အခန်း ၃၇၉
Vol. 38 Ch. 379
🍋 Chapter 379
နိုရယ်က ရန်ငြိုးဖွဲ့ထားသော မျက်ဝန်းများဖြင့် ကျိုးထျန်း၏ အမည်ကို ရွတ်ဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် ပီယဲ ၏ ရင်ဘတ်ထဲ၌ ဒေါသလှိုင်းလုံးကြီးတစ်ခု ချက်ချင်းပင် လှုပ်ခတ်သွားခဲ့တော့သည်။
"သူပဲ... သူ နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီ!"
အကယ်၍ ဤနေရာသည် လူအများအပြားရှိသော အများပြည်သူဆိုင်ရာနေရာ တစ်ခုသာ မဟုတ်ပါက သူသည် စိတ်အထိန်းအကွပ်မဲ့စွာဖြင့် ချက်ချင်းပင် ပေါက်ကွဲမိလိမ့်မည် ဖြစ်သည်။
သူသာ အိမ်တွင်ရှိနေပါက စားပွဲကို မှောက်လှန်ပစ်ပြီး ဝိုင်ခွက်များနှင့် ဝိုင်ပုလင်းအားလုံးကို အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခွဲပစ်ခဲ့မည်ဖြစ်ကာ ယင်းကပင် သူ၏ ဒေါသကို ပြေပျောက်စေနိုင်မည်မဟုတ်ချေ။
‘သူက နိုရယ်ကိုတောင် လာပြီး နှောင့်ယှက်ရဲတယ်ပေါ့’
‘ငါတို့မိသားစုကို ကြံစည်ရုံတင်မကဘူး၊ အခု ငါ့ရဲ့ မိန်းကလေးကိုပါ လုယူဖို့ သတ္တိရှိနေတာပဲ’
‘ကောင်းပြီ... ကောင်းပြီ၊ ကျိုးထျန်း... မင်းက ငါနဲ့ သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတာပဲ’
ပီယဲ သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး မိနစ်အနည်းငယ်ကြာအောင် အသက်ကို ပြင်းပြင်းရှူလိုက်မှသာ နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော နိုရယ်ကမူ ဘာစကားမှမပြောဘဲ သူ့ကို ကြည့်ရုံသာ ကြည့်နေခဲ့သည်။
"နိုရယ်... သူ မင်းကို ဘယ်လို နှောင့်ယှက်တာလဲ၊ မင်းဆီ လာရှာသေးလား”
“တစ်ကယ်လို့ သူသာ မင်းအိမ်တံခါးဝအထိ လာရဲရင် ငါ့ရဲ့ သက်တော်စောင့်တွေကို လွှတ်ပြီး မင်းကို ကာကွယ်ပေးခိုင်းမယ်"
"မလိုဘူး၊ လုံးဝမလိုဘူး၊ ပြီးတော့ သူက အိမ်အထိ လာတာလည်း မဟုတ်ဘူး"
နိုရယ် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
သူမ၏ မိသားစုတွင် ကိုယ်ပိုင်သက်တော်စောင့်များ ရှိပြီးဖြစ်ရာ ပီယဲ ၏ အကူအညီကို မလိုအပ်ချေ။
"သူက ကျွန်မဆီကို အီးမေးလ်တွေ ခဏခဏပို့ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကြွားလုံးထုတ်နေတာ၊ ပြီးတော့ ရှင်တို့မိသားစုကိုလည်း ရံဖန်ရံခါ လှောင်ပြောင်တတ်သေးတယ်"
"အား..."
