← Chapters

အခန်း ၃၈၂

Vol. 39 Ch. 382

အခန်း ၃၈၂

Vol. 39 Ch. 382

🍋 Chapter 382

ယခင်တစ်ခေါက်ကကဲ့သို့ပင် ဝတုတ်သည် ကျိုးထျန်း၏ အကြည့်ကြောင့် ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ရသည်။

“မင်း ငါ့ကို ဘာလို့ အဲဒီလိုကြီး ကြည့်နေတာလဲ၊ ငါ့ကို အလုပ်ခိုင်းဦးမလို့လား”

“ပေါက်ကရတွေ၊ မင်းကို အလုပ်မခိုင်းရင် ငါ ဒီကို ဘာလို့ ခေါ်လာပါ့မလဲ”

ကျိုးထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။

“ဒီတစ်ခေါက် မင်းရဲ့ တာဝန်က ပြီးခဲ့တဲ့ တစ်ခေါက်နဲ့ ဆင်ပေမဲ့ နည်းနည်း မတူတဲ့ အချက်တွေတော့ ရှိတယ်”

ကျိုးထျန်းက စကားကို အဆုံးထိ မပြောဘဲ ချန်ထားသဖြင့် လူတိုင်းမှာ ရင်တဖိုဖို ဖြစ်သွားကြရသည်။

“မစ္စတာကျိုး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုခုကြောင့် စကူရိုင်း သံမဏိလုပ်ငန်းရဲ့ စတော့ရှယ်ယာစျေးနှုန်းက တကယ်ပဲ ထိုးဆင်းသွားလိမ့်မယ်လို့ မင်း သေချာနေတာလား”

“ဟုတ်တယ်၊ ရာနှုန်းပြည့် သေချာတယ်၊ ငါ့မှာ ဝှက်ဖဲတစ်ချပ် ရှိတယ်၊ မင်းတို့အားလုံး စိတ်ချလက်ချ နေနိုင်ပါတယ်၊ စကူရိုင်း သံမဏိလုပ်ငန်းကတော့ တကယ်ပဲ အန္တရာယ်နဲ့ ကြုံရတော့မှာ”

သူ၏ မျက်လုံးများထဲမှ အေးစက်သော အရောင်အဝါကို မြင်သောအခါ လူတိုင်း နောက်သို့ အနည်းငယ် ဆုတ်သွားမိကြသည်။

“မင်း တစ်ယောက်ယောက်ကို ရှာပြီး အကြမ်းဖက်တဲ့ နည်းလမ်းတွေ သုံးမလို့တော့ မဟုတ်ပါဘူးနော်”

ဝတုတ်က စကားပင် ထစ်အသွားကာ ကျိုးထျန်းတစ်ယောက် ကလဲ့စားချေလိုစိတ် ပြင်းပြပြီး မလုပ်သင့်မလုပ်ထိုက်တာကို လုပ်မိသွားမည်ကို တကယ်ပင် စိုးရိမ်နေမိသည်။

“မင်း ငါ့ကို ဘယ်လိုလူအောက်မေ့နေလဲ၊ ငါက စကူရိုင်းတကဲဟီတို ဒါမှမဟုတ် မာကျန်းရှန်းတို့လို အရူးမှ မဟုတ်တာ၊ ငါက သူဌေးကြီးတစ်ယောက်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာပဲ နေချင်တာပါ”

“ဒါဆို မင်းပြောတဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်ဆိုတာက ဘာလဲ”

“အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး၊ အချိန်တန်ရင် မင်းတို့ သိရလိမ့်မယ်”

