အခန်း ၈၅
Vol. 6 Ch. 85
အခန်း (၈၅) လိပ်ပြာနှင့် ပျားများကို ဆွဲဆောင်ခြင်း
"အစ်ကို မုရုံ ဒီမှာ ဘာလုပ်နေတာလဲ"
ကျောဘက်မှ အသံအား ကြားလိုက်ရသဖြင့် သူ သတိပြန်ဝင်လာခဲ့ကာ အလိုအလျောက်ပင် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
"ချင်းကဲ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ"
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မက်မွန်ပင် ရှိရာ ဘက်သို့ ခေါင်းပြန် လှည့်ကြည့်လိုက်မိသည်။ နတ်သမီးလေး နှင့်တူသော ကောင်မလေး၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ စောစောပိုင်း၌ သူ မြင်တွေ့ခဲ့ရသည်များသည် ထင်ယောင်ထင်မှား ဖြစ်နေသည်နှင့်ပင် တူညီနေတော့သည်။
လေပြေလေး တစ်ချက် ဝှေ့ယမ်းသွားခဲ့ရာ ပန်းပွင့်ဖတ်များ ကြွေကျလာပြီးနောက် ရင်သပ်ရှုမောဖွယ်ရာ ပန်းမိုးရွာ ကျနေသည့် မြင်ကွင်းအား သူ ငေးမော ကြည့်နေမိလိုက်ကာ သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ရှင်းပြ၍ မရနိုင်သော စိတ်ပျက် ဝမ်းနည်းမှု တစ်စွန်းတစ်စအား ခံစားလိုက်ရတော့သည်
"အကိုက ညီမကိုတောင် ပြန်မေးနေသေးတယ် ညီမက အစ်ကို့ အတွက် စောင်းတီးပြမလို့ စဉ်းစားထားတာ အစ်ကိုက ဒီမှာ ပန်းလာ ကြည့်နေမယ်လို့ ဘယ်သူက သိမှာလဲ"
သူမသည် သူ၏ အကြည့်များအား လိုက်ကြည့်လိုက်ရာ မြေပြင် တစ်ခုလုံးတွင် ပြန့်ကျဲနေသော ကြွေကျနေသည့် ပန်းပွင့်ဖတ်များကိုသာ မြင်တွေ့လိုက်ရသည်။
"ဒီက မက်မွန်ပန်းတွေရဲ့ အနီနဲ့ အဖြူရောင် ပန်းပွင့်တွေရဲ့ ဆန့်ကျင်ဘက် အလှတရားက အရမ်းကို ထင်ရှားလွန်းလို့ ကိုယ် အမှတ်တမဲ့ ငေးကြည့်ရင်း နစ်မျောသွားတာပါ"
မုရုံယီရွှမ်သည် နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး ချိတ်ဆွဲလျက် နူးညံ့စွာ ပြောလိုက်သော်လည်း အနည်းငယ် အာရုံထွေပြား နေဆဲဖြစ်သည်။
ပတ်ဝန်းကျင်ရှိ မက်မွန်ပန်းများ အားလုံးသည် ဤကဲ့သို့သာ ဖြစ်သည်ဟု သူမ ပြန်ပြောရန် ပြင်လိုက်စဉ် ဖုန်းချင်ကဲ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ခုအား သတိပြုမိသွားဟန် ပေါ်လာပြီးနောက် သူမမှ မေးလိုက်သည်။
"အစ်ကိုကြီး မုရုံ ရှင် ထူးဆန်းတဲ့ အနံ့တစ်မျိုး ရနေလား"
"အနံ့ လေထဲမှာ မက်မွန်ပန်းရနံ့တွေ ပြည့်နှက်နေတာလေ"
"အဲ့ဒါ မဟုတ်ဘူး"
ဖုန်းချင်ကဲမှ ခေါင်းခါပြလျှက် ပြောလိုက်သည်။
"နောက်ထပ် အနံ့တစ်မျိုး ရနေသလိုပဲ"
သူမ စကားပြောနေစဉ် အဝေးမှ တဝီဝီ မြည်နေသော အသံတစ်ခုအား ရုတ်တရက် ကြားလိုက်ရတော့သည်။ သူမသည် အသံ လာရာဘက်သို့ လှည့်ကြည့်လိုက်လေရာ ကြီးမားသော အမည်းရောင် ပျားအုပ်ကြီးသည် သူတို့ထံ အလျင်အမြန် ချဉ်းကပ်လာနေသည်အား မြင်လိုက်ရတေ့ာသည်။ သူမ၏ မျက်နှာ ချက်ချင်း ပျက်သွားခဲ့ကာ ကြောက်လန့်တကြား အော်ဟစ် လိုက်မိတော့သည်။
"ပျားတွေ"
ကြီးမားသော ပျားအုပ်ကြီးအား မြင်လိုက်ရသောအခါ မုရုံယီရွှမ်၏ မျက်နှာ အမူအရာသည်လည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက ဖုန်းချင်ကဲ၏ လက်အား ချက်ချင်းဆွဲကာ ထွက်ပြေးတော့သည်။ ထောင်ပေါင်း များစွာသော ပျားများသည် သူတို့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေရာ လက်တစ်စုံ နှစ်စုံဖြင့် ကာကွယ်နိုင်မည့် အရာမျိုး မဟုတ်ပေ။
ထို့အပြင် ယုတ္တိကျကျ တွေးကြည့်မည် ဆိုလျှင် ဤနေရာတွင် ပန်းဝတ်ရည်စုပ်ရန် ပျားများ ရှိနေလျှင်ပင် သူတို့ထံ တည့်တည့် ပြေးဝင်လာမည့် ဤမျှ ကြီးမားသော ပျားအုပ်ကြီး ရုတ်တရက် ပေါ်လာစရာ အကြောင်းမရှိပေ။