ပီယဲ သွားကြိတ်လိုက်မိသည်။
သူတို့မိသားစုသည် အမြတ်ထုတ်ခံရရုံတင်မကဘဲ ယခုကဲ့သို့ လှောင်ပြောင်သရော်ခြင်းကိုပါ ခံနေရသည်ကို သူ လုံးဝလက်မခံနိုင်ချေ။
နိုရယ်က သူ၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် သဘောကျနေပြီး ဆက်ပြောလိုက်သည်။
"သူက သူ ငွေတွေ ဘယ်လောက်တောင် ရှာထားနိုင်လဲဆိုတာကိုပဲ ပြောနေတာ”
“ပြီးတော့ ရှင်တို့မိသားစုက သူ့ရဲ့ လှည့်ကွက်ထဲမှာ အလွယ်တကူ အလိမ်ခံလိုက်ရတာကိုလည်း ခဏခဏ လှောင်တယ်”
“ဪ... ဒါနဲ့၊ သူက အခု ဘဏ္ဍာရေးဈေးကွက်ထဲမှာလည်း ပါဝင်နေတယ်လို့ ပြောတယ်”
“ဒါကြောင့် ရှင်တို့မိသားစုအနေနဲ့ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်တယ်တဲ့"
"သူက တကယ်ပဲ အဲဒီလိုပြောတာလား"
ပီယဲ ပိုမိုဒေါသထွက်သွားခဲ့သည်။
ဤသည်မှာ သူတို့ကို လှောင်ပြောင်ရုံသက်သက်မဟုတ်ဘဲ သူတို့၏ လုပ်ငန်းကိုပါ လုယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
"သူက ပြောသေးတယ်... ရှင်တို့မိသားစုက အလွယ်တကူ အရူးလုပ်လို့ရတဲ့အတွက် ဘဏ္ဍာရေး ကစားပွဲကြီးထဲမှာ ကစားဖို့ လုံးဝမသင့်တော်သလို အရည်အချင်းလည်း မရှိဘူးတဲ့”
“ဘဏ္ဍာရေးဈေးကွက်ဆိုတာ ထက်မြက်တဲ့ အကဲခတ်နိုင်စွမ်း လိုအပ်တာဖြစ်ပြီး ရှင်တို့မိသားစုမှာတော့ အဲဒီအချက်က လုံးဝ မရှိဘူးလို့ ပြောသေးတယ်"
ပီယဲ ဆိတ်ဆိတ်ရုံသာ နေနိုင်တော့သည်။ ပြင်းထန်သော ဒေါသကြောင့် စကားပင် ထွက်မလာတော့ချေ။
သို့သော် ဒေါသအပြင် သူသည် အလားအလာရှိသော အခွင့်အရေးတစ်ခုကိုလည်း အာရုံခံမိသွားခဲ့သည်။
'ဒီကျိုးထျန်းက ဘဏ္ဍာရေးဈေးကွက်ထဲမှာ ပါဝင်နေတာပေါ့၊ သူက ဘယ်ကဏ္ဍမှာလဲ... စတော့ရှယ်ယာလား၊ အနာဂတ်စာချုပ် လား၊ ဒါမှမဟုတ် ရန်ပုံငွေ လား'
'ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရန်ပုံငွေနဲ့ အင်အားက ငါ့တို့မိသားစုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး'
'ပြီးတော့ ဖေဖေကလည်း လတ်တလောမှာ သူ့ကို ကလဲ့စားချေဖို့ အခွင့်အရေး ရှာနေတာ၊ ဒါပေမဲ့ ကံဆိုးတာက ဒီကောင်က ပြင်သစ်လူမျိုး မဟုတ်သလို ငါတို့မိသားစုနဲ့လည်း စီးပွားရေးအရ ဘာမှမပတ်သက်ဘူး ဖြစ်နေတာ'
'အခုတော့ သူက ဘဏ္ဍာရေးထဲကို ဝင်လာပြီဆိုတော့ အဆက်အသွယ် လမ်းကြောင်း ပွင့်သွားပြီပဲ!'
ပီယဲ သည် လတ်တလောတွင် ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို နေ့တိုင်း ခံနေရသဖြင့် သူ၏ ဉာဏ်က ပိုမိုပွင့်လင်းလာခဲ့ပြီး ဤအချက်ကို ချက်ချင်းပင် တွေးမိသွားခြင်း ဖြစ်သည်။
ဒေါသကြောင့် တုန်ရီနေသော သူ၏ မျက်နှာအမူအရာမှာ ယခုအခါ ပြောင်းလဲသွားပြီး မျက်လုံးများ ကစားလျက် သက်ဆိုင်ရာ ကိစ္စရပ်များကို အစဉ်တစိုက် စဉ်းစားတွေးတောနေတော့သည်။
ဤကိစ္စကို ဖခင်ဖြစ်သူထံ ချက်ချင်း အကြောင်းကြားရမည်ဟု သူ ခံစားလိုက်ရသည်။
