အခန်း ၈၇
Vol. 6 Ch. 87
အခန်း (၈၇) အသုံးမကျတဲ့ အမှိုက်ကောင်တွေ
"ရွှီမိသားစုရဲ့ ခေါင်းဆောင်ကိုး"
အနက်ရောင်ဝတ်စုံနှင့် လူ၏ စကားအား ကြားပြီးနောက် ကွမ်ရှီးလင်သည် သူ မည်သူ ဖြစ်ကြောင်း မှတ်မိသွားတော့သည်။ ရွှီမိသားစုသည် ကွမ်မိသားစု ကဲ့သို့ပင် တိမ်လွှာ လမင်းမြို့တော်ရှိ အလယ်အလတ်အဆင့် မိသားစုဝင်များ အဖြစ်သာ သတ်မှတ်နိုင်သော်လည်း ရွှီမိသားစုသည် ကွမ်မိသားစုနှင့် အထူးတလည် အဆက်အသွယ် မရှိပေ။
ကွမ်ရှီးလင်သည် ရွှီမိသားစု၏ ခေါင်းဆောင်အား တစ်ခါမှ မမြင်ဖူးသော်လည်း တိမ်လွှာ လမင်းမြို့တော် အတွင်း သြဇာလွှမ်းမိုးမှု အတော်အသင့် ရှိသော ရွှီအမည်ရှိ မိသားစုများ ဆိုလျှင် ထိုရွှီမိသားစု တစ်ခုသာ ရှိလေသည်။
"ရွှီမိသားစု ခေါင်းဆောင်က ခင်ဗျားလူတွေကို သတ်တယ်လို့ ပြောတာက ဘာသဘောလဲ ဒီကိစ္စမှာ နားလည်မှုလွဲတာများ ရှိနေမလား"
သူ ထိုသို့ နှုတ်မှ ပြောလိုက်သော်လည်း သူ၏ ဦးနှောက်မှာမူ အမြန်ဆုံး အလုပ်လုပ်နေလေသည်။ ဤကိစ္စသည် ဖုန်းကျို့နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေမည်ဟု သူ ခန့်မှန်းမိသော်လည်း လက်ရှိအချိန်တွင် တိုက်ရိုက် ဝန်ခံရန် မရဲသေးချေ။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုနှင့် ပတ်သက်၍မူ ကွမ်ရှီးလင်သည် သူ့အား ပို၍ပင် ထူးဆန်းသည်ဟု ခံစားရလေသည်။ သူသည် ထိုလူအား ယခင်တွင် တစ်ခါမှ မမြင်ဖူးသော်လည်း သူသည် ရှောင်ကျို့၏ အကာအကွယ် အစီအရင်အား ဖျက်ဆီးနိုင်ခဲ့သဖြင့် ၎င်းသည် သာမန်အဘိုးအို မဟုတ်ကြောင်း ထင်ရှားလှသည်။
၎င်းအား တွေးမိသောအခါ သူသည် အနောက်ရှိ လန်ဟွာ၏ အနားသို့ တိုးသွားခဲ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်း ထွက်ပြေးဖို့ အခွင့်အရေးရှာ သူတို့ အဖမ်းမခံရစေနဲ့"
လန်ဟွာ အနည်းငယ် ပြာယာခတ် သွားသော်လည်း ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူ အတော်လေး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ လတ်တလော ကာလအတွင်း သူ၏ ခန္ဓာကိုယ်သည် လုံးဝ ကျန်းမာလာခဲ့ပြီး ဖြစ်ကာ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည်လည်း အတော်လေး တောင့်တင်းလာခဲ့သည်။ သို့သော် သူသည် မည်သည့် ကျင့်ကြံမှုမျှ မပြုလုပ်ဖူးသဖြင့် ဤလူများအား လုံးဝ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိပေ။
