ သမီးက ဖုန်းရှောင်ရဲ့ သမီးလေ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး အစေခံတွေက အစစအရာရာ သေချာ စီစဉ်ပေးပါလိမ့်မယ် အဖေ့စကား နားထောင်ပါ သမီးရယ် သမီးကို ပြုစုဖို့ ကိုယ်ပိုင် အစေခံ တစ်ယောက်လောက်တော့ ခေါ်ထားပါ အဆင်မပြေရင် အဖေကိုယ်တိုင် ဖုန်းအိမ်တော်ထဲကနေ တစ်ယောက် ရွေးပေးမယ်လေ"
ဖုန်းချင်ကဲ၏ မျက်လုံးများသည် ရွှင်လန်းမှုများဖြင့် ပြည့်နှက်နေခဲ့ကာ သူမ၏ အလွန်လှပသော မျက်နှာလေးထက်တွင် ချစ်စဖွယ် အမူအရာဖြင့် နှုတ်ခမ်းဆူလျှက် သူမသည် သူ၏လက်အား ဆုပ်ကိုင်လိုက်လေတော့သည်။
"အဖေရယ် အဲ့ဒီအတွက် စိတ်မပူပါနဲ့ ဒါလေးက အသေးအဖွဲ ကိစ္စလေးပါ သမီးဘာသာသမီး လုပ်နိုင်ပါတယ် ပြီးတော့ သမီးက ရဲရင့်တဲ့ စစ်သူကြီး ဖုန်းရှောင်ရဲ့ သမီးလေ အသေးအဖွဲ ကိစ္စလေးကအစ သူများ အကူအညီ ယူနေရရင် လူတွေက သမီးကို ပျော့ညံ့လွန်းတယ် အသုံးမကျဘူးလို့ ဝေဖန်ကြမှာပေါ့"
ထိုစကားအား ကြားသောအခါ ဖုန်းရှောင်၏ ထူထဲသော မျက်ခုံးကြီးများသည် ချက်ချင်း ပင့်တက်သွားခဲ့ကာ ဒေါသ မျက်လုံးများဖြင့် စိုက်ကြည့်လျှက် ပြောလိုက်သည်။
"ဘယ်သူက ဒီလိုပြောရဲတာလဲ ပြောတဲ့သူကို အဖေ သေချာ ပညာပေးလိုက်မယ်"
သူ၏ အသံသည် ခဏမျှ ရပ်တန့်သွား ပြီးနောက် ဆက်ပြောလိုက်သည်။
"သမီး မိန်းကလေးတွေဆိုတာ ယုယုယယ ထားရတာလေ ပြီးတော့ အဖေ့မှာ ဒီအဖိုးတန်သမီးလေး တစ်ယောက်ပဲ ရှိတာ သမီးကို အလိုမလိုက်ရင် ဘယ်သူ့ကို သွားအလိုလိုက်ရမှာလဲ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးကြတာပေါ့ အစ်ကိုကြီး မုရုံကို အကြာကြီး စောင့်ခိုင်းထားသလို ဖြစ်နေပြီ ဧည့်ခန်းကို မြန်မြန်သွားကြရအောင်"
သူမသည် ဖုန်းရှောင်၏ လက်အား ဆွဲကာ ဧည့်ခန်းဘက်သို့ ခေါ်သွားလေတော့သည်။
"သူ့ကို အကြာကြီး စောင့်ခိုင်းထားမှန်း သမီး သိသားပဲ အဲ့ဒါဆို ပြန်လာရင် ကိုယ်ပိုင် အစေခံ တစ်ယောက် မြန်မြန်ရှာ ဒါမှ သမီးအတွက် အချိန်အများကြီး သက်သာမှာ"
သူ ညည်းတွား ပြောဆိုနေသော်လည်း အသံသည် ကြမ်းတမ်းကာ မျက်နှာထားမှ တင်းမာနေသော်လည်း သူမအား ကြည့်သည့် အကြည့်များမှာမူ အလွန်ပင် ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အဖေပြောတာ အကုန်နားထောင်ပါ့မယ် ပြန်ရောက်ရင် ရှာပါ့မယ် ရှာပါ့မယ်"
သူမမှ အလျင်အမြန် သဘောတူ လိုက်လေတော့သည်။
ဖုန်းရှောင်မှ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြလိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ပြောလိုက်လေသည်။
"ဒါမှ အဖေ့သမီး"
ဧည့်ခန်းထဲတွင် မုရုံယီရွှမ်သည် သူကိုင်ထားသော လက်ဖက်ရည်ခွက်ထဲသို့ စိုက်ကြည့်ရင်း အနည်းငယ် ငေးမောနေလျှက် ရှိသည်။ လတ်တလောတွင် သူ၏ စိတ်ထဲ၌ ကျောက်တုံးသစ်တောမြို့၌ တွေ့ခဲ့ရသော အနီရောင်ဝတ်စုံနှင့် မိန်းကလေး အကြောင်း မကြာခဏ ပေါ်လာတတ်သည်။
အခြားသော အကြောင်းရင်းများကြောင့် မဟုတ်ဘဲ ရှင်းပြ၍ မရနိုင်သော ရင်းနှီးကျွမ်းဝင်မှု ခံစားချက်ကြောင့် ဖြစ်လေသည်။ ဖုန်းချင်းကဲသည် အစစ်မဟုတ်ဘဲ လူစားထိုး ခံထားရသည်ဟု သူ တစ်ချိန်တစ်ခါက သံသယ ရှိခဲ့ဖူးသော်လည်း သူတို့နှစ်ယောက်သာ သိသင့်သည့် ကိစ္စများအားလည်း ဤဖုန်းချင်ကဲမှ အကုန်သိနေလျှက် ရှိသည်။ ထိုသို့ဆိုလျှင် သူ အချိန်တိုင်း တွေးလွန်နေခဲ့ခြင်းများ ဖြစ်နေသည်လား။