ဤကဲ့သို့ လှည့်ပတ်ပြောဆိုနေမှုက လူစုကို ပို၍ပင် စိုးရိမ်ပူပန်သွားစေသည်။

အထူးသဖြင့် စိတ်မရှည်တတ်သည့် မစ္စတာဟန်က ဆိုဖာပေါ်မှ ချက်ချင်း ထရပ်လိုက်တော့သည်။

“ရှောင်ကျိုး ရှောင်ကျိုးရာ ငါတို့ကို ရှင်းရှင်းလင်းလင်းလေးပဲ ပြောပြပါဦး၊ ဒီလိုမှမဟုတ်ရင် ငါတို့လည်း မင်းနဲ့အတူ လက်တွဲဖို့ ဘယ်လိုလုပ် သတ္တိရှိပါ့မလဲ”

“စိတ်မရှိပါနဲ့၊ ငါလည်း မင်းတို့ကို အမှန်အတိုင်း ပြောပြချင်တာပေါ့၊ ဒါပေမဲ့ တကယ် ပြောလို့မရလို့ပါ၊ လျှို့ဝှက်ချက်ကို ဖွင့်ဟလို့မရဘူးလေ”

ကျိုးထျန်းက သူတို့ကို တမင် စိတ်လှုပ်ရှားအောင် လုပ်နေခြင်း မဟုတ်ပေ၊ အမှန်အတိုင်း ပြောပြလျှင်ပင် သူတို့ ယုံကြည်ကြမည် မဟုတ်ချေ။

အဆုံးသတ်တွင် အဆင့်မြင့် ချမ်းသာကြွယ်ဝမှု အချက်အလက်ကတ်က ပေးအပ်ထားသည့် သတင်းအချက်အလက်မှာ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှရာ သူ ဖွင့်ဟလိုက်လျှင်ပင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။

အကယ်၍ ပြောပြလိုက်ပါက လူအများက သူ့ကို စိတ်ကျန်းမာရေးမကောင်းသူဟုသာ ထင်မြင်ကြပေလိမ့်မည်။

“အိုး ဒါက တကယ်ပဲ ယုံရခက်လွန်းနေပြီ” သူဌေးဟန်က စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေမိသည်။

ဤအချိန်တွင် သူဌေးမော်က အမှန်တကယ်ပင် သတ္တိကို ပြသခဲ့သည်။

“မစ္စတာကျိုး ငါ့ကို အမှန်အတိုင်း ပြောပါဦး၊ မင်း ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ”

“ကိုးဆယ့်ကိုး ရာခိုင်နှုန်း”

“ဒါဆိုရင်တော့ ပြီးတာပဲ၊ ငါ မင်းကို ယုံတယ်”

“မစ္စတာမော် မင်းက တကယ့်ကို သတ္တိရှိတာပဲ”

ကျိုးထျန်းက မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။

အခြားသူများ တွေဝေနေကြစဉ် ကျိုးထျန်းအနေဖြင့် အာမခံချက်တစ်ခုသာ ပေးနိုင်တော့သည်။

“လူကြီးမင်းတို့ အကယ်၍ ဒီတစ်ခေါက်သာ ငါတို့ ရှုံးသွားခဲ့ရင် ငါ့ရဲ့ တစ်သက်တာလုံး အလုပ်လုပ်ပြီး မင်းတို့ကို ပြန်ဆပ်ပါ့မယ်”

“မစ္စတာကျိုး ငါတို့က မင်းကို မယုံလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ တကယ်ပဲ နည်းနည်းတော့ ကြောက်တာပေါ့၊ မင်းလည်း သိတဲ့အတိုင်း ဘဏ္ဍာရေးစျေးကွက်ဆိုတာ နိုင်တဲ့သူ အကုန်ယူစတမ်းလေ၊ ခြေလှမ်းတစ်ချက် မှားတာနဲ့ ဘာမှမကျန်ဘဲ ပြာကျသွားနိုင်တာ”

“ဒါဆိုရင် ငါတို့ စာချုပ်ချုပ်ဆိုနိုင်ပါတယ်”

ကျိုးထျန်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ ပုံနှိပ်ပြီးသား စာချုပ်ပုံစံ ငါးစောင်ကို ထုတ်ယူလိုက်သည်။

“ဒီစာချုပ်ထဲမှာ စည်းကမ်းချက်တွေအားလုံးကို ငါတို့ ရေးဆွဲနိုင်ပါတယ်”

