အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း (၃၃၄)
စုံစမ်းစစ်ဆေးကြည့်လိုက်တော့ ဒီလိုတရားဝင်စာမျိုးကို လက်ခံရရှိတာ OTK Games Korea တစ်ခုထဲ မဟုတ်ပါဘူး။ ပြည်တွင်းက နာမည်ကြီး ဂိမ်းကုမ္ပဏီအများစုလည်း အလားတူစာမျိုးတွေကို လက်ခံရရှိခဲ့ကြတာပါ။
ကျွန်တော်က သိပ်နားမလည်တာမလို့ မေးလိုက်တယ်။
"ဒါနဲ့ အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက ဘာဖြစ်လို့ ဒီလိုစာမျိုး ပို့ရတာလဲ။ ဂိမ်းဆိုတာ ယဉ်ကျေးမှုလုပ်ငန်းဖြစ်လို့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကိုင်တွယ်ရမှာ မဟုတ်ဘူးလား"
ဒီလိုအကြောင်းအရာတွေကို ကောင်းကောင်းသိတဲ့ တက်ဂယူက ရှင်းပြတယ်။
"ဂိမ်းစည်းမျဉ်းတွေကို အမှန်တကယ် ကိုင်တွယ်တာက အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာန (MOGEF) ရဲ့ လက်အောက်မှာ ရှိလို့လေ"
"ဘာဖြစ်လို့လဲ"
"လူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်က အဲဒီဝန်ကြီးဌာန အောက်မှာ ရှိတာကွ။ ဒါကြောင့်မလို့ ဂိမ်းပိတ်ချိန်ဥပဒေ (Shutdown Law)၊ လူငယ်တွေ အင်တာနက် ကောင်းမွန်စွာ သုံးစွဲရေးစနစ်နဲ့ လူငယ်တွေအတွက် အန္တရာယ်ရှိတဲ့ မီဒီယာတွေကို သတ်မှတ်တဲ့နေရာမှာ အဲဒီဝန်ကြီးဌာနကပဲ ဦးဆောင်နေတာ"
ကျွန်တော် တရားဝင်စာကို သေချာပြန်ဖတ်ကြည့်မိတယ်။ ပထမဆုံး စာပိုဒ်ကတင် တော်တော်လေး အံ့ဩဖို့ကောင်းနေတာပါ။
"လူငယ်တွေရဲ့ အိပ်စက်ခွင့်နဲ့ စာလေ့လာခွင့်ကို အာမခံဖို့အတွက် ဂိမ်းဆော့ချိန်ကို ၄ နာရီ ကန့်သတ်ရမယ် ဟုတ်လား။ မင်းစောစောက ဂိမ်းပိတ်ချိန်ဥပဒေ ရှိပြီးသားလို့ ပြောခဲ့တယ်မဟုတ်ဘူးလား"
တက်ဂယူက ဆက်ပြီး ရှင်းပြတယ်။ ဂိမ်းပိတ်ချိန်ဥပဒေအရ အသက် ၁၆ နှစ်အောက် လူငယ်တွေက သန်းခေါင်ယံ ၁၂ နာရီကနေ မနက် ၆ နာရီအထိ အွန်လိုင်းဂိမ်းတွေကို ဝင်ဆော့လို့ မရပါဘူး။ တကယ်လို့ အဲဒီအချိန်မတိုင်ခင်ကတည်းက ဂိမ်းထဲဝင်နေရင်တောင် အလိုအလျောက် ဂိမ်းထဲကနေ ကန်ထုတ်ခံရတာပါ။
စဉ်းစားကြည့်ရင် အဖွဲ့လိုက်နဲ့ boss monster ကို အတူတူ ချနေတုန်းမှာ ကိုယ့်အဖွဲ့ထဲက သွေးဖြည့်ပေးတဲ့ healer က အလယ်တန်းကျောင်းသား ဖြစ်နေခဲ့ရင် ဘာဖြစ်မလဲ။ ည ၁၂ နာရီ ထိုးတာနဲ့ အဲဒီ healer က ဂိမ်းထဲကနေ ထွက်သွားရမှာဖြစ်ပြီး ကျန်တဲ့ဇာတ်ကောင်တွေက သွေးမရတော့ဘဲ အကုန်သေကုန်ကြ မှာပါ။ အဲဒီလိုအခြေအနေမျိုးတွေ အွန်လိုင်းဂိမ်းတွေထဲမှာ ခဏခဏ ကြုံရတတ်လို့ ညသန်းခေါင်နားနီးရင် အဖွဲ့လိုက် ပူးပေါင်းဆော့ရမယ့် ပွဲတွေမစခင် အသက်ကို ကြိုတင်စစ်ဆေးတဲ့ အလေ့အထတောင် ရှိလာခဲ့တာပါ။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက e-sports ပြိုင်ပွဲတစ်ခုဟာ ကြန့်ကြာသွားလို့ ညသန်းခေါင်ကျော်သွားတာနဲ့ ကိုရီးယား ဂိမ်းကစားသမားက ပွဲအရှုံးပေးလိုက်ရဖူးတယ်"
" ဘာတွေလဲ... စင်ဒရဲလား ပုံပြင်ကျနေတာပဲ"
"ဟုတ်တယ်။ အဲဒါကြောင့်မလို့ ဒါကို 'စင်ဒရဲလား ဥပဒေ' လို့လည်း ခေါ်ကြသေးတယ်"
"......"
