← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

🍋 Chapter 372

[ဒင်~... စနစ်မစ်ရှင် - အချိန်အကန့်အသတ်ရှိသော အချဉ်ဓာတ်မစ်ရှင်]

[မစ်ရှင်ဆုလာဘ် - အဆင့်မြင့် စည်းစိမ်ဥစ္စာ အချက်အလက်ကတ်]

[မစ်ရှင်အညွှန်း - သတ်မှတ်ထားသောလူထံမှ ၃ ရက်အတွင်း အမြင့်မားဆုံး အချဉ်ဓာတ်ကို ရယူပါ၊ သတ်မှတ်ထားသောလူမှာ ဟယ်ဝေရွှမ်း ဖြစ်သည်]

[မှတ်ချက် - အဆင့်မြင့် စည်းစိမ်ဥစ္စာ အချက်အလက်ကတ်သည် Host အား ဝင်ငွေ ဘီလီယံ ၁ သောင်းကျော်အထိ ရရှိစေမည့် သတင်းအချက်အလက်များကို ဖော်ပြပေးလိမ့်မည်]

စနစ်၏ အသိပေးချက်ကို ရရှိပြီးနောက် ကျိုးထျန်းသည် အံ့ဩဝမ်းသာဖြစ်သွားရသလို တစ်ပြိုင်နက်တည်းမှာပင် စိုးရိမ်ပူပန်မှုများလည်း ဝင်ရောက်လာခဲ့သည်။

သူ အံ့ဩဝမ်းသာဖြစ်ရသည့်အကြောင်းရင်းမှာ မစ်ရှင်ဆုလာဘ်သည် အဆင့်မြင့် စည်းစိမ်ဥစ္စာ အချက်အလက်ကတ်အဖြစ်သို့ အဆင့်မြင့်သွားပြီး ၎င်းက ဝင်ငွေ ဘီလီယံ ၁ သောင်းကျော်အထိ ပေးစွမ်းနိုင်ကာ အမြင့်ဆုံးသတ်မှတ်ချက်ပင် မရှိသောကြောင့်ဖြစ်သည်။

သို့သော် သူ စိုးရိမ်ပူပန်ရသည့်အကြောင်းရင်းမှာ ဤမျှ စွဲမက်ဖွယ်ကောင်းသော ဆုလာဘ်ရှိသော်လည်း မစ်ရှင်အကြောင်းအရာမှာ သူ့ကို တကယ်ပင် ခေါင်းခဲစေသောကြောင့် ဖြစ်သည်။

"သတ်မှတ်ထားသောလူထံမှ အမြင့်မားဆုံး အချဉ်ဓာတ်ကို ရယူပါ"

‘ဒီမစ်ရှင်ကတော့ တကယ့်ကို လူလည်ကျတာပဲ’

‘အခြားလူတွေဆိုရင် ထားပါဦး၊ ဟယ်ဝေရွှမ်းဆီကနေ အချဉ်ဓာတ်ရဖို့က ကောင်းကင်ပေါ်တက်ရတာထက်တောင် ခက်ဦးမယ်’

သူသည် အချဉ်ဓာတ်မှတ်တမ်းများကို သေချာစွာ စစ်ဆေးကြည့်သော်လည်း ဟယ်ဝေရွှမ်း၏ အမည်ဖြင့် မည်သည့်မှတ်တမ်းမျှ ရှိမနေချေ။

တစ်နည်းအားဖြင့်ဆိုရသော် သူတို့ စတင်တွေ့ဆုံချိန်မှစ၍ ဤမိန်းမသည် သူမနှင့်ပတ်သက်သော မည်သည့်အရာကိုမျှ စိတ်ထဲထည့်ကာ ငြူစူခြင်း မရှိခဲ့ပေ။

သို့သော် ၎င်းမှာ သူမ၏ ပင်ကိုယ်စရိုက်နှင့် ကိုက်ညီလှသည်။

သူမသည် ကမ္ဘာပေါ်တွင် မိမိကိုယ်ကိုယ် အရေးအကြီးဆုံးဟု သတ်မှတ်ထားသူဖြစ်ရာ မည်သူ့ကို မနာလိုဖြစ်ပါမည်နည်း။

ထိုသို့ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သူ ပုံမှန်အသုံးပြုနေကျ နည်းလမ်းများမှာလည်း သူမအပေါ်တွင် အသုံးမဝင်လှပေ။

