အခန်း ၈၂
Vol. 6 Ch. 82
အခန်း (၈၂)
"ဟုတ်ကဲ့ပါ"
လန်ရွှမ်သည် မည်သည့် မေးခွန်းမျှ မမေးသည့် အပြင် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ကာ ချက်ချင်းပင် လှည့်ထွက်လျှက် မှောင်ခိုစျေးမှ အစောင့်များထံ အမိန့်များအား သွားရောက် ဆင့်ဆိုလိုက်လေသည်။
အမိန့်ရရှိသည်နှင့် တစ်ပြိုင်နက် မှောင်ခိုစျေးမှ အစောင့်များသည် ချက်ချင်း အကောင် အထည်ဖော် ဆောင်ရွက်ကြတော့သည်။ အကြီးအကဲယန် သူတို့အား ထိုသူ၏ အစီအစဉ်များကို ခြွင်းချက်မရှိ လိုက်နာရမည် ဖြစ်ကာ သူ့အပေါ် အနည်းငယ်မျှပင် မရိုမသေ မဆက်ဆံရန် ညွှန်ကြား ထားခဲ့သောကြောင့် ဖြစ်သည်။
တောင်အား ပိတ်ထားရန် အမိန့်ထုတ်ပြန် လိုက်သည်နှင့် တစ်ပြိုင်နက် ပန်းအလှများအား ခံစားရန် တောင်ပေါ်သို့ ရောက်ရှိနေကြသော ခရီးသွားအချို့ကိုလည်း သဘာဝကျကျပင် မောင်းထုတ် ရတော့မည် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ မက်မွန်ပွင့် ဘုန်းကြီးကျောင်းသည် ပုဂ္ဂလိကပိုင် မြေပေါ်တွင် တည်ရှိခြင်း ဖြစ်ကာ မက်မွန်ပန်းတောသို့ လူများအား ဝင်ရောက် ကြည့်ရှုခွင့်ပြုမည် မပြုမည်မှာ ပိုင်ရှင်၏ သဘောသာ ဖြစ်လေသည်။ အကယ်၍ ပိုင်ရှင်ဖြစ်သူမှ ငြင်းဆိုပါမူ ခရီးသွားများ အနေဖြင့် ထွက်ခွာသွားရုံသာ ရှိတော့သည်။
အချိန်သည်လည်း စောသေးသဖြင့် မက်မွန်ပန်းတောထဲတွင် လူများ သိပ်မရှိသေးချေ။ မက်မွန်ပွင့် ဘုန်းကြီးကျောင်း၏ နယ်မြေအတွင်းမှ ခရီးသွားများ အားလုံးကို မောင်းထုတ်ရန် အချိန်တစ်နာရီပင် မကြာလိုက်ချေ။
ထိုအချိန်တွင် ဖုန်းကျို့သည် မက်မွန်ပွင့် ဘုန်းကြီးကျောင်း အတွင်းရှိ မဏ္ဍပ်ခြံဝင်း တစ်ခုသို့ ရောက်ရှိလာခဲ့လေရာ ခြံဝင်းအတွင်း၌ မြေကြီးကို လှည်းကျင်းနေသော မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးအား မြင်လိုက်ရလေသည်။ သူမသည် ခြေလှမ်းများအား ရပ်တန့်လိုက်ကာ မေးလိုက်လေသည်။
"ဒီက အစေခံတွေအကုန်လုံး ထွက်သွားကြပြီလေ အဘိုးက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုသည် တံမြက်စည်းအား ကိုင်လျက် လှည့်ကြည့် လိုက်လေရာ ခြံဝင်းထဲရှိ မက်မွန်ပင်အောက်တွင် နောက်ကျောတွင် လက်အားယှက်လျှက် မတ်တပ်ရပ်နေသော အနီရောင်ဝတ်စုံနှင့် မိန်းကလေးအား မြင်လိုက်ရတော့သည်။ သူမှ ပြန်ဖြေလိုက်လေသည်။
"ဒီမြေကို လှည်းကျင်းလာခဲ့တာ ဆယ်နှစ်ကျော်ပြီမို့ ဒီနေရာကနေ ထွက်မသွားရက်တော့လို့ပါ"
