← Chapters

အခန်း ၈၉

Vol. 6 Ch. 89

အခန်း ၈၉

Vol. 6 Ch. 89

အခန်း (၈၉) လွတ်မြောက်ခြင်း

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် အစောင့်တစ်ဦး သူ၏ဘေးသို့ အပြေးရောက်လာခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ ရဲဘော်နှစ်ယောက် အသတ်ခံလိုက်ရပြီး အဲ့ဒီကောင်လေး လွတ်သွားတယ်"

"ဘာ ကျင့်ကြံမှု ဘာမှမရှိတဲ့ သာမန်ကောင်လေး တစ်ယောက်ရဲ့ သတ်တာကို သူတို့က ခံလိုက်ရတယ် ဟုတ်လား"

သူက ဒေါသတကြီး အော်ဟစ်လိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် အနောက်ပေါက်သို့ ထွက်လာခဲ့တော့သည်။ သူ၏ အကြည့်များသည် ပတ်ဝန်းကျင်အား လိုက်ကြည့်လိုက်လေရာ အမှန်ပင် သူ၏ အစောင့်နှစ်ဦး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

တစ်ယောက်သည် သွေးများ ပေကျံနေသည့် လည်ပင်းတွင် အနီရောင် အစင်းကြောင်းကြီး တစ်ခု ရှိနေခဲ့ကာ နောက်တစ်ယောက်မှာမူ ရင်ဘတ်ထဲသို့ ဓားထိုးစိုက်ခံထားရလေသည်။ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ သူသည် ဒေါသတကြီး အံကြိတ်လိုက်ကာ လက်သီးအား တင်းကြပ်စွာ ဆုပ်လိုက်မိသည်။

"ဟမ့် ကောင်းလိုက်တာ ကျင့်ကြံမှု ဘာမှမရှိတဲ့ ကောင်လေး တစ်ယောက်က ငါ့လူနှစ်ယောက်ကို တကယ် သတ်သွားရဲတယ်ပေါ့လေ"

နောက်မှ ရောက်လာသည့် အသက်ကြီးကြီး အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးရှည်ကြီးအား ပွတ်သပ်ရင်း တွေးတောနေလေသည်။

[ကျင့်ကြံမှု ဘာမှမရှိတာ သေချာတဲ့ လူတစ်ယောက်က ကျင့်ကြံမှုရှိတဲ့ သိုင်းပညာရှင်ကို သတ်နိုင်ခဲ့တယ် အဲ့ဒီအပြင် ဒီနေရာမှာ အကာအကွယ် အစီအရင် ဖန်တီးတဲ့ ဆရာတစ်ယောက်တောင် ရှိနေသေးတယ် ကြည့်ရတာ အဲ့ဒီမိန်းကလေးက လျှို့ဝှက်ချက်တချို့ကို ဖုံးကွယ်ထားပုံရတယ်]

ထိုသို့ တွေးမိသောအခါ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

"ငါတို့ ဖမ်းမိထားတဲ့လူနဲ့ အဲ့ဒီမိန်းကလေးက ဘယ်လို ပတ်သက်နေတာလဲ"

သူသည် ရွှီမိသားစု ခေါင်းဆောင်အား ကြည့်ကာ မေးလိုက်လေသည်။ ထိုစကားအား ကြားသောအခါ ရွှီမိသားစု ခေါင်းဆောင်သည် ချက်ချင်း လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ ဖမ်းမိထားတဲ့လူက တိမ်လွှာ လမင်းမြို့တော်က အလယ်အလတ်တန်းစား မိသားစုဖြစ်တဲ့ ကွမ်မိသားစုကပါ ဒါပေမဲ့ သတင်းတွေ အရတော့ သူက ထောင်ခြောက်ကိုးသွယ် သစ်တောထဲမှာ သေသွားပြီလို့ သိရတယ် ကျွန်တော် ခန့်မှန်းရသလောက် ဆိုရင် အဲ့ဒီမိန်းကလေးက သူ့ကို ကယ်တင်ခဲ့ပြီးတော့ သူတို့ မောင်နှမတွေလို ရင်းနှီးသွားကြတာ ဖြစ်မယ်"

"ဒါဆို ခင်ဗျားပြောချင်တာက သူ ဖမ်းခံရမှန်းသာ အဲ့ဒီမိန်းကလေး သိရင် သူ့ကို ကယ်ဖို့ ထွက်လာလိမ့်မယ်ပေါ့"

