အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း (၃၃၆)
သမ္မတ ဟိုချန်မင်းဟာ ရွေးကောက်ပွဲဝင်ကတည်းက (အခြားသမ္မတလောင်းတွေလိုပဲ) ကျား၊ မ တန်းတူညီမျှရေးကို အလေးပေးခဲ့ပြီး ရာထူးတက်လာတဲ့အခါမှာတော့ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးဌာန (MOGEF) ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးခဲ့ပါတယ်။
သူဟာ နိုင်ငံရေးသစ်ပါတီက ဝါရင့်လွှတ်တော်အမတ် ရှင်ဂျွန်မီကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး အဲဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကိုလည်း မနှစ်ကထက် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့တာပါ။
နိုင်ငံခြားရေး၊ ပြန်လည်ပေါင်းစည်းရေး၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတွေနဲ့ ယှဉ်ရင်တော့ MOGEF ဟာ သေးငယ်ပြီး စီမံခန့်ခွဲမှု အာဏာလည်း အကန့်အသတ်ပဲ ရှိတာပါ။
မဟာဗျူဟာနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမျိုးသားအခွန်ဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနကို ကိုင်ထားပြီး၊ ပြည်ထဲရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ရဲချုပ်ရုံးနဲ့ မီးသတ်ဦးစီးဌာနကို ကိုင်ထားသလို၊ တရားရေးဝန်ကြီးဌာနကလည်း အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ်ရုံးကို ကိုင်ထားပါတယ်။ ဒါပေမဲ့ MOGEF အောက်မှာတော့ တိုက်ရိုက်ကွပ်ကဲရတဲ့ အဲဒီလို လက်အောက်ခံအဖွဲ့အစည်းတွေ မရှိပါဘူး။
ဒါ့အပြင် သူတို့ တာဝန်ယူရတဲ့ နယ်ပယ်တွေကလည်း တခြားဝန်ကြီးဌာနတွေနဲ့ အများကြီး ထပ်နေတာပါ။ ဥပမာ - လူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုရင် ပညာရေးဝန်ကြီးဌာနနဲ့ ထပ်နေပြီး၊ ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (MCST) နဲ့ ထပ်နေသလို၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ ကိစ္စတွေကလည်း ရဲ ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးမှူးရုံးတွေနဲ့ ထပ်နေတာမျိုးပါ။
ဒါပေမဲ့ လွှတ်တော်အမတ် ရှင်ဂျွန်မီ ဝန်ကြီးဖြစ်လာပြီးနောက် အစိုးရနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို အရှိန်ယူပြီး MOGEF ဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့တယ်။ ဒါကြောင့် တခြားဝန်ကြီးဌာနတွေနဲ့ လုပ်ပိုင်ခွင့်နယ်မြေ လုတဲ့ပြဿနာတွေ မလွှဲမရှောင်သာ ဖြစ်လာခဲ့တာပေါ့။
အစိုးရက မူဝါဒတစ်ခုခုကို ထုတ်ပြန်ကြေညာတော့မယ်ဆိုရင် ဝန်ကြီးဌာနအသီးသီးရဲ့ အကျိုးစီးပွားတွေကို ညှိနှိုင်းဖို့ အထဲမှာ အစည်းအဝေးတွေ အရင်လုပ်ရပါတယ်။ ဒါပေမဲ့ MOGEF ကတော့ တခြားသူတွေနဲ့ သဟဇာတမဖြစ်ဘဲ တစ်ယောက်ထဲ သီးသန့် ခွဲထွက်လုပ်ဆောင်နေတာမျိုး ခဏခဏ ဖြစ်နေတတ်တာပါ။
အထင်ရှားဆုံး ဥပမာတစ်ခုကတော့ အပြာကားတွေကို တရားဝင်ဖြစ်အောင် လုပ်မယ့်ကိစ္စပါပဲ။
ဒါဟာ သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားချက်ဖြစ်ပြီး အာဏာရပါတီကပါ တရားဝင်ထောက်ခံနေတာတောင်မှ MOGEF တစ်ခုထဲကသာ အတိုက်အခံ လွတ်လပ်သောပြည်သူများပါတီနဲ့ ပူးပေါင်းပြီး ကန့်ကွက်ခဲ့တာပါ။
