အခန်း ၃၇၁
Vol. 38 Ch. 371
🍋 Chapter 371
လောဘတက်ပြီးနောက် နောက်ဆက်တွဲနေ့ရက်များတွင် ကျော်ကြားလှသော ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် မစ္စတာဖဲလ်သည် တစ်နိုင်ငံလုံးရှိ အထက်တန်းလွှာအသိုင်းအဝိုင်းကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသွားခဲ့သည်။
ကောင်းသောသတင်းဖြင့်တော့ မဟုတ်ချေ။
နိုင်ငံအသီးသီးမှ ရာထူးကြီးဂုဏ်သရေရှိလူကြီးမင်းပေါင်း ရာနှင့်ချီကို ဝိုင်အတုများ တိုက်မိခဲ့သည့်အပြင် ထိုဝိုင်များထဲ၌ ညစ်ညမ်းသောအညစ်အကြေးများ ပါဝင်နေခြင်းက ဧည့်သည်အများစုကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ယမန်နေ့ညက ရဲအရာရှိအမြောက်အမြား ရောက်ရှိလာခြင်းသည်လည်း ထိုဒေါသထွက်နေသော ဂုဏ်သရေရှိလူကြီးများ၏ လက်စားချေမှုပင် ဖြစ်သည်။
ရဲတိုက်သို့ ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များသည် ကျန်ရှိနေသော ဝိုင်များကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး မစ္စတာဖဲလ်ကိုမူ အဆိပ်ခတ်မှု သံသယဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့ကြသည်။
အမှန်တကယ်ပင် ထိုဝိုင်မှာ အဆိပ်နှင့်မခြားပေ။
အဆိပ်သောက်မိပါက အလွန်ဆုံး သေရုံသာရှိသော်လည်း ဤအရာကို သောက်မိခြင်းက သေခြင်းတရားထက်ပင် ပိုမိုဆိုးရွားလှသည်။
အကယ်၍ မိတ်ဆွေများက ဤအရာကို သောက်မိကြောင်း သိသွားပါက သူသည် တစ်သက်လုံး လှောင်ပြောင်ခြင်း ခံရပေလိမ့်မည်။
ထိုအချိန်မှစ၍ မည်သည့်ပွဲလမ်းသဘင်တွင်မဆို သူနှင့်အဆင်မပြေသူတစ်ဦးဦးနှင့် တွေ့ဆုံပါက ထိုလူက သူ၏ဤအတိတ်ဆိုးကို ဖော်ထုတ်လိမ့်မည်ဖြစ်ရာ သူသည် သူတစ်ပါးကို မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။
ဤဂုဏ်သရေရှိလူကြီးများသည် ၎င်းတို့၏ဂုဏ်သိက္ခာကို အရာအားလုံးထက် ပိုမိုတန်ဖိုးထားကြသူများဖြစ်ရာ ယခုမူ ဖဲလ်၏လုပ်ရပ်ကြောင့် ၎င်းမှာ အစအနမကျန် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။
မစ္စတာဖဲလ်သည် သူ၏လူမှုကွန်ရက်များနှင့် လုံလောက်သော အာမခံငွေ ပေးဆောင်မှုတို့ကြောင့် ယနေ့နံနက်အစောပိုင်းတွင် အိမ်သို့ ပြန်လာနိုင်ခဲ့သော်လည်း သူခံစားခဲ့ရသော အရှက်ကွဲမှုမှာမူ သူ၏ဘဝတွင် တစ်ခါမျှ မကြုံဖူးသော ဖြစ်ရပ်ပင်။
ဆယ်စုနှစ်များစွာ အောင်မြင်ခဲ့သည့် သမိုင်းတလျှောက်တွင် သူ ဤမျှအရှက်ကွဲပြီး သိက္ခာကျခဲ့ရသည်မှာ ဤအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
လက်တွေ့ကျသော ဆုံးရှုံးမှုများနှင့် နာမည်ဂုဏ်သတင်း ပျက်စီးသွားခြင်းက အဆိုးရွားဆုံးဖြစ်ခဲ့သည်။
