အခန်း ၃၇၃
Vol. 38 Ch. 373
🍋 Chapter 373
ကျိုးထျန်းသည် မိခင်ဖြစ်သူအတွက် အလှကုန်ပစ္စည်းတစ်စုံနှင့် ဟားမက်စ် ပိုးပဝါတစ်ထည် ဝယ်ပေးခဲ့သည်။
အသက်လတ်ပိုင်းအမျိုးသမီးများမှာ ဧကန်မုချ ပိုးပဝါများကို အနှစ်သက်ဆုံး မဟုတ်ပါလား။
အပန်းဖြေခရီးထွက်သည့်အခါ ထိုအဒေါ်ကြီးများအားလုံး လက်ထဲ၌ ပိုးပဝါများကို ကိုင်မြှောက်ကာ ဓာတ်ပုံရိုက်လေ့ရှိသည်ကို လူတိုင်း မြင်ဖူးကြပေလိမ့်မည်။
ထင်သည့်အတိုင်းပင် မိခင်ဖြစ်သူမှာ အလွန်ကျေနပ်သွားသော်လည်း ပစ္စည်းနှစ်ခုစလုံးမှာ စျေးကြီးလွန်းသည်ဟု မချင့်မရဲ ပြောနေသေးသည်။
ဖခင်ဖြစ်သူ၏ မျှော်လင့်ချက်အပြည့်နှင့် မျက်နှာထားကို မြင်သောအခါ ကျိုးထျန်း၏ မျက်နှာတွင် လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သား ဘယ်လောက်အထိ အစွမ်းပြထားလဲဆိုတာ ကြည့်လိုက်ဦး"
ကျိုးထျန်း ချောင်းတစ်ချက်ဟန့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အဖေ... ကြည့်လိုက်ဦး၊ သား အဖေ့အတွက် ဝတ်စုံအပြည့် တစ်စုံဝယ်လာတယ်"
"ဝတ်စုံ၊ နက်ကတိုင်၊ သားရေဖိနပ်၊ စနီကာ... အားလုံးပေါင်း သုံးစုံတောင်ပါတယ်၊ အဖေ လှည့်ပတ်ပြီး ဝတ်လို့ရတယ်"
"ကောင်စုတ်လေး... မင်းက တကယ်ကို ဟုတ်နေတာပဲ၊ ပစ္စည်းတွေက ကောင်းလိုက်တာ"
ဖခင်ဖြစ်သူက ဝတ်စုံ၏ ပိတ်စကို ကိုင်တွယ်ကြည့်ရင်း မျက်လုံးများ တောက်ပလာခဲ့သည်။
သူသည် ပိတ်စအမျိုးအစားကို ကြည့်ရုံမျှဖြင့် ၎င်းမှာ စျေးမနည်းကြောင်း သိလိုက်သည်။
"မိုက်တယ်မဟုတ်လား”
“အဖေ ဒါကိုဝတ်ရင် တကယ်ကို စမတ်ကျနေမှာ”
“နောက်တစ်ခါ အဖေ အတန်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံပွဲသွားရင် အမျိုးသမီးတွေအားလုံး အဖေ့ကို ချီးကျူးကြလိမ့်မယ်"
ကျိုးထျန်းက ပေါ့ပေါ့ပါးပါးပင် စကားနာထိုးလိုက်ရာ မိခင်ဖြစ်သူ၏ နားများက ချက်ချင်း ထောင်သွားခဲ့သည်။
ကျိုးကျန့်ခန်းကမူ သူ၏ဂုဏ်ပုဒ်ထဲ၌ သာယာနေဆဲဖြစ်ရာ အခြေအနေကို သတိမပြုမိသေးချေ။
"ဒါပေါ့... ငါ့အတန်းဖော် အများစုက ထိပ်ပြောင်နေကြပြီ၊ ဒါမှမဟုတ်ရင်လည်း ဗိုက်တွေရွှဲနေကြပြီ”
“ငါက သူတို့ထက် ရုပ်ရည်ပိုကောင်းပြီးသား၊ အခု ဒါကိုပါ ဝတ်လိုက်ရင် အမျိုးသမီးတွေအားလုံး ဆွံ့အသွားကြမှာ..."
