အခန်း ၃၇၆
Vol. 38 Ch. 376
🍋 Chapter 376
ကျိုးထျန်းတစ်ယောက် မိသားစု၏ နွေးထွေးမှုကို ခံစားနေရစဉ်မှာပင် ဟယ်ဝေရွှမ်း၏ မနာလိုဝန်တိုမှုများက ပိုမိုပြင်းထန်လာခဲ့သည်။
[ဒင်~... ဟယ်ဝေရွှမ်းထံမှ အချဉ်ဓာတ် +၇၃]
[ဒင်~... ဟယ်ဝေရွှမ်းထံမှ အချဉ်ဓာတ် +၇၆]
[ဒင်~... ဟယ်ဝေရွှမ်းထံမှ အချဉ်ဓာတ်...]
ဤအမျိုးသမီး၏ မျက်နှာတွင် ပြုံးနေသော်လည်း သူမ တကယ်ပင် ချဉ်နေခဲ့ပြီ ဖြစ်သည်။
ယခင်က သူနှင့် သူ၏အဖေတို့ စကားများနေကြစဉ်က သူမထံမှ အချဉ်ဓာတ် တစ်မှတ်ခန့်သာ အများဆုံး ရရှိခဲ့သော်လည်း သူ၏မိခင်က စိုးရိမ်ပူပန်မှုများ စတင်ပြသလာချိန်တွင်မူ သူမ၏ အချဉ်ဓာတ်မှာ ရပ်တန့်မသွားတော့ပေ။
'သူမက သူမရဲ့ အမေအပေါ် နက်နက်နဲနဲ အငြိုးအတေး ရှိနေတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မိခင်မေတ္တာ ငတ်မွတ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ'
ကျိုးထျန်း သူဖတ်ဖူးသည့် စိတ်ပညာ ခွဲခြမ်းစိတ်ဖြာချက်အချို့ကို ပြန်လည်သတိရလိုက်မိသည်။
မိခင်မေတ္တာ ကင်းမဲ့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့် အမျိုးသမီး အများစုသည် အရွယ်ရောက်လာသည့်အခါ ထူးခြားစွာ ပြတ်သား သန်မာလာတတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဖခင်ဖြစ်သူထံမှ ပြတ်သားပြီး ယောက်ျားဆန်သော အသွင်အပြင်များကိုသာ သင်ယူခဲ့ရပြီး အမျိုးသမီးများ၏ သိမ်မွေ့နူးညံ့သော အပိုင်းများ ကင်းမဲ့နေခဲ့ခြင်းကြောင့် ဖြစ်သည်။
သူမ၏ ထင်ရှားသော စာနာစိတ် ကင်းမဲ့မှုမှာလည်း ဤအချက်နှင့် ဆက်စပ်နေနိုင်ပေသည်။
မည်သူမျှ မသင်ကြားပေးခဲ့လျှင် မည်သို့လုပ်၍ သင်ယူနိုင်ပါမည်နည်း။
ဟယ်ဝေရွှမ်း၏ အချဉ်ဓာတ်မှာ ၈၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်ရာ သတ်မှတ်ချက်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့ကြောင်း မြင်လိုက်သဖြင့် ကျိုးထျန်းသည် သူ၏ နောက်ဆုံးပိတ် အကွက်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
"မေမေနဲ့ ဖေဖေ... သား အခုပဲ ကြည့်လိုက်တာ၊ သားတို့မိသားစုဓာတ်ပုံ နောက်ဆုံးရိုက်ခဲ့တာ နှစ်နှစ်တောင် ရှိပြီပဲ”
“ဒီနေ့ အခွင့်အရေးရတုန်း အမှတ်တရအနေနဲ့ နောက်တစ်ပုံလောက် ထပ်ရိုက်ကြမလား၊ ပြီးရင် သား ဓာတ်ပုံဆိုင်မှာ သွားကူးပြီး အိမ်မှာ ချိတ်ဖို့ မှန်ဘောင်ပါ တစ်ခါတည်း သွင်းခဲ့မယ်"
သူက ဤသို့ အကြံပြုလိုက်ရာ ကျိုးကျန့်ခန်က သဘောတူသည့်အနေဖြင့် လက်မြှောက်လိုက်သည်။
"အေး... မင်းမှာ အသိစိတ် နည်းနည်းရှိသေးတာပဲ၊ ဓာတ်ပုံမရိုက်ဖြစ်တာ တော်တော်တောင် ကြာပြီ"
ကျိုးထျန်း သူ၏ဖုန်းကို ထုတ်ကာ ကင်မရာမုဒ်သို့ ပြောင်းလိုက်ပြီးနောက် ဘေးနားရှိ ဟယ်ဝေရွှမ်းကို ကြည့်လိုက်သည်။
"ငါတို့ကို တစ်ချက်လောက် ကူညီပေးလို့ရမလား"
ဟယ်ဝေရွှမ်း ခေါင်းညိတ်ကာ ဖုန်းကို လှမ်းယူလိုက်သည်။
ကျိုးထျန်းသည် သူ၏မိဘနှစ်ပါးကြားတွင် ရပ်လိုက်ပြီး သူတို့၏ ပုခုံးများကို ဖက်ကာ မျက်နှာချင်း ညီသွားစေရန် အနည်းငယ် ငုံ့လိုက်သည်။
"မေမေ... သားနားကို တိုးဦးလေ၊ သားမျက်နှာမှာ ပဲငပိပေနေလို့လား"
"ဖေဖေ... သဘာဝကျကျလေး ပြုံးစမ်းပါ၊ မဲ့မနေနဲ့"
ဖြတ်..
