← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

🍋 Chapter 361

နိုရယ်၏ သရုပ်ဆောင် အရည်အချင်းမှာ ကျိုးထျန်းနှင့် နှိုင်းယှဉ်နိုင်လောက်အောင်ပင် ပထမတန်းစား ဖြစ်သည်ဟု ပြောရပေမည်။

"မစ္စတာဖဲလ်... ကျွန်မ အခုတင်ပဲ မက်ဆေ့ခ်ျတစ်ခု ရတာပါ၊ အဲဒါက တကယ်ကို မျှော်လင့်မထားတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့ ကျွန်မ အမူအရာ ပျက်သွားခဲ့ရတာပါရှင်"

"အို.. မြင့်မြတ်လှတဲ့ မိန်းကလေး နိုရယ်တောင် အမူအရာ ပျက်သွားရတယ်ဆိုတော့ ဒါက အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ရမယ်"

ဖဲလ်က စိတ်ခံစားချက် ကောင်းမွန်စွာဖြင့် ပြုံးလျက် ပြောဆိုလိုက်သည်။

"ညစာစားပွဲရဲ့ အာရုံလွှဲစရာတစ်ခု အနေနဲ့ ငါတို့ကိုလည်း အဲဒီအကြောင်းလေး ပြောပြပါဦးလား"

အိမ်ရှင်က ခွင့်ပြုလိုက်သဖြင့် နိုရယ်သည် သူမ၏ ဖုန်းကို ထုတ်ယူလိုက်သည်။

သူမသည် ဘေးနားရှိ စာပွဲထိုးတစ်ဦးကို လှမ်းခေါ်ကာ စကားအနည်းငယ် ပြောဆိုပြီးနောက် ဖုန်းကို ကမ်းပေးလိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ပရိုဂျက်တာ တစ်ခုကို တွန်းရွှေ့လာခဲ့ကြပြီး ဖုန်းထဲရှိ ဗီဒီယိုကို စတင် ပြသခဲ့ကြတော့သည်။

နိုရယ်၏ ဖခင်မှာ ရင်တုန်သွားခဲ့ရသည်။

‘ မိမိ၏ သမီးက တစ်ခုခု ကြံစည်နေပြီလား’

‘သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

ထိုဗီဒီယိုထဲတွင် ကျိုးထျန်း ရှိနေသည့် လေလံပွဲ အခြေအနေကို ပြသနေခဲ့သည်။

"၁၈.၅ သန်း..."

"၁၉ သန်း..."

"၁၉.၅ သန်း... ထပ်ပြီး ဆွဲမယ့်သူ ရှိသေးလားခင်ဗျာ..."

"သန်း ၂၀..."

"သန်း ၂၀ တစ်ကြိမ်... သန်း ၂၀ နှစ်ကြိမ်... သန်း ၂၀ သုံးကြိမ်... လေလံအောင်သွားပါပြီ”

"ဒီ ရှားပါးပြီး တန်ဖိုးကြီးလှတဲ့ ဝိုင်ရဲ့ ပိုင်ရှင် ဖြစ်လာတဲ့ လူကြီးမင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ”

ရောက်ရှိနေကြသော သူများထဲတွင် နိုရယ်၏ ဖခင် တစ်ဦးတည်းသာလျှင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားလည်ထားခဲ့သည်။

သူသည် တရုတ်ဘာသာစကားကို နားမလည်သော်လည်း ဗီဒီယိုစခရင်ပေါ်တွင် ပြသနေသည့် ဂဏန်းများကိုမူ နားလည်နိုင်ပေသည်။

အကြမ်းဖျင်း ပြန်လည် တွက်ချက်ကြည့်လိုက်သည့် အခါတွင်မူ ယူရို ၂.၅၅ သန်းဟူသော ကြီးမားလှသည့် ပမာဏ ထွက်ပေါ်လာခဲ့သည်။

ဝိုင်တစ်ပုလင်းတည်းကို ယူရို ၂.၅၅ သန်းဖြင့် ရောင်းချခဲ့ရခြင်းက ဝိုင်နီ လေလံပွဲ သမိုင်းတစ်လျှောက် ကမ္ဘာ့စံချိန်ကို တိုက်ရိုက်ပင် ချိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ၎င်းတို့ထဲမှ အချို့သာဆိုလျှင် လေလံပွဲများတွင် မည်သည့် ဝိုင်အမျိုးအစားအတွက်မဆို ပေးချေခဲ့ရဖူးသမျှ အမြင့်ဆုံး ဈေးနှုန်းများထဲတွင် ကမ္ဘာ့ဒုတိယအဆင့်နေရာ၌ တည်ရှိနေလိမ့်မည် ဖြစ်သည်။

