အခန်း ၈၃
Vol. 6 Ch. 83
အခန်း (၈၃) မက်မွန်ပွင့် တောင်တန်း
ထိုစကားများအား ကြားပြီးနောက် ဖုန်းချင်ကဲ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့ကာ တောက်ပစွာ ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်မတို့ ဒီအထိ ရောက်နေပြီဆိုတော့ အဲ့ဒီကိစ္စတွေကို ခဏလောက် မေ့ထားသင့်တယ်မလား ဒီမက်မွန်ပန်းတောင်တန်းရဲ့ ရှုခင်းတွေက အရမ်းလှတာမို့ အစ်ကို့ကို စိတ်အပန်းပြေစေနိုင်မှာပါ"
"အင်း"
မုရုံယီရွှမ်သည်လည်း သဘောတူလိုက်ကာ ဖုန်းချင်ကဲ နှင့်အတူ တောင်ပေါ်ရှိ လမ်းငယ်လေး အတိုင်း လမ်းလျှောက် သွားကြလေသည်။ ထိုသုံးရက်တာ အချိန်သည် ဖုန်းကျို့အတွက် မက်မွန်ပွင့် ဘုန်းကြီးကျောင်းအား ပြန်လည် ပြင်ဆင်ရန် လုံလောက်ခဲ့လေသည်။
ပထမဆုံး အနေဖြင့် သူမသည် မက်မွန်ပွင့် ဘုန်းကြီးကျောင်းကို မက်မွန်ပွင့် တောင်တန်းဟု နာမည် ပြောင်းလိုက်ပြီး သူမသိရှိသမျှ အရာအားလုံးကို အသုံးပြုကာ မက်မွန်ပွင့် တောင်တန်း တစ်ဝိုက်တွင် အပြင်ဘက်နှင့် အတွင်းပိုင်းအား ပိုင်းခြားထားသည့် အစီအရင်တစ်ခုအား ဖန်တီးလိုက်လေသည်။ ဤနည်းအားဖြင့် လူများ မက်မွန်ပွင့် တောင်တန်း အတွင်းသို့ မှားယွင်း ဝင်ရောက်လာကာ သူမ၏ အေးချမ်းမှုအား နှောင့်ယှက်မည်ကိုလည်း စိုးရိမ်နေစရာ မလိုတော့ပေ။
မက်မွန်ပန်းတောကိုမူ ခရီးသွားများ ကြည့်ရှုခံစားရန် ဖွင့်လှစ်ပေးထားဆဲ ဖြစ်သော်လည်း သူမသည် စည်းကမ်းတစ်ခု သတ်မှတ်လိုက်လေသည်။ ၎င်းမှာ မက်မွန်ပန်းတောသို့ ဝင်ရောက်ရန် ဝင်ကြေး ကောက်ခံမည် ဖြစ်သည်။
သုံးရက်ကြာ ပြီးနောက် ခရီးသွား အများအပြားသည် မက်မွန်ပန်းတောင်သို့ ထပ်မံ၍ ရောက်ရှိလာကြ ပြန်သည်။ မက်မွန်ပန်းတောသို့ ဝင်ရောက်ရန် ဝင်ကြေး ပေးရမည်အား သိလိုက်ရသောအခါ သူတို့အများစုမှာ အလွန်အမင်း အံ့အားသင့်သွားကြကုန်သည်။
"တောင်ပေါ်တက်ပြီး ပန်းတွေသွားကြည့်တာကို ပိုက်ဆံပေးရမယ် ဟုတ်လား အဲ့ဒါက ဘာစည်းကမ်းကြီးလဲ"
"ဟုတ်ပါ့ အရင်တုန်းက ဘယ်သူမှ မပေးခဲ့ရပါဘူး ဒီလောက်ကြီးမားတဲ့ မက်မွန်ပန်းတောကြီးကို ဖွင့်ပေးထားသင့်တာ မဟုတ်ဘူးလား ဘာလို့ ပိုက်ဆံကောက်နေရတာလဲ"