ထိုစကားအား ကြားသောအခါ ဖုန်းကျို့သည် ပြုံးလျှက် မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုအား စိုက်ကြည့်လိုက်လေရာ သူမ၏ မျက်လုံးများထဲ၌ ခန့်မှန်းရခက်သည့် အရိပ်အယောင် တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့ ပြီးနောက် သူမမှ ဆက်ပြောလိုက်လေသည်။
"အကယ်၍ ထွက်မသွားရက်ဘူး ဆိုရင်လည်း ဒီမှာ ဆက်နေလိုက်ပါတော့"
အဘိုးအိုသည် ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် သူမအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ကာ မြေပြင်အား ဆက်လက် လှည်းကျင်းနေလျှက် မည်သည့် စကားမျှ ထပ်မပြောတော့ပေ။
ဖုန်းကျို့သည် ၎င်းအား ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားခဲ့လေသည်။ သူမ ထွက်သွားပြီးနောက် အဘိုးအိုသည် လှည်းကျင်းနေခြင်းအား ရပ်တန့်လိုက်ကာ သူမ ထွက်သွားသော ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ အကြည့်လွှဲလျှက် သူ၏ အလုပ်အား ဆက်လက် လုပ်ဆောင်နေလိုက်တော့သည်။
မုရုံယီရွှမ်သည် ဖုန်းချင်ကဲ နှင့်အတူ မက်မွန်ပွင့် ဘုန်းကြီးကျောင်းသို့ ရောက်ရှိ လာသောအခါ မက်မွန်ပွင့် ဘုန်းကြီးကျောင်း၏ ပိုင်ရှင်သစ်သည် တောင်တစ်ခုလုံးအား သုံးရက်ကြာ ပိတ်ထားရန် အမိန့်ပေးထားကြောင်း သူတို့ သိရှိလိုက်ရလေသည်။ ၎င်းအား သိလိုက်ရသောအခါ သူသည် ဘေးရှိ ဖုန်းချင်ကဲဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ကိုယ်တို့ အချိန်မှားလာသလို ဖြစ်သွားတယ် ဒီနေရာကို သုံးရက် ပိတ်ထားတယ်တဲ့ ကိုယ်တို့ နောက်သုံးရက်နေမှပဲ ပြန်လာလို့ ရတော့မယ်"
တောင်အား ပိတ်ထားသဖြင့် ဖုန်းချင်ကဲ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားခဲ့ကာ မေးလိုက်လေသည်။
"သုံးရက်နေရင် အကိုက ကျွန်မနဲ့အတူ လိုက်ခဲ့မှာလား အဲ့ဒီအချိန်ကျရင် အစ်ကိုက မအားဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ"
ထိုစကားအား ကြားသောအခါ မုရုံယီရွှမ်မှ အနည်းငယ် ပြုံးလိုက်မိကာ နူးညံ့သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
"ကိုယ် မပြောပါဘူး ကိုယ် မင်းကို ကတိပေးထားပြီးပြီပဲ သေချာပေါက် ကတိတည်မှာပါ"
"အဲ့ဒီလိုတော့ မရဘူးလေ အခု ညီမတို့ ဒီကို ရောက်နေပြီပဲ တောင်ပေါ်ကို တက်လို့ မရရင်တောင်မှ ပတ်ဝန်းကျင်ကိုတော့ လျှောက်ကြည့်သင့်တာပေါ့"
သူမသည် ထိုသို့ပြောရင်း မုရုံယီရွှမ်၏ လက်မောင်းအား ကိုင်ကာ ဆက်ပြောလိုက်သည်။
"အစ်ကို မုရုံ ကျွန်မနဲ့အတူ လမ်းလျှောက်ပေးပါနော်"