သူမ၏ရှေ့တွင် ငွေကြေးဓန ကြွားဝါခြင်းက မိမိကိုယ်ကိုယ် အရှက်ခွဲခြင်းသာ ဖြစ်ပေလိမ့်မည်။

အိမ်၊ ကား၊ ငွေကြေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းစသည့် အရာအားလုံးတွင် သူမက သူ့ထက် သာလွန်နေသည်။

သူ၏ လက်ရှိကြွယ်ဝမှုမှာ ဟယ်ဝေရွှမ်းနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်ချေ။

‘ဒါကြောင့် မစ်ရှင်အောင်မြင်ဖို့ဆိုရင် သာမန်နည်းလမ်းတွေနဲ့ ချဉ်းကပ်လို့ မရဘူး’

ကျိုးထျန်းသည် သူ၏နားထင်ကို ခပ်ပြင်းပြင်း ပွတ်သပ်လိုက်ရင်း မည်သို့လုပ်ဆောင်ရမည်ကို မဝေခွဲနိုင်ဖြစ်နေရသည်။

သူ လမ်းပျောက်ပြီး ဦးတည်ချက်မဲ့သလို ခံစားရသည်မှာ ဤအကြိမ်သည် ပထမဆုံးပင်။

‘သူမကို မနာလိုဖြစ်အောင် လုပ်ဖို့ဆိုရင် သူမ ဘာကို လိုချင်လဲဆိုတာ အရင်သိဖို့လိုတယ်’

‘ငါ့ရဲ့ အကဲခတ်မှုအရဆိုရင် သူမ အလိုရှိတာက ပေါင်ကော ရတနာသိုက်ကို အောင်မြင်အောင် လုပ်ဆောင်ဖို့နဲ့ သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်မှာ မကြုံစဖူး တိုးတက်မှု အထွတ်အထိပ်ကို ရောက်ရှိဖို့ပဲ’

‘ဒီကဏ္ဍမှာတော့ သူမကို မနာလိုဖြစ်အောင် ငါ မလုပ်နိုင်ဘူး’

‘ဒါဆို ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖြစ်တဲ့ အချစ်ရေး ဒါမှမဟုတ် အိုင်ဒေါတွေဆိုရင်ကော’

‘သာမန်မိန်းကလေးတွေကတော့ သူတို့သူငယ်ချင်းတွေက သူတို့ရဲ့အိုင်ဒေါနဲ့ တွဲနေတာမြင်ရင် မနာလိုဖြစ်ကြမှာပဲ၊ ဒါပေမဲ့ သူမကတော့ အဲ့လိုမဟုတ်ဘူး။ သူမအတွက်တော့ အနုပညာရှင်တွေက ဘာမှမဟုတ်သလို သူမကလည်း ဖန်တစ်ယောက်ဖြစ်ဖို့ အချိန်မအားဘူး’

‘ဒါဆိုရင်တော့ ကိုယ်ရေးကိုယ်တာ လူမှုဆက်ဆံရေးပဲ ကျန်တော့တယ်၊ အဲဒါကို မိတ်ဆွေသူငယ်ချင်း၊ မိသားစုနဲ့ အချစ်ရေးဆိုပြီး ခွဲခြားနိုင်တယ်’

ဤမျှအထိ တွေးတောမိသောအခါ ကျိုးထျန်း၏ ခေါင်းခဲမှုက ပိုမိုပြင်းထန်လာခဲ့သည်။

‘ဒီမိန်းမက ဘာလို့ ဒီလောက်တောင် သံယောဇဉ်ကင်းမဲ့နေရတာလဲ’

‘သူငယ်ချင်းလည်းမရှိ၊ ချစ်သူလည်းမရှိ၊ မိသားစုအကြောင်း ပြောတာလည်း တစ်ခါမှမကြားမိဘူး။ ငါ ဘယ်လိုလုပ်ရပါ့မလဲ’

‘ခေါင်းခဲစရာပဲ၊ ခေါင်းခဲစရာပဲ၊ ဒီမိန်းမနဲ့ ပတ်သက်သမျှ အရာအားလုံးက ခေါင်းခဲစရာတွေချည်းပဲ’

သို့သော် သူ မည်မျှပင် ခေါင်းခဲနေပါစေ၊ ဤအဆင့်မြင့် စည်းစိမ်ဥစ္စာ အချက်အလက်ကတ်၏ ဆွဲဆောင်မှုက အလွန်ကြီးမားလှသဖြင့် သူ မရရအောင် ယူရမည်သာ။