ဒီလို ညှိနှိုင်းရခက်တဲ့ ပြဿနာတွေ ခဏခဏ ပေါ်လာတဲ့အခါ အာဏာရပါတီတွင်းမှာ သိသိသာသာကို စိုးရိမ်မကင်း ဖြစ်လာကြတယ်။ ဝန်ကြီးတချို့နဲ့ လွှတ်တော်အမတ်တချို့က မကျေမနပ် ဖြစ်နေကြပေမဲ့ ဝန်ကြီး ရှင်ဂျွန်မီဟာ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အပြတ်အသတ် ထောက်ခံမှုကို ရထားတာကြောင့် ဘယ်သူမှ ဗြောင်မကန့်ကွက်ရဲကြပါဘူး။
ဝန်ကြီး ရှင်ဂျွန်မီဟာ အပြာကားဆိုဒ်အားလုံးကို ပိတ်ပစ်ရမယ်ဆိုတဲ့ လွှတ်တော်အမတ် လီဂျောင်ဟွန်းရဲ့ ဥပဒေကြမ်းကို ထောက်ခံခဲ့ပြီး အခုလို အကြောင်းပြခဲ့တယ်။
"အပြာကားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းတစ်ခုလို သတ်မှတ်ရာရောက်ပြီး အမျိုးသမီး အခွင့်အရေးကို နောက်ပြန်ဆွဲစေပါတယ်၊ ကျား၊ မ တန်းတူညီမျှရေးကို ပျက်ပြားစေသလို လူငယ်တွေအပေါ်မှာလည်း မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ အခုအချိန်မှာ အင်တာနက်ပေါ်မှာ တရားမဝင် ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ ကလဲ့စားချေတဲ့အနေနဲ့ တင်တဲ့ အပြာကားတွေ ပျံနှံ့နေပြီး သားကောင်ဖြစ်ရတဲ့သူတွေ အများကြီး ဒုက္ခရောက်နေကြရပါတယ်။ ဒါကြောင့် ညစ်ညမ်းစာပေနဲ့ ဗီဒီယိုတွေကို စည်းမဲ့ကမ်းမဲ့ ဖြန့်ဝေနေတဲ့ ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပစ်တာဟာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူဆောင်ရွက်မှု ဖြစ်ပါတယ်။ လူကြီးကြည့် ဗီဒီယိုမှန်သမျှ အကုန်ပိတ်တယ်လို့ တချို့က နားလည်မှုလွဲနေကြတာဟာ မမှန်ပါဘူး။ စီစစ်ရေးကတ်ပြား ရထားတဲ့ တရားဝင် လူကြီးကြည့် ဗီဒီယိုတွေကိုတော့ လွတ်လပ်စွာ ကြည့်ရှုနိုင်မှာပါ"
-ဟေ့လူတို့... MOGEF ပြောနေတဲ့ 'တရားဝင် လူကြီးကြည့် ဗီဒီယို' ဆိုတာက ဘာကို ပြောတာလဲ။
-တရားဝင် ထုတ်လုပ်ထားတဲ့ လိင်မှုရေးရာ ရုပ်ရှင်တွေကို ပြောတာနေမှာပေါ့။ Madame Aemaရုပ်ရှင် တို့လိုမျိုးလေ။
-အခုခေတ်မှာ အဲဒါတွေကို ဘယ်သူက ထိုင်ကြည့်နေဦးမှာလဲ။
-ခိုးရိုက်တဲ့ကောင်တွေနဲ့ ကလဲ့စားချေ ဗီဒီယိုတင်တဲ့ ကောင်တွေကို သေဒဏ်ပဲပေးပေး ဂရုမစိုက်ဘူး။ ကျေးဇူးပြုပြီး သာမန်အပြာကားတွေကိုတော့ ကြည့်ခွင့်ပေးကြပါဦး။
-ပြောလည်း အပိုပါပဲ။ ဝန်ကြီး ရှင်ဂျွန်မီ ရှိနေသရွေ့တော့ မျှော်လင့်ချက် မရှိဘူးကွ။
-Faceit ဆိုဒ်ပါ ဝင်မရတော့ဘူး။ ဘာတွေဖြစ်ကုန်တာလဲ။
-SNI ပြောင်းတာ သုံးတာဖြစ်ဖြစ်၊ VPN ကျော်တာဖြစ်ဖြစ် လုပ်ကြည့်ပါ။ အစိုးရက ဘယ်လောက်ပဲ အင်တာနက်ကို ပိတ်ပိတ် နည်းလမ်းကတော့ ရှိနေတာပါပဲ။
-နည်းလမ်းရှိတာတော့ သိပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ လိုက်လုပ်နေရတာ စိတ်ရှုပ်စရာကြီးမလို့ပါ။
-တောင်ကိုရီးယားက လူကြီးတွေ တရားဝင် အပြာကားကြည့်ခွင့်မရတဲ့ ကမ္ဘာပေါ်က တစ်ခုထဲသော နိုင်ငံဖြစ်လိမ့်မယ်။
-တခြားနိုင်ငံကိုပဲ ပြောင်းရွှေ့နေထိုင်ချင်တော့တယ်။
