← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

🍋 Chapter 358

နိုအာသည် သူမ၏ ဖခင် မည်မျှအထိ စိတ်လှုပ်ရှားနေခဲ့သည်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ပြောပြခဲ့ရာ ဤကဲ့သို့ ရိုးသားပွင့်လင်းလှသော အမူအရာကြောင့် ကျိုးထျန်း၏ စိတ်ထဲတွင် သူမအပေါ် ပိုမို သဘောကျနှစ်သက်မှု ဖြစ်ပေါ်စေခဲ့သည်။

သူ အမှန်အတိုင်း ခန့်မှန်းမိထားသဖြင့် သူမသည်လည်း အရာရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေခြင်း ဖြစ်သည်။

ဤမိန်းကလေးက တကယ်ကို ထက်မြက်လှပေသည်။

ဤကဲ့သို့သော ချဉ်းကပ်မှုမျိုးက အကောင်းဆုံးဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ပိုမို ရင်းနှီးသွားစေကာ သူ လိုလားသော ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရှိရန် ပိုမိုလွယ်ကူစေသည်။

ကျိုးထျန်းသည် ဗီဒီယိုထဲမှတစ်ဆင့် အခန်းအပြင်ဘက်မှ လမ်းလျှောက်နေသည့် ခြေသံအချို့ကို သဲ့သဲ့မျှ ကြားနေရသည်၊ အလွန်တိုးညှင်းသော်လည်း အမှန်တကယ် တည်ရှိနေခြင်း ဖြစ်သည်။

နိုအာသည် သူမ၏ အခန်းထဲတွင် သူနှင့် ဗီဒီယိုကောလ် ပြောဆိုနေခြင်းဖြစ်ပြီး သူမ၏ ဖခင်ကမူ ရလဒ်ကို အမြန်ဆုံး သိရှိလိုသဖြင့် အပြင်ဘက်တွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခြင်း ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

"နိုအာ..... နင်က ဒီဝိုင်ပုလင်းရဲ့ တန်ဖိုးကို နားလည်ထားတဲ့သူဆိုတော့ ငါ့အနေနဲ့ ဆုံဖူးတာ နှစ်ကြိမ်ပဲ ရှိသေးတယ်”

“ ဒါ့အပြင် သိကျွမ်းတာလည်း မကြာသေးတဲ့သူတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ များပြားလှတဲ့ ငွေကြေးပမာဏကို အလဟဿ အဆုံးရှုံးခံမှာ မဟုတ်ဘူးဆိုတာကိုလည်း နင် သိထားသင့်တယ် မဟုတ်လား"

နိုအာက ခေါင်းညိတ်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြုံးလိုက်သည်။

"ကျိုးထျန်း..... ကျွန်မတို့ သိတာ မကြာသေးပေမဲ့ ရှင်က လူကောင်းတစ်ယောက်ဆိုတာကိုတော့ ကျွန်မ သိပါတယ်၊ ဒါကြောင့် တစ်ခုခု အပြန်အလှန် လဲလှယ်ကြရင်ရော"

"တော်လိုက်တော့ နိုအာ၊ တရုတ်နိုင်ငံမှာ ယောကျာ်းတစ်ယောက်ကို လူကောင်းတစ်ယောက်လို့ ပြောတာက 'သူငယ်ချင်းအဆင့်'သတ်မှတ်လိုက်တဲ့ ကတ်ပြားကို ပေးလိုက်တာနဲ့ အတူတူပဲ”

“နင် တရုတ်ရဲ့ ရေပန်းစားတဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ပိုပြီး ဖတ်သင့်တယ်"

"ပစ္စည်းတွေ အပြန်အလှန် လဲလှယ်ဖို့ ကိစ္စကတော့ မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘာပစ္စည်းလဲဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

နိုအာသည် အခွင့်အရေး ရှိနေသေးကြောင်း ကြားလိုက်ရသဖြင့် သူမ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားခဲ့သည်။

"ကျွန်မ ဖေဖေ့ဆီမှာ ပီကာဆို ရဲ့ အသက်မဲ့အရာဝတ္ထု ပန်းချီကားတစ်ချပ် ရှိတယ်၊ အဲဒါက နည်းနည်းတော့ သေးတယ်၊ အမြင့် 46 စင်တီမီတာ ရှိပြီး အရှည်က ၂၃ စင်တီမီတာလောက် ကို ခန့်မှန်းခြေ တန်ဖိုးကတော့ ယူရို ခုနစ်သိန်းထက်မနည်းဘူး"