ဖခင်ဖြစ်သူသည် ကျောရိုးထဲမှ စိမ့်ခနဲ အအေးဓာတ်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
သူ စကားကို ပြန်လည်ပြင်ဆင်ရန် အချိန်မရမီမှာပင် သူ၏နားရွက်မှာ ဆွဲလိမ်ခြင်း ခံလိုက်ရပြီဖြစ်သည်။
"အို... အထဲကို လိုက်ခဲ့စမ်း၊ ဘယ်အမျိုးသမီးတွေက ရှင့်ကို ချီးကျူးမှာလဲဆိုတာ သေချာရှင်းပြဦး"
"အမျိုးသမီး မရှိပါဘူး။ ငါက လူပျိုကြီးပွဲတွေပဲ တက်တာပါ... အား... နာတယ်၊ နာတယ်"
ဖခင်ဖြစ်သူ ဆူပူကြိမ်းမောင်းခံရသည်ကို မြင်သောအခါ ကျိုးထျန်း ချက်ချင်းပင် စိတ်အခြေအနေ ကောင်းမွန်သွားခဲ့သည်။
‘အင်း... ဒါမှ အိမ်ရဲ့ အရသာပေါ့’
သူ ဆိုဖာပေါ်တွင် ခေတ္တမျှ မှီလျောင်းရင်း လျိုမုယန်နှင့် ဖုန်းဖြင့် စကားပြောနေခဲ့သည်။
ရက်အနည်းငယ်အတွင်း သူမသည် မြို့တော်၌ ကျင်းပမည့် အစီအစဉ်တင်ဆက်သူ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်သို့ သွားရောက်ရမည်ဖြစ်ရာ ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေသဖြင့် သူတို့နှစ်ဦး ဆုံတွေ့ရန် အခွင့်အရေး သိပ်မရှိခဲ့ချေ။
သူ စကားပြောနေစဉ်မှာပင် မိဘများ၏ စစ်ဆေးမေးမြန်းမှုက ပြီးဆုံးသွားခဲ့ပုံရသည်။
သူတို့သည် သားဖြစ်သူအတွက် ထမင်းဟင်း ချက်ပြုတ်ရဦးမည်ဖြစ်ရာ ဤကိစ္စကို နှစ်ပိုင်းခွဲလိုက်ပုံရသည်။
ကျိုးထျန်း ပြန်သွားပြီးမှသာ ပိုမိုအသေးစိတ် စစ်ဆေးကြပေလိမ့်မည်။
"သား... ဘယ်သူနဲ့ စကားပြောနေတာလဲ"
မိခင်ဖြစ်သူက ပြုံးလျက် မေးလိုက်သည်။
"ဟိုတစ်ခေါက်က အတန်းဖော် မိန်းကလေးလား၊ သူမက တော်တော်လေး လှတာပဲ”
“တစ်ရက်လောက် အိမ်ကို ထမင်းစားဖို့ ဖိတ်လိုက်ဦးလေ"
မိဘဟူသည် သားသမီးများနှင့် ပတ်သက်လာလျှင် အမြဲတမ်း စပ်စုချင်ကြစမြဲဖြစ်ရာ သူ၏မိခင်သည်လည်း ချွင်းချက်မဟုတ်ချေ။
"အမေကလည်း... သားက ကောလိပ်ကျောင်းသားပဲ ရှိသေးတာ။ အခုချိန်မှာ မိန်းကလေးတွေကို အိမ်ခေါ်ပြီး ထမင်းကျွေးတာက မသင့်တော်ပါဘူး"