အပြာကားတွေကို တရားဝင် ခွင့်ပြုပေးဖို့ လူထုရဲ့ တောင်းဆိုသံတွေ ကျယ်လောင်နေပေမဲ့လည်း ဝန်ကြီး ရှင်ဂျွန်မီကတော့ အလျှော့မပေးခဲ့ပါဘူး။
မကြာသေးခင်က ထွက်လာတဲ့ ဂိမ်းကန့်သတ်ရေး ဥပဒေကြမ်းကလည်း ဒီလိုပုံစံပါပဲ။ MCST က ဂိမ်းလုပ်ငန်းရှင်တွေ၊ လူထုအဖွဲ့အစည်းတွေနဲ့အတူ ဆွေးနွေးပြီး ဂိမ်းပိတ်ချိန်စနစ် အပါအဝင် အားလုံးကို ညှိနှိုင်းဖို့ ကြိုးစားနေချိန်မှာ MOGEF ကတော့ သူတို့သဘောနဲ့သူတို့ စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ တဇွတ်ထိုး လုပ်ခဲ့တယ်။
MOGEF ဟာ စည်းကမ်းထိန်းသိမ်းပိုင်ခွင့် အာဏာကို ရရှိသွားတာနဲ့ ယဉ်ကျေးမှုလုပ်ငန်း တစ်ခုလုံးအပေါ် ဓားမိုးပြီး အာဏာပြပါတော့တယ်။
အဲဒီအထဲမှာ သူတို့ရဲ့ ပထမဆုံး ပစ်မှတ်ကတော့ သေချာပေါက် ဂိမ်းလောကပါပဲ။
သီချင်း ဒါမှမဟုတ် ရုပ်ရှင်လောကကို သွားပြီး ဒီလိုစည်းကမ်းတွေ ထုတ်ရင်တော့ အောင်မြင်နေတဲ့ ကိုရီးယားလှိုင်းလုံး (Hallyu) ကို ဖျက်ဆီးတယ်ဆိုပြီး ဝေဖန်ခံရမှာ သေချာပါတယ်။
တကယ်တော့ MOGEF ဟာ အရင်ကလည်း အရက်နဲ့ ဆေးလိပ်အကြောင်း ပါရုံနဲ့ လူငယ်တွေအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ သီချင်းလို့ သတ်မှတ်ခဲ့တဲ့အပြင်၊ အမျိုးသမီး အိုင်ဒေါတွေရဲ့ ရုပ်ရည်က ပုံစံတူလွန်းလို့ ဆိုပြီး "ကျား၊ မ တန်းတူညီမျှရေး ရုပ်သံထုတ်လွှင့်မှု လမ်းညွှန်ချက်" ဆိုတာကို ထုတ်ပြန်ပြီး ကန့်သတ်ဖို့ ကြိုးစားခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့ ဂိမ်းလောကကတော့ သူတို့အတွက် ပိုပြီး အန္တရာယ်ကင်းတဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်။ ဂိမ်းအပေါ် ပြည်သူတွေရဲ့ အမြင်က သီချင်းနဲ့ ရုပ်ရှင်လောကလောက် အဆင့်မမြင့်သေးသလို၊ ဂိမ်းကုမ္ပဏီတွေ ကလည်း အမြတ်ရဖို့ပဲ အာရုံစိုက်နေပြီး လူမှုပတ်ဝန်းကျင်မှာ သူတို့ရဲ့ ပုံရိပ်ကောင်းအောင် လုပ်ဖို့နဲ့ ကိုယ့်ဘာသာကိုယ် စည်းကမ်းထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ကြလို့ပါ။
ကန့်ကွက်မှု နည်းပါးတဲ့အပြင် ဂိမ်းတွေကို နှိပ်ကွပ်ပြတာက မိဘတွေဆီက မဲရဖို့ ပိုလွယ်ပါတယ်။ (မိဘတွေရဲ့ အမြင်က "ငါ့ကလေး စာမကျက်တာ ဂိမ်းဆော့နေလို့" ဆိုပြီး ဖြစ်နေတာမလို့လေ။)
ဝန်ကြီး ရှင်ဂျွန်မီဟာ လွှတ်တော်အမတ် ဖြစ်ကတည်းက ဂိမ်းကန့်သတ်ရေးကို ဦးဆောင်ခဲ့သူပါ။ အခု MOGEF ဝန်ကြီး ဖြစ်လာတဲ့အခါမှာတော့ သူ့ကိုယ်သူ ဘယ်သူမှ တားလို့မရတော့ဘူးလို့ ထင်နေပုံရပါတယ်။ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် အစိုးရအနေနဲ့ အပြာကားဖြစ်ဖြစ် ဂိမ်းဖြစ်ဖြစ် အဆိပ်အတောက်ဖြစ်စေမယ့် မီဒီယာမှန်သမျှကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရမယ်လို့ သူက အခိုင်အမာ ယုံကြည်ထားတာပါ။
"ဂိမ်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ဖော်ပြမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ကျား၊ မ တန်းတူညီမျှမှုကို ထိခိုက်စေတာတွေ ဒါမှမဟုတ် အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ပါ၊ မပါ သေချာ စိစစ်သွားမှာပါ။ အားနည်းချက်ရှိတဲ့ ဂိမ်းတွေကို ပြုပြင်ဖို့ သတိပေးမှာဖြစ်ပြီး လိုက်နာခြင်းမရှိရင် ဖြန့်ချိခွင့်ပိတ်တာနဲ့ ဒဏ်ငွေရိုက်တာတွေအထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"
