← Chapters

အခန်း ၉၀

Vol. 6 Ch. 90

အခန်း ၉၀

Vol. 6 Ch. 90

အခန်း (၉၀) အကူအညီတောင်းခြင်း

အရုဏ်တက်စ မိုးသောက်ယံ အချိန်တွင် ကောင်းကင်ယံ၌ အမှောင်ရိပ်များ မကင်းစင်သေးသည့်တိုင် နေမင်းကြီးသည် အမှောင်ထုထဲမှ တဖြေးဖြေး ခေါင်းပြုထွက်လာနေစဉ်တွင် တောင်ပေါ်၌ ကင်းလှည့်နေသည့် အစောင့်များသည် စကားစမြည် ပြောဆိုနေခဲ့ကြသည်။ ရုတ်တရက် ဘေးဘက်မှ အရိပ်တစ်ခုအား မြင်လိုက်ရချိန်တွင် သူတို့ထဲမှ အချို့သည် အလန့်တကြား အရှေ့သို့ အပြေးအလွှား တက်သွားခဲ့ကြလေသည်။

"ဘယ်သူလဲ"

လန်ဟွာသည် ဤနေရာအထိ အတင်းအကျပ် ရုန်းကန် လာခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်သည် လေးလံထိုင်းမှိုင်းနေခဲ့ကာ ခက်ခဲစွာဖြင့် ခြေတစ်လှမ်းချင်းစီ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့ရသည်။ သူ အကြိမ်ပေါင်းများစွာ လဲကျခဲ့ပြီး ပြန်ထဖို့ ရုန်းကန်ခဲ့ရသည်။

သူ၏ ကျောပြင် တစ်ခုလုံး သူ၏ ကိုယ်ပိုင်သွေးများဖြင့် ရွှဲရွှဲစိုနေခဲ့ကာ နာကျင်မှုကြောင့် ထုံကျင်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူ၏ အမြင်အာရုံသည်လည်း မှုန်ဝါးနေပြီး အရာအားလုံးသည် မပီမပြင် ဖြစ်နေတော့သည်။

ကင်းလှည့်နေသော မှောင်ခိုစျေးမှ အစောင့်များအား မြင်သောအခါ သူသည် အရှေ့သို့ ပြေးသွားချင်သော်လည်း ခြေထောက်များမှာ ခွေယိုင်သွားသဖြင့် သူတို့ထံ လက်ဆန့်တန်းကာ အက်ကွဲနေသော အသံဖြင့် အကူအညီမဲ့စွာ ခေါ်လိုက်ရုံသာ တတ်နိုင်တော့သည်။

"ကျွန်တော့်ကို ကူညီပါဦး လန်ရွှမ်နဲ့ တွေ့ချင်လို့ သူက ကျွန်တော့်အစ်မပါ"

သူ၏ အသံသည် အလွန် တိုးညင်းသော်လည်း ထိုမှောင်ခိုစျေးမှ အစောင့်များမှ ရှင်းလင်းစွာ ကြားလိုက်ရသည်။

‘လန်ရွှမ်ရဲ့ မောင် ဟုတ်လား’

ထိုစကားအား ကြားသောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့တော့သည်။ တစ်ယောက်သည် ရှေ့သို့ထွက်ကာ သူ၏ ဒဏ်ရာများအား စစ်ဆေးကြည့်ပြီးနောက် နောက်တစ်ယောက်မှာမူ အတွင်းပိုင်း နယ်မြေသို့ အပြေးအလွှား သွားလေတော့သည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဤကိစ္စအား လန်ရွှမ်အား အကြောင်းကြားရမည် ဖြစ်သည်။

"ဘာပြောလိုက်တယ် ငါ့မောင် ဟုတ်လား"

အကာအကွယ် အစီအရင်အား စစ်ဆေးရန် သူမ အပြင်သို့ ထွက်လာချိန်တွင် မှောင်ခိုစျေးမှ အစောင့်သည် သူတိူ့၏ ခေါင်းဆောင်အား ထိုကိစ္စအား အစီရင်ခံနေသည်အား ကြားလိုက်ရသဖြင့် သူမ၏ နှလုံးသား ထိတ်လန့်တကြား ခုန်ပေါက်သွားတော့သည်။

