အခန်း ၈၆
Vol. 6 Ch. 86
အခန်း (၈၆) အေးချမ်းမှုကို ဖျက်ဆီးခြင်း
"အမလေး"
လူအုပ်ကြီးမှာ အံ့အားသင့်စွာ ရေရွတ်လိုက်ကြကာ သူတို့ရှေ့မှ မြင်ကွင်းအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြတော့သည်။ မုရုံယီရွှမ် သတိပြန်ဝင်လာပြီးနောက် တဝီဝီ မြည်နေသော ပျားများသည် အပေါ်တွင် ခဏမျှ ပျံဝဲနေခဲ့ကာ ထို့နောက် အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်အား မြင်လိုက်ရတော့သည်။ သူ အလျှင်အမြန် ပြေးသွားခဲ့ကာ ဖုန်းချင်ကဲအား ရေထဲမှ ဆွဲထုတ်လိုက်ပြီးနောက် သူ၏ အပြင်ဝတ်ရုံဖြင့် သူမအား အမြန် လွှမ်းခြုံပေးလိုက်တော့သည်။
"ချင်းကဲ ဘယ်လိုနေသေးလဲ"
သူမ၏ လက်များနှင့် မျက်နှာ ဖောင်းအစ်နေသည်အား မြင်သောအခါ မုရုံယီရွှမ် အတော်လေး ပြာယာခတ်သွားပြီးနောက် နာကျင်မှုနှင့် အပြစ်ရှိစိတ်အား တစ်ပြိုင်နက်တည်း ခံစားလိုက်ရတော့သည်။
သူတို့ အပြင်မထွက်လာခင်တွင် ဦးလေးရှောင်အား သူမကို ကာကွယ်ပေးမည်ဟု သူ ကတိပေးခဲ့သော်လည်း ယခုတွင်မူ သူမအား ပျားများ လိုက်တုပ်ခြင်း ခံလိုက်ရသည်။ ပုန်းစရာနေရာ မရှိသဖြင့် ရေကန်ထဲသို့ ခုန်ချခဲ့ရကာ ဤမျှ သနားစရာ ကောင်းသော အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရသည်။
ဖုန်းချင်ကဲမှ မည်သည်မှ ပြန်မဖြေဘဲ ခေါင်းငုံ့လျှက် တုန်ယင်စွာ ရပ်နေလေတော့သည်။
[တစ်ယောက်ယောက်က သူမကို ပစ်မှတ်ထားခဲ့တာပဲ]
[အဲ့ဒီထူးဆန်းတဲ့ အနံ့ပဲ ဘယ်သူလဲ ဘယ်သူက သူမကို ပစ်မှတ်ထားခဲ့တာလဲ]
ပျားများ အလိုက်ခံရ၍ မက်မွန်ပန်းတောထဲ၌ နေရာအနှံ့ ပြေးလွှားခဲ့ရကာ လွတ်မြောက်ရန် အတွက် ရေထဲခုန်ချခဲ့ရသည့် သူမ၏ သနားစရာ အခြေအနေအား တွေးမိပြီးနောက် သူမ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
မုရုံယီရွှမ်သည် သူမ ရေစိုသွားသဖြင့် ချမ်းတုန်နေသည်ဟု ထင်ကာ သူမအား အလျှင် အမြန် ချီပိုး၍ မြင်းလှည်း ရှိရာဆီသို့ အပြေးအလွှား သွားလေတော့သည်။
မုရုံယီရွှမ်သည် ဖုန်းချင်ကဲအား ချီသွားသည်ကို မြင်သောအခါ မက်မွန်ပန်းများ ကြည့်ရန် လာကြသော ပတ်ဝန်းကျင်ရှိ ခရီးသွားများသည် စတင်၍ တက်တက်ကြွကြွ ဆွေးနွေး ပြောဆိုကြတော့သည်။
မလှမ်းမကမ်းရှိ မက်မွန်ပင် တစ်ပင်ထက်တွင် အနီရောင် ပုံရိပ်လေးတစ်ခုသည် ထိုမြင်ကွင်းအား ကြည့်ကာ သစ်ကိုင်းပေါ်၌ လှဲလျောင်းလျှက် သူမဘာသာ ပျော်ရွှင်စွာ ပြုံးနေသည်အား မည်သူမျှ သတိမထားမိခဲ့ကြပေ။