အပြာကားကိစ္စနဲ့မတူတာက ဒီနေရာမှာ ငွေကြေးအမြောက်အမြား ပတ်သက်နေတာပါပဲ။ MOGEF အနေနဲ့ သူတို့ရဲ့ တိုးချဲ့ထားတဲ့ လုပ်ပိုင်ခွင့်တွေကို အကောင်အထည်ဖော်ဖို့ ဘတ်ဂျက်ပိုလိုနေပြီး ဂိမ်းကုမ္ပဏီတွေက ရန်ပုံငွေညှစ်ဖို့ အလွယ်ဆုံး ပစ်မှတ်တွေ ဖြစ်နေပါတယ်။
ဒါကြောင့် 'အင်တာနက်ဂိမ်းစွဲလမ်းမှု ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ထောက်ပံ့မှု ဥပဒေကြမ်း' ကို အတည်ပြုနိုင်ဖို့က သူတို့အတွက် သိပ်အရေးကြီးနေတာပါ။
ဝန်ကြီး ရှင်ဂျွန်မီဟာ လွတ်လပ်သောပြည်သူများပါတီက လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းပြီး ဒီဥပဒေကြမ်း အတည်ပြုနိုင်ဖို့ တွန်းအားပေးခဲ့သလို တစ်ဖက်ကလည်း ဂိမ်းစွဲလမ်းခြင်းရဲ့ အန္တရာယ်တွေကို ပုံကြီးချဲ့ပြတဲ့ လူထုလှုံ့ဆော်မှုတွေကို တစ်ပြိုင်ထဲ လုပ်ဆောင်ခဲ့တယ်။
အလုပ်တက်ပြီဆိုတာနဲ့ ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ တက်ဂယူတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အလုပ်ရှုပ်နေပါပြီ။
ပထမဆုံးအနေနဲ့ ဂိမ်းလောကက ကိုယ်ပိုင်စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်တစ်ခုကို တင်ပြဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဒီအတွက် ဂိမ်းကုမ္ပဏီများအသင်းတစ်ခု ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်။
စည်းကမ်းချက်တစ်ခုက ထိရောက်မှုရှိဖို့ဆိုရင် အဲဒီအဖွဲ့မှာ ကြီးမားတဲ့ အာဏာရှိဖို့ လိုပါတယ်။ ဒါကြောင့်မလို့ ထိပ်တန်း ဂိမ်းထုတ်လုပ်သူကြီးတွေဘက်က အလျှော့ပေးဖို့ လိုအပ်လာတာပါ။
တကယ်တော့ ကိုယ်ပိုင်စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် မူကြမ်းက ရှိပြီးသားပါ။ ဒါပေမဲ့ ဂိမ်းကုမ္ပဏီကြီးတွေဘက်က ကန့်ကွက်နေတာကြောင့် သဘောတူညီချက်မရဘဲ ဖြစ်နေခဲ့တာပါ။ အကြောင်းရင်းကတော့ ဘာစည်းကမ်းမှမရှိဘဲ နေတာက သူတို့အတွက် ပိုပြီး အမြတ်ထွက်လို့ပါပဲ။
ပြည်တွင်းဂိမ်းတွေထဲမှာ လောင်းကစားဆန်တဲ့ စနစ်တွေ ပါဝင်နေတဲ့ ပြဿနာက တကယ့်ကို ကြီးမားပါတယ်။ ဂိမ်းကို ပျော်စရာကောင်းအောင် လုပ်မယ့်အစား ကစားသမားတွေဆီက ပိုက်ဆံအလွန်အကျွံ ညှစ်ထုတ်ဖို့ပဲ အာရုံစိုက်ခဲ့ကြလို့ ပျက်စီးသွားရတဲ့ ဂိမ်းတွေ မနည်းတော့ပါဘူး။
အဲဒီထဲမှာ အဆိုးဆုံးကတော့ 'Random Boxes' လို့ ခေါ်တဲ့ ကံစမ်းမဲသေတ္တာစနစ်တွေပါပဲ။ ကစားသမားတွေ လိုချင်တဲ့ ပစ္စည်းရတဲ့အထိ ပိုက်ဆံစိုက်ပြီး ဆက်တိုက်ဝယ်အောင် တွန်းအားပေးတဲ့အပြင်၊ ရနိုင်ချေ ရာခိုင်နှုန်းကလည်း ထီပေါက်သလောက်နီးပါး သိပ်ကို နည်းလွန်းတာပါ။ တချို့အခြေအနေတွေမှာ ဂိမ်းကုမ္ပဏီတွေက ဒီရနိုင်ချေ ရာခိုင်နှုန်းကို နောက်ကွယ်ကနေ လိမ်လည်ပြုပြင်ထားတာကိုတောင် မိသွားခဲ့ပါသေးတယ်။