ပီကာဆို၏ လက်ရာများက ကောင်းမွန်လှသော်လည်း ဤပန်းချီဆရာကြီးသည် များပြားလှသော ပန်းချီကားများကို ထုတ်လုပ်ခဲ့သဖြင့် ယခုအခါတွင်မူ သူ၏ လက်ရာများမှာ ဈေးနှုန်း အလွန်အမင်း ဖောင်းပွနေခဲ့ပြီး တန်ဖိုးမှာလည်း ယခင်ကထက် လျော့နည်းနေပြီ ဖြစ်ရုံသာမက ကျိုးထျန်းအနေဖြင့်လည်း စိတ်ကျေနပ်မှု မရှိချေ။

"ငါက ဆီဆေးပန်းချီကားတွေကို ထူးထူးခြားခြား စိတ်မဝင်စားဘူး" သူက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

"ဒါဆိုရင် ကျွန်မ ဖေဖေ့ဆီမှာ ပုလဲနားကပ် တစ်စုံလည်း ရှိသေးတယ်၊ ဒါက မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ မိသားစု အမွေအနှစ် ပစ္စည်းပဲ"

နိုအာက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောဆိုလိုက်သည်။

ကျိုးထျန်းသည် သူမ ဤနားကပ်ကို အလွန်အမင်း သဘောကျနှစ်သက်နေသည်ကို ရိပ်မိလိုက်သည်။

ထို့ပြင် ယင်းက မိသားစုအမွေအနှစ် ဖြစ်သဖြင့် နောက်ဆုံးတွင် သူမ၏ ပိုင်ဆိုင်မှု ဖြစ်လာရန် သေချာလှပေသည်။

‘လူကြီးလူကောင်းတစ်ယောက်က သူတစ်ပါး အမြတ်တနိုး ထားတဲ့အရာကို မလုယူသင့်ဘူး။ ငါ ဒါကို အလွယ်တကူ လက်မခံနိုင်ဘူး၊ မဟုတ်ရင် ဒီကောင်မလေးရဲ့ ထက်မြက်မှုနဲ့ဆိုရင် တစ်နေ့ကျရင် ဒါကို ပြန်ယူဖို့ နည်းလမ်းတစ်ခုခု ရှာမှာ အသေအချာပဲ’

"ဟင့်အင်း..... ငါ ပုလဲတွေကို မကြိုက်ဘူး"

နိုအာ၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်မှုနှင့်အတူ စိတ်သက်သာရာရသွားသည့် အမူအရာတစ်ခု တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။

"ကျွန်မတို့ဆီမှာ..."

နိုအာက အခြားသော အရာအချို့ကိုပါ ထပ်မံ ပြောဆိုခဲ့သော်လည်း ကျိုးထျန်းက အားလုံးကို ငြင်းပယ်ခဲ့သည်။

"နိုအာ..... ငါက လက်ဝတ်ရတနာတွေကို စိတ်မဝင်စားဘူး"

ကျိုးထျန်းက တိုက်ရိုက်ပင် ပြောကြားလိုက်သည်။ သူသည် လက်ဝတ်ရတနာများ ရှားပါးမည့်သူ မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ရတနာတွင်းတစ်ခုနှင့် လက်ဝတ်ရတနာ ကုမ္ပဏီတစ်ခု၏ ရှယ်ယာ ထက်ဝက်ခန့်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

နိုအာသည် ဤအချက်ကို ကြားပြီးနောက် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။

"ကျိုးထျန်း..... ရှင် ဘာလိုချင်လဲဆိုတာကို တိုက်ရိုက်ပဲ ပြောနိုင်ပါတယ်၊ ကျွန်မရဲ့ ဖေဖေက စိတ်စေတနာကောင်းတဲ့သူတစ်ယောက်ပါ၊ သူက သူငယ်ချင်းကို ဘယ်တော့မှ အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး"

ကျိုးထျန်းသည် စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။

ဤကောင်မလေးသည် တရုတ်စာကို ရက်အနည်းငယ်မျှသာ လေ့လာရသေးသော်လည်း တရုတ်လူမျိုးများ၏ ရင်းနှီးအောင် ပြောဆိုတတ်သည့် နည်းလမ်းများကို အတော်အတန် တတ်မြောက်နေပြီ ဖြစ်သည်။

"ကဲပါ..... နင်က ဒီလောက်အထိ ရိုးသားနေမှတော့ ငါ တိုက်ရိုက်ပဲ ပြောလိုက်ပါတော့မယ်"

"ငါ နင့်ကို..."