ဒီဖြစ်ရပ်က နိုင်ငံတကာ မီဒီယာတွေမှာပါ အကြီးအကျယ် ဖော်ပြခံခဲ့ရပြီး e-sports သမိုင်းမှာ အဓိပ္ပာယ်မရှိဆုံး အဖြစ်အပျက်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။
ကိုရီးယားရဲ့ ဂိမ်းလုပ်ငန်းက အွန်လိုင်းဂိမ်းတွေကိုပဲ အဓိက အားထားနေရတာမလို့ ဒီဂိမ်းပိတ်ချိန်ဥပဒေက လုပ်ငန်းအပေါ်ကို တိုက်ရိုက် ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ ဒီဥပဒေက အွန်လိုင်းဂိမ်းတွေကိုပဲ အကျုံးဝင်ပြီး console ဂိမ်းတွေ ဒါမှမဟုတ် မိုဘိုင်းဂိမ်းတွေကိုတော့ ချန်လှပ်ထားခဲ့တာပါ။ အဲဒါကြောင့် တချို့ဂိမ်းကုမ္ပဏီတွေက ဥပဒေကို ရှောင်ကွင်းဖို့အတွက် ဂိမ်းကို အသက် ၁၉ နှစ်ပြည့်မှ ဆော့ရမယ့်အဆင့် သတ်မှတ်ချက်ရအောင် လိင်ပိုင်းဆိုင်ရာ ပါဝင်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို တမင်တကာ တိုးမြှင့်လိုက်ကြတာ ဒါမှမဟုတ် ပြည်ပကို ရုံးခွဲပြောင်းလိုက်ကြတာမျိုးတွေ လုပ်ခဲ့ကြတယ်။
ဂိမ်းကုမ္ပဏီတွေက ဒီပြဿနာနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း အစဉ်တစိုက် ထောက်ပြလာခဲ့ကြတော့ မကြာသေးမီက အမျိုးသမီးနှင့် မိသားစုရေးရာ ဝန်ကြီးဌာနက အဖြေတစ်ခု ထုတ်ပြန်လာခဲ့တယ်။
"ဘယ်လိုမျိုးလဲ"
"နောက်ဆိုရင် console ဂိမ်းတွေနဲ့ မိုဘိုင်းဂိမ်းတွေကိုပါ ဂိမ်းပိတ်ချိန်ဥပဒေထဲ ထည့်သွင်းမယ်တဲ့"
"......"
တကယ့်ကို ပါရမီရှင်ဆန်တဲ့ ဖြေရှင်းနည်းပါပဲ။
"ဒါနဲ့ ဂိမ်းဆော့ချိန်ကို ၄ နာရီပဲ ကန့်သတ်လိုက်မယ်ဆိုရင် လူငယ်တွေကို ဂိမ်းမဆော့နဲ့တော့လို့ ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
အဲဒီစာရဲ့ အောက်မှာတော့ ဂိမ်းအရှိန်သတ်တဲ့ စနစ်အကြောင်းကိုပါ စေတနာရှေ့ထားပြီး ရှင်းပြထားသေးတယ်။ ဂိမ်းကို ၂ နာရီ ဆော့ပြီးတိုင်း မဖြစ်မနေ ပိတ်ရမှာဖြစ်ပြီး ၁၀ မိနစ် နားပြီးမှ တစ်ကြိမ်သာ ပြန်ဝင်ခွင့်ပေးမယ် ဆိုတာမျိုးပေါ့။
ကျွန်တော် စာရွက်တချို့ကို ထပ်လှန်ဖတ်ကြည့်ရင်းနဲ့ အံ့ဩလွန်းလို့ စကားတောင် မပြောနိုင်တော့ပါဘူး။
[၁။ ဂိမ်းအတွင်း တူညီလွန်းသော ရုပ်ရည်စံနှုန်းများ ဖော်ပြခြင်းကို တားမြစ်ရန်။
၁၃-၁။ လူအများ သဘောကျမည့် တူညီသော ရုပ်ရည်စံနှုန်းများ ဖော်ပြခြင်းကို ရှောင်ကြဉ်ရန်။
-ဂိမ်းများတွင် တူညီသော ရုပ်ရည်စံနှုန်းများကို အလွန်အကျွံ အသားပေး ဖော်ပြနေကြသည်။ ဇာတ်ကောင်အားလုံးက ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီးများအဖြစ်သာ ပေါ်ထွက်နေပါက လူငယ်ကစားသမားများအကြား ရုပ်ရည်အသားပေးဝါဒကို ဖြစ်ပေါ်စေနိုင်သည့် စိုးရိမ်စရာ ရှိသည်။
၁၃-၂။ ဆင်တူသော ရုပ်ရည်ရှိသည့် အမျိုးသမီး ဇာတ်ကောင်များ အချိုးအစား အလွန်အကျွံ များပြားနေခြင်းကို ရှောင်ကြဉ်ရန်။