ရလဒ်အနေနဲ့ ပြည်တွင်းဂိမ်းတွေအပေါ် ပြည်သူတွေရဲ့ အမြင်က ပျက်စီးသွားပြီး ဂိမ်းကစားသူတွေက ပြည်ပဂိမ်းတွေဘက်လှည့်ကာ "ကိုရီးယားဂိမ်းတွေ ချီးပဲ" လို့အထိ အော်ဟစ်ဆဲဆိုတဲ့အဆင့် ရောက်လာခဲ့တယ်။
တက်ဂယူက LC Soft၊ NA Games နဲ့ Letmarble အပါအဝင် ပြည်တွင်း ထိပ်တန်း ဂိမ်းကုမ္ပဏီကြီး ၅ ခုရဲ့ အကြီးအကဲတွေကို သီးသန့် ခေါ်ယူတွေ့ဆုံခဲ့တယ်။
"ဒီဥပဒေကြမ်းရဲ့ အကြောင်းအရာတွေနဲ့ MOGEF ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင်၊ ဒီဥပဒေသာ အတည်ပြုနိုင်ခဲ့ရင် ဂိမ်းလောကတစ်ခုလုံး အကြီးအကျယ် ထိခိုက်မှာ သေချာတယ်။ ပျက်စီးသွားတာမျိုးတောင် ဖြစ်သွားနိုင်တယ်။ အဲဒီလိုမဖြစ်ခင် ဂိမ်းလောကဘက်က ကြိုတင်ပြီး ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်ကို စံပြအနေနဲ့ လုပ်ပြသင့်တယ် မဟုတ်ဘူးလား"
တက်ဂယူဟာ OTK Company ရဲ့ ဒုတိယဥက္ကဌ ရာထူးကို သုံးပြီး ဖိအားပေးတာမျိုး မလုပ်ဘဲ သူတို့ကို အလေးအနက်ထားပြီး နားဝင်အောင် ဖျောင်းဖျခဲ့တယ်။
"လမ်းတွေပေါ်မှာ မောင်းသူမဲ့ လျှပ်စစ်ကားတွေ ပြေးနေတာကို မြင်ဖူးကြတယ်မလား။ အရင်က အောင်မြင်ခဲ့တဲ့ ကားကုမ္ပဏီကြီးတွေ အခု တစ်ခုပြီးတစ်ခု ပြိုလဲနေကြပြီ။ ကျွန်တော် အာမခံရဲတယ်။ အဲဒီလို အလှည့်အပြောင်းမျိုး ဂိမ်းလောကမှာလည်း ဖြစ်လာလိမ့်မယ်။ ကလေးတွေဆီက ကံစမ်းမဲသေတ္တာတွေနဲ့ မုန့်ဖိုးနှိုက်ဖို့ပဲ စိတ်ကူးနေရမယ့် အချိန်မဟုတ်တော့ဘူး။ နောင်ပွင့်လင်းလာမယ့် ပိုပြီးကြီးမားတဲ့ ဈေးကွက်အတွက် အခုကတည်းက ပြင်ဆင်ထားကြရမယ်"
နာရီဝက်လောက် ဖျောင်းဖျပြီးတဲ့နောက်မှာတော့ ထိပ်တန်း ဂိမ်းကုမ္ပဏီကြီး ၅ ခုရဲ့ စီအီးအိုတွေဟာ ဖွဲ့ထားတဲ့အဖွဲ့ကို အာဏာလွှဲအပ်ဖို့နဲ့ ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်ကို လက်ခံဖို့ နောက်ဆုံးမှာ သဘောတူလိုက်ကြတယ်။
စီအီးအိုတွေ ထွက်သွားပြီးနောက်မှာတော့ တက်ဂယူက ပြောတယ်။
"လွှတ်တော်မှာ တင်ထားတဲ့ ဥပဒေကြမ်းက အတည်မဖြစ်ခဲ့ရင်တောင်မှ MOGEF က ဂိမ်းကန့်သတ်ရေးကို ဆက်ကိုင်ထားသရွေ့တော့ ဒီလိုပြဿနာတွေက ထပ်ခါတလဲလဲ ပေါ်နေဦးမှာပဲ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ဖြစ်နိုင်တယ်"
"ဒီပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းက တစ်ခုပဲ ရှိတယ်"
"ဘာလဲ"
ကျွန်တော့်မေးခွန်းကို တက်ဂယူက မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်ပါတယ်။
"MOGEF က ယဉ်ကျေးမှုလုပ်ငန်း ကန့်သတ်ရေး အာဏာကို လက်လွှတ်ပြီး MCST ဆီ လွှဲပေးလိုက်ဖို့ပဲ။ မူလကတည်းကလည်း MOGEF နဲ့ ယဉ်ကျေးမှုလုပ်ငန်းက ဘာမှ သိပ်ပတ်သက်တာမှ မဟုတ်တာ"
MOGEF အနေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေကို ကူညီဖို့ ချမှတ်ထားတဲ့ ဘတ်ဂျက် ဝမ် သန်းပေါင်း ၁၂,၀၀၀ထဲက သန်းပေါင်း ၁သောင်းကို ရုံးအသုံးစရိတ်အဖြစ် သုံးပစ်မလား၊ ဝမ် ၁၀ သန်းကို နှစ်ကုန်ပါတီပွဲအတွက် သုံးမလား၊ ဒါမှမဟုတ် လူငယ်တွေအတွက် Font အသစ်တစ်ခု တီထွင်ဖို့ ပိုက်ဆံတွေ အများကြီး သုံးပစ်မလား... အဲဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။
