အခန်း ၈၄
Vol. 6 Ch. 84
အခန်း (၈၄)
"လန်ရွှမ်"
"သခင်မလေး"
လန်ရွှမ်မှ အနောက်မှ လျှောက်လာခဲ့သည်။
"အိမ်ပြန်သွားပြီး ငါ့အစ်ကိုကြီး ကွမ်မိသားစုရဲ့ မျိုးနွယ်စု ရွေးချယ်ပွဲကို ပြန်သွားမှပဲ ငါ ပြန်လာမယ်လို့ သွားပြောလိုက် ပြီးတော့ သူ့ကို စိတ်မလွင့်စေဘဲ ကျင့်ကြံမှု အပေါ်မှာပဲ အာရုံစိုက်ဖို့လည်း ပြောလိုက်ဦး လန်ဟွာက သူ့ကို အဖော်လုပ်ဖို့ အိမ်မှာပဲ ကျန်ခဲ့လိမ့်မယ် အဲ့ဒီအချိန်ကျရင် ငါတို့အားလုံး အတူတူ ဒီကို လာလို့ရတာပေါ့"
"ဟုတ်ကဲ့"
လန်ရွှမ်သည် သဘောတူ လိုက်သော်လည်း သူမ၏ ခြေလှမ်းများသည် မရွေ့လျားခဲ့ပေ။ သူမသည် ခေတ္တမျှ တုံ့ဆိုင်းနေ ပြီးနောက် မေးလိုက်လေသည်။
"သခင်မလေး ကျွန်မ ပြန်သွားရင် သခင်မလေး ဘေးမှာ ကာကွယ်ပေးမယ့်သူ မရှိတော့ဘူးလေ"
ထိုစကားအား ကြားသောအခါ ဖုန်းကျို့မှာ ရယ်ချင်စိတ်အား မထိန်းနိုင်တော့ဘဲ လန်ရွှမ်အား နောက်ပြောင်သည့်ဟန်ဖြင့် မျက်ခုံးပင့်ကာ ကြည့်လိုက်မိသည်။
"နင့်သခင်မကို လုံးဝ ခုခံ ကာကွယ်နိုင်စွမ်း မရှိဘဲ ဘေးကနေ အမြဲတမ်း ကာကွယ် ပေးနေမယ့်သူ လိုအပ်နေတဲ့ အားနည်းသူ တစ်ယောက်လို့ နင် တကယ်ပဲ မြင်နေတာလား"
သူမ ပြန်ဖြေမည်အား မစောင့်ဘဲ ဖုန်းကျို့မှ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"သွားပါ ငါ့အတွက် ဒီမှာ စိတ်ပူနေစရာ မလိုပါဘူး"
သူမ ဤနေရာတွင် ရှိနေသော သုံးရက်အတွင်း၌ သူမသည် သိုလှောင်လက်စွပ် အတွင်းရှိ ကမ္ဘာငယ်လေး အတွင်းသို့ ဝင်ရောက်ကာ သူမ၏ ကျင့်စဉ်များအား ကျင့်ကြံခဲ့လေရာ သူမ၏ စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် လူများသည် သူမ၏ စွမ်းအားအား အလွယ်တကူ မသိရှိနိုင်စေရန် အတွက် သူမ၏ ကျင့်ကြံမှု စွမ်းအားများအား ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ဆေးဖော်စပ်သူ အပြင် တစ္ဆေသမားတော် ဆိုသည့် သူမ၏ နာမည်သည် လူအများ၏ အာရုံစိုက်မှုအား အလွန်အမင်း ရရှိနေပြီ ဖြစ်သည်။ အကယ်၍ သူမ၏ စွမ်းအားများသည် နေ့တိုင်း သိသိသာသာ တိုးတက်လာနေသည်အား လူများ မြင်တွေ့သွားပါမူ လူအများမှ သူမအား ခြိမ်းခြောက်မှု တစ်ခု အဖြစ် ခံစားသွားစေမည်မှာ သေချာလှပေသည်။
ထို့အပြင် သူမတွင် သိုလှောင်လက်စွပ် အတွင်း၌ ရှေးဟောင်း အထွတ်အမြတ် ဝိဉာဉ်သားရဲ တစ်ကောင်လည်း ရှိနေသေးသည်။ ၎င်းသည် ငယ်ရွယ်သေးသော်လည်း လျစ်လျူရှုထား၍ မရနိုင်လောက်အောင် အစွမ်းထက်ပေသည်။
လန်ရွှမ် ထွက်သွား ပြီးနောက် ဖုန်းကျို့သည် ပျင်းရိပျင်းတွဲဖြင့် မတ်တပ်ရပ်လိုက်ကာ မက်မွန်ပင် အောက်ရှိ အဆောက်အအုံငယ်လေးထဲမှ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ထွက်လာခဲ့တော့သည်။