-ဂိမ်းများအတွင်းရှိ အမျိုးသမီး ဇာတ်ကောင်များ၏ အသက်အရွယ်နှင့် ရုပ်ရည်က ကွဲပြားမှု မရှိလှပေ။ အမျိုးသမီး ဇာတ်ကောင်အများစုက အသက် ၁၀ နှစ်မှ ၂၀ နှစ်ဝန်းကျင်၊ အသားအရေ ဝင်းပပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်၊ အမျိုးသမီးဆန်သော ဆံပင်ပုံစံများနှင့် အဝတ်အစား အဖော်အချွတ်များဖြင့်သာ ရှိနေကြသည်။ ကျေးဇူးပြု၍ အသက်အရွယ်နှင့် ရုပ်ရည်ပုံစံကို စုံလင်အောင် ပြုလုပ်ပေးပါ။]
"ဒါက ဘာတွေလျှောက်ရေးထားတာလဲ"
တကယ့် လိုအပ်တဲ့ အချက်တွေ မပါတာတော့ မဟုတ်ပါဘူး။ လူငယ်တွေကို ကာကွယ်ဖို့၊ ဂိမ်းစွဲလမ်းမှုကို တားဆီးဖို့နဲ့ လောင်းကစားဆန်တဲ့ အစိတ်အပိုင်းတွေကို စည်းကမ်းသတ်မှတ်ဖို့ ဆိုရင် ဘယ်သူက ကန့်ကွက်မှာလဲ။ ဒါပေမဲ့ ပါဝင်တဲ့ အချက်အများစုက အဓိပ္ပာယ်မရှိဘဲ အူကြောင်ကြောင် နိုင်လွန်းတာပါ။ ဒီမှာ ရေးထားတဲ့ စည်းကမ်းချက်အားလုံးကို လိုက်နာဖို့ဆိုရင် ဇာတ်ကောင်ဒီဇိုင်းကနေ စပြီး ဂိမ်းတစ်ခုလုံးကို အစအဆုံး ပြန်ပြင်ရမယ့် အခြေအနေမျိုးပါပဲ။
ကံကောင်းတာက ဒါက 'စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်' သက်သက်ဖြစ်ပြီး အရေးယူတဲ့ အမိန့်စာ မဟုတ်ပါဘူး။ ဥပဒေအရ မဖြစ်မနေ လိုက်နာရမယ်လို့ သတ်မှတ်ထားတာ မဟုတ်ပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ ဒီလိုတရားဝင်စာမျိုး ပို့လာတဲ့အခါ ဘယ်ကုမ္ပဏီကများ လျစ်လျူရှုရဲမှာလဲ။
တက်ဂယူက ဒေါသတကြီးနဲ့ အော်ပြောတယ်။
"ဒါက ကိုယ့်ဘာကိုယ် ဆင်ဆာပြန်ဖြတ်ခိုင်းတာပဲ။ ဖန်တီးမှု လွတ်လပ်ခွင့်ကို အစိုးရကနေ အတင်းအကြပ် ကန့်သတ်ခိုင်းနေတဲ့ ဖိနှိပ်မှုမျိုးကွ"
"အေးပါ... အေးပါ... စိတ်ခဏလောက်လျှော့စမ်းပါဦး"
သူ ဒီလောက်အထိ ဒေါသထွက်တာမျိုးက ရှားပါတယ်။ ဖမ်းဆီးခံရပြီး လက်ထိပ်ခတ်ခံရတုန်းကတောင် ရယ်နေနိုင်တဲ့ကောင်က အခု ဂိမ်းစည်းမျဉ်းတွေအကြောင်း ကြားတော့မှ ဒေါသတွေ ပေါက်ကွဲနေတာပါ။
ကျွန်တော်တို့ OTK Games နဲ့ အွန်လိုင်း အစည်းအဝေးတစ်ခု လုပ်ခဲ့ကြတယ်။
OTK Games Korea ဆီက အစီရင်ခံစာကို လက်ခံရရှိထားတဲ့ အိချီကာဝါ ရှီဂဲရုက မယုံနိုင်တဲ့ ပုံစံနဲ့ ပြောတယ်။
"ဆင်တူတဲ့ ရုပ်ရည်ရှိတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကို ရှောင်ကြဉ်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျွန်တော် ဒီလုပ်ငန်းထဲမှာ လုပ်လာတာ အနှစ် ၂၀ ကျော်ပြီ။ ဂိမ်းထဲက ဇာတ်ကောင်တွေ လှပနေတာကို အစိုးရက ထောက်ပြပြီး ပြင်ခိုင်းတာမျိုး တစ်ခါမှ မကြားဖူးဘူး"
ကျွန်တော် သက်ပြင်းချရင်း ပြန်ပြောလိုက်တယ်။
"တကယ်တော့ ကျွန်တော်လည်း အခုမှပဲ ပထမဆုံး ကြားဖူးတာပါ"
"ဒီလိုစာမျိုး ပို့ရအောင် အဲဒီနေရာက ဘယ်လိုအဖွဲ့အစည်းမျိုးမလို့လဲ"
"......"