ကျိုးထျန်းက ဤစကားလုံးများကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် နိုအာ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားဟန် ပေါ်ထွက်လာခဲ့သည်။

"အကူအညီတစ်ခု တောင်းချင်လို့ပါ"

နိုအာသည် သူမ၏ နှာခေါင်းလေးကို ထပ်မံ ရှုံ့လိုက်ပြန်သည်။

"ကျိုးထျန်း.. ရှင်တို့ တရုတ်လူမျိုးတွေက အခုနလိုမျိုး စကားပြောတဲ့ ပုံစံကို 'စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်ပြီး လူကို ရင်တုန်အောင်လုပ်တယ်' လို့ ခေါ်တယ်ဆိုတာကို ကျွန်မ မနေ့ကတင် သိထားတာနော်"

သူမ၏ လေသံမှာ အလွန်အမင်း ဖော်ရွေမှု မရှိသော်လည်း သူမ၏ အမူအရာကမူ သိသိသာသာ ပြေလျော့သွားခဲ့သည်။

သူမကို လိုချင်တပ်မက်ကြသူများ၊ သူမအပေါ် ချစ်ခွင့်ပန်ကြသူများမှာ အလွန်အမင်း များပြားလှသဖြင့် ယောက်ျားလေးတစ်ယောက်က သူမအား ရင်ဖွင့်လာသည့်အခါတိုင်း သူမ အော့အန်ချင်စိတ်ပင် ပေါက်လာရသည်။

သူမနှင့် တစ်ကြိမ်တည်း ဆုံတွေ့ဖူးရုံမျှဖြင့် သူမအတွက် အသက်ပင် စွန့်ဝံ့ပါသည်ဟု ပြောဆိုကြသော ယောကျာ်းများမှာ အနည်းဆုံး ရာဂဏန်းခန့် ရှိနေခဲ့သည်။

ထို့ပြင် အခြားသော ကောင်လေး မြောက်မြားစွာကလည်း ၎င်းတို့၏ စည်းစိမ်ချမ်းသာများဖြင့် သူမအား ဆွဲဆောင်ရန် ကြိုးပမ်းခဲ့ကြသည်။

သူမ အပြင်သို့ ထွက်သည့် အခါတိုင်းတွင်လည်း ယောကျာ်း မြောက်မြားစွာ၏ မျက်လုံးများဖြင့် အကဲခတ်ခြင်းကို ခံရစမြဲ ဖြစ်သည်။

၎င်းတို့သည် သူမကို စိတ်ဝင်စားသည်ဖြစ်စေ၊ သို့မဟုတ် သူမ၏ မိသားစုကို စိတ်ဝင်စားသည်ဖြစ်စေ ဤကဲ့သို့သော မရိုးသားသည့် ရည်ရွယ်ချက် ရှိကြသည့် ယောကျာ်းများနှင့် ကာမဂုဏ် လိုက်စားသော ယောကျာ်းများမှာ သူမအား အလွန်အမင်း ရွံရှာစေခဲ့သည်။

သို့သော် သူမ ခံယူထားခဲ့သော ဆုံးမသွန်သင်မှုများအရ သူမသည် ထိုကဲ့သို့သော သူများကို ပြုံးပြရုံသာ တုံ့ပြန်နိုင်ခဲ့ပြီး စိတ်ထဲတွင်မူ မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။

"နိုအာ... နင့်ရဲ့ ဆွဲဆောင်မှုတွေကိုလည်း အထင်မကြီးနဲ့၊ ပြီးတော့ ငါ့ရဲ့ ဉာဏ်ရည်ကိုလည်း အထင်မသေးပါနဲ့" ကျိုးထျန်းက နောက်ပြောင်လိုက်သည်။

"ကောင်းပါပြီ၊ ဒါဆို ပြောပါဦး၊ နင် ငါ့ကို ဘာလုပ်ပေးစေချင်လို့လဲ"