"ဟုတ်တယ်"

ရွှီမိသားစု ခေါင်းဆောင်မှ ကောက်ကျစ်စွာ ပြုံးရင်း ခေါင်းညိတ် ပြလိုက်လေသည်။

"အဲ့ဒီကောင်လေး လွတ်သွားတာလည်း ကောင်းပါတယ် ကွမ်ရှီးလင်ကို ငါတို့ ဖမ်းထားတယ် ဆိုတဲ့ သတင်းကို သူ သွားပြောလိမ့်မယ် သတင်းရပြီးရင် အဲ့ဒီမိန်းကလေး ငြိမ်နေလိမ့်မယ်လို့ ငါ မယုံဘူး"

အဘိုးအိုသည် မျက်မှောင် အနည်းငယ် ကြုတ်ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။

"သူ ဖမ်းခံရမှန်း ကွမ်မိသားစု သိသွားရင် သူတို့ ဝင်ပါလာမလား"

"ဟား အဲ့ဒီကိစ္စအတွက် အရှင် စိုးရိမ်စရာ မလိုပါဘူး ကျွန်တော်တို့ ဖမ်းမိထားတဲ့ ကောင်က စွန့်ပစ်ခံရတဲ့ သားတစ်ယောက်ပါ သူ့ရဲ့ ဇနီးလောင်းကိုတောင် သူ့ဝမ်းကွဲအစ်ကိုက လုယူသွားသေးတာပဲ သူတို့က ဒီလို ရှုပ်ထွေးနေတဲ့ ကိစ္စတွေထဲ ဝင်ပါပြီး သူ သေမလား ရှင်မလားဆိုတာကို ဂရုစိုက်လိမ့်မယ်လို့ အရှင် ထင်နေလား ဘာပဲဖြစ်ဖြစ် သူက စွန့်ပစ်ခံထားရတဲ့ လူတစ်ယောက်ပဲလေ"

"ဒါဆိုလည်း ကောင်းတာပေါ့ အဲ့ဒီမိန်းကလေးကို ငါတို့ဆီ မျှားမခေါ်နိုင်ခင်မှာ သူ့ကို အသက်ရှင်လျက် ထားဖို့ လိုတယ် မလိုအပ်တဲ့ ပြဿနာတွေလည်း ငါတို့ ထပ်မဖြစ်ချင်ဘူး"

အဘိုးအိုမှ တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။ ထိုစကားအား ကြားသောအခါ ရွှီမိသားစု ခေါင်းဆောင်၏ ရင်ထဲတွင် အံ့အားသင့်သွားပြီးနောက် အဘိုးအိုအား ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။

"အရှင် အရှင်က အကာအကွယ် အစီအရင်တွေမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပြီပဲ ဘာလို့ အသုံးမကျတဲ့ မိန်းကလေး တစ်ယောက် လုပ်ထားတဲ့ အစီအရင်ကို စိတ်ဝင်စားနေရတာလဲ"

အဘိုးအိုမှ သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဒါက ငါ့ကိုယ်ပိုင် ကိစ္စပါ ခေါင်းဆောင်ရွှီ စူးစမ်းချင်စိတ်များတာ သိပ်မကောင်းလှဘူး အများကြီးသိတာ မကောင်းဘူး ပိုသိလေ ပိုမြန်မြန် သေလေပဲ"

ထိုသို့ ပြတ်သားစွာ သတိပေး ခံလိုက်ရသဖြင့် ရွှီမိသားစု ခေါင်းဆောင်မှာ ချက်ချင်း သတိဝင်သွားခဲ့ကာ ထပ်မမေးတော့ချေ။ မည်သို့ပင် ဖြစ်စေ ဤအဘိုးအို၏ နောက်ခံသည် သူ လုံးဝ ပြဿနာမရှာရဲသည့် သူမျိုး ဖြစ်နေသောကြောင့်ပင်တည်း။