"သင့်တော်တယ်၊ ဘာလို့ မသင့်တော်ရမှာလဲ”
“ဘေးအိမ်က အဘိုးဟွမ်ရဲ့ သားဆိုရင် ဒုတိယနှစ်မှာတင် အိမ်ထောင်ကျပြီး မြေးတစ်ယောက် ရနေပြီ။ အခုဆို သူက နေ့တိုင်း မြေးချော့ပြီး နေပူစာလှုံနေတာ။ အမေတို့ဖြင့် အားကျလိုက်တာ"
"အမေ... မိန်းကလေးတွေက ဒုတိယနှစ်မှာ တရားဝင် အိမ်ထောင်ပြုလို့ရတဲ့ အသက်ပြည့်ပေမဲ့ သားက အသက်မပြည့်သေးဘူးလေ။ အမေက သားကို ဥပဒေချိုးဖောက်ခိုင်းနေတာလား"
"အော်... ဟုတ်သားပဲ။ ကောင်းပါပြီ၊ မင်းတို့နှစ်ယောက် ပိုပြီး လေ့ကျင့်ထားကြပေါ့၊ အနာဂတ်အတွက် ပြင်ဆင်ထားတာပေါ့"
မိခင်ဖြစ်သူက သူ၏ပုခုံးကို ပုတ်ကာ ထွက်သွားခဲ့ရာ ကျိုးထျန်းတစ်ယောက်သာ အရှက်သည်းစွာ ကျန်ရစ်ခဲ့တော့သည်။
‘အမေက ငါတို့ကို ဘာတွေ လေ့ကျင့်ခိုင်းနေတာလဲ...’
သူ မိခင်ဖြစ်သူ၏ စကားကို တွေးတောနေဆဲမှာပင် အမြဲတမ်း အလုပ်ရှုပ်နေသော သူ၏ဖုန်းက ထပ်မံမြည်လာခဲ့ပြန်သည်။
"ဟင်... ဟယ်ဝေရွှမ်းလား"
"သူမက ငါ့ဆီ ဘာလို့ ဖုန်းဆက်တာလဲ"
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤမိန်းမနှင့် ပတ်သက်၍ သူ ခေါင်းခဲနေခဲ့ရခြင်း ဖြစ်သည်။
သူမထံမှ ဖုန်းလာသည်ကို မြင်သောအခါ ကျိုးထျန်း ခဏတာ တုံ့ဆိုင်းသွားပြီးမှ ဖုန်းကို လက်ခံလိုက်သည်။
"ဟယ်လို... ကျိုးထျန်း၊ မင်း အခု ဘယ်မှာလဲ"
"အာ... ဘာကိစ္စရှိလို့လဲ"
စကားပြောရာတွင် ဤမျှ လိုရင်းတိုရှင်း ပြောတတ်သူမှာ သူမတစ်ဦးတည်းသာ ရှိသည်။
"ငါ့ဆီမှာ နင်လက်မှတ်ထိုးဖို့ လိုတဲ့ စာချုပ်တစ်ခု ရှိတယ်”
“ပြီးခဲ့တဲ့အကြိမ်က ရတနာကုမ္ပဏီအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ငါတို့ လက်မှတ်ထိုးပြီးပြီ၊ အခုကတော့ ကုမ္ပဏီအသစ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်ပဲ၊ အဲဒါကို နင် လက်မှတ်ထိုးဖို့ လိုတယ်"