သူတို့သုံးဦး၏ ပြုံးရွှင်နေသော ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လာခဲ့သည်။
လူစိမ်းတစ်ယောက် မြင်လျှင်ပင် ဓာတ်ပုံထဲမှ သုံးဦးမှာ အလွန်ပျော်ရွှင်နေကြသည်ဟု သေချာပေါက် ထင်မိပေလိမ့်မည်။
အထူးသဖြင့် သူတို့မျက်နှာချင်းဆိုင်တွင် ဖုန်းကို ကိုင်ထားသော ဟယ်ဝေရွှမ်းပင် ဖြစ်သည်။
[ဒင်~... စနစ်အသိပေးချက် - တာဝန်အောင်မြင်ပြီးမြောက်ပါပြီ၊ စနစ်မှ တာဝန်အပေါ် အကဲဖြတ်နေပါသည်]
[တာဝန်အကဲဖြတ်ချက် - စံပြ]
[ရရှိသည့် ဆုလာဘ် - အဆင့်မြင့် ချမ်းသာကြွယ်ဝမှု အချက်အလက်ကတ်!]
စနစ်၏ အသိပေးချက်က တာဝန်ပြီးမြောက်သွားပြီဖြစ်ကြောင်း ကျိုးထျန်းအား ရှင်းလင်းစွာ အသိပေးလာခဲ့သည်။
သို့သော် သူသည် အဆင့်မြင့် ချမ်းသာကြွယ်ဝမှု အချက်အလက်ကတ်ကို ချက်ချင်း အသုံးမပြုသေးပေ။
သူသည် ဟယ်ဝေရွှမ်း၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားခြင်းကြောင့် ဖြစ်သည်။
သူမသည် လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ပြုံးနေခဲ့သော်လည်း ယခုမူ သူမ၏ မျက်နှာက တင်းသွားခဲ့သည်။
"အားနာပါတယ်၊ သမီးမှာ လုပ်စရာကိစ္စလေးအချို့ ရှိနေလို့ အခုတော့ ပြန်ပါဦးမယ်"
သူမသည် နူးညံ့သောအမူအရာကို ချက်ချင်း စွန့်ပယ်ကာ သူမ၏ ပုံမှန် အေးစက်သော သဘောထားသို့ ပြောင်းလဲလိုက်ပြီး ဖုန်းကို ချကာ ကျိုးထျန်း၏ အိမ်မှ ထွက်ခွာသွားခဲ့တော့သည်။
"ဒါက... ငါတို့တွေ မလုပ်သင့်တာတစ်ခုခု လုပ်မိသွားလို့လား" သူ၏မိခင်က ကျိုးထျန်းအား ဇဝေဇဝါ မျက်နှာထားဖြင့် ကြည့်လိုက်သည်။
သူ၏ဖခင်ကလည်း သူ့ကို စိုက်ကြည့်လိုက်သော်လည်း မျက်လုံးထဲတွင် အငြိုးအတေး အနည်းငယ် ပါနေခဲ့သည်။
သူ၏သားဖြစ်သူ တစ်ခုခု မှားယွင်းစွာ လုပ်ဆောင်မိခဲ့သည်ဟု ထင်နေပုံရသည်။
"ကျွန်တော့်ကို ဘာလို့ လာကြည့်နေတာလဲ၊ ကျွန်တော်လည်း မသိဘူးလေ"
"မသိရင် သွားမေးလေ! ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ နှစ်သစ်ကူးကို စောင့်နေတာလား"
ကျိုးကျန့်ခန်သည် သူ၏သားကို အပြင်သို့ တွန်းထုတ်ရင်း တိုးတိုးရေရွတ်လိုက်သည်။
“ငါ့တုန်းကတော့ မိန်းကလေးတွေကြားထဲမှာ အဆင်ပြေခဲ့ပြီး တစ်ယောက်တည်းနဲ့တင် မရောင့်ရဲခဲ့တာ၊ ငါ့သားကျမှ ဘာလို့ ဒီလောက်တောင် တုံးအ ရတာလဲ... ဟူး၊ မိန်းမရာ... ငါ နောက်နေတာပါ၊ နားရွက်ကို မဆွဲပါနဲ့ဦး!"
ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ကျန်ခဲ့သည်ကို ထားရစ်ခဲ့ပြီး ကျိုးထျန်း အခန်းထဲမှ အမြန် ထွက်လာခဲ့သည်။
သူ ဓာတ်လှေကားကို တစ်ချက်ကြည့်လိုက်ရာ ၎င်းမှာ ချက်ချင်းပင် ပိတ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့၏ တိုက်ခန်းမှာ အထပ်မြင့်တွင် မဟုတ်သဖြင့် သူသည် လှေကားထစ်တံခါးကို ဖွင့်ကာ အောက်ထပ်သို့ ပြေးဆင်းခဲ့တော့သည်။
'ကျိန်စာတိုက်မိတာပဲ၊ ငါ အလွန်အကျွံ လုပ်မိပြီး သူမရဲ့ စိတ်ဒဏ်ရာကို သွားထိခိုက်မိပြီလား'
'ဒီအမျိုးသမီးက ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး'
'တာဝန်တစ်ခု ပြီးမြောက်ဖို့အတွက်နဲ့ တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်မိတာက နည်းနည်းတော့ မသင့်တော်သလိုပဲ'
'အထူးသဖြင့် သူငယ်ချင်းတစ်ယောက်နဲ့ စီးပွားဖက်တစ်ယောက်ကိုပေါ့'
စနစ်က သူ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးထားသဖြင့် သူ၏ခြေထောက်များက အလွန်လျင်မြန်နေဆဲ ဖြစ်ရာ ပထမထပ်သို့ အမြန်ဆုံး ရောက်ရှိသွားခဲ့ပြီး လှေကားထစ် တံခါးချပ်ကို တွန်းဖွင့်ကာ ထွက်လာချိန်တွင် အဆောက်အအုံပြင်ပသို့ ထွက်ခွာတော့မည့် ဟယ်ဝေရွှမ်း၏ ကျောပြင်ကို အချိန်မီ မြင်တွေ့လိုက်ရသည်။
"ဟေး... ဘာစကားမှမပြောဘဲ ဒီအတိုင်းကြီး ထွက်မသွားနဲ့လေ!"
ကျိုးထျန်း လှမ်းအော်လိုက်ရာ ဟယ်ဝေရွှမ်းသည် သူ၏အသံကို သေချာပေါက် ကြားလိုက်ရသဖြင့် ခြေလှမ်းများကို ပိုမိုသွက်လိုက်သည်။
ကျိုးထျန်း အခြားရွေးချယ်စရာမရှိဘဲ ရှေ့သို့ အပြေးအလွှား သွားရောက်ကာ သူမ၏ လက်မောင်းကို ဖမ်းဆွဲ၍ သူမကို တားဆီးရန်အတွက် မိမိဘက်သို့ အတင်း ဆွဲလှည့်လိုက်ရတော့သည်။
"မင်းက ဘာလို့ ဒီလောက်တောင် ရုတ်တရက်ကြီး အမူအရာ ပြောင်းသွားပြီး ထွက်သွားရတာလဲ..."