နိုအာသည် သူ၏ နောက်ပြောင်မှုငယ်လေးများကို စိတ်မဆိုးခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ နေ့စဉ်ဘဝမှာ အလွန်အမင်း တည်တံ့လွန်းပြီး ပျင်းစရာ ကောင်းလှသောကြောင့် ဖြစ်သည်။

သူမ၏ ဘေးနားရှိ လူတိုင်းမှာ အမူအရာ ကင်းမဲ့နေကြသူများ သို့မဟုတ် ဖားယားတတ်သူများသာ ဖြစ်ကြပြီး သူမ၏ မိဘများမှလွဲ၍ မည်သူမျှ ရိုးသားမှု မရှိကြချေ။

သူမ အမှန်တကယ် လိုအပ်နေသည်မှာ ကျိုးထျန်းကဲ့သို့သော စိတ်ဝင်စားစရာ ကောင်းသည့် သူငယ်ချင်းမျိုးသာ ဖြစ်သည်။

"ပြီးခဲ့တဲ့အကြိမ်က ပီယာလို့ ခေါ်တဲ့ ကောင်က အရမ်း မောက်မာပြီး လေလွင့်တတ်တဲ့ လူရှုပ်လူပွေတစ်ယောက်လို့ နင် ပြောခဲ့တယ် မဟုတ်လား"

"ဒါကြောင့် နင် သူ့ကို တကယ်ပဲ မနှစ်သက်ဘူး မဟုတ်လား"

ကျိုးထျန်းက လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"အင်း..... ကျွန်မ သူ့ကို တကယ် မကြိုက်ဘူး၊ ဒါပေမဲ့ ကျွန်မတို့ မိသားစုနဲ့ ပီယာရဲ့ မိသားစုက စီးပွားရေးအရ ဆက်ဆံရေး ရှိနေကြတော့ မကြာခဏ ဆုံဖြစ်ကြတာ"

နိုအာက မဟန်ဆောင်ဘဲ တိုက်ရိုက်ပင် ပြန်လည် ဖြေကြားလိုက်သည်။

"ငါ မှတ်မိသလောက်ဆိုရင် သူတို့ရဲ့ ကုမ္ပဏီအမည်က 'ဖဲလ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ' မဟုတ်လား၊ ပြင်သစ်မှာ အတော်လေး ကျော်ကြားတယ်လေ"

"ပီယာရဲ့ အဖေ ဖဲလ်က ပြင်သစ်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၂၀ စာရင်းထဲမှာ အမြဲတမ်း ပါနေတာဆိုတော့ သူတို့ မိသားစုက အရမ်း ချမ်းသာမှာ အသေအချာပဲ"

"အဲဒါတော့ ဟုတ်ပါတယ်" နိုအာက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။

သူတို့ မိသားစုက ချမ်းသာလွန်းသောကြောင့်သာ သူမ၏ မိသားစုက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့အကြိမ်က သူ ပန်းခြံ ဝယ်ဖို့အတွက် ငွေအမြောက်အမြား သုံးစွဲခဲ့တာကို သူတို့ မိသားစုက သူ့ကို အပြစ်မတင်ကြဘူးလား"

"မတင်ကြဘူး ထင်တာပဲ။ သူက မကြာသေးခင်ကစပြီး ကျွန်မဆီကို နေ့တိုင်း ကျူးလစ်ပန်းတွေ ပို့နေတာ"

နိုအာ၏ စကားလုံးများတွင် မကျေနပ်မှုများ သိသိသာသာ ပါဝင်နေခဲ့သည်၊ သူမသည် ပန်းများကို မုန်းတီးခြင်း မဟုတ်ဘဲ ပန်းပေးသည့် လူကိုသာ မုန်းတီးခြင်း ဖြစ်သည်။

"ဒါဆိုရင် သူက ဒီလောက်အထိ ချမ်းသာနေပြီး နင်ကလည်း သူ့ကို မုန်းနေတယ်ဆိုတော့ ငါတို့ သူ့ကို ကစားကွက်တစ်ခုလောက် ဆင်ပြီး ပညာပေးလိုက်ရင်ရော မကောင်းဘူးလား"

ကျိုးထျန်းက လူဆိုးတစ်ယောက်ကဲ့သို့ ပြုံးလျက် ပြောဆိုလိုက်သည်။

ဤအချက်ကို ကြားလိုက်ရသည့်အခါတွင် နိုအာ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားခဲ့သည်။