ဒါကို နိုင်ငံခြားသားတစ်ယောက်ကို ဘယ်လိုရှင်းပြရပါ့မလဲ။
အိချီကာဝါ ရှီဂဲရုက Lost Fantasy series ရဲ့ ဖခင်ကြီးပါ။ ပြီးတော့ အခု Lost Fantasy Online ကလည်း သူ့ရဲ့ နှလုံးသွေးအပြည့် စိုက်ထုတ်ပြီး ဖန်တီးထားတဲ့ လက်ရာမွန်ကြီးလေ။ ဖန်တီးသူတစ်ယောက်အတွက်တော့ ဂိမ်းဆိုတာ သူတို့ရဲ့ ရင်သွေးလိုပါပဲ။ အဲဒါကို အစိုးရရဲ့ အကြိုက်နဲ့အညီ လိုက်ပြင်ခိုင်းတာက သူတို့ကို စော်ကားလိုက်တာနဲ့ အတူတူပါပဲ။
သူက ပြတ်ပြတ်သားသားပဲ ပြောတယ်။
"လောင်းကစားတာ၊ လိင်ပိုင်းဆိုင်ရာ ပါဝင်တာနဲ့ အကြမ်းဖက်တာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်တော် သိပါတယ်။ ဒါတွေကိုလည်း ဂိမ်းဖန်တီးကတည်းက ထည့်သွင်းစဉ်းစားခဲ့ပြီးသားပါ။ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ပြင်ဆင်မှု တောင်းဆိုချက်တွေကို လက်ခံမယ့်အစား ကိုရီးယားမှာ ဝန်ဆောင်မှုပေးတာကိုပဲ ရပ်ဆိုင်းလိုက်ပါ့မယ်"
တက်ဂယူက ခေါင်းညိတ်ပြီး ထောက်ခံတယ်။
"ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရတယ်။ ဂိမ်းကို ဒီလိုမျိုး ဖျက်ဆီးပစ်မယ့်အစား ကိုရီးယားမှာ လုံးဝ မဖြန့်ချိတာကမှ ပိုကောင်းဦးမယ်"
အဲဒီစကားကို ကြားတော့ ဥက္ကဌ အိချီကာဝါက အနည်းငယ် စိတ်လှုပ်ရှားသွားတဲ့ ပုံစံပါပဲ။ တကယ့်ကိုပဲ ဘယ်ရင်းနှီးမြှုပ်နှံသူကများ ဒီလိုမျိုး စကားမျိုး ပြောမှာလဲ။
"ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။ စိုးရိမ်မနေဘဲ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပါ"
"နားလည်ပါပြီ"
အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက ဘာဖြစ်လို့ ဒီလိုစာမျိုး ပို့ရတာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ကျွန်တော် စုံစမ်းကြည့်လိုက်တယ်။ ပြီးတော့ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
အွန်လိုင်းဂိမ်းတွေအပေါ် ပြင်းထန်တဲ့ စည်းကမ်းသတ်မှတ်မှုတွေက ပတ်ဆီဟျွန်း အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာပါ။ အစိုးရက ဂိမ်းဆော့တာကို အရက်၊ မူးယစ်ဆေးဝါး၊ လောင်းကစားတို့နဲ့အတူ ကြီးမားတဲ့ စွဲလမ်းမှုကြီး ၄ ခုအဖြစ် သတ်မှတ်ခဲ့ပြီး လူငယ်တွေ ဂိမ်းစွဲလမ်းမှုကို တားဆီးဖို့အတွက် ဂိမ်းပိတ်ချိန်ဥပဒေကို အကောင်အထည်ဖော်ခဲ့တာလေ။
"ဂိမ်း၊ အရက်၊ မူးယစ်ဆေးနဲ့ လောင်းကစားက ကြီးမားတဲ့ စွဲလမ်းမှု ၄ ခုဆိုတာ ဟုတ်ပြီထားဦး။ ဆေးလိပ်က ဘာဖြစ်လို့ မပါတာလဲ"
"ငါလည်း မသိဘူး။ သမ္မတက အွန်လိုင်းဂိမ်းတစ်ခုခု ဆော့ဖူးပြီး 'ဒီဂိမ်းက အန္တရာယ်ရှိတယ်' လို့ ကြေညာခဲ့တာ နေမှာပေါ့"
"......"
ဘာပဲဖြစ်ဖြစ် ဂိမ်းကုမ္ပဏီတွေနဲ့ လူငယ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့ ဒီမူဝါဒတွေက မိဘထုရဲ့ ထောက်ခံမှုကို အကြီးအကျယ် ရရှိခဲ့တာပါ။ ဒါကို အခွင့်ကောင်းယူပြီး အဲဒီအချိန်တုန်းက အာဏာရပါတီဖြစ်တဲ့ ဟန်ဂုဂါဒန်း (အခု လွတ်လပ်သောပြည်သူများပါတီ) က 'အင်တာနက်ဂိမ်းစွဲလမ်းမှု တားဆီးရေးနှင့် ကုသမှု ပံ့ပိုးရေးဥပဒေ' ကို တင်သွင်းခဲ့ကြတယ်။ နာမည်ကတော့ နားထောင်လို့ကောင်းပေမဲ့ ပါဝင်တဲ့ အချက်အလက်တွေကတော့ ဂိမ်းလုပ်ငန်းကို ကန့်သတ်မယ့် စည်းကမ်းတွေနဲ့ပဲ ပြည့်နေတာပါ။
