← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇)

အာဏာရပါတီတစ်ခုလုံး လန့်ဖျပ်သွားကြတယ်။

မကြာသေးခင်ကတင် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အကျိုးအမြတ်မယူတဲ့ ဂိမ်းတွေကို အခက်တွေ့အောင်လုပ်မိတဲ့ အမှားကြီးတစ်ခု လုပ်ထားလို့ ဂိမ်းစည်းမျဉ်းတွေအပေါ် မကျေနပ်မှုတွေက အထွတ်အထိပ် ရောက်နေတဲ့အချိန် ဖြစ်နေတာပါ။ အခြေအနေက တော်တော်လေး တင်းမာနေတာပေါ့။

ဒါပေမဲ့ အခုတော့ အဲဒီကိစ္စက OTK ကုမ္ပဏီနဲ့ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးဌာနတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားမယ့် အရိပ်အယောင်တွေ ပြလာပါတယ်။

နိုင်ငံရေးသစ်ပါတီရဲ့ လွှတ်တော်အမတ်စုဖွဲ့မှုခေါင်းဆောင် ဂျန်ဟျွန်ဂျွန်က ပါတီက လွှတ်တော်အမတ်တွေကို အရေးပေါ် ဆင့်ခေါ်လိုက်တယ်။

"ဝန်ကြီး ရှင်ဂျွန်မီက ဘာတွေတွေးပြီး လျှောက်လုပ်နေတာလဲ။ ငါတို့ ပါတီဘက်ကတောင် ဘယ်လမ်းစဉ်သွားမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး”

လွှတ်တော်အမတ် ဟုန်ဟျွန်ဝူးက ပြောတယ်။

"အိမ်ပြာတော် (သမ္မတအိမ်တော်) တောင် ဒီကိစ္စကို ကြိုမသိထားဘူး ထင်တယ်”

"ဒါဆို သူ့ဘာသာသူ သူ့သဘောအလျောက် လုပ်လိုက်တာပေါ့”

"ဟုတ်တယ်။ ဒီတစ်ခေါက် ဂိမ်းလောကတစ်ခုလုံးကို တရားဝင် သတိပေးစာ ပို့လိုက်တာတောင် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဘာမှမတိုင်ပင်ဘဲ လုပ်သွားတာလို့ သိရတယ်”

ခေါင်းဆောင် ဂျန်ဟျွန်ဂျွန်က တံတွေးမြိုချလိုက်ရင်း ညည်းတွားမိတယ်။

"တကယ်ပဲ... ဥပဒေအရတောင် အတည်မဖြစ်တဲ့ တရားဝင်စာကို ဘာလို့ လျှောက်ပို့နေတာလဲ"

မလိုအပ်တဲ့ တရားဝင်စာတွေ ပို့တာက ကျား၊ မ ဝန်ကြီးဌာနတစ်ခုထဲ လုပ်တာတော့ မဟုတ်ပါဘူး။ ပြဿနာက အဲဒီစာက ကန်ဂျင်ဟူကို သွားဆွသလို ဖြစ်သွားတာပါ။

တကယ်တော့ ဂိမ်းစည်းမျဉ်းဆိုတာ အရင်အစိုးရလက်ထက် ကတည်းက ပါလာတဲ့ မူဝါဒတစ်ခုဖြစ်ပြီး အခုအစိုးရက ပိုပြီး တင်းကြပ်အောင် လုပ်နေတာပါ။

လွှတ်တော်အမတ်တွေက ဝန်ကြီးဌာနက ပို့ထားတဲ့ 'အွန်လိုင်းဂိမ်း စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်' ကို အရင်ဆုံး စစ်ဆေးကြည့်ကြတယ်။ ကြည့်ပြီးတော့ သူတို့ မျက်လုံးပြူးသွားကြတာပေါ့။