တခြား ဝန်ကြီးဌာနတွေမှာလည်း ဘတ်ဂျက်တွေ ဖြုန်းတီးနေတာမျိုးတွေ ရှိနေတာပဲလေ။
တကယ့် ပြဿနာက ယဉ်ကျေးမှုလုပ်ငန်းကို လာပြီး ကန့်သတ်ချုပ်ချယ်နေတာပါ။
တစ်ခုခုကို စည်းကမ်းထုတ်ပိုင်ခွင့် ရှိတယ်ဆိုတာ အဲဒီဝန်ကြီးဌာနရဲ့ အာဏာကို ပြသရာရောက်ပါတယ်။ ဒါကြောင့်မလို့ စည်းမျဉ်းစည်းကမ်းတွေဆိုတာ တစ်ခါ သတ်မှတ်ပြီးရင် အလွယ်တကူ ပြန်ဖျက်သိမ်းဖို့ ခက်ခဲတတ်ကြတာပါ။
"MOGEF က အဲဒီအာဏာကို လက်လွှတ်လိမ့်မယ်လို့ မင်းထင်လို့လား"
"လက်လွှတ်ရအောင် လုပ်ရမှာပေါ့"
တကယ်တော့ ဂိမ်းအပါအဝင် ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ မူဝါဒတွေကို MCST အောက်မှာပဲ စုစည်းထားဖို့ ဆွေးနွေးချက်တွေ ရှိခဲ့တာ ကြာပါပြီ။
"MOGEF နဲ့မတူတာက MCST က လူငယ်ယဉ်ကျေးမှု (Subcultures) တွေကို ပိုနားလည်တယ်။ ပြီးတော့ လွှတ်တော်ရဲ့ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ကော်မတီက အဓိက အဖွဲ့ဝင်တချို့ကလည်း ဂိမ်းလောကက လာတဲ့သူတွေပဲ"
ယူရီ ယူလာပေးတဲ့ စာရွက်စာတမ်းတွေထဲမှာ တွေ့ခဲ့တာတစ်ခုကို ကျွန်တော် သတိရသွားတယ်။
"ဒါပေမဲ့ MCST ကလည်း စည်းကမ်းမထုတ်တာတော့ မဟုတ်ဘူးမလား။ မကြာသေးခင်ကတင် Indie games တွေကို လိုက်ပိတ်လို့ ပြဿနာတွေ တက်သေးတယ်လေ"
တစ်နိုင်ငံလုံးကို လောင်းကစားစွဲလမ်းမှုထဲ နှစ်မြုပ်ပစ်ခဲ့တဲ့ ' Sea Story ' ဖြစ်ရပ်ဆိုးပြီးနောက် (တချို့က ဂိမ်းစွဲတာလို့ ဇွတ်ပြောနေကြပေမဲ့) ဂိမ်းမှန်သမျှကို မဖြန့်ချိခင် ကြိုတင်စိစစ်ရမယ်ဆိုတဲ့ ဥပဒေတစ်ခု ထွက်လာခဲ့ပါတယ်။ ဒီဥပဒေက စီးပွားဖြစ်ဂိမ်းတွေအတွက်ပဲ ရည်ရွယ်တာပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ MCST က အမြတ်အစွန်းအတွက် မဟုတ်တဲ့ indie gameတွေကိုပါ ကြိုတင်စိစစ်ရမယ်၊ စိစစ်ချက်မပါဘဲ ဂိမ်းမျှဝေရင် ရာဇဝတ်မှုနဲ့ တရားစွဲမယ်ဆိုပြီး ကြေညာခဲ့တယ်။ ဒါကြောင့် တရားဝင် သတိပေးချက်ရတဲ့ ဆိုဒ်တွေက သူတို့ရဲ့ Forum တွေကို ပိတ်ပစ်ခဲ့ကြပြီး Flash ဂိမ်းတွေလိုမျိုးကို ဖန်တီးနေကြတဲ့ အပျော်တမ်း ဂိမ်းရေးဆွဲသူလေးတွေခမျာ သူတို့ရဲ့ လက်ရာတွေကို ပြသခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ကြိုတင်စိစစ်ချက် သွားယူရင် ရတာပဲလို့ တွေးနိုင်ပေမဲ့ အဲဒီလိုလုပ်ဖို့အတွက် ဝမ်သိန်းချီ ကုန်ကျမယ့်အပြင် အချိန်လည်း အများကြီး ပေးရမှာပါ။ MCST ဘက်ကတော့ ရှိပြီးသားဥပဒေအတိုင်း လုပ်တာလို့ အကြောင်းပြပေမဲ့ ဒါဟာ လူတွေ အိမ်ချက်ထမင်းဘူး အချင်းချင်း မျှဝေစားနေတဲ့ပွဲကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဝင်ဖမ်းသလိုမျိုး ဖြစ်နေတာပါ။ အခြေအနေက သိပ်ကို အဓိပ္ပာယ်မရှိလွန်းတဲ့အပြင် ဂိမ်းလောကရဲ့ မျိုးဆက်သစ် ဖွံ့ဖြိုးတိုးတက်မှုကိုပါ အမြစ်ကနေ ဆွဲနုတ်သလို ဖြစ်နေတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတယ်။ နောက်ဆုံးတော့ MCST ဘက်က အလျှော့ပေးခဲ့ပြီး အပျော်တမ်းဂိမ်း(indie game)တွေအပေါ် အရေးယူမှုကို ဆိုင်းငံ့ပေးခဲ့ကာ ဥပဒေကို ပြန်လည်သုံးသပ်ပေးမယ်လို့ ကတိပြုခဲ့ရတယ်။