ကံကောင်းထောက်မစွာနဲ့ အဲဒီဥပဒေကြမ်းက လွှတ်တော်မှာ အတည်မပြုနိုင်ခဲ့ဘဲ သက်တမ်းကုန်ဆုံးသွားလို့ အလိုအလျောက် ပယ်ဖျက်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် လီဂျောင်ဟွန်း၊ လွှတ်တော်အမတ် ယွန်နာကျောင်း နဲ့ တခြား လွတ်လပ်သောပြည်သူများပါတီဝင်တွေက မကြာသေးခင်ကမှ အဲဒီဥပဒေကြမ်းကို ထပ်ပြီး တင်သွင်းလာခဲ့ကြပြန်တယ်။ နိုင်ငံရေးသစ်ပါတီက လွှတ်တော်အမတ် တချို့ကလည်း ဒါကို ပူးတွဲတင်သွင်းတာ ဒါမှမဟုတ် ထောက်ခံတာတွေ လုပ်ခဲ့ကြသေးတာပါ။
အစိုးရအပြောင်းအလဲမှာ စည်းကမ်းချက်တွေ လျော့ပါးသွားမလားလို့ တိတ်တဆိတ် မျှော်လင့်နေခဲ့ကြတဲ့ ဂိမ်းကုမ္ပဏီတွေအတွက်တော့ မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ။ ပိုပြီးဆိုးတာက အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနရဲ့ ဝန်ကြီးအသစ်ဖြစ်တဲ့ ရှင်ဂျွန်မီ (နိုင်ငံရေးသစ်ပါတီရဲ့ လွှတ်တော်အမတ်) က ဒါကို ပြင်းပြင်းထန်ထန် ထောက်ခံနေတာမလို့ ဥပဒေကြမ်း အတည်ဖြစ်သွားဖို့ ရာခိုင်နှုန်းက အရင်ကထက် ပိုမြင့်နေခဲ့တာပါ။
ဒါဆိုရင် အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက ဂိမ်းစည်းကမ်းသတ်မှတ်ဖို့ကို ဘာဖြစ်လို့ ဒီလောက်အထိ အားသွန်ခွန်စိုက် လုပ်နေရတာလဲ။ အဓိက အကြောင်းအရင်း နှစ်ခု ရှိပါတယ်။
ပထမအချက်ကတော့ ထောက်ခံမှုရဖို့ အလွယ်ဆုံးနည်းလမ်းမလို့ပါ။ ဂိမ်းကို စည်းကမ်းသတ်မှတ်လိုက်ရင် မိဘတွေက သဘောကျကြတာလေ။ ကိုရီးယားက မိဘတွေအားလုံးက သူတို့သားသမီးတွေ ဂိမ်းဆော့တာကို မကြိုက်ကြပါဘူး။ ပြီးတော့ အဲဒီမိဘတွေက မဲပေးပိုင်ခွင့်ရှိတဲ့ အဖိုးတန် မဲဆန္ဒရှင်တွေ ဖြစ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တွေမှာတော့ မဲပေးပိုင်ခွင့် မရှိကြပါဘူး။
ကျွန်တော် ခေါင်းညိတ်ရင်း ပြောလိုက်တယ်။
"ဒါနဲ့ ပတ်သက်လို့ ပြောရရင် အရင်တုန်းက ငါ မင်းနဲ့ လျှောက်သွားနေတုန်းက ငါ့အမေက တော်တော် စိုးရိမ်ခဲ့တာကွ"
တက်ဂယူက အံ့ဩသွားပြီး မေးတယ်။
"ဟင်... ဘာဖြစ်လို့လဲ"
"မင်းနဲ့ တွေ့ပြီးကတည်းက ငါက စာမလုပ်တော့ဘဲ ဂိမ်းပဲ ဆော့နေတော့တယ်ဆိုပြီး ပြောတာလေ"
အိုတက်ဂယူက ကျွန်တော့်ကို ဂိမ်းလောကထဲ ဆွဲသွင်းခဲ့တဲ့ တရားခံပါ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သူသာ မရှိခဲ့ရင် ကျွန်တော် Lumina ဂိမ်းကို ဆော့ဖြစ်မှာမဟုတ်သလို၊ ဇာတ်ကောင်ကို ရောင်းပြီး ဘန့်ကွိုင် နဲ့ လဲလှယ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ အားလုံးကို ခြုံငုံကြည့်ရင် အွန်လိုင်းဂိမ်းကြောင့်သာ အခု လက်ရှိ OTK Company ပေါ်လာနိုင်ခဲ့တာပဲ မဟုတ်ဘူးလား။
တက်ဂယူက သူ့ကိုယ်သူ ခုခံကာကွယ်တဲ့အနေနဲ့ ပြောတယ်။
"ဒါပေမဲ့ မင်းက ဟန်ဂု တက္ကသိုလ်ကို အောင်အောင်မြင်မြင် တက်နိုင်ခဲ့တာပဲလေ"
"အခု ပြန်စဉ်းစားကြည့်မှ ငါ မင်းနဲ့ အထက်တန်းကျောင်း တူတူမတက်ခဲ့ရလို့ တက္ကသိုလ်တက်နိုင်ခဲ့တာထင်တယ်"
"......"