ပထမနေရာတွင် ရှိနေသော ၉၂၅ တီကီလာ ဝိုင်မှာမူ အမေရိကန်ဒေါ်လာ ၃.၅ သန်းခန့် တန်ဖိုးရှိသဖြင့် ယင်းထက် အနည်းငယ် ပိုမို ဈေးကြီးလှပေသည်။

သို့သော် ထိုပုလင်းတွင် စိန်ပေါင်း ၆,၄၀၀ ကျော် စီခြယ်ထားရှိသဖြင့် တန်ဖိုးမှာ အလွန်အမင်း မြင့်မားနေခြင်း ဖြစ်သည်။

တကယ်လို့ ဝိုင်ကိုသာ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ဤလုံးဝ ပြီးပြည့်စုံစွာ ထိန်းသိမ်းထားရှိသော ၁၈၆၉ ခုနှစ်ထုတ် ရိုမန်နီ ကွန်တီ ဝိုင်မှာ ၎င်း၏ အမျိုးအစားထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

နိုရယ်၏ ဖခင်သည် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ရင်း သက်ပြင်း အနည်းငယ် ချလိုက်မိတော့သည်။

‘ငါနဲ့ အပြန်အလှန် လဲလှယ်ဖို့ကို သူ ဘာကြောင့် ငြင်းပယ်ခဲ့လဲဆိုတာ မဆန်းတော့ပါဘူး၊ ငါ ကမ်းလှမ်းခဲ့တဲ့အရာက ယူရို ၂.၅၅ သန်း မပြောနဲ့ ယူရို ၁ သန်းကျော်လောက်တောင် တန်ဖိုးမရှိတာပဲ’

ကျန်ရှိနေသော သူများမှာမူ ဇဝေဇဝါဖြစ်စွာဖြင့် နိုရယ်အား လှမ်းကြည့်လိုက်ကြသည်။

"မစ္စတာဖဲလ်... ဒါက တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ လေလံပွဲတစ်ခုပါ။ ၁၈၆၉ ခုနှစ်ထုတ် ဝိုင်တစ်ပုလင်းကို တရုတ်ယွမ် သန်း ၂၀ နဲ့ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်"

"အို..."

ဖဲလ်အိုကြီးသည် မျက်လုံးများကို မှေးလိုက်ရင်း ဗီဒီယိုထဲမှ ဝိုင်ပုလင်းကို စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ရိုမန်နီ ကွန်တီက ပြင်သစ်နိုင်ငံရဲ့ ရတနာတစ်ပါးပဲ၊ အရသာ မသိတဲ့ ဒီတရုတ်တွေက ဝယ်ယူသွားတယ်ဆိုတာ တကယ်ပဲ အရှက်ရစရာပဲ"

ပီယဲကဲ့သို့ပင် သူသည်လည်း အခြားသူများကို လုံးဝ ဂရုမစိုက်ဘဲ လူမျိုးရေး ခွဲခြားသည့် စကားလုံးများကို လွယ်ကူစွာပင် ပြောဆိုလိုက်သည်။

သူ မကျေမနပ် ဖြစ်နေသော်လည်း လေလံဈေးကွက်ကိုမူ သူ မထိန်းချုပ်နိုင်သဖြင့် အလွန်အမင်းတော့ စိတ်မလှုပ်ရှားခဲ့ချေ။

"မိန်းကလေး နိုရယ်... မင်းက ဒီဝိုင်ကို စိတ်ဝင်စားလို့လား"

ဖဲလ်က သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်သည်။

"ဖရန်ဆွာ... မင်းက ဝိုင်ကို အလွန်အမင်း ရူးသွန်းတဲ့သူတစ်ယောက်ဆိုတာ ငါ မှတ်မိနေတယ်၊ မင်းရဲ့ သမီးက မင်းအတွက် စိုးရိမ်ပေးနေပုံရတယ်"