သူ ဤနေရာတွင် ဆက်နေပါမူ သခင်လေးအား အနှောင့်အယှက် ဖြစ်စေရုံသာ ရှိမည် ဖြစ်သဖြင့် ဤကိစ္စအား သခင်မလေးနှင့် သူ၏ အစ်မထံ အကြောင်းကြားရန် နည်းလမ်းရှာခြင်းသည်သာ ပိုကောင်းပေမည်။ ၎င်းအား ဆုံးဖြတ်ပြီးနောက် သူသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။
"နားလည်မှုလွဲတာ ဟားဟားဟားဟား နားလည်မှု လွဲတာလို့ ပြောရဲသေးတာပဲ"
ရွှီမိသားစု ခေါင်းဆောင်မှ ကျယ်လောင်စွာ ရယ်မောလိုက်ကာ ရုတ်တရက် ရပ်တန့်လျှက် သူ၏ သွေးဆာနေပြီး အငြိုးအတေး ကြီးသော အကြည့်များသည် ကွမ်ရှီးလင်အပေါ် ကျရောက်သွားခဲ့တော့သည်။
"ငါ့သား ငါ့ညီအလတ်နဲ့ ငါ့ရွှီမိသားစုရဲ့ အကြီးအကဲ နှစ်ယောက်က အဲ့ဒီမိန်းမယုတ်လေး လက်ချက်နဲ့ အသတ်ခံလိုက်ရတာကို မင်းက နားလည်မှုလွဲတာလို့ ပြောပြီး ဖြေရှင်းလို့ရမယ် ထင်နေတာလား မင်းက အရမ်း ရိုးအလွန်းမနေဘူးလား"
ထင်ထားသည့် အတိုင်းပင် ဖြစ်သည်။ ကွမ်ရှီးလင်၏ ရင်ထဲ လေးလံသွားခဲ့ရတော့သည်။ ရွှီမိသားစုမှ လူများအား သတ်ခဲ့သည်မှာ ရှောင်ကျို့ပင် ဖြစ်နေချေတော့သည်။ သို့သော် ဤသည်မှာ မည်သည့်အချိန်တွင် ဖြစ်သွားရလေသနည်း။ သူသည် မည်သည့်အတွက် ထိုအကြောင်းအား မသိခဲ့ရလေသနည်း။
"အဲ့ဒီမိန်းမယုတ်လေး ဘယ်မှာလဲ အသတ်ခံဖို့ သူ့ကို ဒီထွက်လာခဲ့ခိုင်းလိုက်စမ်း"
ရွှီမိသားစု ခေါင်းဆောင်မှ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကာ ဘေးပတ်လည်အား လိုက်ကြည့်လိုက်လေသည်။ ဤမျှ ကြီးမားသော ဆူညံသံများ ထွက်ပေါ်လာ ပြီးနောက်တွင်ပင် ခြံဝင်း အတွင်းရှိ ကွမ်ရှီးလင် အပြင် မည်သည့် ကျင့်ကြံမှုမျှ မရှိသော အခြား လူငယ်တစ်ဦးကိုသာ သူ မြင်တွေ့လိုက်ရသည်။
"ခေါင်းဆောင်ရွှီ ကျွန်တော်တို့ နှစ်ယောက်စလုံး သဘောတူထားပြီးပြီလေ သူတို့ကို ဖမ်းမိရင် အရင်ဆုံး မသတ်ဖို့ ဒီလို အကာအကွယ် အစီအရင်မျိုး လုပ်ဖို့ သူ ဘယ်က သင်လာတာလဲ ဆိုတာကို ဒီအဘိုးကြီးက မေးချင်လို့ပါ"
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအို၏ အသံသည် လေးနက်နေခဲ့ကာ သူသည် ဖုန်းကျို့ ပြုလုပ်ထားသော အကာအကွယ်အစီအရင်အား ပစ်မှတ်ထား၍ လာခဲ့ခြင်း ဖြစ်ပုံရလေသည်။
"အရှင်ကို ကျွန်တော် ကတိ ပေးထားတဲ့ အတိုင်း သေချာပေါက် လုပ်ပေးပါ့မယ် လက်ရှိ အခြေအနေအရ အဲ့ဒီမိန်းမယုတ်လေး ဘယ်မှာရှိလဲဆိုတဲ့ အဖြေကို ရှာဖို့က အရေးကြီးဆုံးပါပဲ"