"အော်... ဒါလား။ မနက်ဖြန်ကျမှ ငါ မင်းဆီ လာခဲ့ရင်ကော"
"ဒီနေ့ ဘာမှမရှိရင် ဆွဲမထားနဲ့”
“တစ်ကယ်လို့ နင်အတွက် အဆင်မပြေဘူးဆိုရင် နင့်ရဲ့ လိပ်စာကိုသာ ပေးလိုက်၊ ငါ စာချုပ်ကို ယူလာခဲ့မယ်၊ နင် လက်မှတ်ထိုးလိုက်ရုံပဲ၊ နင်ရဲ့ အချိန်အများကြီး ကုန်မှာမဟုတ်ဘူး"
ကျိုးထျန်းသည် ဤမိန်းမ၏ စရိုက်ကို သိသည်။
သူမသည် အလျင်လိုနေခြင်း မဟုတ်ဘဲ မလိုက်လျောပါက မည်သည့်အရာကိုမဆို အမှုန့်ချေပစ်မည့် မြေကုတ်စက်ကြီးတစ်ခုကဲ့သို့ ပြုမူနေခြင်းသာ ဖြစ်သည်။
"ကောင်းပြီ၊ ငါ လိပ်စာ ပို့ပေးလိုက်မယ်။ ရောက်ရင် ဖုန်းဆက်လိုက်"
"ကောင်းပြီ၊ ဘိုင်"
သူမထံမှ နှုတ်ဆက်စကားကို ကြားရသည်မှာ ကျိုးထျန်းအတွက် အနည်းငယ် နေရခက်စေသည်။
သူမသည် ဖုန်းကို ချက်ချင်း ချပစ်ရမည် မဟုတ်ပါလား။
ယခုမူ ဘာကြောင့် ဤမျှ ယဉ်ကျေးနေရသနည်း။
မိန်းကလေးများ၏ စိတ်ကို တကယ်ပင် မှန်းဆရခက်လှသည်။
မိနစ် ၂၀ ပင်မပြည့်မီ တံခါးခေါက်သံကို သူ ကြားလိုက်ရသည်။
ဤမိန်းမသည် တကယ်ပင် အလုပ်တွင် ထိရောက်မှု ရှိလှပေသည်။
သူ တံခါးထဖွင့်ပေးလိုက်ရာ အသံကြားသဖြင့် သူ၏မိဘများသည်လည်း မီးဖိုချောင်တံခါးဝမှ ချောင်းကြည့်လာကြသည်။
"ဒါက နင့်ရဲ့ အိမ်လား"
ဟယ်ဝေရွှမ်း၏ လေသံတွင် သံသယအရိပ်အယောင်အချို့ ပါဝင်နေသည်။
"မတူလို့လား"
"ငါ့ကို မင်းလိုမျိုး မွေးကတည်းက ချမ်းသာလာတဲ့သူလို့ တကယ် ထင်နေတာလား"
ဟယ်ဝေရွှမ်း ဘာမျှ ထပ်မပြောတော့ဘဲ အထဲသို့ လှမ်းဝင်လာကာ စာချုပ်အထပ်လိုက်ကို ထမင်းစားစားပွဲပေါ်တွင် တင်လိုက်သည်။
ကျိုးထျန်းကမူ စောစောစီးစီး ပြင်ဆင်ထားသော ဖောင်တိန်အမည်းကို ယူကာ စတင်လက်မှတ်ထိုးတော့သည်။
မီးဖိုချောင်တံခါးဝမှ တိတ်တဆိတ် စောင့်ကြည့်နေဆဲဖြစ်သော သူ၏မိဘများသည် မျက်မှောင်ကုတ်လိုက်ကြသည်။
"အို.. ဒီမိန်းကလေးက ဘယ်သူလဲ။ သူမက ငါတို့သားကို ဘယ်လိုသိတာလဲ၊ ငါ သူမကို တစ်ခါမှမမြင်ဖူးပါဘူး"