ဤသည်မှာ ထိုအာရှသားကို ပြန်လည်နှိပ်ကွပ်ရန် အလွန်ကြီးမားသော အခွင့်အရေးကြီး ဖြစ်ပေသည်။
နိုရယ်သည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သူ၏ ပြောင်းလဲနေသော မျက်နှာအမူအရာများကို အကဲခတ်နေခဲ့သည်။
သူ စတင်စဉ်းစားနေပြီး မျက်မှောင်ကုတ်လာသည်ကို မြင်လိုက်ရသောအခါ နိုရယ် စိတ်ထဲမှ တိတ်တဆိတ် သရော်ပြုံး ပြုံးလိုက်မိသည်။
ပီယဲ တစ်ယောက် ငါးစာဟပ်မိသွားပြီဖြစ်ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။
ထိုစိတ်ဝင်စားစရာကောင်းသော ကျိုးထျန်း ပြောခဲ့သည့်အတိုင်းပင် ဤကောင်ကတော့ သေချာပေါက် အကွက်ထဲ ဝင်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူမလုပ်ရန် ကျန်ရှိသည်မှာ ပီယဲ တစ်ယောက် ဤသတင်းကို အိမ်သို့ သယ်ဆောင်သွားမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်ပြီး သူမ၏ တာဝန်မှာ ပြီးမြောက်သွားပြီ ဖြစ်သည်။
"နိုရယ်... ဒါတွေအပြင် ကျိုးထျန်းက တခြားဘာတွေ ပြောသေးလဲ"
"ဥပမာ... သူ လတ်တလောမှာ ဘယ်လုပ်ငန်းကို အဓိက အာရုံစိုက်နေလဲ၊ ဒါမှမဟုတ် ဘယ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေလဲ ဆိုတာမျိုးပေါ့"
ပီယဲ သည် ကျိုးထျန်း၏ လှုပ်ရှားမှုများကို သိရှိရန်အတွက် အလွန်တက်ကြွစွာဖြင့် စူးစမ်းမေးမြန်းလာတော့သည်။
"ကျွန်မ သူ့ရဲ့ အီးမေးလ်ကို ပြန်မဖြေခဲ့ဘူး၊ သူကလည်း ရှင်းရှင်းလင်းလင်း ဘာမှမပြောထားဘူး”
“ဒါပေမဲ့... ရှင် သိချင်တယ်ဆိုရင်တော့ ကျွန်မ သူ့အီးမေးလ်ကို ပြန်စာပို့ပြီး မေးပေးလို့ရပါတယ်"
"တကယ်လား နိုရယ်... ဒါ အမှန်ပဲလား တစ်ကယ်လို့ သိရရင် ငါ မင်းကို တကယ်ပဲ အထူးကျေးဇူးတင်မိမှာပါ"
အောင်မြင်မှု အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ပီယဲ ချက်ချင်းပင် တက်ကြွသွားခဲ့သည်။
ဤသည်မှာ အလွန်အရေးကြီးသော အချက်အလက် ဖြစ်သည်။
အကယ်၍ ဖခင်ဖြစ်သူအား ကျိုးထျန်း၏ လှုပ်ရှားမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကူညီစုံစမ်းပေးနိုင်ပါက ဖခင်ဖြစ်သူအနေဖြင့် ဘဏ္ဍာရေးဈေးကွက်တွင် ကျိုးထျန်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မည်ဖြစ်ရာ သူသည် သေချာပေါက် ချီးမွမ်းခြင်း ခံရပေလိမ့်မည်။
ထို့ပြင် ငွေကြေးအမြတ်အစွန်းများ ရရှိပါက ဖခင်ဖြစ်သူက သူ့ကို ဆုပေးဦးမည် ဖြစ်သည်။
ဝိုင်ကိစ္စ ဖြစ်ပွားပြီးကတည်းက ဖခင်ဖြစ်သူ ကတိပေးထားသော ဖာရီရီ ကားအသစ်လေးမှာ ပျောက်ဆုံးသွားခဲ့ရပြီး ဖခင်ဖြစ်သူ၏ အရိုက်ခံရမည်ကို စိုးရိမ်သဖြင့် သူ ထိုအကြောင်းကို ထပ်မံ မဟရဲတော့ချေ။
"နိုရယ်... ငါတို့ မိသားစုကို ကူညီပေးဖို့ ငါ တောင်းပန်ပါတယ်၊ ငါတို့ဆီမှာ ကျိုးထျန်းရဲ့ သတင်းတွေ လိုအပ်တယ်၊ ငါတို့မိသားစုနှစ်စုရဲ့ အရင်က ဆက်ဆံရေးကို ထောက်ထားပြီး ငါ့ကို ကူညီပေးပါဦး"