"ကောင်းပါပြီ"
သူမှ သဘောတူညီစွာဖြင့် ခေါင်းညိတ် ပြလိုက်လေသည်။ ထိုစကားအား ကြားသောအခါ ဖုန်းချင်ကဲ၏ မျက်နှာသည် လင်းလက်သွားပြီးနောက် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"အစ်ကို မုရုံက အကောင်းဆုံးပဲ"
မုရုံယီရွှမ်မှ ပြုံးရုံသာ ပြုံးလိုက်ကာ မည်သည်ကိုမှ မပြောဘဲ သူမနှင့်အတူ ပတ်ဝန်းကျင် ရှုခင်းများအား ကြည့်ရှုခံစားရင်း လမ်းလျှောက် နေလိုက်တော့သည်။
သူ၏ အေးစက်စက် လျစ်လျူရှုမှုအား သူမ သတိထားမိ သွားသောကြောင့် ဖြစ်မည်။ ဖုန်းချင်ကဲ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့လေတော့သည်။ သူမ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ကာ ဘေးရှိလူအား ကြည့်လိုက်လေသည်။ အောက်နှုတ်ခမ်းအား ညင်သာစွာ ကိုက်လျက် အနည်းငယ် ဝမ်းနည်းနေသော လေသံဖြင့် မေးလိုက်သည်။
"အစ်ကို မုရုံ ကျွန်မကို မချစ်တော့ဘူးလားဟင်"
မုရုံယီရွှမ် အံ့အားသင့်သွားပြီးနောက် ပြန်မေးလိုက်လေသည်။
"ဘာလို့ အဲ့ဒီလို ပြောရတာလဲ"
"လတ်တလော ညီမအပေါ် အစ်ကိုရဲ့ ဆက်ဆံရေးက အေးတိ အေးစက်နိုင်နေတယ်လေ ညီမနဲ့ အတူရှိနေရင်လည်း စိတ်မပါသလို ဖြစ်နေတာကို ညီမခံစားနေရတယ်"
သူမသည် သူ့ကို တစ်ချက်ကြည့်လိုက် ပြီးနောက် မျက်လွှာချ လိုက်လေသည်။
"အရင်တုန်းက အစ်ကိုက ဒီလိုမဟုတ်ပါဘူး အစ်ကို ညီမကို မချစ်တော့ဘူးလားဟင်"
"အရူးမလေးရယ် အဲ့ဒီလို မဟုတ်ပါဘူး"
သူသည် သူမ၏ ခေါင်းလေးအား ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်လေသည်။
"ကိုယ့်စိတ်ထဲမှာ နည်းနည်း ရှုပ်ထွေးနေလို့ပါ"
"ဟင်"
သူမသည် မျက်လုံးများ ပင့်လျှက် သူ့အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်မိသည်။ မုရုံယီရွှမ်မှ ရယ်မောရင်း ပြောလိုက်လေသည်။
"ရှေးဟောင်း အထွတ်အမြတ် သားရဲက ထောင်ခြောက်ကိုးသွယ် သစ်တောထဲမှာ ဆင်းသက်လာခဲ့တာ အခုထိ ဘယ်သူ ရသွားလဲဆိုတဲ့ သတင်း မကြားရသေးဘူးလေ အဲ့ဒီကိစ္စက တခြားနိုင်ငံတွေက အစွမ်းထက်တဲ့ သိုင်းပညာရှင် တော်တော်များများကိုတောင် ဒီကိုရောက်လာဖို့ ဆွဲဆောင်နိုင်ခဲ့တယ် အဲ့ဒါကြောင့် ဒီကိစ္စက တော်ဝင် မိသားစု အတွက်လည်း အရမ်းကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေတယ် လတ်တလော အဲ့ဒီကိစ္စအတွက် ကိုယ့်ရင်ထဲမှာ တော်တော်လေး ရှုပ်ထွေးနေပြီး စိတ်အခြေအနေလည်း ထိခိုက်နေတာပါ အဲ့ဒါကြောင့် မင်း အတွေးလွန်ပြီး လျှောက်တွေးနေတာ ဖြစ်မယ်"