သူသည် ဤကိစ္စအတွက် ယူရိုသန်းပေါင်းများစွာ အသုံးပြုခဲ့ပြီး ခမ်းနားကြီးကျယ်သော ပါတီပွဲတစ်ခုကိုပင် ကျင်းပခဲ့ရာ ဤသတင်းက နေရာအနှံ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
ပို၍ဆိုးသည်မှာ ယနေ့နံနက်အစောပိုင်းတွင် သုံးစွဲသူအမြောက်အမြားက သူတို့၏စာချုပ်များကို စောစီးစွာ ဖျက်သိမ်းရန် တောင်းဆိုလာကြခြင်းပင်။
'ဖဲလ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ' အတွက် အမြတ်အစွန်းများမှာ အလွန်အရေးကြီးပြီး ဤမျှမြင့်မားသော အကျိုးအမြတ်များကို ပေးနိုင်ခြင်းမှာလည်း သုံးစွဲသူအမြောက်အမြားက သူတို့၏ရန်ပုံငွေများကို ယုံကြည်စိတ်ချစွာ အပ်နှံထားကြသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ ကြီးမားသော မတည်ရင်းနှီးငွေ ရှိနေမှသာ စတော့စျေးကွက်နှင့် အနာဂတ်ကုန်စည်စျေးကွက်များတွင် သူတို့ ရှုံးနိမ့်ခြင်းမရှိဘဲ ရပ်တည်နိုင်မည်ဖြစ်သည်။
ကုမ္ပဏီအခြေအနေအကောင်းဆုံးအချိန်တွင် ဖဲလ်၏အကောင့်ထဲ၌ ခန့်မှန်းခြေ ယူရို ၁၅ ဘီလီယံခန့် ရှိခဲ့ပြီး ၎င်းအနက် ၁၂ ဘီလီယံခန့်မှာ သုံးစွဲသူများ၏ ရန်ပုံငွေများဖြစ်သည်။
သို့သော် ယနေ့နံနက်တစ်ခုတည်းတွင်ပင် သုံးစွဲသူများ၏ ငွေပြန်ထုတ်ယူရန် တောင်းဆိုမှုမှာ ယူရို ၁ ဘီလီယံအထိ ရှိခဲ့သည်။
ယူရို ၁၅ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁ ဘီလီယံမှာ ပမာဏမများလှဟု ထင်ရသော်လည်း ထိုငွေ ၁၀ ဘီလီယံကျော်မှာ အမျိုးမျိုးသော ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ငွေများ ပြန်လည်ထုတ်ယူကြမည်ဆိုပါက သုံးစွဲသူများအနေဖြင့် ယခုနှစ်အတွက် အကျိုးအမြတ်များ ဆုံးရှုံးရုံသာမက ဖဲလ်အတွက်လည်း ကိုယ်စားလှယ်ခ အမြောက်အမြား ဆုံးရှုံးရပေလိမ့်မည်။
သို့သော် ဤအချက်က အခက်ခဲဆုံးအပိုင်း မဟုတ်သေးပေ။
အကြီးမားဆုံးပြဿနာမှာ ဖဲလ်၏လက်ထဲတွင် ထိုမျှလောက်သော အသင့်သုံးငွေ အလုံအလောက်မရှိခြင်းပင်။
ရေရှည်ရင်းနှီးမြှုပ်နှံမှု အများစုမှာ အလွယ်တကူ ငွေဖော်၍မရနိုင်ချေ။
ဤအချက်က ငွေထုတ်ယူမှု လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့တော့သည်။
သူ၏နာမည်ပျက်သွားမှုကြောင့် သူ့ကို ယုံကြည်ပြီး ငွေအပ်နှံထားခဲ့ကြသူများမှာ အလွန်အမင်း စိုးရိမ်ပူပန်လာကြသည်။
"ခင်ဗျားက ပြင်သစ်မှာ ရင်းနှီးမြှုပ်နှံမှုပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားတဲ့ ဘော့စ်အကြီးစားကြီး မဟုတ်ဘူးလား”
“အခုတော့ ဝိုင်ရောင်းတဲ့လူစုရဲ့ လိမ်လည်တာကို ဒီလောက်အကြီးအကျယ် ခံလိုက်ရတယ်ပေါ့၊ နောက်နောင် ရင်းနှီးမြှုပ်နှံမှုတွေမှာ ခင်ဗျား ဒီလိုအမှားမျိုး ထပ်မလုပ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ"