"'ဂိမ်းအတွင်း ကျား၊ မ ခွဲခြားဆက်ဆံမှု ပိတ်ပင်ရန်၊ အမျိုးသမီးနှင့် အမျိုးသား ဇာတ်ကောင်များအပေါ် ကျား၊ မ အခန်းကဏ္ဍ ပုံသေသတ်မှတ်မှု ပိတ်ပင်ရန်၊ အမျိုးသမီးဇာတ်ကောင်များကို လိင်ပိုင်းဆိုင်ရာ အသုံးချပစ္စည်းအဖြစ် ပုံဖော်မှု ပိတ်ပင်ရန်၊ အမျိုးသမီးဇာတ်ကောင်များ၏ ရုပ်ရည်ကို တစ်ပုံစံထဲ ဖြစ်အောင်လုပ်ခြင်း ပိတ်ပင်ရန်...' တကယ်ပဲ ဂိမ်းဇာတ်ကောင်ရဲ့ ရုပ်ရည်ကအစ စည်းကမ်းထုတ်ဖို့ ဒီလောက်အထိ ရုတ်ရုတ်သဲသဲ လုပ်နေရတာလား။ ဒါ ပဥ္စမသမ္မတနိုင်ငံခေတ် ရောက်နေတာလား။ ဘယ်သူက ဒီစာကို ရေးလိုက်တာလဲ”

(ပဉ္စမသမ္မတနိုင်ငံခေတ်အကြောင်း ဒီအခန်းအဆုံးမှာ ရှင်းပြထားပါတယ်)

ကျား၊ မ ဝန်ကြီးဌာနရဲ့ အတွင်းရေးတွေကို သိတဲ့ လွှတ်တော်အမတ်မကြီး ဂျန်မီဂျာက ပြန်ဖြေတယ်။

"ဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျား၊ မ တန်းတူညီမျှရေး မြှင့်တင်ရေးအဖွဲ့နဲ့ တိုင်ပင်ပြီး ရေးထားတာလို့ ကြားတယ်”

"အဲဒီအဖွဲ့က ဂိမ်းနဲ့ ဘာဆိုင်လို့လဲ”

"အဲဒါတော့ ကျွန်မလည်း သေချာမပြောတတ်ဘူး..."

ခေါင်းဆောင် ဂျန်ဟျွန်ဂျွန်က စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။

"OTK Games ကနေ မကြာခင် ထုတ်တော့မယ့်ဂိမ်း... နာမည်က ဘာလဲ”

"Lost Fantasy Online ပါ”

"ဒါနဲ့ ကန်ဂျင်ဟူက အဲဒီဂိမ်းကို ပိတ်ပင်ခံရမှာစိုးလို့ အခုလို ထဆွနေတာလား”

လွှတ်တော်အမတ် အင်ဗြောင်ဂုက ဝင်ပြောတယ်။

"တကယ်တော့ ဒီကိစ္စကို စီအီးအို ကန်ဂျင်ဟူ ကိုယ်တိုင် မဟုတ်ဘဲ ဒုတိယဥက္ကဌက ကိုင်တွယ်နေတာလို့ သိရပါတယ်”

"ဒုတိယဥက္ကဌ အိုတက်ဂယူလား။ ယဉ်ကျေးမှုလုပ်ငန်းပိုင်းကို K ကုမ္ပဏီရဲ့ စီအီးအို ပတ်ဆန်းယော့က တာဝန်ယူထားတာ မဟုတ်ဘူးလား”

"ပတ်ဆန်းယော့က ဖျော်ဖြေရေးဘက်ကို ကိုင်တာပါ။ ဒုတိယဥက္ကဌကတော့ ဂိမ်းအပါအဝင် Subculture နဲ့ ပတ်သက်သမျှ အကုန်လုံးကို ကြီးကြပ်ပါတယ်။ OTK Games မှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ OTK Awards ပွဲကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာတွေကလည်း ဒုတိယဥက္ကဌရဲ့ ဆုံးဖြတ်ချက်တွေလို့ သိရပါတယ်”

အင်ဗြောင်ဂုရဲ့ မဲဆန္ဒနယ်က ဂိမ်းကုမ္ပဏီတွေ အများကြီးရှိတဲ့ ပန်ဂယိုဖြစ်ပြီး သူက ပါတီထဲမှာ ဂိမ်းလောကအကြောင်း နားအလည်ဆုံးလူပါ။ လက်ရှိမှာလည်း ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ကော်မတီရဲ့ အဆင့်မြင့်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပါတယ်။

သူက ပထမအကြိမ် လွှတ်တော်အမတ်ဖြစ်လို့ ပုံမှန်ဆို လူရာသွင်းခံရမှာ မဟုတ်ပေမဲ့ အခုကတော့ အခြေအနေ မတူတော့ပါဘူး။ လွှတ်တော်အမတ် အများစုက ဂိမ်းအကြောင်း ဘာမှမသိကြလို့ အားလုံးက သူ့ကိုပဲ ဝိုင်းကြည့်နေကြတယ်။