နောက်တစ်ခဏတွင် အနီရောင် ပုံရိပ်လေးသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ကာ မက်မွန်ပန်းတောထဲမှ နတ်သမီးလေး တစ်ပါးအလား ပန်းများကြား ဖြတ်သန်းလျှက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
အတွင်းပိုင်း နယ်မြေသို့ ပြန်ရောက်သောအခါ ဖုန်းကျို့သည် သူမ၏ မျက်နှာဖုံးအား ချွတ်လိုက်ကာ သီချင်းလေးတစ်ပုဒ်အား ညည်းရင်း ပျော်ရွှင်စွာဖြင့် လျှောက်လာခဲ့တော့သည်။ ငန်းဥပုံစံ ကျောက်တုံးများ ပေါ်တွင် ခုန်ပေါက်ကာ အထဲသို့ ဝင်လာလေရာ အဘိုးအိုသည် မြေကြီးအား လှည်းကျင်းနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ သူမ ခြေလှမ်းများအား ရပ်တန့်လိုက်ကာ ထိုအဖိုးအိုအား ခေတ္တမျှ စိုက်ကြည့်လိုက် ပြီးနောက် ကျောက်တုံးများပေါ်မှ ဖြတ်လျှက် အတွင်းသို့ ဆက်လက် လျှောက်သွားလိုက်တော့သည်။
အနီရောင်ပုံရိပ်လေး အထဲသို့ ဝင်သွားပြီးနောက် မြေကြီးအား လှည်းနေသော အဘိုးအိုမှ ခေါင်းမော့ကာ သူမရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများ အရောင်လက် သွားသော်လည်း သူ၏ အကြည့်များသည် မပြောင်းလဲဘဲ ခေါင်းငုံ့ကာ ကြမ်းပြင်အား ဆက်လက် လှည်းကျင်းနေတော့သည်။
မွန်းလွဲပိုင်း၌ လန်ရွှမ် ပြန်ရောက်လာခဲ့သည်။ မက်မွန်ပွင့် တောင်တန်း အတွင်း ဖုန်းကျို့ တစ်ယောက်တည်း ကျန်ခဲ့မည်ကို စိုးရိမ်ပုံရလေသည်။ ထို့ကြောင့် သူမသည် သတင်း ပေးပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဖုန်းကျို့သည် သူမအား ဓားရေးကျင့်စဉ် စာအုပ်တစ်အုပ် ပစ်ပေးလိုက်ပြီးနောက် ကြိုးစား ကျင့်ကြံရန် ပြောလိုက်ကာ သူမကိုယ်တိုင်သည်လည်း ဆေးဖက်ဝင်အပင်အချို့အား အထဲသို့ ရွှေ့ပြောင်း ပြီးနောက် တံခါးအား ပိတ်လိုက်တော့သည်။ ထိုတံခါးများ ပိတ်သွားလျှင် တစ်ခါတစ်ရံ တစ်နေကုန် ထမင်းထွက်စားခြင်းပင် မရှိတော့ပေ။
မက်မွန်ပွင့် တောင်တန်းရှိ နေ့ရက်များသည် အေးချမ်းပြီး သက်သောင့်သက်သာ ရှိလှပေသည်။ ဖုန်းကျို့သည် တစ်ခါတစ်ရံ ဆေးဖက်ဝင် အပင်များနှင့် အလုပ်ရှုပ်နေတတ်ကာ တစ်ခါတစ်ရံတွင် ကျင့်ကြံမှုများဖြင့် အလုပ်ရှုပ်နေတတ်သဖြင့် သူမ၏ နေ့ရက်များသည် အလုပ်များစွာဖြင့် ပြီးပြည့်စုံစွာ ကုန်ဆုံးသွားတတ်တော့သည်။
မက်မွန်ပွင့် တောင်တန်းသို့ ရောက်ရှိပြီး တစ်လမပြည့်မီ အချိန်အတွင်းမှာပင် သူမ၏ ကျင့်ကြံမှုသည် နက်နဲအဆင့် ၏ အလယ်အလတ်အဆင့်သို့ တဟုန်ထိုး ရောက်ရှိသွားခဲ့သည်အား မည်သူမျှ မသိရှိကြပေ။