ဤအချက်က ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့ပြီး သုံးစွဲသူများ၏ စိုးရိမ်စိတ်များမှာ လက်တွေ့လုပ်ဆောင်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သုံးစွဲသူများအကြား သတင်းအချက်အလက်ချင်း ဖလှယ်မိကြရာမှ ဤလုပ်ရပ်က စုပေါင်းလုပ်ဆောင်မှုတစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိငွေထုတ်ယူမှု လှိုင်းလုံးကြီး ဖြစ်ပေါ်လာခြင်းပင်။
ဖဲလ်အနေဖြင့် ငွေထုတ်ပေးနိုင်စွမ်း နည်းပါးလေလေ၊ ငွေထုတ်ယူမှု ပြဿနာက ပိုမိုဆိုးရွားလာလေလေ ဖြစ်လိမ့်မည်။
သို့သော် ဖဲလ်သည်လည်း အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။
သူသည် ပထမဦးစွာ အသေးစားရင်းနှီးမြှုပ်နှံသူ အနည်းငယ်ကို ငွေများ အရင်ပေးချေလိုက်ပြီး ကျန်ရှိသောငွေများကိုမူ အရစ်ကျ ပြန်လည်ပေးဆပ်ပါမည်ဟု ကတိပြုခဲ့သည်။
သူသည် ထိုရန်ပုံငွေများကို အလွဲသုံးစားလုပ်ချင်သော်လည်း မလုပ်ရဲပေ။
ဩဇာအာဏာရှိသူ တစ်ဦးစ နှစ်ဦးစ ကို ရင်ဆိုင်ရန် လွယ်ကူသော်လည်း ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီသော လူများ စုပေါင်းလာပါက သူ တောင့်ခံနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ယခု သူလုပ်ဆောင်ရမည့်အရာမှာ မဟာမိတ်အဖွဲ့ကို စိတ်ဝမ်းကွဲအောင် ပြုလုပ်ရန်ပင်။
အတိအကျပင် ထိုအချိန်၌ ဂျက်ဆီ၏ဖခင် ဖရန်စစ်ထံမှ ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့သည်။
အဘိုးကြီးဖဲလ်မှာ ဖရန်စစ်သည် သူ့ကို လာရောက်အားပေးစကားပြောသည်ဟု ထင်မှတ်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် နိုရယ်၏ဖခင်သည်လည်း အခြားသုံးစွဲသူများကဲ့သို့ပင် သူ၏ရန်ပုံငွေများကို ပြန်လည်ထုတ်ယူရန် ဖုန်းဆက် တောင်းဆိုခြင်းဖြစ်သည်။
ဖဲလ်မှာ အလွန်အမင်း ဒေါသထွက်သွားခဲ့ရသည်။
ဒုက္ခဆိုသည်မှာ တစ်ခုတည်းမလာတတ်ဘဲ ယခုမူ ဖရန်စစ်ကပါ သူ လဲနေတုန်း နှင်းပန်းခွာယိုး လုပ်လာခြင်းပင်။
သို့သော် ဖရန်စစ်သည် သူ့ထံသို့ သုံးစွဲသူများနှင့် မိတ်ဆွေအမြောက်အမြားကို မိတ်ဆက်ပေးခဲ့ဖူးသည့်အပြင် သူ့ထံတွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေပမာဏမှာလည်း သိပ်မများလှဘဲ ယူရိုသန်း ၂၀ ကျော်သာ ရှိသည်။
ထို့ကြောင့် နိုရယ်၏ မိသားစုနှင့် သူတို့၏မိတ်ဆွေများကို စိတ်ကျေနပ်စေရန်အတွက် ဖဲလ်သည် ငွေထုတ်ယူမည့် တောင်းဆိုချက်ကို အလွယ်တကူပင် သဘောတူလိုက်ရတော့သည်။
ဤသည်မှာ ဖရန်စစ်အနေဖြင့် ယမန်နေ့ညက ရဲတိုက်မှ ထွက်ခွာလာပြီးနောက် သေချာစွာ စဉ်းစားပြီးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