ဒုတိယအချက်ကတော့ ငွေကြေးကြောင့်ပါ။ ဘယ်ဝန်ကြီးဌာနမဆို အာဏာတည်မြဲဖို့အတွက် ဘတ်ဂျက်ငွေ လိုအပ်ပါတယ်။ အဲဒါကြောင့်မလို့ ဘတ်ဂျက်ကို ကိုင်တွယ်ရတဲ့ ဗျူဟာနဲ့ ဘဏ္ဍာရေး ဝန်ကြီးက စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ် ရာထူးကိုပါ ပူးတွဲရယူထားပြီး ဝန်ကြီးအားလုံးထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်နေတာပေါ့။ တခြားဌာနတွေကလည်း သူတို့ရဲ့ ဘတ်ဂျက်တွေကို ရအောင်ယူဖို့ အပြိုင်အဆိုင် ကြိုးစားကြရတာပါ။
ဒီဥပဒေကြမ်းရဲ့ အဓိက အနှစ်သာရကလည်း ငွေကြေးပါပဲ။ ဥပဒေကြမ်းအရ အင်တာနက်ဂိမ်းစွဲလမ်းမှု ကုသရေးဌာနတွေ တည်ထောင်ဖို့ ရန်ပုံငွေ ရှာဖွေရမှာဖြစ်ပြီး အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးက အဲဒီရန်ပုံငွေကို တာဝန်ယူ ရှာဖွေရမှာပါ။ ဒါကို အကောင်အထည်ဖော်ဖို့အတွက် အဲဒီဝန်ကြီးက အင်တာနက်ဂိမ်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေဆီကနေ သူတို့ရဲ့ နှစ်စဉ် ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းအထိကို ရန်ပုံငွေအဖြစ် ကောက်ခံနိုင်ခွင့် ရှိပါတယ်။
အသားတင်အမြတ်ရဲ့ ၁ ရာခိုင်နှုန်း မဟုတ်ပါဘူး။ စုစုပေါင်း ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းပါ။
ဂိမ်းကုမ္ပဏီတွေက ဝင်ငွေနဲ့ယှဉ်ရင် အမြတ်အစွန်း ရာခိုင်နှုန်း မြင့်မားတတ်ကြပေမဲ့ ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းဆိုတာ တကယ့်ကို ကြီးမားတဲ့ ပမာဏပါ။ သီအိုရီအရဆိုရင် အရှုံးပေါ်နေတဲ့ ကုမ္ပဏီတွေဆီကနေပါ ကောက်ခံလို့ရတဲ့ သဘောမျိုး ဖြစ်နေတာလေ။ ဒါ့အပြင် တကယ်လို့ စည်းကမ်းဖောက်ဖျက်တာကို တွေ့ရှိရင် ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းအထိကို ထပ်တိုးဒဏ်ငွေအဖြစ် ချမှတ်နိုင်ပါသေးတယ်။
ကမ္ဘာပေါ်မှာ ဂိမ်းစွဲနေတဲ့သူနဲ့ စမတ်ဖုန်းစွဲနေတဲ့သူ ဘယ်သူက ပိုများလဲ။ သိသာတာက စမတ်ဖုန်းစွဲနေတဲ့သူက ပိုများတာပေါ့။ ဒါပေမဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီကကျတော့ သူတို့ ဝင်ငွေအပေါ် မူတည်ပြီး ရန်ပုံငွေ မကောက်ခံကြပါဘူး။ ဗီဒီယိုတွေ စွဲလမ်းနေကြလို့ဆိုပြီး A-Tube ဆီကလည်း ပိုက်ဆံမတောင်းသလို၊ လူမှုကွန်ရက် စွဲလမ်းနေကြလို့ဆိုပြီး Facenote ဆီကလည်း မကောက်ပါဘူး။ ဒါပေမဲ့ ဂိမ်းကျတော့ အလွယ်ကူဆုံး ပစ်မှတ်ဖြစ်နေလို့ ဒီလိုမျိုး စည်းကမ်းချက်တွေကို သီးသန့် ချမှတ်ထားကြတာပါ။
တကယ်လို့ ဒီစည်းကမ်းချက်တွေကို အမြင့်ဆုံးအဆင့်အထိသာ ကျင့်သုံးလိုက်ရင် ဂိမ်းကုမ္ပဏီအများစုက ဒေဝါလီခံရမယ့် အခြေအနေမျိုး ဖြစ်လောက်ပါတယ်။ အစိုးရအနေနဲ့ ဂိမ်းလုပ်ငန်းတစ်ခုလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားတာမျိုး မဟုတ်ရင်တော့ အဲဒီအဆင့်အထိ လုပ်မှာမဟုတ်ပေမဲ့...
တက်ဂယူက ခေါင်းခါရင်း မေးတယ်။
"မင်းက လက်ရှိ ဝန်ကြီးအကြောင်း မသိလို့ ဒီလိုပြောနေတာ။ ခုနက စာကို မြင်ပြီး ဘာမှ မခံစားရဘူးလား"
"......"