"ဘာပဲဖြစ်ဖြစ် MCST က MOGEF ထက်စာရင် တော်ပါသေးတယ်။ ပြည်သူတွေ ကန့်ကွက်လို့ အလျှော့ပေးတယ်ဆိုကတည်းက သူတို့က စကားပြောလို့ရတဲ့သူတွေပဲလေ။ အခြေခံအားဖြင့် ဂိမ်းအပေါ်ထားတဲ့ သူတို့ရဲ့ အမြင်က ကွာခြားသေးတယ်ကွ။ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဂိမ်းကို 'ယဉ်ကျေးမှု' တစ်ခုအနေနဲ့ မြင်ပေမဲ့ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးဌာနကတော့ ဂိမ်းကို 'လူငယ်တွေအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ မီဒီယာ' လို့ပဲ မြင်တာ"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရေးယူခံရမယ်ဆိုရင်တောင် စကားပြောလို့ ရတဲ့သူနဲ့ အလုပ်လုပ်ရတာက ပိုကောင်းတာပေါ့။
ပါတီစုံ သဘောတူညီချက်အရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူခဲ့တယ်။ သူတို့ဟာ ကြာမြင့်နေပြီဖြစ်တဲ့ 'အင်တာနက်ဂိမ်းစွဲလမ်းမှု ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ထောက်ပံ့မှု ဥပဒေကြမ်း' အပါအဝင် အရေးကြီး ဥပဒေကြမ်းတွေကို ဦးစားပေး စိစစ်ဖို့ သဘောတူခဲ့ကြတာပါ။
အချိန် သိပ်မကျန်တော့ပါဘူး။
ထိပ်တန်း ဂိမ်းကုမ္ပဏီကြီး ၅ ခုရဲ့ စီအီးအိုတွေဟာ MCST ဝန်ကြီး ကင်ဂုချွန် အပါအဝင် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ကော်မတီက အဓိက အဖွဲ့ဝင်တွေနဲ့ ဆက်တိုက်တွေ့ဆုံပြီး ဂိမ်းလောကရဲ့ ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်ကို တင်ပြခဲ့တယ်။
OTK Company ကလည်း ရှေ့ထွက်ပြီး ဂိမ်းလောကရဲ့ ရပ်တည်ချက်ကို အခုလို ကြေညာခဲ့ပါတယ်။
"OTK Games အနေနဲ့ ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကို လုံးဝ ငြင်းပယ်ပါတယ်။ ပြီးတော့ မမျှတတဲ့ ဂိမ်းကန့်သတ်ချက်တွေကိုလည်း ကန့်ကွက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်း ဂိမ်းကုမ္ပဏီပေါင်း ၅၀ ကျော်နဲ့ ပူးပေါင်းပြီး အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းကာ ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းတွေကို ဖော်ဆောင်သွားမှာဖြစ်ပြီး မမျှတတဲ့ ဥပဒေကြမ်းတွေကိုလည်း အတူတကွ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်"
အဲဒီလို ကြေညာချက် ထွက်လာတာနဲ့ မီဒီယာတွေပေါ်မှာ သတင်းတွေ တပြိုင်ထဲ ပလူပျံသွားပါတော့တယ်။
[(သတင်းထူး) MOGEF ရဲ့ ဂိမ်းကန့်သတ်ချက်ကို OTK Company ကန့်ကွက်]
[ဂိမ်းပိတ်ချိန်စနစ် တိုးချဲ့မယ့် အစီအစဉ် ရပ်တန့်သွားမလား]
[OTK Company ရဲ့ ကြေညာချက်ကို ဂိမ်းလောကတစ်ခုလုံး ထောက်ခံ]
[ပြည်တွင်း ဂိမ်းကုမ္ပဏီများ ကိုယ်ပိုင် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ်ဆွဲဖို့ သဘောတူ]
[ဂိမ်းကန့်သတ်ရေးအပေါ် ပြည်သူ့သဘောထား ကွဲလွဲနေ]
[ကျွမ်းကျင်သူများ - ဂိမ်းစွဲလမ်းခြင်းဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်...]
[မိဘအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ - ဂိမ်းကန့်သတ်ချက်ကို ပိုမိုတင်းကြပ်ရန် တောင်းဆို...]