"တကယ်တော့ ပြဿနာက အဲဒီသတိပေးစာ မဟုတ်ဘူး။ လွှတ်တော်မှာ တင်ထားတဲ့ 'ဂိမ်းစွဲလမ်းမှု ကုသရေးဥပဒေမူကြမ်း' ပဲ”

လွှတ်တော်အမတ် ဟုန်ဟျွန်ဝူးက မေးတယ်။

"ဂိမ်းစွဲတာကို ကုပေးတာ ဘာပြဿနာရှိလို့လဲ”

"နာမည်က 'ကုသရေး' ဥပဒေလို့ တပ်ထားပေမဲ့ တကယ်တမ်းကျတော့ ဂိမ်းကို ပိတ်ပင်တားဆီးမယ့် ဥပဒေပါပဲ။ စွဲလမ်းမှုကို ကုသဖို့ အလွယ်ဆုံးနည်းလမ်းက စွဲလမ်းစေတဲ့အရာကို ဖျောက်ဖျက်ပစ်တာလို့ သူတို့က တွေးနေကြတာပါ။ ဒါပေမဲ့ အခု ကိုရီးယားဂိမ်းလောကက အကြပ်ရိုက်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ တရုတ်ဂိမ်းကုမ္ပဏီကြီးတွေက ကိုရီးယားစျေးကွက်ကို အပြင်းအထန် ထိုးဖောက်နေသလို၊ အရင်က Console(ဂိမ်းစက်)ဂိမ်းပဲ လုပ်တဲ့ ဂျပန်ကုမ္ပဏီတွေကလည်း အွန်လိုင်းနဲ့ မိုဘိုင်းဂိမ်းဘက်ကို ချဲ့ထွင်လာကြပါပြီ။ Lost Fantasy M တို့ Online တို့က အဲဒါတွေရဲ့ ထင်ရှားတဲ့ ဥပမာတွေပါပဲ။ ကိုရီးယားဂိမ်းတွေက ကြားညပ်နေတာပါ။ ဒီလို အခြေအနေမျိုးမှာ ကိုရီးယားကပဲ တစ်ဖက်သတ် စည်းကမ်းတွေ တင်းကြပ်လိုက်ရင် နိုင်ငံခြားပြိုင်ဘက်တွေကိုပဲ အကျိုးအမြတ် သွားပေးသလို ဖြစ်ပါလိမ့်မယ်”

အင်ဗြောင်ဂုက ဂိမ်းလောကရဲ့ ဒုက္ခတွေကို ရှင်းပြပေမဲ့ တခြားလွှတ်တော်အမတ်တွေက စိတ်မဝင်စားကြပါဘူး။

"ဒါဆို OTK ကုမ္ပဏီက ဘာလုပ်လာမယ်လို့ ထင်လဲ”

"ပြည်တွင်းမှာဆိုရင် ထိပ်တန်းဂိမ်းကုမ္ပဏီ ၅ ခုရဲ့ စုပေါင်းအင်အားက OTK Games တစ်ခုထဲထက် ပိုကြီးပါတယ်။ သူတို့က အသင်းအဖွဲ့ဖွဲ့ပြီး ကိုယ့်ဘာသာ ထိန်းကျောင်းဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာထားတာကြောင့် အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်တာက ပိုကောင်းပါလိမ့်မယ်”

"ဥပဒေမူကြမ်းကကော”

"ကျွန်တော်တို့ ကန့်ကွက်ရပါမယ်။ ဒါက အခြေအမြစ်မရှိတဲ့ ဥပဒေပါပဲ။ ဒီစည်းမျဉ်းတွေကို အမေရိကန်ဂိမ်းကုမ္ပဏီတွေအပေါ် တိုက်ရိုက် သွားကျင့်သုံးမယ်ဆိုရင် သမ္မတ ရိုနယ်က ဒီအတိုင်း ကြည့်နေမှာမဟုတ်ဘူး။ တခြား ယဉ်ကျေးမှုလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် မျှတမှုမရှိတဲ့အတွက် ဒီဥပဒေမူကြမ်းကို လုံးဝ အတည်မပြုသင့်ပါဘူး”

လွှတ်တော်အမတ် ပတ်ချန်းဆူးက သတိထားပြီး ဝင်ပြောတယ်။

"ဒါပေမဲ့ ဒီဥပဒေမူကြမ်းကို မိဘအဖွဲ့အစည်းတွေက အပြင်းအထန် ထောက်ခံနေကြတာလေ”