သူသည် ကျိုးထျန်းနှင့် ဖဲလ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲမှ ယာယီဆုတ်ခွာကာ ဘေးထွက်ကြည့်ရှုသူအဖြစ်သာ နေထိုင်ပြီး မိမိ၏ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရန် အာမခံချက်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သူ၏သမီးဖြစ်သူကြောင့်လည်း ဖြစ်နိုင်သည်။
ထိုအာရှသားကောင်လေးက အနိုင်ရလိမ့်မည်ဟု သူ ခံစားနေရပြီး ထိုသို့ဖြစ်လာရန်လည်း သူ မျှော်လင့်မိသည်။
ကျိုးထျန်းသည် ဖဲလ်ထက် သူတို့အတွက် ပိုမိုများပြားသော အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ဖရန်စစ် ကြိုတင်သိမြင်နေခဲ့သည်။
ဤသည်မှာ ကြိုတင်သိမြင်မှုတစ်ခုဖြစ်သလို သမီးဖြစ်သူအပေါ် ထားရှိသော ယုံကြည်မှု၏ သက်သေလည်း ဖြစ်သည်။
နိုရယ်သည် စနောက်ကျီစယ်ရသည်ကို နှစ်သက်သော်လည်း သူမ၏လုပ်ရပ်များက မိသားစု၏ အကျိုးစီးပွားကို အမြဲတစေ ရှေးရှုကြောင်း သူမ၏မိဘများကို သက်သေပြခဲ့ပြီးဖြစ်သည်။
ဥပမာအားဖြင့် ပီယဲကို မုန်းတီးသော်လည်း ဖဲလ်၏ပါတီပွဲများသို့ တက်ရောက်ကာ အတူတူ စကားပြောရယ်မောခဲ့ပြီး သူမ တစ်ဦးတည်းနှင့်ပင် တွေ့ဆုံခဲ့ဖူးသည်။
...
ဗီလာအိမ်ရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ကျိုးထျန်းသည် ဂျက်ဆီထံမှ သတင်းစကားကို စောင့်ဆိုင်းရင်း ဖုန်းကစားနေခဲ့သည်။
ဖဲလ်၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွင် ငွေထုတ်ယူမှု လှိုင်းလုံးကြီး ဖြစ်ပေါ်နေသည်ကို သူ သိရှိပြီးဖြစ်ရာ ဤအရာအားလုံးက သူ၏ တွက်ချက်မှုများထဲတွင် ပါဝင်ပြီးသားပင်။
ယခုမူ ထိုအဘိုးကြီး မည်မျှအထိ သွေးထွက်သံယိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ရန်သာ ကျန်တော့သည်။
သူ စောင့်ဆိုင်းနေစဉ်မှာပင် ဖုန်းမြည်လာခဲ့သည်။ ၎င်းမှာ မရင်းနှီးသော ပြည်ပဖုန်းနံပါတ်တစ်ခု ဖြစ်သော်လည်း နိုင်ငံကုဒ်ကို မြင်ရုံမျှဖြင့် မည်သူဖြစ်ကြောင်း သူ သိလိုက်သည်။
"ဟေး... ပီယဲ၊ မင်း ငါ့ဆီ ဖုန်းဆက်ရတဲ့ အကြောင်းရင်းက ဘာလဲ"
"ကျိုးထျန်း"
ဖုန်းထဲမှ ထွက်ပေါ်လာသော အသံမှာ အမြီးကို နင်းခံလိုက်ရသော ခွေးကလေးတစ်ကောင်ကဲ့သို့ စူးရှပြီး အက်ကွဲနေခဲ့သည်။
"မင်း ဒါကို လုပ်ရဲတယ်ပေါ့၊ ငါ မင်းကို သတ်ပစ်မယ်"
ကျိုးထျန်းသည် ထိုအသံကြောင့် နားကွဲမတတ် ခံစားလိုက်ရသဖြင့် ဖုန်းကို သူ၏နားအနားမှ ချက်ချင်း ခွာလိုက်ရသည်။
"ပီယဲ... မင်းက ဝယ်ချင်လို့ ငါက ရောင်းပေးတာလေ၊ အခုကျမှ ဘာလို့ ဒါတွေ ပြောနေရတာလဲ၊ မင်းက ငါ့ရဲ့ စေတနာကို စော်ကားနေပြီ"
"ဒါတင်မကသေးဘူး၊ မင်းတို့ရဲ့ ဖဲလ်လုပ်ငန်းစုကြီးက အရမ်းချမ်းသာတာပဲ၊ ငါ ကြောက်လှပါပြီ"
"မင်း... မင်း ငါ့ငွေတွေကို အခုချက်ချင်း ပြန်ပေး၊ ပြီးတော့ ငါ့ကို ဆယ်ဆ လျော်ကြေးပေး၊ မဟုတ်ရင်..."