ကျွန်တော်လည်း တစ်ခုခုကိုတော့ ခံစားမိတာပေါ့။
ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားရင် အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးက ဂိမ်းကုမ္ပဏီတွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်မယ့် အာဏာကို ရရှိသွားမှာပါ။ အဲဒီလိုဆိုရင် ဂိမ်းကုမ္ပဏီတွေက ဝန်ကြီးဌာနရဲ့ မျက်နှာကိုပဲ အစဉ်တစိုက် ကြည့်ပြီး ဂိမ်းတွေကို ဖန်တီးကြရတော့မှာလေ။
"အဲဒီလို ကြားရတော့ တကယ့်ကို ကြီးမားတဲ့ ပြဿနာတစ်ခုပဲ"
ဒါ့အပြင် ဥပဒေကြမ်းထဲမှာ ဂိမ်းပိတ်ချိန်ဥပဒေကို ပိုပြီး တင်းကြပ်မယ့် အချက်အလက်တွေလည်း ပါဝင်ပါသေးတယ်။ လက်ရှိမှာတော့ အသက် ၁၆ နှစ်အောက် လူငယ်တွေကို ညသန်းခေါင်ကနေ မနက် ၆ နာရီအထိ (၆ နာရီကြာ) ပိတ်ထားတာ ဖြစ်ပေမဲ့ ဥပဒေအသစ်အရဆိုရင် အသက်ကန့်သတ်ချက်ကို ၁၉ နှစ်အောက်အထိ တိုးမြှင့်မှာဖြစ်ပြီး အချိန်ကိုလည်း ည ၁၀ နာရီကနေ မနက် ၇ နာရီအထိ (၉ နာရီကြာ) တိုးမြှင့်မှာပါ။ ဒါကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဂိမ်းလုံးဝ မဆော့နဲ့တော့လို့ ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။
ပိုပြီးတော့ ဆိုးတာက ဂိမ်းအားလုံးက မဖြန့်ချိခင်မှာ ဂိမ်းစွဲလမ်းစေနိုင်မှု ညွှန်းကိန်းကို မဖြစ်မနေ တိုင်းတာရမှာဖြစ်ပြီး အဲဒီညွှန်းကိန်းက မြင့်မားနေရင် ဖြန့်ချိခွင့် ပိတ်ခံရနိုင်ပါတယ်။ ပိုပြီး အဓိပ္ပာယ်မရှိတာက ဂိမ်းကို update လုပ်တိုင်း ဒါမှမဟုတ် patch တစ်ခု တင်တိုင်းမှာ အဲဒီညွှန်းကိန်းကို အသစ်ပြန်ပြီး တိုင်းတာရမှာပါတဲ့။
"လဖွတ်ပဲ..."
ဂိမ်းစွဲလမ်းတာက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်တာမလို့ ဖြေရှင်းနည်းတွေကို ရှာဖွေရမှာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဂိမ်းနဲ့ မူးယစ်ဆေးဝါးက မတူပါဘူး။ မူးယစ်ဆေးဝါးက တရားမဝင်သလို သူ့ဘာသာ အန္တရာယ်ရှိတဲ့အရာမလို့ စွဲလမ်းမှုကို ကုသတဲ့နေရာမှာ လုပ်ငန်းတစ်ခုလုံးကိုပါ ပြင်းပြင်းထန်ထန် နှိမ်နင်းပစ်ရတာပါ။ ဒါပေမဲ့ ဂိမ်းကတော့ လူတွေရဲ့ အားလပ်ချိန်ကို ဖြည့်ဆည်းပေးတဲ့ ဝါသနာနဲ့ ဖျော်ဖြေရေးတစ်ခုအနေနဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေတာပဲလေ။ ဒါပေမဲ့ မကြာသေးမီက ထွက်လာတဲ့ ဥပဒေကြမ်းတွေကတော့ ဂိမ်းကို လူမှုရေး အန္တရာယ်တစ်ခုလိုမျိုး ပုံဖော်နေကြတာပါ။ တကယ်လို့ ဂိမ်းစွဲတဲ့သူတချို့ ရှိနေရုံနဲ့ ဂိမ်းအားလုံးကို အန္တရာယ်ရှိတဲ့အရာအဖြစ် သတ်မှတ်ပြီး ပိတ်ပင်လိုက်ရင် လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်တွေက နိုင်ငံတိုင်းမှာ ရှိတတ်ကြပေမဲ့ ကိုရီးယားရဲ့ စည်းကမ်းချက်တွေကတော့ အထူးသဖြင့် ပိုပြီး ပြင်းထန်လွန်းတာပါ။ ကိုရီးယားက ကုမ္ပဏီတွေကတော့ အစိုးရရဲ့ မူဝါဒတွေကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပေမဲ့ နိုင်ငံခြား ကုမ္ပဏီတွေကတော့ အတော်လေး လွတ်လပ်မှု ရှိကြပါတယ်။ ကျွန်တော်တို့ အမြင်နဲ့ ကြည့်ရင်တော့ ဒါကို ရှောင်ကွင်းနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိနေတာပဲလေ။
Lost Fantasy Online က ကိုရီးယားမှာ ဆာဗာ သီးသန့် ထားရှိတာ မဟုတ်ပါဘူး။ တရားဝင် ဝန်ဆောင်မှုပေးဖို့အတွက် ကိုရီးယားမှာ ရုံးခွဲတစ်ခု ထူထောင်ထားတာသက်သက်ပါပဲ။ ကိုရီးယားမှာ တပြိုင်ထဲ ဖြန့်ချိဖြစ်ခဲ့တာကလည်း တက်ဂယူက OTK Games မှာ ရင်းနှီးမြှုပ်နှံတုန်းက စည်းကမ်းချက်တစ်ခုအနေနဲ့ ထည့်သွင်းခဲ့လို့သာ ဖြစ်ပြီး ကိုရီးယားစျေးကွက်က မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ပါဘူး။ အိချီကာဝါ ရှီဂဲရုက ဂိမ်းကို စတင်ဖန်တီးကတည်းက ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုရဖို့ကိုပဲ ဦးတည်ခဲ့တာပါ။ တကယ်လည်း Lost Fantasy M က အာရှတင်မကဘဲ မြောက်အမေရိကနဲ့ ဥရောပမှာပါ အောင်မြင်ခဲ့လို့ Lost Fantasy Online အပေါ် စိတ်ဝင်စားမှုတွေက အကြီးအကျယ် မြင့်တက်နေခဲ့တာလေ။