နိုရယ်၏ ဖခင်က စိတ်မသက်မသာဖြင့် ပြုံးပြလိုက်ရုံသာ ပြုလုပ်ခဲ့ပြီး မည်သည့်စကားမျှ ပြန်လည် မပြောကြားခဲ့ချေ။

"မစ္စတာဖဲလ်... ကျွန်မက ဝိုင်နီကို အဲဒီလောက်အထိ စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ ကျွန်မဆီကို ဒီဗီဒီယို ပို့ပေးတဲ့သူကတော့ အတော်လေး ထူးခြားပါတယ်"

နိုရယ်သည် ပီယဲအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"ပီယဲ... နင် ကျူးလစ်ပန်းခင်းထဲမှာ ငါတို့ ဆုံတွေ့ခဲ့ဖူးတဲ့ တရုတ်အမျိုးသားကို မှတ်မိသေးတယ် မဟုတ်လား"

"သေချာပေါက် မှတ်မိတာပေါ့၊ ငါ့အရှေ့မှာ ချမ်းသာချင်ယောင် ဆောင်နေခဲ့တဲ့ အရသာမရှိတဲ့ ဆင်းရဲသား တရုတ်ကောင်မလား"

ပီယဲက မထီမဲ့မြင် ပြုလုပ်လိုက်သော်လည်း ဖခင်ဖြစ်သူ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါတွင်မူ သူ၏ လေသံကို အနည်းငယ် ပြန်လည် ထိန်းချုပ်လိုက်ရသည်။

"သူက ကျွန်မဆီကို ဒီဗီဒီယို ပို့ပေးခဲ့တာပါ။ အဲဒီနေ့က ထွက်ခွာသွားပြီးတဲ့နောက်မှာ ကျွန်မနဲ့ သူတို့ကြားက ကျူးလစ်ပန်းခင်း ကိစ္စအတွက် သူ့ကို ရှာဖွေပြီး တောင်းပန်ဖို့ ကျွန်မရဲ့ သက်တော်စောင့်ကို ခိုင်းခဲ့ဖူးတယ်"

နိုရယ်အနေဖြင့် မိမိက ကျိုးထျန်းထံသို့ အစပြု၍ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်ဟု မပြောနိုင်သဖြင့် သဘာဝကျသော အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လူတိုင်း မျက်မှောင်ကုတ်လိုက်ကြသည်။

ထိုသူက နိုရယ်ထံသို့ ဗီဒီယို ပို့ပေးခြင်းဖြင့် မည်သည့်အရာကို ဆိုလိုချင်သည်လော။

ကြွားဝါခြင်းလော။

နိုရယ် "လေလံပွဲမှာ စံချိန်တင် ဈေးနှုန်းနဲ့ လေလံအောင်သွားတဲ့ ဒီဝိုင်ပုလင်းက အဲဒီ တရုတ်အမျိုးသား ပိုင်တဲ့ အရာ ဖြစ်ပါတယ်"

"ဘာ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ပီယဲသည် မယုံကြည်နိုင်စွာဖြင့် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိတော့သည်။

"ပြီးတော့... ဒီဝိုင်ပုလင်းက အဲဒီ ကျူးလစ်ပန်းခင်းနဲ့လည်း သက်ဆိုင်နေသေးတယ်"

နိုရယ်က တုံ့ဆိုင်းနေခဲ့ပြီး စိုးရိမ်ပူပန်ကာ အနည်းငယ် ကြောက်ရွံ့နေသည့် အမူအရာကို ဖော်ပြလိုက်သည်။

"ပန်းခင်းနဲ့ သက်ဆိုင်နေတယ်? အဲဒါက ဘာကို ဆိုလိုတာလဲ"

ဖဲလ်အိုကြီးက မျက်မှောင်ကုတ်လိုက်ရင်း နိုရယ်၏ အခြေအနေကို ကြည့်ကာ တစ်ခုခု မှားယွင်းနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

"ပီယဲက ပန်းခင်းကို ဝယ်ယူခဲ့ပြီး အဲ့ဒီအမျိုးသားကတော့ ဘေးနားက ပျက်စီးနေတဲ့ အိမ်အိုကြီးကိုပဲ ဝယ်ယူနိုင်ခဲ့တာပါ"

ပီယဲသည် ဤအချက်ကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူသည် ထိုတရုတ်ကောင်ကို နှိမ်ချခဲ့ရသည့် ကိစ္စကို သဘောကျနေဆဲဖြစ်ပြီး ထိုအကြောင်းကို တွေးမိတိုင်း စိတ်ခံစားချက် ကောင်းမွန်နေဆဲ ဖြစ်သည်။

"ဒါပေမဲ့ ဤဝိုင်ပုလင်းကို အဲဒီ အိမ်အိုကြီးရဲ့ ဥယျာဉ်ထဲကနေ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်"

"ဘာ!"