ကျိုးထျန်း တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဟယ်ဝေရွှမ်း၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စကားလုံးများ ဆို့နင့်ကာ ရပ်တန့်သွားခဲ့သည်။
ပုံမှန်အားဖြင့် အမူအရာကင်းမဲ့ပြီး မာနထောင်လွှားကာ လူတိုင်းကို အထက်စီးမှ ကြည့်တတ်သော ဤအမျိုးသမီး၏ မျက်လုံးများတွင် ယခုအခါ မျက်ရည်များ ဝဲနေခဲ့ပြီ ဖြစ်သည်။
သူမ အသံထွက်၍ မငိုသော်လည်း သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်မှာ ထင်ရှားလှပြီး အချို့ကမူ သူမ၏ ပါးပြင်ပေါ်သို့ စီးကျနေခဲ့ပြီ ဖြစ်သည်။
"ငါ့ကို လွှတ်ပါ"
ဟယ်ဝေရွှမ်းက တိုးတိုးလေး ပြောလိုက်သည်။
ကျိုးထျန်း ချက်ချင်းပင် သူမကို လွှတ်ပေးလိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"ဒါက... ငါ တောင်းပန်ပါတယ်"
ကျိုးထျန်း အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
သူ အလွန်အကျွံ လုပ်မိသွားခြင်း ဖြစ်နိုင်ပေသည်။
"ရပါတယ်၊ နင် တောင်းပန်ဖို့ မလိုပါဘူး၊ ဒါက နင်နဲ့ ဘာမှမဆိုင်ပါဘူး၊ နင်တို့ သုံးယောက် ဒီလောက်အထိ ပျော်ရွှင်နေကြတာကို မြင်ပြီး ငါ စိတ်လှုပ်ရှားသွားရုံတင်ပါ"
ဟယ်ဝေရွှမ်းက ပုံမှန်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ပြန်လည်ရှင်းပြခဲ့ပြီး သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ သူမ၏ နှုတ်ခမ်းကိုပင် အသာအယာ ကိုက်လိုက်မိသည်။
စိတ်ထဲတွင် အပြစ်မကင်းမှုကို ခံစားနေရသဖြင့် ကျိုးထျန်း ခဏမျှ စဉ်းစားလိုက်သည်။
"ကြည့်ဦး... ငါတို့ ထမင်းစားတာ တစ်ဝက်ပဲ ရှိသေးတယ်၊ ကုန်အောင်တောင် မစားရသေးဘူး၊ ငါတို့ ထျန်းရှီဟွေကို သွားကြမလား၊ အဲဒီမှာ စားရင်းသောက်ရင်း စကားပြောကြတာပေါ့”
“တစ်ချို့အရာတွေကို စိတ်ထဲမှာပဲ မြိုသိပ်ထားတာထက် ဖွင့်ပြောလိုက်တာက ပိုကောင်းတယ်၊ စိတ်ထဲမှာပဲ ပိတ်လှောင်ထားရင် ရောဂါရလိမ့်မယ်"
"မလိုပါဘူး"
ဟယ်ဝေရွှမ်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ကျိုးထျန်း သူမ ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် ဘာမှ ဆက်မပြောရဲတော့ချေ။
"ဒီမှာပဲ ခဏထိုင်ရအောင်၊ ဘာပဲဖြစ်ဖြစ် ဒီမှာ ဘယ်သူမှ မရှိပါဘူး"
ဟယ်ဝေရွှမ်းသည် လှေကားထစ်များ ညစ်ပတ်နေသည်ကို ဂရုမစိုက်ဘဲ လှေကားရင်းရှိ ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်သည်။
"ကောင်းပြီ၊ ညဘက်ဆိုရင် ဒီနေရာက တော်တော်လေး တိတ်ဆိတ်တာပဲ"
ကျိုးထျန်း သဘာဝကျကျပင် သဘောတူလိုက်ပြီး အတူတူ ထိုင်လိုက်သည်။
“နင် သိချင်တာမှန်သမျှ မေးလို့ရတယ်"
"ငါ ဘာမှ မေးစရာမရှိပါဘူး"
"ဟင်?"
ဤအမျိုးသမီးက ခြိမ်းခြောက်သည့် အသံတစ်ချက် ပြုလုပ်လိုက်သဖြင့် ကျိုးထျန်း အတင်းအကျပ် မေးလိုက်ရသလို ဖြစ်သွားခဲ့သည်။
‘မင်းက ကိုယ့်ဘာသာကိုယ် ပြောဖို့ကျတော့ ရှက်နေပြီး ငါ့ကိုကျတော့ အတင်းမေးခိုင်းနေတယ်၊ တကယ်ကို မာနကြီးတဲ့သူပဲ’
သူ သူမကို ငိုအောင် လုပ်မိခဲ့ပြီဖြစ်ရာ တာဝန်ယူမှု အချို့တော့ ရှိရပေမည်။
"မင်းအဖေ နေမကောင်းဖြစ်နေတာလား" ကျိုးထျန်း တိုက်ရိုက် မေးလိုက်သည်။
"ဟုတ်တယ်၊ အေအယ်လ်အက်စ် (ALS) ရောဂါလေ"
သူမ၏အသံက တည်ငြိမ်နေပြီး ရောဂါ၏ ပြင်းထန်မှုကို ဆင်ခြင်တုံတရားရှိရှိ ဖော်ပြခဲ့သည်။
ထိုရောဂါအမည်ကို ကြားလိုက်ရသောအခါ ကျိုးထျန်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားခဲ့သည်။
‘ဒါက သေမိန့်ကျထားတဲ့ ရောဂါပဲ’
ငွေကြေး မည်မျှပင် ရှိပါစေ ဝယ်ယူ၍မရနိုင်သော ကုသမရသည့် ရောဂါဆိုးကြီးပင်!