ပီယဲ စိတ်လှုပ်ရှားမှုကြောင့် အခွင့်ကောင်းယူကာ နိုရယ်၏ လက်ကို ဖမ်းဆွဲလိုက်သည်။
နိုရယ်သည် စိတ်ထဲမှ စက်ဆုပ်ရွံရှာမှုကို မြိုသိပ်ထားရင်း သူမ၏လက်ကို အတင်းဆွဲထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ပီယဲ ကျွန်မ ရှင့်ကို ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ အကြံပေးချင်တာကတော့ ရှင်တို့မိသားစုအနေနဲ့ ကျိုးထျန်းနဲ့ ဆက်ပြီး မပြိုင်ဆိုင်သင့်တော့ဘူး၊ သူက အရမ်းအင်အားတောင့်တယ်၊ ရှင်တို့က သူ့ကို... "
နိုရယ် စကားကို အဆုံးထိ မပြောခဲ့သော်လည်း သူမ ပြောလိုက်သော စကားလုံးများက ပီယဲ ကို ပိုမို၍ စိတ်ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ လိုက်နေသော မိန်းကလေးက သူ့ကို အခြားယောက်ျားလေးတစ်ယောက်ထက် နိမ့်ကျသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။
ဤသည်မှာ သူ့အတွက် လုံးဝသည်းမခံနိုင်သော အရာဖြစ်ပြီး တိုက်ရိုက် အစော်ကားခံရခြင်းထက်ပင် ပိုမို အရှက်ရစေသည်။
ယခုအခါ သူသည် မိမိကိုယ်ကိုယ် မင်းသမီးလေးကို ကာကွယ်ရမည့် သူရဲကောင်းတစ်ဦးအဖြစ် ခံယူထားပြီး နိုရယ်မှာ သူ ကာကွယ်ရမည့် မင်းသမီးလေး ဖြစ်သည်။
ကျိုးထျန်းကမူ ဆိုးသွမ်းသော နဂါးကြီး ဖြစ်သည်။
သူသည် ထိုနဂါးကြီးကို သတ်ဖြတ်ပြီး မင်းသမီးလေးအား မိမိ၏ ရင်ခွင်ထဲသို့ နွေးထွေးစွာ ရောက်ရှိလာစေရန် သေချာပေါက် ဆောင်ရွက်ရပေမည်။
ထိုနောက် ညစာကို အလွန်လျင်မြန်စွာ စားသောက်ခဲ့ကြသည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော ပွဲမျိုးမှာ အနည်းဆုံး သုံးနာရီခန့် ကြာမြင့်တတ်သော်လည်း ယနေ့တွင်မူ တစ်နာရီကျော်မျှဖြင့် ပြီးဆုံးသွားခဲ့သည်။
တစ်ဖက်တွင်လည်း နိုရယ်သည် သူမ၏ တာဝန် ပြီးမြောက်သွားပြီဖြစ်သဖြင့် ဆက်လက်မနေလိုတော့ခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ ပီယဲ သည်လည်း အိမ်သို့အမြန်ပြန်ကာ သူသိထားသော အကြောင်းအရာများကို ဖခင်ဖြစ်သူအား ပြောပြလိုခြင်းကြောင့် ဖြစ်သည်။
နိုရယ် မိသားစုပိုင် ကားထဲသို့ ဝင်ထိုင်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ပီယဲ ကို လက်ပြနှုတ်ဆက်လိုက်ရာ ကား စတင်ထွက်ခွာသွားခဲ့ပြီး နှစ်ဦးသား လမ်းခွဲခဲ့ကြတော့သည်။
ထိုအချိန်တွင်ပင် သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ ဖုန်းများကို ချက်ချင်း ထုတ်လိုက်ကြသည်။
ပီယဲ က သူ၏ ဖခင်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။
နိုရယ်ကမူ WeChatမှတစ်ဆင့် မက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်သည်။
"ကျွန်မရဲ့ တာဝန် ပြီးပြီ၊ အခု ရှင့် အလှည့်ပဲ"
...