“ဒီတစ်ခေါက်မှာတော့ ငါကပဲ အဓိက တာဝန်ယူမှာပါ၊ ငါ့မှာ နိုင်ငံခြားကုမ္ပဏီတစ်ခု ရှိပြီး အမည်မဖော်တဲ့ အကောင့်တွေ သုံးထားတာမို့ ခြေရာခံဖို့ အရမ်းခက်လိမ့်မယ်”

“မင်းတို့က ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ဖောက်သည်တွေအနေနဲ့ ရေတိုစီမံကိန်းတစ်ခုအတွက် ရန်ပုံငွေတွေကို ငါ့ကို အပ်ထားရမယ်”

“တစ်ကယ်လို့ ဆုံးရှုံးမှု ဖြစ်ခဲ့ရင် အားလုံးက ငါ့တာဝန်ပဲ၊ ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သုံးပြီး အကြွေးတွေကို ဆပ်မှာဖြစ်သလို ငါ့ရဲ့ ကျန်ရှိတဲ့ တစ်သက်တာလုံးမှာလည်း ဆက်ပြီး ဆပ်သွားမှာပါ”

“ဒါပေမဲ့ အကျိုးအမြတ် ရခဲ့မယ်ဆိုရင်တော့ ငါက ဝန်ဆောင်ခ ၃၀ ရာခိုင်နှုန်း ယူမှာဖြစ်ပြီး အခွန်ကိုတော့ မင်းတို့ဘာသာ မင်းတို့ ဆောင်ရမယ်”

ကျိုးထျန်း၏ စကားလုံးများက ဗီလာ၏ ဧည့်ခန်းအတွင်း ဟိန်းထွက်သွားခဲ့ပြီး လူစုအနားသို့ ချဉ်းကပ်လာချိန်တွင် သူ၏ ကိုယ်ပိုင်ယုံကြည်ချက်များက အထိုင်းအဝန်း လွှမ်းမိုးနေတော့သည်။

အမှန်စင်စစ် သူ တောင်းဆိုသည့် ဝန်ဆောင်ခမှာ သဘာဝမကျပေ။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများစုက ၁၀ ရာခိုင်နှုန်းသာ ကောက်ခံလေ့ရှိရာ ၃၀ ရာခိုင်နှုန်းမှာ အလွန်အမင်း မြင့်မားလွန်းလှသည်။

ထို့ပြင် နိုင်ငံခြား စတော့စျေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သောကြောင့် ငွေလဲလှယ်နှုန်း၊ အရောင်းအဝယ် အခကြေးငွေများနှင့် ပွဲစားခများကို ထည့်သွင်းတွက်ချက်ပါက ဤလူများအနေဖြင့် အကျိုးအမြတ် ရရှိလျှင်ပင် ၅၀ ရာခိုင်နှုန်းခန့်သာ လက်ခံရရှိကြမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့ သဘာဝမကျသော တောင်းဆိုမှုမျိုးကပင် သူတို့ကို ပို၍ စိတ်အေးသွားစေခဲ့သည်။

လုံးဝ သေချာမှု မရှိဘဲ မည်သူက ဤကဲ့သို့သော စည်းကမ်းချက်များကို ကမ်းလှမ်းဝံ့ပါမည်နည်း။

လူစုမှာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ချင်းစီအလိုက် ဆုံးဖြတ်ချက် ချလိုက်ကြတော့သည်။

“မစ္စတာကျိုး ငါတို့မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်၊ ဒီတစ်ခေါက် မင်း မျှော်မှန်းထားတဲ့ အကျိုးအမြတ်က ဘယ်လောက်အထိ ရှိလဲ”

ကျိုးထျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို တည်ငြိမ်စွာ ထောင်ပြလိုက်သည်။

“ဆယ်ရာခိုင်နှုန်းလား”

“နည်းနည်းလောက် ပိုပြီး ရဲရဲဝံ့ဝံ့ တွေးကြည့်စမ်းပါ”