လူအချို့မှ မကျေမနပ်ဖြစ်ကာ ဝင်ပေါက်တွင် စောင့်ကြပ်နေသော မှောင်ခိုစျေးမှ အစောင့်များအား ဒေါသတကြီး စိုက်ကြည့်နေကြပြီး ဤသို့ ငွေကောက်ခံခြင်းမှာ လုံးဝ မသင့်လျော်သလို လုံးဝ လက်ခံနိုင်စရာ မရှိဟု ခံစားနေကြရလေသည်။
အခြားသူများမှာမူ မက်မွန်ပန်းတောသည် ပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်ကာ သူများ ပိုင်ဆိုင်မှု အတွင်းသို့ ဝင်ရောက် လည်ပတ်ခြင်း ဖြစ်သဖြင့် ဝင်ကြေး ပေးရခြင်းမှာ သင့်လျော်ကြောင်း ပိုမို နားလည် သဘောပေါက်ကြသည်။ ပိုင်ရှင်၏ နေရာမှ ဝင်တွေးကြည့်မည်ဆိုလျှင် ၎င်းသည် သူတို့မိသားစု ပိုင်ဆိုင်သည့် နေရာဖြစ်ခဲ့ပါမူ အခြားလူများအား သူတို့စိတ်ကြိုက် ဝင်ရောက် လည်ပတ်ခွင့် သို့မဟုတ် အချိန်မရွေး ရှုခင်းများအား ကြည့်ရှုခွင့်ပြုမည် မဟုတ်ပေ။
မှောင်ခိုစျေးမှ အစောင့်များသည်လည်း ထိုလူများကို ရှင်းပြရန် စိတ်ရှည်သည်းခံမှု မရှိကြချေ။ သူတို့ထဲမှ တစ်ဦးသည် အော်ဟစ်နေသော လူအား စိုက်ကြည့်ကာ ဩရှရှအသံဖြင့် ပြောလိုက်လေသည်။
"ဝင်ချင်ရင် ပိုက်ဆံပေး ပိုက်ဆံမပေးနိုင်ရင် ဘေးဖယ်နေ"
ထိုသို့ အော်ငေါက်ခံ လိုက်ရသဖြင့် မကျေမနပ် ဖြစ်နေသူများမှာ သူတို့ငွေ မသုံးရက်လောက်အောင် စေးနှဲသည်ဟု သဘာဝကျကျပင် ဝန်ခံလိုမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် မျက်နှာများ ရဲတက်လာခဲ့ကာ ငွေများကို ထုတ်ပေးလျှက် မက်မွန်ပန်းတောထဲသို့ ဒေါသတကြီး ခြေဆောင့် ဝင်သွားကြကုန်တော့သည်။ မလှမ်းမကမ်းတွင်မူ ဖုန်းချင်ကဲသည် မုရုံယီရွှမ်၏ လက်အား ကိုင်ကာ ရှေ့ရှိ မြင်ကွင်းအား ကြည့်နေပြီး ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"မက်မွန်ပွင့် ဘုန်းကြီးကျောင်းရဲ့ ပိုင်ရှင် ပြောင်းသွားတာလား ဒီနေရာက ပုဂ္ဂလိကပိုင် ဖြစ်ပြီး ရောင်းဖို့ မဟုတ်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား ဘယ်လိုလူက ဒီနေရာကို ဝယ်နိုင်လောက်အောင် အရည်အချင်းရှိနေတာလဲ"
တစ်ချိန်တည်းမှာပင် မုရုံယီရွှမ်၏ အကြည့်များသည် ရဲရင့်ပြတ်သားသော လက်ရေးဖြင့် ရေးသားထားသည့် မက်မွန်ပွင့် တောင်တန်း ဆိုသည့် စာလုံးသုံးလုံးထက်တွင် စွဲမြဲနေခဲ့ကာ သူ၏ မျက်လုံးများသည် မှိန်ဖျော့ဖျော့ အရောင်လက်သွားလျှက် အံအားသင့်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။