ပါတီဘက်က တရားဝင် ကန့်ကွက်လိုက်ရင် 'ငါတို့ကလေးတွေ စာမေးပွဲကျရင် မင်းတို့ တာဝန်ယူမလား' ဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တာ ခံရနိုင်ပါတယ်။ ဂိမ်းလောကရဲ့ မဲနဲ့ မိဘတွေရဲ့ မဲကို ယှဉ်လိုက်ရင် မိဘတွေရဲ့ မဲအရေအတွက်က အပြတ်အသတ် ပိုများနေတာကြောင့်မလို့ပါ။

"အရင်ဆုံး ဒီကိစ္စ ပိုကြီးမလာခင် တစ်ယောက်ယောက်က ဝန်ကြီး ရှင်ဂျွန်မီကို သွားဖျောင်းဖျဖို့ လိုတယ်။ သွားပြောရဲမယ့်သူ မရှိဘူးလား”

အဲဒီလို အကြံပြုလိုက်တော့ လွှတ်တော်အမတ်တွေက ချောင်းဟန့်လိုက်ရင်း မျက်နှာလွှဲလိုက်ကြတယ်။ အမှန်အတိုင်း ပြောရရင် ဘယ်သူမှ ဒီပြဿနာထဲ ဝင်မပတ်သက်ချင်ကြပါဘူး။

ကျွန်တော် တီဗီကနေ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်နေမိတယ်။

သူ့ရဲ့ ပြောကြားချက်က ကျွန်တော် ထင်ထားတာထက် ပိုပြင်းထန်နေပါတယ်။ ဝန်ကြီး ရှင်ဂျွန်မီက သူ့ရဲ့ ဒေါသကို မျက်နှာအမူအရာမှာကော၊ လေသံမှာပါ အထင်အရှား ပြနေတာပါ။

"ဒါနဲ့ ဂိမ်းစည်းကမ်းထုတ်တာက 'ကျား၊ မ တန်းတူညီမျှရေးကို ထိခိုက်စေတယ်' ဆိုတာနဲ့ ဘာဆိုင်လို့လဲ”

တက်ဂယူက ပုံမှန်အတိုင်းပဲ ပြန်ဖြေတယ်။

"မင်း မသိဘူးလား။ ဝန်ကြီးဌာနရဲ့ မူဝါဒကို ဆန့်ကျင်တာက ကျား၊ မ တန်းတူညီမျှရေးကို ထိခိုက်စေတာပဲလေ”

"ဪ..."

အဲဒီလိုလား။

အဲဒီလို ကြားလိုက်ရကတည်းက ဒါက ခက်ခဲတဲ့တိုက်ပွဲ ဖြစ်လာမယ်ဆိုတာ သိလိုက်ရတယ်။ ဒီလိုပွဲမျိုးထဲ မဝင်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အခု တက်ဂယူက ဇွတ်လုပ်မယ်ဆိုတော့လည်း ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။

အွန်လိုင်းပေါ်မှာတော့ ထောက်ခံတဲ့သူနဲ့ ကန့်ကွက်တဲ့သူတွေ အပြင်းအထန် ငြင်းခုံနေကြပါပြီ။

တချို့က OTK ကုမ္ပဏီကို ထောက်ခံပြီး တချို့ကတော့ ဝန်ကြီးဌာနကို ထောက်ခံကြတယ်။ ပုံမှန်ဆို အွန်လိုင်းငြင်းခုံမှုတွေက တိုးတက်ပြောင်းလဲရေးသမားနဲ့ ရှေးရိုးစွဲဝါဒီဆိုပြီး ကွဲပြားလေ့ရှိပေမဲ့ ဒီတစ်ခေါက်ကတော့ မတူပါဘူး။

နိုင်ငံရေးအမြင် ဘယ်လိုပဲရှိရှိ အင်တာနက်အသုံးပြုသူ အများစုက ဂိမ်းစည်းမျဉ်းတွေကို ကန့်ကွက်ကြပြီး မိဘအဖွဲ့အစည်းတွေကတော့ ထောက်ခံကြပါတယ်။

အနည်းဆုံးတော့ ရလဒ်တစ်ခုကတော့ အထင်အရှား ထွက်လာပါတယ်။ အဲဒါကတော့ ဒီပြဿနာက လူထုကြားထဲမှာ အဓိကရေပန်းစားတဲ့ ကိစ္စတစ်ခု ဖြစ်လာပြီး မီဒီယာတွေကလည်း ဒီအကြောင်းတွေကို တရစပ် ရေးသားလာကြတာပဲ။