ကျိုးထျန်းက ပြုံးလျက် ပြောလိုက်သည်။

“နှစ်ဆ” မစ္စတာဟန်၏ အသံမှာ တုန်ရီနေခဲ့ပြီ ဖြစ်သည်။

“သုညတစ်လုံး ထပ်ထည့်လိုက်”

“ဆယ်ဆ” ဝတုတ်က အော်ဟစ်လိုက်သဖြင့် ကျိုးထျန်း၏ နားပင် အူသွားရသည်။

“မစ္စတာကျိုး မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်”

မစ္စတာဟန်က မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လာသည်။

“ငါက ငွေကြေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းက နောက်ဖူးလို့လဲ၊ ဒီကနေ ရမယ့် ပိုက်ဆံနဲ့ ငါ တန်းပြီး အနားယူဖို့အထိ စီစဉ်ထားတာ”

တက္ကသိုလ် မပြီးခင်မှာတင် အနားယူရန် စဉ်းစားခြင်းက တကယ်ပင် သဘာဝကျလှပေသည်။

အခန်းတွင်းရှိ လေထုမှာ ရုတ်ချည်းပင် သက်ဝင်လှုပ်ရှားသွားခဲ့သည်။

ဆယ်ဆဆိုသည်မှာ မည်မျှများပြားသော ငွေပမာဏနည်း။

အထူးသဖြင့် လွန်ခဲ့သည့်လကမှ ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများကို လွှဲပြောင်းရယူထားသည့် ဝတုတ်အတွက်မူ ယခုတစ်ကြိမ်သာ အောင်မြင်ခဲ့လျှင် မြို့တော်၏ ထိပ်တန်း အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ပေသည်။

“ကျိုးထျန်း မင်းဆီမှာ ရှန်ပိန် ရှိလား၊ ငါ နည်းနည်းလောက် သောက်ချင်လို့”

“လစ်လိုက်တော့၊ ဘာမှတောင် မဖြစ်သေးဘူး၊ မင်းက ငါ့ဆီကနေ အရက်အလကား သောက်ဖို့ ကြံနေပြီ၊ အားလုံး ပြီးသွားမှပဲ ပြောကြတာပေါ့”

“အရာအားလုံး အဆင်ပြေသွားတဲ့အခါ ကျရင်တော့ ငါ မင်းကို တကယ့် အကောင်းစား တစ်ပုလင်း တိုက်မယ်”

လူစုမှာ လူစုခွဲသွားကြပြီး ကျိုးထျန်းကမူ ကွန်ပျူတာရှေ့တွင် တစ်ဦးတည်း ထိုင်ကာ စကူရိုင်း သံမဏိလုပ်ငန်း၏ စတော့ရှယ်ယာ သတင်းအချက်အလက်များကို ဂရုတစိုက် စစ်ဆေးနေမိသည်။

‘အခုတော့ သူတို့ရဲ့ ရန်ပုံငွေတွေ ရောက်လာဖို့ပဲ လိုတော့တယ်၊ အဲဒီအခါကျမှ ငါက ငါးစာချပြီး ဒီငါးကြီးတွေကို မျှားရမှာ’

မိုင်ပေါင်းများစွာ ဝေးကွာသော ဖဲလ်၏ ရဲတိုက်ကြီးအတွင်း၌ ပီယဲသည် နိုရယ်ထံမှ ရရှိထားသော သတင်းများကို သူ၏ အဖေအား ပြောပြနေသည်။

“နိုရယ်က အဲဒီလို တကယ် ပြောတာ သေချာလား”

အဘိုးကြီး ဖာနန်ဒက်စ်(ဖဲလ်)သည် လတ်တလောတွင် အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ရပြီး ပထမဆုံးအကြိမ်အဖြစ် သူ အမှန်တကယ် အိုမင်းသွားပြီဟု ခံစားနေရသည်။