သူမသည် အနီရောင်ဝတ်စုံ အပြည့်အား ဝတ်ဆင်ထားပြီး ယောကျာ်းလေး အသွင် မယူထားချေ။ သူမ၏ ဆံပင်များသည် နောက်ကျောတွင် ဖရိုဖရဲ ကျဆင်းနေလျှက် အနီရောင် ပိုးဖဲကြိုးလေးဖြင့် ဖွဖွလေး စည်းနှောင်ထားခဲ့သည်။ သူမသည် ဖိနပ်စီးမထားဘဲ အနီရောင်ဝတ်စုံသည် သူမ၏ လှပပြီး ဖြူဖွေးနေသော ခြေထောက် သေးသေးလေးများအား ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူမသည် အကွေ့အကောက်များသော ကျောက်စရစ်ခဲ လမ်းလေးပေါ်တွင် ခြေလှမ်းဖွဖွလေးဖြင့် လျှောက်လှမ်းသွားလေရာ အနီရောင်ဆိုး ထားသော ဆွဲဆောင်မှုရှိသည့် ခြေသည်း သေးသေးလေးများသည် အနီရောင်ဝတ်စုံ၏ အောက်မှ ထွက်ပေါ်လာခဲ့သည်။ သူမကိုယ်သူမ သတိမထားမိဘဲ အတော်ဝေးဝေးသို့ ရောက်လာခဲ့ချိန်တွင် အပြင်ဘက်မှ လွင့်ပျံလာသော သာယာ ငြိမ့်ညောင်းသည့် စောင်းသံလေးအား ရုတ်တရက် ခပ်သဲ့သဲ့ ကြားလိုက်ရလေသည်။
"ဟင်"
သူမ၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားပြီးနောက် မျက်လုံးများထဲတွင် အံ့အားသင့် သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့လေသည်။ ထို့နောက် သူမ၏ အင်္ကျီလက်ထဲမှ အနီရောင် မျက်နှာဖုံးလေးအား ထုတ်ယူလိုက်ကာ သူမ၏ မျက်နှာအား ဖုံးအုပ်လိုက်ပြီး ခြေဖျားလေးဖြင့် မြေကြီးအား ဖွဖွလေး ထောက်လျှက် လေထဲသို့ လွင့်ပျံ သွားလေတော့သည်။ မက်မွန်ပန်းများ အကြားတွင် ဖြတ်သန်းသွားသော နတ်သမီးလေး တစ်ပါးအလား သူမ ဖန်တီးထားသော လျှို့ဝှက် ဆန်းကြယ်သည့် အစီအရင်ထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။
အနီရောင် ပုံရိပ်လေးသည် ခုန်ပေါက်လိုက်ရုံဖြင့် လှပသော မက်မွန်ပန်းများ အပြည့် ပွင့်လန်းနေသည့် မက်မွန်ပင်၏ သစ်ကိုင်းတစ်ခုပေါ်တွင် ပေါ့ပါးစွာ ထိုင်ချလိုက်တော့သည်။ သူမ၏ ဖြူဖွေးပြီး လှပသော ခြေထောက်လေး နှစ်ဖက်သည် လေထဲတွင် တွဲလောင်းကျနေလျှက် ရှိကာ အေးအေးဆေးဆေး လွှဲယမ်းလျှက် အလွန် ပေါ့ပါးလွတ်လပ်ပြီး ချုပ်ချယ်မှုကင်းမဲ့လျှက် အပူပင်ကင်းမဲ့သည့် မြင်ကွင်းတစ်ခုအား ဖန်တီးပေးနေခဲ့လေသည်။
သူမသည် အနောက်ဘက်ရှိ သစ်ပင်ပင်စည်အား ပျင်းရိပျင်းတွဲ မှီလိုက်ပြီးနောက် မက်မွန်ပန်းခက်လေး တစ်ခုအား လှမ်းခူးကာ မလှမ်းမကမ်းမှ ထွက်ပေါ်လာသော စောင်းကြိုးခတ်သံအား စီးမြော နားထောင်ရင်း အမှတ်တမဲ့ ဆော့ကစားနေလိုက်မိသည်။ မျက်နှာဖုံး အောက်ရှိ သူမ၏ နှုတ်ခမ်းထောင့်များသည် အလိုလို ကွေးတက် သွားလေတော့သည်။
လှပတင့်တယ်ပြီး နားဝင်ချိုလှသော် တေးသွားသံလေးသည် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်နေလျှက် ရှိကာ တောင်းတန်းများ အကြားတွင် စီးဆင်းနေသည့် စမ်းရေအလား တစ်ခါတစ်ရံ လျှင်မြန်ကာ တစ်ခါတစ်ရံတွင် နှေးကွေးလျှက် ရှိပြီး အလွန်ပင် နှစ်လိုဖွယ် ကောင်းလှပေသည်။
