အခန်း ၈၁
Vol. 6 Ch. 81
အခန်း (၈၁) တောင်ကို သုံးရက်ကြာ ပိတ်ထားခြင်း
သူ အတွေးများနေစဉ် အပြင်ဘက်မှ ရယ်မောသံအချို့အား ကြားလိုက်ရလေသည်။ ခေါင်းမော့ ကြည့်လိုက်လေရာ ဖုန်းချင်ကဲသည် ဖုန်းရှောင်အား ချစ်ခင်စွာ ဖက်တွယ်လျက် သူ့ထံ လျှောက်လာသည်အား မြင်လိုက်ရသည်။
သူတို့နှစ်ဦး မည်မျှ ရင်းနှီးကြသည်ကို ကြည့်၍ သူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့တော့သည်။ ဤ သားအဖ နှစ်ဦးသည် အမြဲတမ်း ရင်းနှီးခဲ့ကြသည် မဟုတ်ပါလား။ ဤမျှ ချစ်ခင်ရင်းနှီးမှုအား မည်ကဲ့သို့ ဟန်ဆောင်နိုင်လိမ့်မည်နည်း။ သူမသည်သာ ဖုန်းချင်ကဲအစစ် မဟုတ်ခဲ့လျှင် ဖုန်းရှောင်သည် မည်ကဲ့သို့ သတိမထားမိဘဲ နေလိမ့်မည်နည်း။
သို့သော် သူ မသိခဲ့သော အရာမှာ ဖုန်းရှောင် အတွက် သူ၏ မိသားစုသည် အလွန် အရေးကြီးလှသည်။ အကယ်၍ သူ တစ်စုံတစ်ယောက်အား သံသယ ဝင်ရမည်ဆိုလျှင်ပင် သူ၏ မိသားစုအား မည်သည့်အချိန်တွင်မျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။ သူမသည် သူ အလွန် ချစ်ခင်ရသော သမီး ဖြစ်နေသဖြင့် ပို၍ပင် မဖြစ်နိုင်ပေ။
သူမ အနည်းငယ် ပြောင်းလဲသွားသည်အား သူ သတိထားမိခဲ့လျှင်ပင် သူ့သမီးနှင့် ရုပ်တူသော သူတစ်ယောက်မှ နေရာဝင်ယူ ထားသည်ဆိုသည့် ယုတ္တိ မတန်သော အရာမျိုးကိုမူ မည်သည့် အခါမျှ တွေးမိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူ့အတွက်မူ သူမ မည်မျှပင် ဆိုးသွမ်းနေပါစေ သူမသည် အမြဲတမ်း သူ၏ မျက်စိအောက်တွင် ရှိသည့် အဖိုးတန် ရတနာလေးသာ ဖြစ်ချေသည်။ သူမ မည်သည့်အရာကို လုပ်သည် ဖြစ်စေ သူသည် အမြဲတမ်း သူမဘက်မှ ရပ်တည်ပေးမည်သာ ဖြစ်သည်။ အချစ်ဆိုသည်မှ ထိုကဲ့သို့ပင် ဖြစ်ချေတော့သည်။ သူသည် သူမအား ဘယ်သောအခါမျှ သံသယဝင်မည် မဟုတ်ပေ။
"အစ်ကိုကြီး မုရုံ"
ဖုန်းချင်ကဲသည် ဖုန်းရှောင်၏ လက်အား လွှတ်လိုက်ကာ သူ၏ အနားသို့ ပျော်ရွှင်စွာ ပြေးလာခဲ့သည်။ သူမ၏ မျက်လုံးများသည် တောက်ပနေလျှက် ရှိကာ ချစ်ခင် မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည့်အပြင် ရွှင်လန်းစွာဖြင့် မေးလိုက်သည်။
"အစ်ကိုကြီး စောင့်နေရတာ ကြာပြီလား"
သူသည် အတွေးများအား စုစည်းလိုက်ကာ စိတ်အား တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လက်ထဲရှိ လက်ဖက်ရည်ခွက်အား အမှတ်တမဲ့ ချလိုက်မိလေသည်။ ထို့နောက် မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"မကြာသေးပါဘူး ရောက်တာ သိပ်မကြာသေးပါဘူး"