ဒါပေမဲ့ ဆောင်းပါးအများစုက ဂိမ်းရဲ့ ဆိုးကျိုးတွေကိုပဲ ဇောင်းပေးပြီး ရေးကြတာပါ။

ကုမ္ပဏီတစ်ခုအနေနဲ့ဆိုရင် အုပ်ချုပ်ရေးအာဏာရှိတဲ့ အစိုးရဌာနတစ်ခုနဲ့ ထိပ်တိုက်တွေ့တာကို ရှောင်တာ အကောင်းဆုံးပါပဲ။

ဒါပေမဲ့လည်း ဒီအတိုင်း ငြိမ်ခံနေလို့တော့ မရပါဘူး။

ဝန်ကြီးဌာနဘက်က နောက်ဆုတ်မယ့်ပုံမပြတာ သေချာသွားပြီမလို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြန်သုံးသပ်ကြရတယ်။

ရာထူးစလက်ခံကတည်းက ဝန်ကြီး ရှင်ဂျွန်မီက သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သေသေချာချာ သိထားပါတယ်။ အဲဒါကတော့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖို့နဲ့ လူငယ်တွေကို ကာကွယ်ဖို့ပါပဲ။

ကြော်ငြာ၊ သီချင်း၊ ရုပ်ရှင်၊ ဒရမ်မာ၊ ဝတ္ထု၊ ကာတွန်း စတာတွေထဲမှာ လူငယ်တွေအပေါ် မကောင်းတဲ့ သြဇာသက်ရောက်စေတဲ့ အဆိပ်အတောက်တွေ အများကြီးရှိပေမဲ့ အဲဒီအထဲမှာ ဂိမ်းက အဆိုးဆုံး ပြဿနာပါပဲ။

ဖဲချပ်ဆွဲတဲ့ဂိမ်းတွေမှာ လောင်းကစားဆန်တဲ့အချက်တွေ ပါနေပြီး အားကစားဂိမ်းတွေကတော့ ပြိုင်ဆိုင်မှုကို အားပေးပါတယ်။ FPS (First Person Shooter)ဂိမ်းတွေက သေနတ်နဲ့ အပြန်အလှန် ပစ်သတ်ကြတာဖြစ်ပြီး RPG ဂိမ်းတွေကတော့ ဓား သို့မဟုတ် ပုဆိန်တွေနဲ့ ပြိုင်ဘက်ကို သတ်ကြတာပါ။ ပြိုင်ဘက်ကို ပိုသတ်နိုင်လေ၊ အဆင့်ပိုတက်ပြီး ပိုသန်မာလာလေပါပဲ။

ဂိမ်းရဲ့ အဓိကဇာတ်ကောင်အများစုက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်တွေကတော့ အမြဲတမ်း ဆွဲဆောင်မှုရှိပြီး လှပနေတတ်ပါတယ်။ တချို့ဂိမ်းတွေမှာဆိုရင် 'Loli' လို့ခေါ်တဲ့ ကလေးမလေး ပုံစံ ဇာတ်ကောင်တွေတောင် အများကြီးပါတာပါ။

မိန်းကလေး အများကြီးကို လိုက်ပိုးပန်းရတဲ့ Dating Sims လို့ခေါ်တဲ့ ဂိမ်းတွေတောင် ရှိပါသေးတယ်။

ကလေးနှင့် လူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေကို လူသားတွေ သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေထက် ကာတွန်းတွေမှာ ပိုပြီး တင်းတင်းကြပ်ကြပ် ကျင့်သုံးရမယ်လို့ ရှင်ဂျွန်မီက အမြဲတမ်း တင်ပြခဲ့တာဖြစ်ပြီး ဂိမ်းတွေမှာလည်း အတူတူပါပဲ။

အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ဖော်ပြမှု၊ လောင်းကစားဆန်မှု၊ စွဲလမ်းစေမှု၊ ကျား၊ မ ခွဲခြားမှု၊ အမျိုးသမီးမုန်းတီးမှု... အားလုံးကို ခြုံကြည့်ရင် ဂိမ်းဆိုတာ အမှိုက်ပုံပါပဲ။ ဒါကြောင့် ဒီဂိမ်းတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ လူငယ်တွေ မကစားနိုင်အောင် ပိတ်ပင်ဖို့က လုံးဝ လိုအပ်ပါတယ်။