"အား"
ဖုန်းချင်ကဲ၏ လက်မောင်းအား ပျားတုပ် ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက် ပြီးနောက် နောက်ထပ် ပျားဆယ်ကောင်ခန့် သူမကိုယ်ပေါ်သို့ နားလာသဖြင့် သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ကာ သူမကိုယ်သူမ နေရာအနှံ့ ရိုက်ပုတ်နေတော့သည်။
"သွားစမ်း ငါ့အနားကနေ ထွက်သွားစမ်း"
ဝိုင်းရံနေသော ပျားအုပ်ကြီးသည် သူမတစ်ယောက်တည်း ကိုသာ တုပ်နေသည်အား မြင်သောအခါ မုရုံယီရွှမ် ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် သူမအား လွှမ်းခြုံပေးရန် သူ၏ အပြင်ဝတ်ရုံအား ချက်ချင်း ချွတ်ပေး လိုက်တော့သည်။ သို့သော် သူ သူမအနားသို့ မရောက်မီမှာပင် လိုက်လံ တိုက်ခိုက်နေသော ပျားများအား ရှောင်ရှားရန် ခြေလှမ်း အနည်းငယ် ခုန်ဆုတ်ရင်း သူမကိုယ်သူမ အပြင်းအထန် ရိုက်ပုတ်ကာ အော်ဟစ်နေသည်အား သူ ကြားလိုက်ရလေသည်။
"အစ်ကို မုရုံ ပျားတွေ အများကြီး ကျွန်မကို တုပ်နေတယ် အစ်ကို မုရုံ အား"
သူမသည် ပြေးရင်း အော်ဟစ်နေလျှက် ရှိကာ ထိုပျားများသည်လည်း သူမ၏ နောက်မှ ကပ်လျက် လိုက်ပါလာကြကုန်သည်။ အထူးသဖြင့် သူမ ရှေ့မှ ခရီးသွား အများဆုံး ဧရိယာအား ဖြတ်သန်း သွားသောအခါ လူတိုင်း ထိတ်လန့်တကြား ဝပ်ချကာ ခေါင်းအား ပိုက်လျှက် အော်ဟစ်ကြသော်လည်း ထိုပျားများသည် ဖုန်းချင်ကဲ တစ်ယောက်တည်း နောက်သို့သာ လိုက်နေကြောင်း မကြာမီ သူတို့ သိရှိသွားကြသည်။
"သူ မကိုင်သင့်တာ တစ်ခုခုကို သွားကိုင်မိလို့လား သူက ဘယ်လိုလုပ်ပြီး ပျားတွေ ဒီလောက်အများကြီးကို ဆွဲဆောင်နိုင်ရတာလဲ"
"စောစောက သူ ဒီနားက ဖြတ်ပြေးသွားတုန်းက သူ့ဆီက အမွှေးနံ့တစ်ခု ရလိုက်တယ် ပေါင်ဒါတွေ အများကြီး လိမ်းထားလို့ နေမှာပေါ့"
"ပျားတွေ ဒီလောက်အများကြီး တုပ်ခံရတာ မျက်နှာကတော့ သေချာပေါက် ဝက်ခေါင်းလို ဖောင်းလာတော့မှာပဲ"
ပတ်ဝန်းကျင်ရှိ အခြားခရီးသွားများ အားလုံးသည် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဖုန်းချင်ကဲ မက်မွန်ပန်း တောထဲတွင် နေရာအနှံ့ ပြေးလွှားနေသည်အား ရပ်ကြည့်နေကြပြီး အမျိုးသမီးအချို့မှာမူ ဝမ်းသာအားရသည့် အကြည့်များဖြင့်ပင် ကြည့်ရှုနေကြသေးသည်။
လူတိုင်းသည် ဖုန်းချင်ကဲ၏ နောက်သို့ ပျားအုပ်ကြီး အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေသည်အား ရပ်ကြည့်နေကြကာ ပိုမြန်သော ပျားအချို့သည် သူမ၏ မျက်နှာအား တုပ်လိုက်သောအခါ သူမထံမှ အော်ဟစ်သံများ ထွက်ပေါ် လာတော့သည်။ ၎င်းအဖြစ်အပျက်သည်သာ သူတို့ကိုယ်ပေါ်တွင် ဖြစ်ပွားခဲ့လျှင် ခံစားရမည့် နာကျင်မှုအား တွေးမိသောအခါ သူတို့ အလိုလို တွန့်ဆုတ် သွားကြလေတော့သည်။
"အား အစ်ကို မုရုံ အစ်ကို မုရုံ ကျွန်မကို ကယ်ပါဦး"
မုရုံယီရွှမ်သည် ရုတ်တရက် အတိုက်ခိုက် ခံရမှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ကာ မည်သို့ လုပ်ရမည်မှန်း မသိအောင် ပြာယာခတ်နေတော့သည်။
ပျားများသည် မီးအား ကြောက်ကြောင်း သူ ရုတ်တရက် သတိရသွားသောအခါ သူ၏ မီးပွားတုတ်အား အမြန်ထုတ်ကာ မီးဖြင့် မောင်းထုတ်ရန် ပြင်လိုက်စဉ် ဖုန်းချင်ကဲသည် မီတာတစ်ရာခန့် အကွာတွင် အော်ဟစ် ပြေးလွှားသွားပြီး မက်မွန်ပင်များအား ရေလောင်းရန် အသုံးပြုသော ရေကန်ကြီးထဲသို့ ကျယ်လောင်သော အသံနှင့်အတူ ခုန်ချသွားသည်ကိုသာ သူ မြင်လိုက်ရတော့သည်။