သူသည် ဖုန်းရှောင်အား လှမ်းကြည့်လိုက်ကာ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
"ဦးလေးရှောင်"
ဖုန်းအိမ်တော်တွင် သူ၏ အဆင့်အတန်းသည် တတိယမင်းသား မဟုတ်ဘဲ အနာဂတ် သမက်တစ်ဦး ဖြစ်ကာ သူတို့ အတူတူ ကြီးပြင်းလာသည်အား ဖုန်းရှောင်မှ စောင့်ကြည့်ခဲ့သဖြင့် မျိုးဆက်သစ် တစ်ဦး အနေဖြင့် သူသည် ရိုသေစွာ ဆက်ဆံခြင်း ဖြစ်သည်။
"ဪ ယီရွှမ်ပဲ မင်း ရောက်နေမှတော့ ဒီကောင်မလေးကို အပြင်ခေါ်သွားပေးပါဦး မင်းရှိနေတော့ ငါလည်း စိတ်အေးရတာပေါ့"
ဖုန်းရှောင်မှ ရယ်မောလျက် ပြောလိုက်သည်။
"မက်မွန်ပွင့် ဘုန်းကြီးကျောင်းကို သွားဖို့က နှစ်နာရီလောက် ကြာတာ ဒီကောင်မလေးက အခုတောင် တော်တော် အချိန်ဆွဲပြီး နေပြီ အချိန်မဖြုန်းဘဲ မြန်မြန်သွားကြတော့"
"အဖေက သမီးတို့နဲ့ တကယ် အတူတူ မလိုက်တော့ဘူးလား အိမ်မှာ ဘာမှမလုပ်ဘဲ နေမယ့်အစား သမီးတို့နဲ့ လိုက်ခဲ့ပါလား အဲ့ဒါဆို သမီးက အဖေ့ကို အဖော်လုပ်ပေးပြီး ပန်းအလှတွေကို အတူတူ ခံစားလို့ရတာပေါ့ ရှုခင်းတွေက အရမ်းလှတာနော်"
သူမသည် ဖုန်းရှောင်၏ လက်မောင်းအား ချိတ်လျှက် ချွဲနွဲ့သည့် လေသံဖြင့် မေးလိုက်လေသည်။ ထိုစကားအား ကြားသောအခါ ဖုန်းရှောင်မှ ထပ်မံ၍ ရယ်မောလိုက်မိသည်။
"ဟား ဟား ဟား မလိုက်တော့ပါဘူး ယီရွှမ် ပါနေတာပဲ အဖေက ဘီးပိုကြီး ဖြစ်နေလိမ့်မယ် သွားကြပါ သွားကြပါ ဖြည်းဖြည်းမှ ပြန်လာလည်း ရပါတယ်"
သူသည် မုရုံယီရွှမ်အား ကြည့်ကာ ပြောလိုက်လေသည်။
"ယီရွှမ် ငါ့သမီးလေးကို သေချာ ဂရုစိုက်ပေးဖို့ ဒုက္ခပေးရဦးမယ်"
ဤအနာဂတ် သမက်အား သူ အလွန် နှစ်သက် ကျေနပ်နေမိသည်။ သူတို့နှစ်ဦးသည် အတူတူ ကြီးပြင်းလာခဲ့ကြကာ အပြန်အလှန် ချစ်ခင်မြတ်နိုးကြသဖြင့် လက်ထပ်ရန် ဆိုသည်သည် အချိန်ပြဿနာ တစ်ခုသာ ဖြစ်ကာ နေ့ရက်ရွေးရန်သာ ကျန်ရှိလေတော့သည်။
"ဦးလေးရှောင် စိတ်ချပါ ချင်းကဲကို ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်"
သူသည် မျက်နှာထက်တွင် သွေးရောင်လွှမ်းကာ ရှက်သွေးဖြာနေသော ဖုန်းချင်ကဲအား ကြည့်လိုက်လေသည်။ သူ၏ ရင်ထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များအား ဖုံးကွယ်ရန် အတွက် သူသည် တောက်ပသော အပြုံးတစ်ခုအား ထုတ်ဖော် ပြသလိုက်လေတော့သည်။