‘အချစ်တွေကို ကြွားရရင်ကော၊ ဟယ်ဝေရွှမ်းမှာ ချစ်သူမရှိလောက်ဘူး မဟုတ်လား .. အဲ့တာဆို ငါနဲ့ မုယန်က သူမရှေ့မှာ ကြည်နူးပြရင် သူမ မနာလိုဖြစ်မလား’

ကျိုးထျန်း ခေါင်းခါလိုက်မိသည်။

ဤမိန်းမသည် ထိုမျှလောက် အပေါ်ယံဆန်မည့်သူ မဟုတ်ရာ ဤနည်းလမ်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

အချိန်အတော်ကြာ တွေးတောပြီးနောက်တွင်လည်း ကောင်းမွန်သော အဖြေတစ်ခု မရရှိသဖြင့် သူ ခဏတာ အနားယူရန်သာ တတ်နိုင်တော့သည်။

ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ရုံရှိသေး၊ သူ၏ဖုန်းက မြည်လာခဲ့ပြန်သည်။

သူသည် တဖြည်းဖြည်းနှင့် ပိုမိုအလုပ်များလာခဲ့ရာ ဖုန်းသံမှာ အမြဲတမ်းလိုလို မြည်နေတတ်သည်။

အလုပ်ကိစ္စ အစီရင်ခံစာများအပြင် ဘော့စ်ဟုန်နှင့် ဘော့စ်ဟန်တို့ထံမှ ညစာစားပွဲ ဖိတ်ကြားချက်များလည်း ရှိတတ်သည်။

သို့သော် ယခုအကြိမ်မှာမူ ကွဲပြားသည်။

သူ ဖုန်းကို ကောက်ကိုင်ကာ ကြည့်လိုက်သည့်အခါ ခေါ်ဆိုသူ၏အမည်နေရာတွင် သူ၏ဖခင်အမည် ပေါ်နေသည်ကို မြင်လိုက်ရသည်။

"ခေါင်းဆောင် ကျိုးကျန့်ခန်း... ဘာကိစ္စရှိလို့လဲ"

တက္ကသိုလ်စတက်ကတည်းက လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ အိမ်သို့ ပြန်လာခဲလှသည်။

"ဘာကိစ္စရှိရမှာလဲ၊ မင်း ဘာလုပ်သင့်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား"

ဖခင်ဖြစ်သူ၏ လေသံမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်တူသည်။

"မင်းအမေက မင်းကို အိမ်ပြန်လာပြီး ထမင်းစားစေချင်လို့လေ၊ မင်းက ဘာလို့ အခုထိ ဟိုမှာ ရှိနေသေးတာလဲ”

“မင်း အိမ်မပြန်တာ ဘယ်လောက်တောင် ကြာပြီလဲ..”

“ဘာလဲ... မင်းက အခြားမြို့မှာ သွားပြီး ကျောင်းတက်နေတာမလို့ တစ်နှစ်မှ နှစ်ခါပဲ အိမ်ပြန်လာတော့မှာလား"

ကျိုးထျန်းသည် မိခင်ဖြစ်သူက သူ့ကို လွမ်းဆွတ်နေကြောင်း ချက်ချင်း သိလိုက်ရသည်။

၎င်းမှာ ဧကန်မုချ သူ၏အမေက လွမ်းနေခြင်းဖြစ်ပြီး ဖခင်ဖြစ်သူကမူ သူ့ကို တမင်သက်သက် လာရောက်ရွဲ့စောင်းနေခြင်းသာ။

ထိုမကျေမနပ်ဖြစ်နေသော လေသံကို ကြည့်ခြင်းအားဖြင့် သူ မရှိသည့်အချိန်တလျှောက်လုံး မိခင်ဖြစ်သူ၏ စိတ်တိုဒေါသထွက်မှုများမှာ ဖခင်ဖြစ်သူအပေါ်သို့သာ ပုံကျနေခဲ့ပုံရသည်။

ကျိုးကျန့်ခန်းအနေဖြင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

အစပထမတွင် နှစ်ဦးစလုံး ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရသော်လည်း ယခုမူ တစ်ဦးတည်းကသာ အပြစ်တင်ခြင်းကို ခံနေရသဖြင့် ကျိုးထျန်းသည် ဖခင်ဖြစ်သူအတွက် သနားမိရုံသာ တတ်နိုင်တော့သည်။

"ကောင်းပါပြီ၊ သန်ဘက်ခါကျရင်ကော ဘယ်လိုလဲ”