"သူမက တော်တော်လေး အရပ်ရှည်တာပဲ၊ ၁.၈ မီတာကျော်လောက် ရှိမယ်ထင်တယ်။ အားကစားသမားလား မသိဘူး"
"သူမက ဟိုတစ်ခေါက်က မိန်းကလေးထက်တောင် ပိုလှသေးတယ်၊ ဒါပေမဲ့ ငါတို့သားထက် အသက်ကြီးပုံရတယ်။ ဆရာမများလား"
မိခင်ဖြစ်သူက အမျိုးမျိုး စိတ်ကူးယဉ် ခန့်မှန်းနေခဲ့သည်။
"မဟုတ်နိုင်တာ၊ ဆရာမတစ်ယောက်မှာ ဒီလို အရှိန်အဝါမျိုး မရှိနိုင်ဘူး။ ငါ့အထင်တော့ သူမက အနည်းဆုံးတော့ အမျိုးသမီး စီအီးအို ဖြစ်ရမယ်”
“သူမ ဝင်လာတဲ့ ပုံစံကို ကြည့်ဦး၊ တကယ့်ကို အရှိန်အဝါ ရှိတယ်"
ဖခင်ဖြစ်သူ၏ အကဲခတ်မှုက ပိုမိုတိကျလှသည်။
"အကယ်၍ သူမက အမျိုးသမီး စီအီးအိုဆိုရင် ငါတို့သား ငွေရှာနိုင်တဲ့ အခွင့်အရေးတွေအားလုံးက သူမ ပေးထားတာ ဖြစ်နိုင်မလား"
"ဟူး... အခုလို ပြောမှပဲ တကယ် ဖြစ်နိုင်ခြေရှိတာပဲ”
“ဟုတ်တယ်၊ ကျိုးကြောင်းဆီလျော်တယ်”
“မဟုတ်ရင် ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက် အချိန်တိုအတွင်း ငွေတွေအများကြီး ရှာနိုင်မှာလဲ”
“သူမက သူ့ကို မြေတောင်မြှောက်ပေးနေတာ ဖြစ်ဖို့ များတယ်"
"ငါလည်း အဲလိုပဲ ထင်တယ်၊ ဒီမိန်းကလေးက ငါတို့သားရဲ့ စရိုက်ကို သဘောကျလို့ သူ့အပေါ် ဒီလောက် ကောင်းနေတာများလား"
"ဟုတ်နိုင်တယ်"
သူတို့ ပိုမို ဆန်းစစ်လေလေ၊ ပိုမို ဟုတ်နိုးနိုး ဖြစ်လာလေလေဖြစ်ရာ သူတို့၏ စိတ်ထဲတွင် ဇာတ်လမ်းတစ်ပုဒ်လုံး ပုံဖော်ပြီးသား ဖြစ်နေပြီဖြစ်သည်။
သူတို့၏ အမြင်တွင်မူ ဟယ်ဝေရွှမ်းသည် သူတို့သား၏ ပင်ကိုယ်စရိုက်နှင့် ရုပ်ရည်ကို သဘောကျသဖြင့် တမင်သက်သက် မိတ်ဆွေဖွဲ့ကာ ငွေရှာခွင့်ပေးထားခြင်း ဖြစ်ပြီး သူတို့ကြားရှိ စီးပွားရေး ကွာဟချက်ကိုလည်း လျှော့ချပေးနေခြင်း ဖြစ်သည်။
"မိန်းမ... ဒီမိန်းကလေးရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က ငါတို့သားနဲ့ဆိုရင် နှမြောစရာကြီးလို့ မထင်ဘူးလား"
"တောက်..."