ပါတီပွဲကြောင့် ပျက်စီးသွားခဲ့ရသော ဆက်ဆံရေးများကို ပြန်လည် ကုစားရန်နှင့် ထိန်းသိမ်းရန်အတွက် သူသည် လှည့်လည် သွားလာနေခဲ့ရပြီး သူ၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရကာ ယခုမှသာ အနည်းငယ် တိုးတက်မှု ရှိလာခြင်း ဖြစ်သည်။

ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားအချို့နှင့် ဆက်ဆံရေးမှာ ပြန်လည် ကောင်းမွန်လုနီးပါး ဖြစ်နေသော်လည်း ထိုခေတ်ဟောင်း သူဌေးကြီးများကမူ သူ့ကို လျစ်လျူရှုထားဆဲပင်။

၎င်းတို့က သူ့ကို ယခင်ကတည်းက အထင်သေးခဲ့ကြပြီး ပါတီပွဲပြီးနောက်တွင်မူ သူ့ကို ဘေးဥပဒ်တစ်ခုကဲ့သို့ သတ်မှတ်ကာ ကူးစက်ရောဂါလို ရှောင်ခွာသွားခဲ့ကြသည်။

ထိုနိုင်ငံရေးသမားများနှင့် မတူဘဲ၊ ၎င်းတို့၏ နာမည်ဂုဏ်သတင်း သို့မဟုတ် ယခင်က လုပ်ရပ်များက မည်သို့ပင် ရှိစေကာမူ ဖဲလ်အနေဖြင့် ငွေပေးချေရန် ဆန္ဒရှိသရွေ့ ၎င်းတို့က သွေးသောက်ညီအစ်ကိုများ ဖြစ်လာနိုင်ကြသည်။

မောပန်းနွမ်းနယ်နေသော်လည်း ဖဲလ်သည် သူ၏ သားဖြစ်သူထံမှ သတင်းကို ကြားပြီးနောက်တွင် ရုတ်ချည်းပင် စိတ်အားတက်ကြွသွားခဲ့သည်။

“ဟုတ်တယ် အဖေ၊ နိုရယ် ပြောတာ အဲဒီအတိုင်းပါပဲ၊ အဲဒီ ကျိုးထျန်းက သူ့ရှေ့မှာ ခဏခဏ ကြွားလုံးထုတ်နေပြီး နိုရယ်ရဲ့ မိသားစုကိုတောင် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ ပြောနေတာတဲ့”

ပီယဲက ဤအကြောင်းကို ဒေါသတကြီးဖြင့် ပြောဆိုရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ ကျိုးထျန်းနှင့် ယခုချက်ချင်းပင် စိန်ခေါ်ကစားချင်စိတ် ပေါက်နေမိသည်။

သို့သော် ဖဲလ်ကမူ အဖေဖြစ်သူပီပီ လုံးဝ ကွဲပြားခြားနားစွာ တည်ငြိမ်နေခဲ့သည်။

“နိုရယ်ရဲ့ စကားက တကယ်ပဲ ယုံကြည်ရလို့လား”

“တကယ် ယုံရပါတယ်၊ သူက အစပိုင်းမှာတော့ ကျွန်တော့်ကို မကူညီချင်ဘူး”

“ဒါပေမဲ့ အဲဒီ ကျိုးထျန်းက သူ့ကို ခဏခဏ နှောင့်ယှက်နေတာရယ်၊ ပြီးတော့ ပါတီပွဲတုန်းက ကိစ္စကြောင့် ကျွန်တော်တို့အပေါ် နည်းနည်း သနားစိတ် ဝင်သွားလို့ပါ”

ပီယဲက သတိထား၍ ပြောလိုက်သည်၊ သူ၏ အဖေ ဒေါသထွက်လာမည်ကို စိုးရိမ်နေမိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုပါတီပွဲက သူ့ကို တကယ်ပင် ခြောက်လှန့်နေသောကြောင့် ဖြစ်သည်။