ဖုန်းရှောင်သည် သူတို့အား မြင်းလှည်းနား အထိ လိုက်ပို့ပေးပြီး မြင်းလှည်း မျက်စိအောက်မှ ပျောက်ကွယ်သွားသည် အထိ စောင့်ကြည့်ပြီးမှသာ ဖုန်းအိမ်တော် အတွင်းသို့ ပြန်လည် ဝင်သွားလေတော့သည်။
မက်မွန်ပွင့်ဘုန်းကြီးကျောင်းတွင်
မက်မွန်ပွင့် ဘုန်းကြီးကျောင်း အတွင်းရှိ လမ်းငယ်လေး တစ်လျှောက် လမ်းလျှောက်လာရင်း ရှုခင်းများသည် လှပလွန်းလှသဖြင့် ဖုန်းကျို့ တစ်ယောက် ကြည့်လေလေ ပို၍ ပျော်ရွှင်လေလေ ဖြစ်နေခဲ့ရတော့သည်။ ခြေလှမ်းတိုင်းတွင် သူမ မြင်တွေ့ရသမျှအား အလွန် ကျေနပ်အားရနေလျှက် ရှိကာ ဤနေရာသည် အကောင်းဆုံးနေရာ ဖြစ်သည်မှာ သံသယ ဝင်စရာပင် မလိုအပ်ပါချေ။ ကျင့်ကြံရန် အတွက်သာမက ကျန်းမာရေး ပြန်လည် ကောင်းမွန်စေရန် အတွက်ပါ အလွန် အကျိုးရှိလှပေသည်။
မက်မွန်ပွင့် ဘုန်းကြီးကျောင်းသည် တိမ်လွှာ လမင်းမြို့တော်၏ တောင်ဘက်ခြမ်းတွင် တည်ရှိလျှက် ရှိသည်။ တောင်တစ်ခုလုံးတွင် အရောင် အသွေး စုံလင်ပြီး မျိုးကွဲ ပေါင်းစုံရှိသော မက်မွန်ပန်းများဖြင့် ပြည့်နှက်နေလျှက် ရှိသည်။ အလှအပများသည် အဆုံးအစမရှိအောင်ပင် ဖြစ်နေချေတော့သည်။
မက်မွန်ပွင့်ဘုန်းကြီးကျောင်းသည် ဤဉယျာဉ်၏ အတွင်းပိုင်းတွင် တည်ဆောက် ထားပြီး တားမြစ်နယ်မြေ ဖြစ်သဖြင့် ပြင်ပလူများ လုံးဝ ဝင်ရောက် လည်ပတ် ခွင့်မရှိပေ။
နှစ်စဉ် မက်မွန်ပန်းများ အပြည့်အဝ ပွင့်လန်းသည့် မတ်လ အတွင်း၌သာ ဤနေရာသည် ဧည့်သည်များစွာအား ဆွဲဆောင်နိုင်သော ရှုခင်းသာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ လူအများအပြားသည် မက်မွန်ပန်းတောင်၏ အပြင်ဘက် အစွန်အဖျားတွင်သာ သဘာဝအလှတရားများအား ခံစားရင်း ဤအံ့မခန်း မြင်ကွင်းအား ကြည့်ရှုရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ အများစုသည် မက်မွန်ပွင့်ဘုန်းကြီးကျောင်းအားလည်း အဝေးမှ လှမ်းကြည့်ရန် ကြိုးစားတတ်ကြသေးသည်။ ယခုမူ ဤနတ်ပြည် တမျှ လှပေသည့် ဥယျာဉ်သို့ ဝင်ရောက်ခွင့်သည် သူမတစ်ဦးတည်း အပိုင် ဖြစ်သွားလေပြီ ဖြစ်သည်။
သူမ၏ နေအိမ်သစ်အား လေ့လာကြည့်ရှု ပြီးနောက် သူမသည် ရပ်တန့်လိုက်ကာ ညွှန်ကြားလိုက်လေသည်။
"လန်ရွှမ် မှောင်ခိုဈေးကွက်က အစောင့်တချို့ လွှတ်ပေးလိုက်တယ် မဟုတ်လား သူတို့ကို တောင်ခြေကို သွားပြီး တောင်ကို သုံးရက်ကြာ ပိတ်ထားဖို့ သွားပြောလိုက်"