"မဟုတ်ရင် ဘာဖြစ်လဲ၊ မင်း တရုတ်နိုင်ငံကို လာပြီး ငါ့ကို သတ်မလို့လား"
သူ စကားမဆုံးမီ ကျိုးထျန်းက ကြားဖြတ်ပြောလိုက်သည်။
"ငါ မင်းကို ကြိုပြောလိုက်မယ်၊ အရင်က ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့လူက လာမယ့်လမှာ သေဒဏ်ချ ခံရတော့မယ်၊ သူ့အရင်က လူကတော့ သေသွားပြီ”
“တစ်ကယ်လို့ မင်း တရုတ်နိုင်ငံကို လာဖို့ ပြင်နေတယ်ဆိုရင် ငါ မင်းအတွက် ထောင်ထဲမှာ နေရာတစ်ခု ကြိုတင်ပြင်ဆင်ပေးထားလို့ ရတယ်၊ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ သာယာပြီး ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ အုတ်ဂူတစ်ခုတောင် ကြိုဝယ်ပေးထားလို့ ရတယ်"
ဤစကားများက ပီယဲ၏ ကျောရိုးကို စိမ့်တက်သွားစေခဲ့သည်။
သူ့ထံမှ လူသတ်သမားတစ်ဦး သေဆုံးသွားပြီး နောက်တစ်ဦးက သေတော့မည်ဆိုသည့် အချက်က အလွန်အမင်း ထိတ်လန့်စရာကောင်းလှသည်။
သို့သော် အဆိုးရွားဆုံးအချက်မှာ ကျိုးထျန်းသည် မည်သူနည်း၊ ဤမျှ ငယ်ရွယ်သော်လည်း လူ့အသက်များကို မည်သို့ ဤမျှ လွယ်ကူစွာ ယူနိုင်ရသနည်းဟူသော အချက်ပင်။
ဖဲလ်မိသားစု၏ ချမ်းသာကြွယ်ဝမှုကို ကြည့်ပြီး အထင်မကြီးသင့်ချေ။
ပြင်သစ်တွင်မူ သူတို့သည် လူသတ်ရန် နေနေသာသာ လူကို ဒဏ်ရာရအောင်ပင် မလုပ်ရဲကြချေ။
ဖုန်းအခြမ်းမှ ထင်ရှားသော တုံ့ဆိုင်းမှုကို ကြားလိုက်ရသဖြင့် ကျိုးထျန်းက ရပ်တန့်မသွားဘဲ မီးလောင်ရာလေပင့်ရန် ဆုံးဖြတ်လိုက်သည်။
"ဘာလဲ... ကြောက်သွားတာလား၊ လန့်သွားတာလား၊ မလုပ်ရဲတော့ဘူးလား၊ ရှုံးရင်လည်း ခံပေါ့၊ လိမ်ခံရရင်လည်း အသိအမှတ်ပြုလိုက်ပေါ့"
"ပြီးတော့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ အကယ်၍ မင်း နိုရယ်ရဲ့ အနားမှာ ထပ်ပြီး ပေါ်လာရဲသေးတယ်ဆိုရင် ငါ့ရဲ့ စွမ်းအားရှိသမျှ အသုံးပြုပြီး မင်းတို့ ဖဲလ်မိသားစုကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်မယ်၊ မယုံရင် စမ်းကြည့်လို့ရတယ်"
ပြောပြီးသည်နှင့် သူသည် ဖုန်းကို ချက်ချင်း ချလိုက်တော့သည်။
သူသည် သူ၏စစ်မှန်သော ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်နှင့် ဖဲလ်မိသားစုအပေါ် သူ၏လုပ်ရပ်များအားလုံးကို လုံးဝ ကျိုးကြောင်းဆီလျော်မှုရှိစေရန်အတွက် နိုရယ်ကို တမင်သက်သက် ဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဤအချက်က အခြားကြီးမားသော အကျိုးကျေးဇူးတစ်ခုကိုလည်း ပေးစွမ်းနိုင်သည်။
၎င်းမှာ နိုရယ်နှင့် သူ၏ မဟာမိတ်ဖွဲ့ထားမှုကို တစ်ခြားသူများ မသိအောင် ဖုံးကွယ်ထားနိုင်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်ထပ် အစီအစဉ်များအတွက် နိုရယ်၏ ကူညီမှု လိုအပ်နေသေးသောကြောင့် ဖြစ်သည်။
သူ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
[ဒင်~... ]