“အဲဒီနေ့က တနင်္လာနေ့ဆိုတော့ အဖေတို့လည်း ပိုပြီး အားမှာပဲ၊ အိမ်ပြန်လာပြီး ထမင်းစားမယ်လေ"

သူ၏မိသားစုသည် စားသောက်ဆိုင်အသေးစားလေးတစ်ခု ဖွင့်လှစ်ထားခြင်းဖြစ်ရာ အလုပ်အများဆုံးအချိန်မှာ စိတ်မကောင်းစွာပင် ရုံးပိတ်ရက်များ ဖြစ်ကြသည်။

တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိမှာမူ အနည်းငယ် ဆိတ်ငြိမ်တတ်သဖြင့် သူသည် သန်ဘက်ခါတွင် အိမ်ပြန်ရန် ရွေးချယ်လိုက်ခြင်းပင်။

"ကောင်းပြီ၊ စောစောပြန်လာခဲ့။ ဒီညတော့ ဆိုင်မဖွင့်တော့ဘူး။ ငါတို့ရဲ့ အဖိုးတန်သားလေးက ငါတို့အတွက် ဘယ်လိုလက်ဆောင်တွေ ယူလာမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

"ချစ်ဖေကြီး... ခဏနေဦး၊ သား ဘယ်တုန်းက လက်ဆောင်ယူလာမယ်လို့ ပြောလို့လဲ"

ဖခင်ဖြစ်သူက အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းဘာသာမင်း စဉ်းစားပေါ့”

“ပြီးခဲ့တဲ့ နှစ်လလုံးလုံး မင်း အိမ်မပြန်လို့ မင်းအမေက မင်းကို သွေးအေးတဲ့ကောင်ဆိုပြီး နေ့တိုင်း ညည်းညူနေတာ”

“သူမ စိတ်ကျေနပ်အောင် တစ်ခုခု ယူလာသင့်တယ် မဟုတ်ဘူးလား"

"အော်... နားလည်ပါပြီ၊ ဒါကတော့ ဟုတ်ပါတယ်”

“ဒါပေမဲ့ အဖေက ဘာလို့ လက်ဆောင် လိုချင်နေရတာလဲ"

ကျိုးထျန်း အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

ဤသည်မှာ နောက်ထပ် ထောင်ချောက်တစ်ခုမှန်း သူ သိလိုက်သည်။

"ဟူး... ငါကတော့ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ထမင်းစားနေတုန်း မင်းအမေက ညည်းညူရင်... ငါက ဇနီးသည်ကို ရိုသေတဲ့သူဆိုတော့ သူမဘက်ကပဲ လိုက်ပြောရမှာပဲ၊ အဲဒီကျရင် သူမက တကယ် ဒေါသထွက်လိမ့်မယ်”

“လူငယ်လေး... မင်း ဒုက္ခရောက်တော့မယ် ထင်တယ်"

"ကောင်းပါပြီ၊ အဖေ့စကားက တကယ်ကို ကျိုးကြောင်းဆီလျော်ပါတယ်။ သား အဖေ့ကို ယုံတယ်"

"ကောင်းတယ်။ မင်း ဘာလုပ်ရမလဲဆိုတာ မင်းသိသားပဲ”

“ငါတို့ တကယ် လိုချင်တာက မင်းရဲ့ စေတနာပါပဲ"

ဖခင်ဖြစ်သူက လေးနက်စွာ ပြောလိုက်သည်။

"ဒါကြောင့် ယွမ် တစ်သိန်းအောက် လက်ဆောင်တွေကိုတော့ ယူမလာခဲ့နဲ့"

ပြောပြီးသည်နှင့် ဖခင်ဖြစ်သူက ဖုန်းချလိုက်တော့သည်။

ဟုတ်ပေသည်။

သူ၏ ဖခင်ရင်း အစစ်အမှန်ပင်။

ကျိုးထျန်း ဖုန်းကို ချလိုက်သည်။

မနက်ဖြန်တွင် သူ၌ နောက်ထပ် အလုပ်တစ်ခု ရှိနေပြီဖြစ်ရာ ၎င်းမှာ မိဘများအတွက် ပစ္စည်းများ ဝယ်ယူရန်ပင်။

သို့သော် ဖခင်ဖြစ်သူက သူ့ကို ဤမျှ လိမ်လည်လှည့်ဖြားခဲ့သဖြင့် သူ ပြန်လည် လက်စားချေရပေမည်။

နှစ်ရက်ကြာပြီးနောက် သူသည် ပြင်ဆင်ထားသော လက်ဆောင်များကို ယူကာ အိမ်သို့ ကားမောင်းပြန်လာခဲ့သည်။