အခြားသူများ ဆယ်နှစ် သို့မဟုတ် ထို့ထက်ပို၍ ကျင့်ကြံမှသာ ရောက်ရှိနိုင်မည့် အဆင့်တစ်ခုအား သူမက တစ်လမပြည့်မီ အချိန်အတွင်းမှာပင် အဆင့်များစွာအား တစ်ဟုန်ထိုး ကျော်ဖြတ်ကာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဖုန်းကျို့ မသိရှိခဲ့သည်မှာ မြို့ထဲရှိ ကွမ်ရှီးလင်နှင့် လန်ဟွာတို့ ရှိနေသော ခြံဝင်းအတွင်း၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုသည် ထိုနေရာ၏ အေးချမ်းမှုအား ဖျက်ဆီးပစ်လိုက်ပြီ ဆိုသည်ကိုပင် ဖြစ်သည်။
"မင်းတို့တွေက ဘယ်သူတွေလဲ ငါတို့ ခြံဝင်းထဲကို ဘာလို့ အတင်းဝင်လာတာလဲ"
အဖြူရောင် အောက်ခံအင်္ကျီကိုသာ ဝတ်ဆင်ထားသော ကွမ်ရှီးလင်သည် သူ၏ ဓားအား ဆုပ်ကိုင်ထားရင်း အတင်းအကျပ် ဝင်ရောက်လာသော ဆယ်ယောက်ကျော် ရှိသည့် အနက်ရောင် ဝတ်စုံနှင့် လူများအား စိုက်ကြည့်နေခဲ့သည်။ ခြံဝင်းပတ်လည်ရှိ အကာအကွယ် အစီအရင်အား ထိုလူများမှ ဖျက်ဆီးပစ်လိုက်သဖြင့် သူတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာခဲ့ခြင်း ဖြစ်သည်။
လန်ဟွာသည်လည်း အလျင်အမြန် အဝတ်အစား ကောက်စွပ်ကာ ထွက်လာခဲ့လေသည်။ အပြင်ဘက်တွင် ဓားရှည်များအား ဆုပ်ကိုင်ထားသော လူအများအပြားအား မြင်လိုက်ရသောအခါ သူ လန့်ဖျပ်သွားခဲ့တော့သည်။ တကယ်တမ်းတွင် သူ ဤကဲ့သို့သော မြင်ကွင်းမျိုးအား တစ်ခါမှ မကြုံဖူးခဲ့ပေ။ အနက်ရောင် ဝတ်စုံနှင့် လူများသည် သူတို့နှစ်ဦးအား ဝိုင်းရံထားပြီး အေးစက်သော ဓားများဖြင့် ချိန်ရွယ်ထားသည်ကို မြင်သောအခါ သူ၏ နှလုံးသားသည် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
အနက်ရောင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် နောက်ဘက်မှ ထွက်လာခဲ့သည်။ သူသည် လက်များအား နောက်ကျောတွင် ယှက်ထားကာ အငြိုးအတေးကြီးသော အကြည့်များဖြင့် ကွမ်ရှီးလင်အား စိုက်ကြည့်လျှက် အေးစက်စွာ ရယ်မောလိုက်လေတော့သည်။
"ငါ့ရွှီမိသားစုဝင်တွေကို သတ်ထားတဲ့ လူတွေက ငါ့လက်ကနေ လွတ်နိုင်မယ်လို့ ထင်နေတာလား"
သူ့နောက်မှ လိုက်ပါလာသော မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးသည် ကွမ်ရှီးလင်နှင့် လန်ဟွာတို့အား အကဲခတ် ကြည့်လိုက် ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အကာအကွယ် အစီအရင်ကို လုပ်ထားတဲ့သူက ဘယ်သူလဲ"