လွန်ခဲ့သည့် နှစ်အနည်းငယ်က ရေခဲရေပုံးဖြင့် လောင်းချသည့် စိန်ခေါ်မှု က အလွန် ရေပန်းစားခဲ့ပြီး ၎င်းကို စတင်လှုံ့ဆော်ခဲ့သူမှာ အေအယ်လ်အက်စ် ဝေဒနာရှင်တစ်ဦး ဖြစ်သည်။
ကျိုးထျန်း ထိုလှုပ်ရှားမှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ဖူးသဖြင့် ဤရောဂါအကြောင်းကို အနည်းငယ် သိရှိထားခြင်း ဖြစ်သည်။
၎င်းက အသက် ၄၀ နှင့် ၅၀ ကြားရှိ အမျိုးသားများတွင် အဖြစ်အများဆုံးဖြစ်ပြီး ဟယ်ဝေရွှမ်း၏ ဖခင်မှာလည်း ထိုအသက်အရွယ် အပိုင်းအခြားတွင် ရှိနေနိုင်ပေသည်။
ရောဂါရှိကြောင်း သိရှိရသူများ၏ ထက်ဝက်ခန့်မှာ သုံးနှစ်ထက် ပိုအသက်မရှည်ကြဘဲ ၈၀ ရာခိုင်နှုန်းကျော်မှာ ငါးနှစ်အတွင်း သေဆုံးသွားတတ်ကြသည်။
ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ဝေဒနာရှင်မှာ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ဖြစ်ပြီး သူသည် အသက် ၄၀ အထိ ရှင်သန်နိုင်ခဲ့သည်။
သို့သော် သူက ထူးခြားလွန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပြင် ကမ္ဘာ့အဆင့်မြင့်ဆုံး ကုသမှုများနှင့် စမ်းသပ်ဆဲ ကုထုံးများကို ခံယူခဲ့ရပြီး ၂၄ နာရီပတ်လုံး ပြုစုစောင့်ရှောက်မှုကို ရရှိခဲ့သည်။
သူအသုံးပြုခဲ့သည့် ဆေးဝါးအများအပြားမှာ ငွေရှိလျှင်ပင် ဝယ်ယူ၍မရနိုင်သော အရာများ ဖြစ်သည်။
ပေါင်ကောလုပ်ငန်းစုကဲ့သို့ ချမ်းသာကြွယ်ဝသော ကုမ္ပဏီကြီးတစ်ခုပင်လျှင် ၎င်းတို့၏ ဥက္ကဋ္ဌကြီးအတွက် အသက်ကို ဝယ်ယူပေးနိုင်ခြင်း မရှိချေ။
ထို့အပြင် အရေးကြီးဆုံးအချက်က အကယ်၍ သူသည် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ခန့် ဆက်လက်ရှင်သန်နေဦးမည်ဆိုလျှင်ပင် ယင်းက ဝေဒနာရှင် အမှန်တကယ် လိုလားသော ဘဝမျိုး ဖြစ်ပါ့မလား။
မိမိ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရပြီး လူသေကဲ့သို့ ရှင်သန်နေရသည့် အခြေအနေတွင် ဝေဒနာရှင်တစ်ဦးအနေဖြင့် အသက်ရှင်သန်ရန် အမှန်တကယ် တမ်တမည်လော။
ယခုအချိန်တွင် သေဆုံးရခြင်းထက်ပင် ပိုမိုနာကျင်ရပေလိမ့်မည်။
ကျိုးထျန်းတစ်ယောက် ဟယ်ဝေရွှမ်း နေ့စဉ် ရင်ဆိုင်ဖြတ်သန်းနေရမည့် ဖိအားများကို စိတ်ကူးပင် မယဉ်ရဲတော့ပေ။