"သူ အခု ဘယ်မှာလဲ ဘယ်မှာလဲ ငါ့ကို သူ့ဆီ မြန်မြန် ခေါ်သွားပေး"

‘လန်ဟွာက ခြံဝင်းထဲမှာ သခင်လေးနဲ့အတူ ရှိနေရမှာလေ သူက ဘာလို့ ဒီကို ရောက်လာရတာလဲ တစ်ခုခုများ ဖြစ်လို့လား’

လန်ရွှမ် အပြေးအလွှား ရောက်လာခဲ့ကာ သွေးများဖြင့် ရွှဲရွှဲစိုကာ သတိလစ်နေသော လန်ဟွာအား မြင်လိုက်ရချိန်တွင် လန်ဟွာ၏ အပြာရောင်ဝတ်စုံသည် အနီရောင်အဖြစ် လုံးဝ ပြောင်းလဲနေကာ သူ၏ မျက်နှာသည်လည်း စက္ကူတစ်ရွက်လို ဖြူလျော့နေခဲ့သည်။ သူမ ပြာယာခတ်သွားခဲ့ကာ နှလုံးသား တစ်ခုလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒိန်းခနဲ ဖြစ်သွားတော့သည်။ သူမမှ အော်ခေါ်လိုက်လေသည်။

"လန်ဟွာ"

သူမသည် ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်မိပြီး ရှေ့သို့ပြေးသွားခဲ့ကာ သူ့အား ဖက်ထားချင်သော်လည်း မည်သည့် နေရာသို့ ကိုင်ရမှန်း မသိဖြစ်နေတော့သည်။ သူမသည် စိုးရိမ်တကြီးဖြင့် အော်ပြောရုံသာ တတ်နိုင်တော့သည်။

"မြန်မြန် သူ့ကို အထဲ မြန်မြန် ခေါ်သွားပေးပါ"

သူ့အား တွဲကူပေးနေသည်မှာ မှောင်ခိုစျေးမှ အစောင့် ခေါင်းဆောင်နှင့် သူမနောက်မှ လိုက်ပါလာသော အခြား အစောင့်တစ်ဦး ဖြစ်သည်။ သူတို့ မက်မွန်ပွင့် အကာအကွယ် အစီအရင်သို့ ရောက်ခါနီးတွင် ထိုနှစ်ဦးမှာ နောက်ဆုံးတွင် အထဲသို့ ဝင်ရောက်ပြီး ကြည့်ရှုခွင့်ရတော့မည်ဟု တွေးကာ ရင်ထဲတွင် အလွန် ဝမ်းသာနေကြလေသည်။ သို့သော် သူတို့ ရောက်ခါနီးတွင် သူမသည် ခြေလှမ်းအား ရပ်တန့်လိုက်တော့သည်။

"သူ့ကို ကျွန်မဆီ ပေးခဲ့ပါ"

သူမသည် ရှေ့သို့ ထွက်လာပြီး ဂရုတစိုက် ကိုင်းညွှတ်ကာ လန်ဟွာအား တွဲလျက် မက်မွန်ပွင့် အကာအကွယ် အစီအရင် အတွင်းသို့ တစ်လှမ်းချင်းစီ ခေါ်ဆောင်သွားခဲ့တော့သည်။ မကြာမီမှာပင် ထိုအရိပ်နှစ်ခုအား မမြင်ရတော့ဘဲ မက်မွန်ပန်းများ အကြားတွင် ပျောက်ကွယ် သွားလေတော့သည်။

"ဘယ်လိုတောင် လျှို့ဝှက်လွန်းတာလဲ ငါတို့ ဒီရောက်နေတာ တစ်လလောက် ရှိနေပြီ ဒါတောင် အထဲကို တစ်ခါမှ မရောက်ဖူးသေးဘူး အဲ့ဒီအကြောင်း တွေးမိတာနဲ့ ငါ တော်တော်လေး မွန်းကျပ်သလို ခံစားရတယ်"