ဒီပြဿနာတွေကြောင့် ဖြစ်လာတဲ့ ကုန်ကျစရိတ်တွေကို ဂိမ်းလောကက တာဝန်ယူရမှာက သဘာဝကျတဲ့ကိစ္စပါ။

ဥပဒေမူကြမ်း အတည်ဖြစ်သွားရင် အားလုံး ပြီးသွားမှာကို အခုလို အရေးကြီးတဲ့ အချိန်မှာ OTK ကုမ္ပဏီက ရှေ့ထွက်လာပြီး ဂိမ်းကုမ္ပဏီတွေကို စုစည်းကာ သူတို့ဘာသာ ထိန်းကျောင်းမယ့် အစီအစဉ် လုပ်မယ်လို့ ကြေညာလိုက်တယ်။

ဒါတင်မကသေးဘဲ ယဉ်ကျေးမှုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့အပြင် သက်ဆိုင်ရာလူတွေနဲ့ ဆက်တိုက်တွေ့ဆုံပြီး ယဉ်ကျေးမှုကော်မတီက အဖွဲ့ဝင်တွေနဲ့လည်း ဆက်သွယ်ခဲ့ကြတယ်။

ဒါက ကျား၊ မ ဝန်ကြီးဌာနကို ကျော်ပြီး ဂိမ်းစည်းမျဉ်းကိစ္စကို သီးသန့် ညှိနှိုင်းဖို့ ကြိုးစားနေတာပါပဲ။

သူ့အနေနဲ့ ဒီအခြေအနေကို ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။

နိုင်ငံရေးလောကက လူတွေက မိုးကြိုးပစ်ခံလိုက်ရသလို ကြောက်လန့်နေကြပေမဲ့ ဝန်ကြီး ရှင်ဂျွန်မီကတော့ OTK ကုမ္ပဏီကို လူသိရှင်ကြား ပြစ်တင်ဝေဖန်လိုက်တယ်။

သူ့ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးနောက် ဝန်ကြီးများ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီ တံခါးပိတ်အစည်းအဝေးက တကယ်တော့ ဝန်ကြီး ရှင်ဂျွန်မီကို ဖျောင်းဖျဖို့ လုပ်တဲ့ပွဲပါ။

ဂိမ်းဆိုတာ ယဉ်ကျေးမှုလုပ်ငန်းဖြစ်သလို IT လုပ်ငန်းလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး နိုင်ငံခြားငွေလည်း ရှာပေးနိုင်တာပါ။

ဒါကြောင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် ICT ဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အများကြီးရဲ့ အကျိုးစီးပွားတွေက ပတ်သက်နေတာပါ။

အစပိုင်းက ဂိမ်းစည်းကမ်းထုတ်ဖို့ ထောက်ခံခဲ့တဲ့ ဝန်ကြီးဌာနတွေတောင်မှ ဂိမ်းလောကရဲ့ ကိုယ်ပိုင်ထိန်းကျောင်းရေး အစီအစဉ်ကို အရင်ဆုံး သုံးသပ်ကြည့်ဖို့ဘက် ပြောင်းသွားကြတယ်။

ဒုတိယဝန်ကြီးချုပ် ဟန်မြောင်ဂုက အကြံပြုတယ်။

"ဒီကိစ္စကို ယဉ်ကျေးမှုဝန်ကြီးဌာနကပဲ ဆက်ကိုင်တွယ်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။ ဂိမ်းလောကဘက်ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းချင်နေကြတယ်လို့ ကြားတယ်”

ဒါပေမဲ့ ဝန်ကြီး ရှင်ဂျွန်မီကတော့ စည်းကမ်းထုတ်ခွင့် အာဏာကို လုံးဝ လက်မလွှတ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။

"ဒါက ကျား၊ မ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အောက်မှာပဲ ရှိတယ်။ ကျွန်မတို့ ဝန်ကြီးဌာနကပဲ သင့်တော်သလို ကိုင်တွယ်သွားမှာပါ”

နောက်ဆုံးတော့ ဖျောင်းဖျဖို့ ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။

ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဝန်ကြီးဌာနက ဆိုးလ်အစိုးရအဆောက်အဦးမှာ ဝန်ကြီးကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်မယ့် 'လူငယ်များ အင်တာနက်ဂိမ်းကို ကျန်းမာစွာ အသုံးပြုရေးနှင့် ဂိမ်းစွဲလမ်းမှု ကုသရေး နှီးနှောဖလှယ်ပွဲ' ကို ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်။