“ရတယ်၊ ဆက်ပြော” ဖဲလ်က ပြောလိုက်သည်။

ထိုပါတီပွဲနှင့် ပတ်သက်၍ သူ ဒေါသထွက်နေဆဲ ဖြစ်သော်လည်း ယခုအချိန်မှာ စိတ်တိုရမည့် အချိန်မဟုတ်ကြောင်း သူ သိသည်။

“သူက ကျွန်တော်တို့ကို သနားရုံတင်မကဘူး၊ ကျိုးထျန်းရဲ့ လုပ်ရပ်တွေက လွန်လွန်းတယ်လို့လည်း ထင်နေတာ၊ သူ့ရဲ့ အမူအရာတွေကို ရွံရှာနေတာမို့ နိုရယ်ရဲ့ စကားက ယုံကြည် စိတ်ချရတယ်လို့ ကျွန်တော် ထင်တယ်”

ဖဲလ်က ခေါင်းညိတ်လိုက်သည်။

ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် သားဖြစ်သူ ပြောသည်မှာ ယုံကြည်လောက်သော်လည်း သူကမူ အနည်းငယ် စိုးရိမ်နေဆဲပင်။

ဤသည်က ထိုကောင်လေး ဆင်ထားသည့် နောက်ထပ် ထောင်ချောက်တစ်ခုသာ ဖြစ်နေလျှင် .။

သူသည် ထောင်ချောက်တစ်ခုထဲသို့ တစ်ကြိမ် ကျရောက်ဖူးပြီး ဖြစ်ရာ ယခုမှာ နောက်ထပ် တစ်ကြိမ် ဖြစ်မနေနိုင်ပါမည်နည်း။

အမှန်စင်စစ် ပီယဲ၏ ပန်းခင်းကို ဝယ်ယူခဲ့မှုမှာလည်း ကျိုးထျန်း ဆင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း သားအဖနှစ်ယောက်စလုံး မသိရှိကြချေ။

“နိုရယ်က မင်းကို ပြောတာ ကျိုးထျန်းက စကူရိုင်း သံမဏိလုပ်ငန်းရဲ့ စတော့ရှယ်ယာကို အရောင်းအမှာစာ တင်ပြီး စျေးကွက်ချဖို့ စီစဉ်နေတယ် ဆိုတာလား”

“ဟုတ်တယ် ‌ဖေဖေ၊ နိုရယ်က သူတို့ရဲ့ အီးမေးလ် ပေးပို့ထားတဲ့ စခရင်ရှော့တွေကိုပါ ကျွန်တော့်ဆီ ပို့ပေးထားတာ”

ပီယဲက သူ၏ ဖုန်းကို ဖွင့်ကာ စခရင်ရှော့များကို အဖေဖြစ်သူအား ပြသလိုက်သည်။

“အင်း ငါ နားလည်ပြီ၊ မင်း အပြင်ထွက်ချင်လို့လား၊ ငါ့ကို နည်းနည်းလောက် ထပ်ပြီး စဉ်းစားခွင့်ပေးဦး”

“ဒါပေမဲ့ အဖေ ဒါက ကျွန်တော်တို့ ကလဲ့စားချေဖို့အတွက် အကောင်းဆုံး အချိန်ပဲ”

“ထွက်သွားစမ်း၊ ငါ စဉ်းစားမယ်လို့ ပြောနေတယ်မဟုတ်လား”

ဖဲလ်၏ မျက်လုံးများက ဝေခွဲမရစွာ လှုပ်ရှားနေမိပြီး သားဖြစ်သူကို စာကြည့်ခန်းထဲမှ မောင်းထုတ်လိုက်တော့သည်။

သူသည် ထပ်မံ၍ စောင့်ကြည့်လေ့လာရန် စီစဉ်ထားပြီး နောက်ထပ် အစီအစဉ်များ မချမှတ်မီ ကျိုးထျန်း၏ လှုပ်ရှားမှုများကို အတည်ပြုရန် ဆုံးဖြတ်လိုက်လေသည်။

All Chapters