ယခင်အတိုင်းပင် သူသည် သူ၏ပြိုင်ကားကို မမောင်းနှင်ခဲ့သလို အိမ်နီးနားချင်းများက သူ ချမ်းသာသွားသည်ကို သိရှိပြီး မိဘများကို ဒုက္ခပေးမည်ကို စိုးရိမ်သဖြင့် မရောက်မီမှာပင် ဒရိုင်ဘာကို ကားရပ်ခိုင်းကာ လမ်းဆင်းလျှောက်ခဲ့သည်။

အိတ်များကို သယ်ဆောင်ရင်း ရင်းနှီးနေသော တံခါးဝသို့ ရောက်ရှိလာသည့်အခါမှသာ သူ၏သော့ကို မေ့ကျန်ခဲ့ကြောင်း သတိရလိုက်သည်။

‘ငါ့ရဲ့ ကိုယ်ပိုင်အိမ်သော့ကိုတော့ မမေ့သင့်ဘူး’

သူ၏နှလုံးသားထဲတွင်မူ ဤနေရာတစ်ခုတည်းသာ စစ်မှန်သောအိမ်ဖြစ်ပြီး အခြားအိမ်များမှာ ဇိမ်ခံနေအိမ်များသာ ဖြစ်ကြသည်။

သူသည် တံခါးကို ခေါက်ရန် လက်မြှောက်လိုက်သော်လည်း မခေါက်မီမှာပင် ပိတ်ထားသော တံခါးက ရုတ်တရက် ပွင့်လာခဲ့သည်။

တံခါးနောက်ကွယ်မှ ဖခင်ဖြစ်သူ၏ မျက်နှာ ပေါ်လာပြီး သူ့ကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။

"မင်း ခြေသံကို ကြားကတည်းက မင်းမှန်း ငါ သိတယ်၊ ကောင်စုတ်လေး... အခုချက်ချင်း ဝင်ခဲ့"

စကားလုံးများက မချိုသာသော်လည်း ခြေသံကို ကြားရုံမျှဖြင့် သူ အိမ်ပြန်ရောက်လာကြောင်း သိရှိသည့် အချက်က သူ့ကို ရင်ထဲတွင် နွေးထွေးသွားစေခဲ့သည်။

ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် မီးဖိုချောင်ထဲမှ တချောက်ချောက် တဂျိမ်းဂျိမ်း အသံများကို ကြားလိုက်ရသဖြင့် မိခင်ဖြစ်သူမှာ အလုပ်ရှုပ်နေကြောင်း ထင်ရှားလှသည်။

ယခုမှ ၅ နာရီဝန်းကျင်သာ ရှိသေးရာ သူတို့ ပုံမှန် ထမင်းစားချိန်နှင့် လိုသေးသည်။

မိခင်ဖြစ်သူမှာ အလွန်သွက်လက်သူဖြစ်ရာ ဤမျှ စောစီးစွာ စတင်နေခြင်းမှာ ပြင်ဆင်စရာ အစားအစာ အမြောက်အမြား ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။

"ငါ မင်းအမေကို သွားခေါ်လိုက်ဦးမယ်။ မင်း အိမ်စီးဖိနပ်လဲပြီး ပစ္စည်းတွေ ချထားလိုက်"

ဖခင်ဖြစ်သူက ကြီးမားသော အိတ်များကို ကြည့်ကာ ကျေနပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ခဏအကြာတွင် မီးဖိုချောင်တံခါး ပွင့်လာခဲ့သည်။

"သား... မင်း လမ်းသိသေးတာပဲ၊ အိမ်ပြန်လာတဲ့လမ်းမှာ မျက်စိမလည်သွားဘူးပေါ့"

မိခင်ဖြစ်သူက လက်ကို အဝတ်စဖြင့် သုတ်ရင်း ဝင်လာကာ ပြောလိုက်သည်။

"အမေကလည်း... အဖေ့ဆီက အကျင့်ဆိုးတွေ ကူးနေပြီ၊ အခုကျမှ လာပြီး ရွဲ့နေတယ်"

ကျိုးထျန်းသည် မိခင်ဖြစ်သူက သူ့ကို စိတ်ကောက်နေကြောင်း သိလိုက်သည်။

"လာပါ၊ လာပါ၊ မင်း ငါတို့အတွက် ပစ္စည်းတွေ ယူလာတယ်မလား အပြင်ထုတ်ပြီး ငါတို့ကို ပြပါဦး"

All Chapters