[OTK Company က MOGEF ကို စစ်ကြေညာလိုက်ပြီ]
Ruluweb လို ဂိမ်းဆိုဒ်တွေပေါ်မှာလည်း ပွက်လောရိုက်ကုန်ပါတယ်။
-ဘာလို့ ဂိမ်းတွေကိုပဲ လိုက်ပိတ်နေတာလဲ။ ကျောင်းမှာ ၁၂ နာရီပတ်လုံး စာသင်ရတာ၊ ညဘက်လည်း စာကျက်ရသေးတယ်။ ကျူရှင်တက်ရတာတွေကျတော့ စာစွဲလမ်းတဲ့ရောဂါ မဟုတ်ဘူးလား။ အဲဒါဆို စာသင်တာကိုလည်း လိုက်ပိတ်ဦးလေ။
-ဟားဟား... ညဖက် ဂိမ်းဆော့ရင်တော့ မကောင်းဘူး၊ စာကျက်တာ ဒါမှမဟုတ် အပြင်ထွက်ကစားတာကျတော့ အဆင်ပြေတယ် ပေါ့လေ။
-ဂိမ်းတွေကို တရားမဝင်ဘူးလို့ပဲ သတ်မှတ်လိုက်ပြီး ဂိမ်းလုပ်တဲ့သူရော ဆော့တဲ့သူပါ အကုန်ဖမ်းပစ်လိုက်ကြပါတော့။
-ဟားဟား... ဒီဥပဒေသာ အတည်ဖြစ်သွားရင် ဂိမ်းစွဲတဲ့သူတွေကို စိတ်ကျန်းမာရေးဆေးရုံ ပို့သလိုမျိုး ကုသရေးစင်တာတွေဆီကို အတင်းအဓမ္မ ဆွဲခေါ်သွားကြလိမ့်မယ်။
-အဖမ်းခံရမယ့်ကောင်တွေ အခုကတည်းက တန်းစီထားကြတော့။
-ကိုရီးယား ဂိမ်းကုမ္ပဏီတွေကလည်း တကယ်တော့ ပြဿနာပဲ။ ကံစမ်းမဲသေတ္တာတွေက Pachinko လောင်းကစားနဲ့ ဘာကွာလို့လဲ။
-ဟုတ်တယ်။ အခုခေတ် ဂိမ်းတွေက ကံစမ်းရတဲ့ အမှိုက်ဂိမ်းတွေချည်းပဲ။
-ငါတို့နိုင်ငံက ဂိမ်းကုမ္ပဏီတွေ တစ်ခါလောက် ဒေဝါလီခံရမှ အသိတရားဝင်ကြမှာ။
-လောင်းကစားဆန်တဲ့ စနစ်တွေနဲ့ စွဲလမ်းမှုကို ကန့်သတ်သင့် တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့ မဟုတ်ဘူးလေ။
သမ္မတရုံး (အိမ်ပြာတော်) နဲ့ အာဏာရပါတီတို့ဟာ အံ့အားသင့်သွားကြပါတယ်။ ကန်ဂျင်ဟူ နိုင်ငံရေးလောကအပေါ် လုပ်ခဲ့တဲ့ မကောင်းမှုတွေကို စာရင်းချရေးရင် စာအုပ်အများကြီး ထွက်လာမှာပါ။ ဒါကြောင့် အသိတရားနဲ့ အရှက်တရားရှိတဲ့ နိုင်ငံရေးသမားမှန်သမျှဟာ ကန်ဂျင်ဟူနဲ့ မပတ်သက်မိအောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ အခုတော့ MOGEF က ပို့လိုက်တဲ့ သတိပေးချက်တစ်ခုကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရပါပြီ။
အခြေအနေတွေ ပိုပြီး ဆိုးဝါးမလာခင် အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးမှ ထုတ်ပြန်ကြေညာဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါပေမဲ့ အစည်းအဝေး မစတင်ခင်မှာတင် ဝန်ကြီး ရှင်ဂျွန်မီက သတင်းထောက်တွေရှေ့ကို ကြိုတင်ပြီး ထွက်လာခဲ့တယ်။ သူက ဒေါသသံနဲ့ အခုလို ပြောလိုက်ပါတယ်။
"ဂိမ်းစွဲလမ်းခြင်းဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကန့်သတ်ချုပ်ချယ်ဖို့က လုံးဝ လိုအပ်ပါတယ်။ မကြာသေးခင်က လောင်းကစားဆန်ပြီး လူတွေကို ပိုမိုစွဲလမ်းစေမယ့် ဂိမ်းတွေ ပေါ်ထွက်လာနေပြီး စာရင်းဇယားတွေအရ လူငယ် ၂၀ ရာခိုင်နှုန်းဟာ ဂိမ်းထဲမှာ အလွန်အကျွံ နစ်မွန်းနေကြရပါတယ်။ ဂိမ်းအလွန်အကျွံဆော့တာဟာ ပညာရေးကို ထိခိုက်စေပြီး အမှတ်တွေ ကျဆင်းကာ ရန်လိုမှုကို ပိုမိုများပြားစေပါတယ်။ ဂိမ်းစွဲလမ်းခြင်းက ဦးနှောက်တည်ဆောက်ပုံကိုပါ ပြောင်းလဲစေနိုင်ပြီး ဖြတ်ရခက်ခဲစေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတောင် ဂိမ်းစွဲလမ်းမှုဝေဒနာကို ပြင်းထန်တဲ့ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေပါပြီ။ ဒါကို ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကြီးတစ်ခုလို့ ကိုယ့်ဘာသာကိုယ် ကြေညာထားတဲ့ OTK Company က လူငယ်တွေကို ကာကွယ်ရမယ့် လူမှုရေးတာဝန်ကို စွန့်ပစ်ပြီး ကျား၊ မ တန်းတူညီမျှရေးကို ဖျက်ဆီးကာ အမျိုးသမီးမုန်းတီးရေး လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာကို ကျွန်မအနေနဲ့ ဒေါသနဲ့ စိုးရိမ်မှုကို မချုပ်တည်းနိုင်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဂိမ်းတွေကို ကန့်သတ်တာနဲ့ ဂိမ်းစွဲလမ်းမှုကို ကုသပေးမယ့် ကိစ္စကနေ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုအနေနဲ့လည်း ဒီဥပဒေကြမ်း အတည်ပြုနိုင်ဖို့ ထောက်ခံပေးကြပါလို့ တောင်းဆိုချင်ပါတယ်"