ထိုသို့ပြောပြီးသည်နှင့် သူမှ လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်တော့သည်။
"သူတို့ နှစ်ယောက်လုံးကို ဖမ်းစမ်း"
"ပြေးတော့"
ကွမ်ရှီးလင်မှ အော်ဟစ်လိုက်ကာ လန်ဟွာအား သူ၏ အနောက်သို့ တွန်းပို့လျှက် အရှေ့မှ လာသော တိုက်ခိုက်မှုအား ကာကွယ်လိုက်တော့သည်။
'ချွင် ချွင်'
'ရွှမ်း'
ဓားသွားများ ရိုက်ခတ်သံသည် ညလေထုထဲတွင် ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာခဲ့ကာ ထက်မြက်သော စွမ်းအင်လှိုင်းများသည် သူ၏ ဘေးမှ ဖြတ်သန်းသွားတော့သည်။ ကွမ်ရှီးလင်သည် သူ၏ ဓားအား ရှေ့တွင်ကိုင်လျှက် အနက်ရောင်ဝတ်စုံနှင့် လူများ၏ တိုက်ခိုက်မှုအား ဟန့်တားထားပြီး လန်ဟွာ ထွက်ပြေး၍ အချိန်ရစေရန် အသက်လု၍ တိုက်ခိုက်နေတော့သည်။
သို့သော် သူသည် ဖုန်းကျို့ မဟုတ်ပေ။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်များ တိုးတက် လာခဲ့သော်လည်း ရွှီမိသားစု ခေါင်းဆောင် ကိုယ်တိုင် သေချာ ရွေးချယ် ခေါ်ဆောင် လာသော ဤလူများနှင့် ရင်ဆိုင်ရချိန်တွင် သူ အင်အား မမျှကြောင်း သိသာလာခဲ့တော့သည်။ ထို့အပြင် တစ်ယောက်နှင့် ဆယ်ယောက် တိုက်ခိုက်ရသဖြင့် အချိန်တို အတွင်းမှာပင် သူ၏ အဖြူရောင် အောက်ခံအင်္ကျီမှာ သွေးများဖြင့် ရွှဲရွှဲစိုနေပြီ ဖြစ်သည်။
သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများ အတွက် သူ၏ အသက်အန္တရာယ်အား မထိခိုက်စေဘဲ ဖမ်းဆီးရန်မှာ အလွန် ခက်ခဲသော လုပ်ရပ် တစ်ခု ဖြစ်လာခဲ့တော့သည်။ ထို့ကြောင့် ရွှီမိသားစု ခေါင်းဆောင်သည် သူတို့အား ခေတ္တမျှ ကြည့်ပြီးနောက် အော်ဟစ်လိုက်လေသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်တွေချည်းပဲ"
သူသည် လေထဲသို့ ခုန်တက်လိုက်ကာ ပြင်းထန်သော ချီစွမ်းအင်များအား သူ၏ လက်ဝါးထဲတွင် စုစည်းပြီးနောက် ရိုက်ချလိုက်တော့သည်။
‘ဘုန်း’
'ဝှီး
ကွမ်ရှီးလင်သည် သူ၏ လက်ဝါးရိုက်ချက်ကြောင့် လွင့်စဉ်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက် သွားချိန်တွင် သူ၏ ပါးစပ်မှ သွေးများ အန်ထုတ်မိလိုက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့ပြီးနောက် မတ်တပ်ရပ်ရန်ပင် အချိန်မရလိုက်ခင်မှာပင် ဓားရှည် ဆယ်ချောင်းခန့်သည် သူ၏ လည်ပင်းအား ချိန်ရွယ်လာခဲ့ကာ သူ့အား အနည်းငယ်မျှပင် မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်ကြကုန်တော့သည်။