စာသင်ခန်းထဲတွင် ရှိနေသော ကျိုးထျန်းသည် သူ၏ဖုန်းကို ကြည့်လိုက်ပြီး ရယ်စရာကောင်းသော ခွေးရုပ်အီမိုဂျီတစ်ခုအား ပြန်ပို့လိုက်သည်။
'ပီယဲ ကတော့ အရူးလုပ်ရတာ လွယ်ကူပါတယ်၊ ဒါပေမဲ့ သူ့အဖေကတော့ ရင်ဆိုင်ရတာ သိပ်မလွယ်ဘူး'
'ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ လိမ်တာကို ခံခဲ့ရတာဆိုတော့ ဒီတစ်ကြိမ်မှာတော့ သေချာပေါက် သတိကြီးကြီးထားလိမ့်မယ်၊ ရာနှုန်းပြည့် သေချာမှု မရှိရင် သူ လှုပ်ရှားမှာ မဟုတ်ဘူး'
‘ငါကိုယ်တိုင် သွားပြီး သူ့ကို ဆွမယ်ဆိုရင် သူ သေချာပေါက် အကွက်ထဲ ဝင်မှာမဟုတ်ဘူး'
'ဒါကြောင့် နိုရယ်တစ်ယောက်ပဲ ဒီကိစ္စကို လုပ်နိုင်တာ'
'ပြီးတော့ အရေးကြီးဆုံးအချက်က သတင်းအချက်အလက်ပိုင်းမှာ သူတို့က ငါ့ထက် အပြတ်အသတ် သာလွန်နေတယ်လို့ သူတို့ကို ထင်မြင်သွားစေဖို့ပဲ’
‘ဒီလို မမျှတတဲ့ သတင်းအချက်အလက် ရရှိမှုကသာ သူတို့ကို စိတ်ချလက်ချနဲ့ ငါ့ကို လာရောက်တိုက်ခိုက်ရဲအောင် လုပ်နိုင်လိမ့်မယ်'
ဟဲဟဲ
ကျိုးထျန်း တိုးတိုးလေး ရယ်မောလိုက်မိသည်။
‘အခု ကစားသမားတစ်ယောက်က ကစားပွဲထဲကို ဝင်လာတော့မှာဆိုတော့ ကျန်တဲ့ ကစားသမားနှစ်ယောက်ကိုပါ ဖိတ်ခေါ်ရမယ့် အချိန်ရောက်ပြီ’
‘ဒီလို ကစားပွဲကြီးမျိုးမှာ လူများများ ပါဝင်လေလေ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလေလေပဲ!’
သူ ဖုန်းကို ကိုင်ကာ ဂျက်ဆီထံသို့ အမိန့်တစ်ခု ပေးပို့လိုက်သည်။
နာရီအနည်းငယ်အကြာတွင် အမေရိကန်နိုင်ငံရှိ ဗီလာကြီးတစ်ခုအတွင်း၌ တရုတ်အမျိုးသားတစ်ဦးသည် သူ၏ ဧည့်သည်ကို ကြိုဆိုနေခဲ့သည်။
ဤတရုတ်အမျိုးသားသည် အမေရိကန်သို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း အိမ်ခြံမြေ အမြောက်အမြားကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ အမေရိကန် ဘဏ္ဍာရေးကုမ္ပဏီတစ်ခုကိုပါ ဝယ်ယူ၍ ကိုယ်ပိုင် အဖွဲ့ငယ်လေးတစ်ခုကို တည်ထောင်ထားခဲ့ပြီး ဖြစ်သည်။
ရောက်ရှိလာသော ဧည့်သည်မှာ အမေရိကန်နိုင်ငံသား မဟုတ်ဘဲ ဂျပန်အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုလူသည် ရင်နှီးသော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး နှစ်ဦးသား တွေ့ဆုံချိန်တွင် မိတ်ဆွေဟောင်းကြီးများကဲ့သို့ နွေးထွေးစွာ နှုတ်ဆက်ခဲ့ကြသည်။
အမှန်တကယ်တွင်မူ သူတို့နှစ်ဦး သိကျွမ်းခဲ့ကြသည်မှာ ရက်သတ္တပတ် အနည်းငယ်မျှသာ ရှိသေးသည်။
ဂျပန်အမျိုးသားက ဧည့်ခန်းတွင် ထိုင်လိုက်ပြီး တရုတ်အမျိုးသားက ဝီစကီ နှစ်ခွက်ကို ယဉ်ကျေးစွာ တည်ခင်းဧည့်ခံရင်း စကားကောင်းကောင်း ပြောရန် ပြင်လိုက်သည်။
"မစ္စတာ တကဲရှီ ... ဒီနေ့ ဒီကို ရောက်လာရတာ ဘာအရေးကြီးတဲ့ ကိစ္စရှိလို့လဲဗျ"
စကားပြောလိုက်သော တရုတ်အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ကျိုးထျန်း၏ "မိတ်ဆွေဟောင်းကြီး" မာကျန်းရှန်းပင် ဖြစ်သည်။