ထိုမှောင်ခိုစျေးမှ အစောင့်မှ သူ့ဘာသာသူ ရေရွတ်နေခဲ့ကာ သူ၏ ရင်ထဲတွင် စူးစမ်းလိုစိတ်များဖြင့် လွှမ်းမိုးနေခဲ့တော့သည်။ အထူးသဖြင့် အထဲတွင် နေထိုင်သူသည် မည်သူမည်ဝါ ဖြစ်ကြောင်းအား ပို၍ သိချင်နေခဲ့ခြင်း ဖြစ်သည်။

မှောင်ခိုစျေးမှ အစောင့် ခေါင်းဆောင်သည် ရှေ့သို့ တွေးတောလျက် လှမ်းကြည့်ပြီးနောက် ထိုမှောင်ခိုစျေးမှ အစောင့်အား ပြန်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းက မှောင်ခိုစျေးမှ အစောင့်အဖြစ် အခုမှ စလုပ်တာ မဟုတ်ဘူးလေ ငါတို့ရဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မင်း အခုချိန်ဆို အလွတ်ရနေသင့်လောက်ပြီ မသိသင့်တဲ့ ကိစ္စတွေကို မမေးနဲ့ စူးစမ်းချင်စိတ် မရှိနဲ့ ဒီကိစ္စတွေကို သိနေလို့ ဘာမှ ကောင်းလာမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

သူ၏ ခေါင်းဆောင်မှ သတိပေးလိုက်သဖြင့် မှောင်ခိုစျေးမှ အစောင့်မှာ အရှက်တကွဲဖြင့် ချက်ချင်း ခေါင်းငုံ့သွားလေတော့သည်။

လန်ရွှမ်သည် သတိလစ်နေသော လန်ဟွာအား အခန်းတွင်းသို့ ခေါ်ဆောင်လာပြီးနောက် သူ၏ ဒဏ်ရာများအား စစ်ဆေးလိုက်လေသည်။ သူမသည် သူ၏ ဒဏ်ရာအား အမြန်ဆုံး ရိုးရှင်းစွာ ဆေးထည့် ပေးလိုက် ပြီးနောက် ဖုန်းကျို့၏ တံခါးရှေ့သို့ အလျင်အမြန် သွားကာ တံခါးခေါက်လိုက်လေသည်။

"သခင်မလေး သခင်မလေး"

တင်းမာနေသော သူမ၏ အသံထဲတွင် အရေးတကြီး ဖြစ်နေမှုများအား ကြားနိုင်ပြီး အထိတ်တလန့် ဖြစ်နေသည့် အရိပ်အယောင်များလည်း ပါဝင်နေခဲ့သည်။ အိပ်ပျော်နေသော ဖုန်းကျို့သည် လန်ရွှမ်၏ ခေါ်သံအား ကြားလိုက်ရသဖြင့် လှုပ်ရှားသွားခဲ့ကာ နိုးထလာခဲ့တော့သည်။ သူမသည် ဝတ်ရုံတစ်ထည်အား ခြုံလိုက်ပြီး တံခါးကို ဖွင့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ"

သူမ၏ အသံသည် ဩရှရှ ဖြစ်နေဆဲ ဖြစ်သော်လည်း မျက်လုံးများမှာမူ တက်ကြွနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ကိစ္စ မဟုတ်ပါမူ လန်ရွှမ်က မိုးလင်းခါနီး အချိန်တွင် သူမ၏ တံခါးအား လာခေါက်လိမ့်မည် မဟုတ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။

"သခင်မလေး ရှောင်ဟွာ ရောက်လာတယ် ဒါပေမဲ့ သူ သတိလစ်နေပြီး သွေးတွေနဲ့ ရွှဲရွှဲစိုနေတယ် သခင်လေး တစ်ခုခုများ ဖြစ်သွားပြီလားလို့ ကျွန်မ စိုးရိမ်မိတယ်"

ထိုစကားအား ကြားသောအခါ ဖုန်းကျို့၏ ရင်ထဲ လေးလံသွားခဲ့သည်။

"သူ ဘယ်မှာလဲ မြန်မြန် ငါ့ကို သူ့ဆီ ခေါ်သွားပေး"

All Chapters