အခုနတင်ပဲ ဂုဏ်ယူဝင့်ကြွားနေခဲ့သော ပီယဲသည် ကောင်းကင်ယံသို့ ဒုံးပျံတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ပင် ဆတ်ခနဲ မတ်တပ် ထရပ်မိတော့သည်။

သူ့မျက်နှာမှာ လျှပ်စစ်ရှော့ခ် အတိုက်ခံလိုက်ရသကဲ့သို့ပင် တွန့်ရှုံ့သွားခဲ့ပြီး သူ၏ အမူအရာကို လုံးဝ မထိန်းချုပ်နိုင်တော့ချေ။

သူ့ဘေးတွင် ရပ်နေသော ဖဲလ်အိုကြီးပင်လျှင် သူ၏ ဒေါသများကို အတင်းအကျပ် ထိန်းချုပ်နေရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ရင်နေခဲ့သည်။

ပန်းခင်းတစ်ခုအတွက် ၁၀ သန်း၊ ယူရို ၁၀ သန်းအပြည့် သုံးစွဲခဲ့ရခြင်း ဖြစ်သည်။

အခြားတစ်ယောက်ကမူ ဘေးနားရှိ ပျက်စီးနေသော အိမ်ကို ဝယ်ယူခဲ့ပြီး တန်ဖိုး ယူရို သန်းချီတန်သော ဝိုင်ပုလင်းကို တူးဖော်တွေ့ရှိခဲ့သည်ဆိုတော့ မည်သူက ရူးသွပ်မသွားဘဲ နေမည်နည်း။

သူသည် ယခုအချိန်တွင် နံရံပေါ်၌ ချိတ်ဆွဲထားသော အမဲလိုက်ရိုင်ဖယ်သေနတ်ကို ဖြုတ်ယူကာ သူ၏ သားဖြစ်သူကို သင်ခန်းစာပေးရန်အတွက် သူ၏ ခေါင်းအနီးသို့ သေနတ်ဖြင့် ပစ်ဖောက်လိုက်ချင်စိတ်ပင် ပေါက်လာရသည်။

"နိုရယ်... နင် အတည်ပြောနေတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီလို ပျက်စီးနေတဲ့ အိမ်ထဲမှာ ရတနာတွေ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"

ပီယဲသည် ယခုအထိ မယုံကြည်နိုင်သေးဘဲ သူ၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးနေခဲ့ကာ သူ၏ စိတ်ထဲတွင် ဂဏန်းနှစ်ခုကိုသာ အာရုံရောက်နေခဲ့သည်။

ယင်းတို့မှာ တစ်သိန်းခွဲနှင့် သန်း ၂၀ ဖြစ်သည်။

တစ်သိန်းခွဲမှာ ကျိုးထျန်း ထိုအိမ်အတွက် ပေးချေခဲ့ရသော ဈေးနှုန်းဖြစ်ပြီး သန်း ၂၀ မှာမူ ထိုဝိုင်ပုလင်း၏ လေလံအောင် ဈေးနှုန်း ဖြစ်သည်။

ကွာခြားချက်မှာ အဆပေါင်း ၁၇ ဆကျော်အထိ ရှိနေခဲ့သည်။

အကယ်၍ ဖဲလ်ဂရု ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုသာဆိုလျှင် စံချိန်တင်လောက်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာ အသေအချာပင်။

ပီယဲသည် နောင်တရခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်းမျိုး မရှိဘဲ ကျိုးထျန်းအပေါ်တွင် အလွန်အမင်း ပြင်းထန်လှသော ဒေါသများသာ ဖြစ်ပေါ်နေခဲ့သည်။