အခြားတစ်ဖက်တွင်မူ

လွတ်မြောက် လာပြီးနောက် လန်ဟွာသည် ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ အသက်အား ပြင်းပြင်းရှူနေရတော့သည်။ သူသည် လက်ရှိတွင် နောက်ဖေးလမ်းကြား တစ်ခုထဲ၌ ပုန်းအောင်းလျှက် အသက်ရှူရ ခက်ခဲနေပြီး သူ၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲရွှဲစိုနေတော့သည်။ အချို့မှာ သူ၏သွေးများ ဖြစ်ပြီး အချို့မှာမူ စောစောပိုင်းတွင် သူသတ်ခဲ့သော အစောင့်နှစ်ဦး၏ သွေးများဖြစ်သည်။

ဤသည်မှာ သူ အတွက် လူတစ်ယောက်အား ပထမဆုံးအကြိမ် သတ်ဖူးခြင်း ဖြစ်သည်။ စောစောပိုင်း အခြေအနေများတွင် သူ့အတွက် စဉ်းစားချိန် မရလိုက်ဘဲ အလိုအလျောက် တုံ့ပြန်မှုဖြင့်သာ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ ယခု ပြီးဆုံးသွားချိန်တွင်မူ သူ အလွန် ကြောက်လန့်နေခဲ့ကာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

သူ၏ နှလုံးသားသည် ပုံမှန်မဟုတ်ဘဲ ခုန်နေလျှက် ရှိကာ အကြောက်တရားများလည်း စွဲကျန်နေခဲ့ပြီး သူ၏ စိတ်သည် လုံးဝ မတည်ငြိမ်နိုင်တော့ပေ။

လမ်းကြားထဲတွင် ခေတ္တမျှ ပုန်းအောင်းနေ ပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ကြောင်းနှင့် နောက်မှ လိုက်လာသူများ မရှိတော့ကြောင်း သေချာမှသာ သူသည် အံကြိတ်ကာ မတ်တပ်ရပ်လိုက်လေသည်။

အမှောင်ထုအား အခွင့်ကောင်းယူကာ သူသည် ည၏ ဖုံးကွယ်မှု အောက်တွင် တိတ်တဆိတ် ပုန်းအောင်းရင်း မက်မွန်ပွင့် တောင်တန်းရှိရာသို့ ထွက်ပြေးလာခဲ့တော့သည်။ သခင်မလေးတွင် တစ္ဆေသမားတော် ဆိုသည့် အခြား အမည်တစ်ခု ရှိကြောင်းနှင့် မှောင်ခိုဈေးကွက်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ကြောင်း သူ သိထားလေသည်။

သို့သော် မှောင်ခိုဈေးကွက်သို့ သွား၍ အကူအညီတောင်း၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အစ်မသည်သာ သခင်မလေးနှင့် အမြဲ လိုက်ပါလေ့ရှိသဖြင့် သူ့အား မည်သူကမျှ သိလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ သူ့အား အထဲသို့ ဝင်ခွင့်ပေးရန် သူတို့အား ဖြောင်းဖျနိုင်ခဲ့လျှင်ပင် ကိစ္စများ လက်လွတ်စင်ပယ် ဖြစ်သွားပြီး သခင်မလေးသည် မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်ပေါက်သွားမည်ကိုလည်း သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။

သူ၏ ကျောဘက်အား သူ မလှမ်းမြင်နိုင်သော်လည်း သူ၏ သွေးများဖြင့် လုံးဝ ရွှဲရွှဲစိုနေပြီ ဖြစ်ကြောင်း သိပေသည်။ သွေးထွက်နေသည်အား သူ မတားဆီးနိုင်သော်လည်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ကာ ခြေလှမ်းတိုင်းတွင် သူ၏ ဒဏ်ရာများသည် ပြင်းထန်စွာ နာကျင်နေလျှက် ရှိကာ ထိုနာကျင်မှုသည် သူ့အား နှိပ်စက်နေလျှက် ရှိသည်။

အမြဲလိုလို ပျော့ညံ့သော ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိသူ ဖြစ်သည့် အပြင် သွေးများစွာ ဆုံးရှုံးထားသဖြင့် သူ၏ မျက်နှာသည် ခြေလှမ်းတိုင်းတွင် ပို၍ပို၍ ဖြူရော်လာနေခဲ့တော့သည်။ ဤမျှလောက် ဖြစ်နေသော်လည်း သူသည် အံကြိတ်ကာ မိမိကိုယ်ကို အတင်းအကျပ် တွန်းပို့၍ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေဆဲပင် ဖြစ်သည်။

All Chapters