"အလွန်ကောင်းမွန်တဲ့ လက်ရေးပဲ"
စာလုံးများ၏ ရဲရင့် လွတ်လပ်သော အရေးအသားတွင် ထက်မြက်ကာ အဟန့်အတားမဲ့သော စိတ်ဆန္ဒများ ပြည့်နှက်နေပြီး စာလုံးများအား ကြည့်ရုံဖြင့် ၎င်း၏ နောက်ကွယ်မှ လူသည် လွတ်လပ် ပေါ့ပါးပြီး ချုပ်ချယ်မှု ကင်းမဲ့သူ ဖြစ်ကြောင်း မြင်တွေ့နိုင်လေသည်။ သူတွေးကြည့်ရ သလောက် မက်မွန်ပွင့် တောင်တန်းဆိုသော ဤစာလုံးသုံးလုံးအား ရေးသားခဲ့သူသည် ဤနေရာ၏ ပိုင်ရှင်သစ် ဖြစ်ရမည်မှာ သေချာလှသည်။
ထို့အပြင် အတွင်း သတင်းများ အရ မက်မွန်ပွင့် တောင်တန်း၏ ပိုင်ရှင်သစ်မှာ လတ်တလော မကြာခဏ ကြားနေရသော်လည်း မည်သူမှ မမြင်ဖူးသေးသည့် အလွန် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေသမားတော် ဖြစ်သည်ဟု သိရလေသည်။
ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သော စကားအား ကြားသောအခါ ဖုန်းချင်ကဲက မုရုံယီရွှမ်နှင့်အတူ အကြည့်များကို အပေါ်သို့ ပင့်ကြည့်လိုက်လေရာ အလွန်တောက်ပပြီး ရဲရင့်စွာ ရေးသားထားသော စာလုံးသုံးလုံးအား မြင်တွေ့လိုက်ရသည်။ လက်ရေး အနုပညာနှင့် ပတ်သက်၍ မည်သည်ကိုမှ မသိနားမလည်သူ တစ်ဦး အနေဖြင့်ပင် ထိုစာလုံးသုံးလုံးမှာ အလွန်ကောင်းမွန်စွာ ရေးသားထားကြောင်း သူမ ဝန်ခံရပေမည်။
"သွားကြရအောင်"
မုရုံယီရွှမ်သည် ဘေးရှိ ဖုန်းချင်ကဲအား ပြုံးလျက် ပြောလိုက်လေသည်။ မူလတွင် ပန်းများ ကြည့်ရှုရန် အထူးတလည် စိတ်အားထက်သန်မှု မရှိခဲ့သော်လည်း ယခုမူ သူ၏ စိတ်အခြေအနေသည် အများကြီး ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။
"အင်း"
ဖုန်းချင်ကဲက သဘောတူလိုက်ပြီး မုရုံယီရွှမ်၏ ဘေးမှ ရှေ့သို့ တက်လိုက်လေသည်။ မက်မွန်ပွင့် တောင်တန်း အတွင်းရှိ အဆောက်အအုံငယ်လေး တစ်ခု အောက်တွင် ဖုန်းကျို့သည် မက်မွန်ပင် အောက်၌ ထိုင်လျှက် လက်ဖက်ရည်ကျိုရင်း ပန်းများ၏ အလှအား ခံစားနေခဲ့ကာ လန်ရွှမ်သည် မလှမ်းမကမ်းတွင် စောင့်ကြပ်နေခဲ့လေသည်။ လေပြေလေး တစ်ချက် ဝှေ့ယမ်းသွားလေရာ သစ်ပင်ပေါ်မှ အနီနှင့် အဖြူရောင် ပန်းပွင့်ဖတ်များ ကြွေကျလာခဲ့တော့သည်။