ဝန်ကြီးဌာနအောက်မှာရှိတဲ့ လူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ ကျန်းမာသောမိသားစုမြှင့်တင်ရေးအဖွဲ့နဲ့ ကျား၊ မ တန်းတူညီမျှရေး မြှင့်တင်ရေးအဖွဲ့တို့ တက်ရောက်ဖို့ ရှိနေပြီး၊ မိဘအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူငယ်ကျန်းမာရေးမဟာမိတ်အဖွဲ့ စတဲ့ အဖွဲ့အစည်းအသီးသီးတို့လည်း တက်ရောက်ပြီး လွတ်လပ်စွာ ဆွေးနွေးကြမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ တက်ရောက်မယ့်သူတွေရဲ့ စာရင်းကို ကြည့်လိုက်ရင် နှီးနှောဖလှယ်ပွဲလို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်းက ဂိမ်းစွဲလမ်းမှုရဲ့ အန္တရာယ်နဲ့ စည်းကမ်းထုတ်ဖို့ လိုအပ်ကြောင်း လူသိရှင်ကြားဖြစ်အောင် လုပ်မယ့် အရောင်းမြှင့်တင်ရေးပွဲ တစ်ခုပဲဆိုတာ ထင်ရှားနေပါတယ်။

အစည်းအဝေးကို လူထုထံ ချပြမှာမဟုတ်ပေမဲ့ အစည်းအဝေးမှတ်တမ်းကိုတော့ ထုတ်ပြန်ပေးမယ်လို့ ဆုံးဖြတ်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းတွေကို စည်းကမ်းထုတ်ဖို့နဲ့ ဂိမ်းကုမ္ပဏီတွေဆီကနေ ရန်ပုံငွေ ကောက်ခံဖို့ လိုအပ်တယ်ဆိုတဲ့ ရလဒ်နဲ့ပဲ ဆုံးသတ်သွားမှာ သေချာပါတယ်။

ဂိမ်းလောကထဲမှာတော့ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဂိမ်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြမယ့် ပွဲတွေ သို့မဟုတ် နှီးနှောဖလှယ်ပွဲတွေ လုပ်ဖို့ စကားတွေ ထွက်နေကြတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မမျှော်လင့်ထားတဲ့ သတင်းဆောင်းပါးတစ်ခု ထွက်လာပါတယ်။

[(သတင်းထူး) ကျား၊ မ ဝန်ကြီးဌာန ဝန်ကြီးဦးဆောင်မယ့် နှီးနှောဖလှယ်ပွဲကို OTK ကုမ္ပဏီ တက်ရောက်ရန် ဆန္ဒရှိကြောင်း ပြသ]

[စီအီးအို ကန်ဂျင်ဟူ ကိုယ်တိုင် တက်ရောက်မှာလား]

[ဂိမ်းလောကရဲ့ ရပ်တည်ချက်ကို တင်ပြလာနိုင်ခြေရှိ]

[ဝန်ကြီး ရှင်ဂျွန်မီ - ဘယ်သူမဆို တက်ရောက်ဖို့ ကြိုဆိုပါတယ်]

[ကျား၊ မ ဝန်ကြီးဌာနက OTK ကုမ္ပဏီရဲ့ တက်ရောက်ခွင့် တောင်းဆိုမှုကို လက်ခံလိုက်ပြီ။ နေရာအကန့်အသတ်ရှိသဖြင့် နောက်ထပ် လူထပ်လက်မခံတော့...]

သတင်းတွေကို မြင်တော့ ကျွန်တော် လန့်သွားတယ်။

"ဘယ်သူက တက်ရောက်မယ်လို့ ပြောလိုက်တာလဲ”

တက်ဂယူက ရဲရဲဝံ့ဝံ့ပဲ ပြောတယ်။

"ငါလေ”

"မင်းက အဲဒီပွဲကို ကိုယ်တိုင် သွားမလို့လား”

"အေး။ ငါ နှစ်ယောက်စာ စာရင်းပေးထားတာဆိုတော့ မင်းပါ လိုက်ခဲ့ရမယ်”

ကျွန်တော် ပျာယာခတ်သွားတယ်။

"ငါက ဘာလို့လိုက်ရမှာလဲ”

"ငါ အဲဒီ အန်တီကြီး (ဝန်ကြီး) ကို ကြောက်လို့”

"ငါလည်း ကြောက်တာပဲဟ”