ဒါကြောင့်မလို့ သူတို့အနေနဲ့ ဖိအားပေးခံရမယ်ဆိုရင် ကိုရီးယားရုံးခွဲကို ပိတ်ပစ်ပြီး ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်ရုံပါပဲ။ ဂိမ်းဆော့ချင်တဲ့သူတွေက နိုင်ငံခြားဆာဗာတွေမှာ အကောင့်ဖွင့်ပြီး ဝင်ဆော့လို့ ရပါတယ်။ မားကတ်တင်း လုပ်တာနဲ့ ပွဲတွေ ကျင်းပတဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိလာနိုင်ပေမဲ့ အဲဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဝန်ကြီးဌာနနဲ့ ထိပ်တိုက်တွေ့ရတာထက်စာရင် ပိုပြီး သက်သာမှာပါ။
ဒါပေမဲ့ တက်ဂယူရဲ့ အတွေးကတော့ ကွဲပြားနေခဲ့တယ်။
"ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စည်းကမ်းချက်တွေနဲ့ ဂိမ်းလုပ်ငန်းကို သတ်ဖို့ ကြိုးစားနေတာကို ငါတို့ ဒီအတိုင်း ကြည့်နေလို့ မရဘူး"
"ဒီအတိုင်း ကြည့်မနေရင် ဘာလုပ်မှာလဲ"
တက်ဂယူက လက်သီးကို တင်းတင်းဆုပ်ပြီး အော်ပြောတယ်။
"ဒီလို မတရားတဲ့ စည်းကမ်းချက်တွေကို ငါတို့ အဆုံးအထိ တိုက်ပွဲဝင်ရမယ်"
ကျွန်တော် အံ့ဩပြီးမေးလိုက်တယ်။
"မင်းက ဘယ်တုန်းကတည်းက ဒီလောက်အထိ တိုက်ပွဲဝင်ချင်စိတ်တွေ ပြင်းထန်နေရတာလဲ"
"အခု အချိန်ကစပြီးတော့ပေါ့ကွ။ အခုက တကယ့် အချိန်ပဲ"
"......"
သူ့ပုံစံက ဂီတဖျော်ဖြေပွဲတစ်ခုမှာ သီချင်းထဆိုတော့မယ့် ပုံစံမျိုး ဖြစ်နေတာပါ။
သီချင်းဆိုမယ့်အစား တက်ဂယူက မကြာသေးမီကမှ ဟန်းနီးမွန်း ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် ကို လှမ်းခေါ်လိုက်တယ်။
စီနီယာ ဂျောင်ကီဟုမ်ကို ကျွန်တော်က နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာဦးမောင်နှံဆိုတော့ မျက်နှာက ဝင်းပနေတာပဲ။ ဟန်းနီးမွန်း ခရီးစဉ် အဆင်ပြေခဲ့ရဲ့လား"
"ဟုတ်ကဲ့။ စီအီးအိုနဲ့ ဒုတိယဥက္ကဌတို့ ကျေးဇူးကြောင့် တကယ့်ကို ပျော်စရာကောင်းတဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ ကျွန်တော့်ဘဝမှာ ကိုယ်ပိုင် ဂျက်လေယာဉ် စီးရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ အိမ်မက်တစ်ခုလိုပါပဲ။ ကန်ကွန်းက ပင်လယ်ကြီးကလည်း တကယ့်ကို လှပလွန်းလို့ မနက်တိုင်း ဟျွန်းဂျောင် နဲ့ ကျွန်တော်က စီအီးအိုနဲ့ ဒုတိယဥက္ကဌတို့ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ပဲ နေ့ရက်တွေကို စတင်ခဲ့တာ..."
တက်ဂယူက စကားဖြတ်လိုက်ပြီး အမိန့်ပေးတော့တယ်။
"အသေးစိတ်တွေကို နောက်မှ ပြော။ အခုချက်ချင်း ပြည်တွင်းက နာမည်ကြီး ဂိမ်းကုမ္ပဏီတွေ အားလုံးကို ဖုန်းဆက်ပြီး စုခိုင်းလိုက်တော့"
သူက နားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတယ်။
"အားလုံးကို ဖုန်းဆက်ပြီး စုခိုင်းရမှာလား"
"ဟုတ်တယ်။ အားလုံးကို လာစုခိုင်းလိုက်။ ကျွန်တော်တို့ အခု စုပေါင်းလှုပ်ရှားမှုတစ်ခု စတော့မယ်"
"ဟင်... ရုတ်တရက်ကြီး ဂိမ်းကုမ္ပဏီတွေကို စုခိုင်းရမှာလား"
ကျွန်တော် ခေါင်းညိတ်ပြပြီး ပြောလိုက်တယ်။
"သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ"
တက်ဂယူကတော့ စိတ်ဓာတ်တွေ အပြည့်အဝ တက်ကြွနေတာပါ။ သူ ဒီလောက်အထိ တက်ကြွနေတာကို မမြင်ရတာ ကြာပြီလေ။ အခုအချိန်မှာတော့ အိုတက်ဂယူကို ဘယ်သူမှ တားလို့ရမှာ မဟုတ်တော့ပါဘူး။
"ကောင်းပြီလေ... မင်း ဖြစ်ချင်တဲ့အတိုင်းသာ လုပ်တော့"
လူဆိုတာ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ရင်းနဲ့ပဲ အသက်ရှင်နေထိုင်ရတာမလား။