"ရှင် တစ်ခုခု မကောင်းကြံတော့မလို့လား"

"ဒါက ရယ်စရာကောင်းတဲ့ ကစားကွက်တစ်ခုပါ"

နိုအာသည် သူမ၏ ခေါင်းကို စောင်းလျက် သူ့ကို ပြုံးကြည့်လိုက်ပြီးနောက် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။

"ရှင်က သူ့ကို ငွေတွေ အလဟဿ သုံးမိအောင် လှည့်စားဖို့အတွက် ကျွန်မကို ကူညီခိုင်းချင်တာပေါ့"

"မှန်တာပေါ့..... နင် အကဲခတ်မိသွားပြီပဲ"

ကျိုးထျန်းက လက်ဖြင့် ငွေရေတွက်သည့် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

"ဒါပေမဲ့ ငွေအလဟဿ သုံးမိအောင် လုပ်ရုံတင်မကဘဲ သူ့ကို လူအတစ်ယောက်လိုမျိုး ဖြစ်သွားအောင်ပါ လုပ်မှာ"

ဤအချက်ကို ကြားရသည့်အခါ နိုအာသည် ချက်ချင်းပင် ချိုသာသော အပြုံးတစ်ခုကို ဖော်ပြလိုက်ရာ ကျိုးထျန်းအား ခေတ္တမျှ မှင်သက်သွားစေခဲ့သည်။

"ဒါဆိုရင် ကျွန်မ ရှင့်ကို ကူညီပြီး သူ့ကို လှည့်စားပေးရင် ၁၈၆၉ ခုနှစ်ထုတ် ရိုမန်နီ ကွန်တီ ဝိုင်တစ်ပုလင်း ပေးမှာလား"

"ဟုတ်တယ်..... အလကား ပေးမှာ"

နိုအာသည် သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

"နည်းနည်းတော့ မကောင်းဘူးဆိုပေမဲ့ တကယ်ပဲ ရယ်ရမှာ အသေအချာပဲ"

သူ၏ အကြံဉာဏ်များကို နိုအာအား ရှင်းလင်းပြသပြီးနောက် ကျိုးထျန်းသည် ဖရန်ဆွာ၏ ဘေးနားတွင် ရှိနေသော သူ၏ လူများထံသို့ ဖုန်းခေါ်ဆိုကာ ပီယာအတွက် ဤ ကစားကွက်ငယ်လေးကို ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် သူသည် ကြိုတင် ကာကွယ်မှုအဖြစ် ဂျက်ဆီအား ဖဲလ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှာဖွေခိုင်းလိုက်သည်။

သူသည် ပီယာကို မနှစ်သက်သော်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေခြင်းမျိုး မဟုတ်ဘဲ သူ၏ အကျိုးအမြတ်များကို အမြင့်ဆုံးအထိ ရရှိရန်အတွက်သာ အသုံးချလိုခြင်း ဖြစ်သည်။

ဤငတုံးမှာ အကောင်းဆုံးသော သားကောင်တစ်ကောင် ဖြစ်ပေသည်။

သူ၏ လူမျိုးရေး ခွဲခြားမှုနှင့် ရိုင်းစိုင်းမှုများကြောင့် သူ့ကို သင်ခန်းစာ ပေးရခြင်းက တရားမျှတလှပေသည်။

ထို့ပြင် သူ၌ နိုအာနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်ဟူသော မသိမသာ ရည်ရွယ်ချက်လည်း ရှိနေသေးသည်။

ဤမျှအထိ လှပပြီး ထက်မြက်သော မိန်းကလေးမျိုးမှာ ရှားပါးလှသည်။ ထို့အပြင် ဥရောပတွင် သူငယ်ချင်း မရှိသဖြင့် ဤကဲ့သို့သော အဆက်အသွယ်တစ်ခု ရှိထားခြင်းက တစ်နေ့ကျရင် အသုံးဝင်လာနိုင်ပေသည်။

‘ကဲ..... အခုတော့ ဒီ ပြင်သစ်ကောင် ငါဆီကို ရောက်လာမယ့် အချိန်ကိုပဲ စောင့်ရတော့မယ်’

ကျိုးထျန်းသည် ဝိုင်နီများဖြင့် ပြည့်နှက်နေသော နံရံကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ပြုံးလျက် အီလက်ထရွန်နစ် တံခါးကို ပိတ်လိုက်သည်။

All Chapters