ဗျက်စောင်း ကဲ့သို့အတွက် တူရိယာမျိုးတွင် ဤကဲ့သို့သော ဂန္ထဝင်တေးသွားမျိုးသည် မသေမျိုး ကျင့်ကြံသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာကြီးတွင် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
"စုရူယွမ် စုရူယွမ် ငါက နင့်ကို သွားမရှာရသေးတာတောင် နင်က ဘာလို့ အမြဲတမ်း ငါ့ရှေ့ကို ပြေးလာနေရတာလဲ"
ဖုန်းကျို့မှ သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ အနည်းငယ် ကျဉ်းမြောင်းနေသော လှပသည့် မျက်လုံးအစုံ၌ ရုတ်တရက် အရောင်လက်သွားခဲ့ကာ ထူးဆန်းလှသည့် အပြုံးတစ်ခုသည် မျက်လုံးများ အတွင်း လင်းလက်သွားခဲ့လေသည်။ သူမ မတ်တပ်ရပ်လိုက်ကာ ရှေ့သို့ ခုန်ထွက်မည့် ဆဲဆဲတွင် လျစ်လျူရှု၍ မရနိုင်သော အကြည့်စူးစူး တစ်ချက်သည် သူမအပေါ်သို့ ကျရောက်လာသည်အား ခံစားလိုက်ရလေသည်။
သူမသည် ရှေ့ရှိ မက်မွန်ပန်းများအား ဖယ်ရှားလိုက်ကာ ခေါင်းအား အနည်းငယ် စောင်းလျှက် ကြည့်လိုက်မိလေသည်။ ထိုအကြည့် တစ်ချက်နှင့်ပင် ထို မျက်လုံးများမှာ ချက်ချင်းဆိုသလို အပြုံးများ ပြည့်နှက်သွားပြီးနောက် တောက်ပစွာ လင်းလက်လာခဲ့ကာ ပျော်ရွှင်မှုများ လျှံကျသွားလေတော့သည်။ ကောင်းကင်ယံတွင် ကြယ်လေးများ တလက်လက် တောက်ပနေ သကဲ့သို့ပင် မည်သူမှ မသိလိုက်ခင် ရုတ်တရက် ညို့ယူဖမ်း စားခံလိုက်ရတော့သည်။
[သူမပဲ]
မုရုံယီရွှမ်သည် သူမကို ငေးမောစွာ စိုက်ကြည့်နေမိပြီး သူကိုယ်တိုင်ပင် သတိမထား မိလိုက်သော အံ့အားသင့်မှုနှင့် စိုးရိမ်ပူပန်မှုများသည် သူ၏ မျက်လုံးများထဲတွင် ရုတ်တရက် ပေါ်ထွက် လာတော့သည်။
သူက နတ်သမီးလေး တစ်ပါး နှင့်တူသော မက်မွန်ပန်းများ အကြားတွင် ထိုင်နေသည့် အနီရောင်ပုံရိပ်လေးအား စိုက်ကြည့်နေမိလေသည်။ လေထဲတွင် ဆော့ကစားချင်စရာ ကောင်းအောင် တွဲလောင်း ကျနေသည့် ဖြူဖွေးကာ နူးညံ့လှပသော ခြေထောက်လေး နှစ်ဖက်အား ကြည့်ရင်း မက်မွန်ပန်းများ နောက်မှ ထွက်ပေါ်လာသော ခေါင်းလေးနှင့် သူ့အား စကားပြောနေသကဲ့သို့ ထင်ရသော ထိုမျက်လုံးတစ်စုံအား မြင်တွေ့လိုက်ရကာ စွဲမက်ဖွယ် ကောင်းသော အပြုံးများဖြင့် ငေးကြည့်နေမိလေသည်။
သူ၏ နှလုံးသား တစ်ခုလုံး လျှင်မြန်စွာ ခုန်ပေါက်လာခဲ့တော့သည်။ အံ့အားသင့်မှုများနှင့် အတူ ရောယှက်နေသည့် စိတ်လှုပ်ရှားမှုမျိုးကြောင့် သူ၏ ရင်ဘတ် တစ်ခုလုံးသည် တဒိတ်ဒိတ်ဖြင့် ပြင်းထန်စွာ လှုပ်ရှားနေခဲ့ကာ ထိုစိတ်ခံစားချက်သည် ခန္ဓာကိုယ် အနှံ့ တစ်ဖြေးဖြေး ပြည့်နှံ့သွားခဲ့လေတော့သည်။ ထို ခံစားမှုများထဲ သူ လုံးဝ နစ်မြောသွားခဲ့ကာ ရုန်းထွက်၍ မရနိုင်အောင် ဖြစ်သွားခဲ့ရတော့သည်။