မိခင်ဖြစ်သူက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
"ငါတို့သားက ဒီလောက် ထူးချွန်တာပဲ၊ သူက ဘယ်လိုလုပ်... အင်း... နည်းနည်းတော့ သံသယဖြစ်စရာပဲ"
ကျိုးထျန်းတစ်ဦးတည်းသာ သူတို့၏ စကားဝိုင်းကို မကြားရခြင်းဖြစ်ပြီး မဟုတ်ပါက သူ အကြီးအကျယ် ဒေါသထွက်ပေလိမ့်မည်။
မိမိ၏ မိဘရင်းများကပင် သူ့ကို အထင်မကြီးကြခြင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
"ငါတို့ သားကို ကူညီတဲ့အနေနဲ့ စကားကောင်းလေးတွေ ပြောပေးပြီး စေတနာပြရရင်ကော"
"အကြံကောင်းပဲ"
နှစ်ဦးသား ချက်ချင်း သဘောတူညီမှု ရရှိသွားပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ကြသည်။
"သား... ဒါက ဘယ်သူလဲ။ အမေတို့ တစ်ခါမှ မမြင်ဖူးပါဘူး"
ကျိုးထျန်း ခေါင်းပင်မဖော်ဘဲ စာရွက်များကို လက်မှတ်ထိုးရင်း ပြောလိုက်သည်။
"ဟယ်ဝေရွှမ်း... မစ္စဟယ်လေ၊ ဘော့စ်အကြီးစားကြီးပေါ့"
"အော်... မစ္စဟယ်၊ မင်္ဂလာပါ။ ထမင်းစားပြီးပြီလား"
ဟယ်ဝေရွှမ်းသည် ကျိုးထျန်း၏ မိဘများ ရုတ်တရက် ပေါ်လာခြင်းကို မည်သို့ ရင်ဆိုင်ရမည်ကို အနည်းငယ် မဝေခွဲနိုင်ဖြစ်သွားရသည်။
သူမ ပြုံး၍ ခေါင်းခါပြရုံသာ တတ်နိုင်တော့သည်။
"အတော်ပဲပေါ့၊ အိမ်မှာပဲ ထမင်းစားသွားပါလား”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ငါတို့ အစားအစာတွေ အများကြီး ပြင်ဆင်ထားတာ၊ ကျိုးထျန်းတစ်ယောက်တည်း စားရင် ကုန်မှာမဟုတ်ဘဲ နှမြောစရာကြီး"
"အဖေ... ဘာတွေ ပြောနေတာလဲ"
"အဓိပ္ပာယ်မရှိတာ၊ မင်း ဘာကို ဆိုလိုတာလဲ၊ အတန်းဖော် မိန်းကလေးတွေအားလုံးက ကောင်းတယ်လို့ ပြောကြတယ်ဆိုတာ ဘာလဲ"
ဖခင်ဖြစ်သူသည် သူ စောစောက အလိမ်ခံလိုက်ရသည့် ကိစ္စကို စိတ်ခုနေဆဲဖြစ်ကြောင်း ထင်ရှားလှသည်။
"တော်ပါပြီ၊ မစ္စဟယ်က အရမ်းအလုပ်များတာ။ သူမက သားတို့လို နေရာအသေးလေးမှာ ထမင်းစားဖို့ အချိန်မရှိပါဘူး"
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်သော်လည်း မျှော်လင့်မထားစွာပင် မိခင်ဖြစ်သူက ဟယ်ဝေရွှမ်းကို ချက်ချင်း ဆွဲခေါ်ကာ စကားစမြည် ပြောဆိုတော့သည်။
ဟယ်ဝေရွှမ်းမှာမူ တကယ်ပင် အသားမကျသေးချေ။
လူကြီးပိုင်း အမှုဆောင်အရာရှိ ပေါင်းများစွာကို မျက်တောင်မခတ်တမ်း ကိုင်တွယ်နိုင်သော ဤအမျိုးသမီး စီအီးအိုကြီးသည် မိခင်ဖြစ်သူ၏ ရှေ့တွင်မူ ဘာမျှမတတ်နိုင်ဘဲ ဖြစ်နေရသည်။
"မစ္စဟယ်... အတူတူ ထမင်းစားကြရအောင်၊ ဒါက ကျိုးထျန်းကိုယ်စား သမီးကို ကျေးဇူးတင်တဲ့အနေနဲ့ ဖိတ်တာပါ၊ သမီး သဘောကော ဘယ်လိုလဲ"
"အမေ... သူမကို အတင်းမလုပ်ပါနဲ့၊ သူမက နေမှာ မဟုတ်..."
ကျိုးထျန်း ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် မိခင်ဖြစ်သူက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
"အဲဒါဆိုရင်တော့ သမီး ဝမ်းသာစွာနဲ့ပဲ လက်ခံပါ့မယ်"
ဟယ်ဝေရွှမ်းက မျှော်လင့်မထားစွာပင် သဘောတူလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည် ဟယ်ဝေရွှမ်းထံမှ အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်။
[ဟယ်ဝေရွှမ်းထံမှ အချဉ်ဓာတ် +၆ ရရှိပါသည်]