ဘာဖြစ်လို့လဲ။

‘ဘာဖြစ်လို့ အရသာမရှိတဲ့ အောက်ခြေတန်း တရုတ်ကောင်က ဒီလောက်အထိ ကံကောင်းနေရတာလဲ’

‘ဘာဖြစ်လို့ သူက ငါ့ရဲ့ နိုင်ငံထဲမှာ ဒီလောက်အထိ အမြတ်အစွန်း မြောက်မြားစွာ ရရှိသွားရတာလဲ’

‘ပြီးတော့ သူက နိုရယ်နဲ့ ဆက်သွယ်ဖို့ အချက်အလက်တွေကိုပါ ရသွားသေးတယ်’

‘ဒီကောင်က သေသင့်တယ်၊ တကယ်ကို သေသင့်တာ’

မစွမ်းဆောင်နိုင်သော သူများသည် ဒေါသထွက်ရန်သာ တတ်နိုင်ကြပြီး မိမိ၏ ပြဿနာများကို ဘယ်တော့မှ ပြန်လည် ဆင်ခြင်လေ့မရှိကြချေ။

ယခုကဲ့သို့ပင်၊ ဒေါသဖြစ်ရုံမှတစ်ပါး သူသည် ဆင်ခြင်တုံတရားဖြင့်ပင် မတွေးတောနိုင်တော့ဘဲ အရာရာကို ကံတရားကြောင့်ဟုသာ လွှဲချနေခဲ့သည်။

သူ၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး နားထင်များမှာလည်း တဒုတ်ဒုတ် တုန်ခါနေခဲ့ကာ ခန္ဓာကိုယ်အတွင်း၌ ကြွက် မြောက်မြားစွာက ရုန်းကန်လှုပ်ရှားနေသကဲ့သို့ ခံစားနေရသည်။

ယခုအချိန် သူ့ရဲ့ သွေးဖိအားကို တိုင်းတာကြည့်မယ်ဆိုရင် ဆရာဝန်ပင်လျှင် အံ့အားသင့်သွားရလိမ့်မည် ဖြစ်သည်။

သူ ဒေါသဖြစ်နေစဉ်မှာပင် နိုရယ်၏ စကားလုံးများကို ထပ်မံ ကြားလိုက်ရပြန်သည်။

"ဦးလေးဖဲလ်... ကျွန်မ အဲဒီ တရုတ်အမျိုးသားဆီက ကြားရသလောက်ဆိုရင် သူက အဲ့လို သက်တမ်းရှိတဲ့ ဝိုင်ပုလင်း ပေါင်း ရာနဲ့ချီ ရှိနေတဲ့ မြေအောက် ဝိုင်သိုလှောင်ခန်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့တာတဲ့”

“အခု လေလံပွဲမှာ ပြသခဲ့တာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးတစ်ခုပဲ ရှိပါသေးတယ်"

ဒုန်း...

ပီယဲ၏ လက်သီးမှာ ဝက်သစ်ချသား ထမင်းစားစားပွဲကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး သူ၏ လက်ချောင်း အရိုးပင် ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။

"မင်း ဘာလုပ်နေတာလဲ။ တည်ငြိမ်စမ်း!"

ဖဲလ်က သားဖြစ်သူအား အော်ဟစ်ဆူပူလိုက်ပြီးနောက် လှောင်ပြုံး ပြုံးလိုက်သည်။

"ဒီတရုတ်ကောင်က တကယ်ကို မဆိုးဘူးပဲ။ ပျက်စီးနေတဲ့ အိမ်အိုကြီးအောက်မှာ ဒီလောက်အထိ များတဲ့ ရတနာတွေ မြှုပ်နှံထားရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး"

သူသည် ခေတ္တမျှ စကားကို ဖြတ်လိုက်ပြီးနောက်

"ဒါပေမဲ့ ငါတို့ ပြင်သစ်မြေပေါ်ကနေ ထွက်ပေါ်လာတဲ့ ရတနာတွေကို တရုတ်ကောင်တစ်ယောက်ရဲ့ လက်ထဲကို အလွယ်တကူ ဘယ်လိုလုပ် အရောက်ခံနိုင်မှာလဲ"

အဘိုးကြီးဖဲလ်သည် သူ၏ မျက်လုံးများကို မှေးလိုက်ရင်း သူ၏ နှုတ်ခမ်းပေါ်တွင် ကောက်ကျစ်လှသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

All Chapters