ပြိုင်ဘက်က ကျား၊ မ ဝန်ကြီးဌာန ဝန်ကြီးလေ။ သမ္မတနဲ့ ချရတာကမှ ပိုလွယ်ဦးမယ် ထင်တယ်။

ဒါပေမဲ့လည်း သူ့ကို တစ်ယောက်ထဲ လွှတ်လိုက်ရင် ဘာတွေ လျှောက်လုပ်ဦးမလဲ မသိတာကြောင့် တစ်ယောက်ယောက်ကတော့ လိုက်သွားပြီး ထိန်းမှဖြစ်မှာပါ။

နှီးနှောဖလှယ်ပွဲမတိုင်ခင် ကျွန်တော် တက်ဂယူဆီကနေ ဂိမ်းရဲ့ ကောင်းမြတ်မှုတွေအကြောင်း နာရီပေါင်းများစွာ အယူဝါဒ ရိုက်သွင်းတာ ခံခဲ့ရတယ်။ စမ်းသပ်မှုအမျိုးမျိုးကို ဖြေဆိုပြီးတဲ့နောက် တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ရင်း ပြောတယ်။

"သူငယ်ချင်း။ ကိုရီးယားဂိမ်းလောကရဲ့ ကံကြမ္မာက အခု မင်းလက်ထဲမှာ ရှိနေပြီ။ မမေ့နဲ့။ ကိုရီးယားဂိမ်းတွေ ပျက်စီးသွားရင် အဲဒါ မင်းကြောင့်ပဲ”

"...ဘာလို့ ငါ့ကြောင့် ဖြစ်ရမှာလဲ”

"ဆွေးနွေးပွဲကို သွားတဲ့အခါ အဲဒီလို စိတ်ဓာတ်မျိုး ထားရမယ်လေ။ သဘောပေါက်လား”

"အေး... ပေါက်ပါပြီကွာ”

ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ သူငယ်ချင်းအပေါင်းအသင်း မှားမိလို့ ဘယ်လိုဒုက္ခတွေနဲ့ တွေ့နေရတာလဲ မသိဘူး။

Ruluweb လို ဂိမ်းဝဘ်ဆိုက်တွေထဲမှာတော့ ဆူညံပွက်လောရိုက်သွားပါပြီ။

- ငါ အခု တကယ် ငိုချင်လာပြီ ㅜㅜ

- ကန်ဂျင်ဟူက ရန်သူ့စခန်းထဲကို တစ်ယောက်ထဲ ဝင်သွားတော့မှာလား။

- ဒီတစ်ခေါက် ဒုတိယဥက္ကဌပါ အတူတူ သွားမှာလို့ ကြားတယ်။

- ဟုတ်လား။ တကယ်ကြီးလား။ အဓိကဇာတ်ကောင်က နောက်ဆုံးတော့ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေကို ထုတ်သုံးတော့မှာပေါ့။

- အန္တရာယ်များတယ်။ မသွားပါနဲ့။ အကျိုးအကြောင်းပြချက်တွေက အဓိပ္ပာယ်မရှိတဲ့အရာတွေကို မနိုင်နိုင်ဘူး။

- မိုက်တယ်။ အရင်က မင်းကို စတော့ကစားသမားဆိုပြီး ဆဲခဲ့မိတာ တောင်းပန်ပါတယ်။ ဒီတစ်ခေါက်တော့ မင်းကို အပြည့်အဝ ထောက်ခံတယ်။

- OTK ကုမ္ပဏီ VS ကျား၊ မ ဝန်ကြီးဌာန။

- ဝိုး။ ဒါက တကယ့်ကို ရာစုနှစ်ရဲ့ အကြီးမားဆုံး ပွဲစဉ်ပဲ။ နောင်ပေ။ နောင်ပေ

- ရှုံးတဲ့လူက အရာအားလုံးကနေ အနားယူပြီး နိုင်ငံရေးလောက ဒါမှမဟုတ် စီးပွားရေးလောကကနေ ထွက်သွားရမယ်။

- ဒါကတော့ တကယ့် ပွဲကြီးပွဲကောင်းပဲကွ။ တိုက်ရိုက်ထုတ်လွှင့်ပေးလို့ မရဘူးလား။

- ဝန်ကြီး ရှင်ဂျွန်မီ။ လုံးဝလျှော့မပေးနဲ့။

- သွားပါ။ သွားပြီးတော့ တရားမျှတတဲ့ Game-Bolg (Gáe Bolg ကို အရွှန်းဖောက်ထားခြင်း) နဲ့ ဂိမ်းစည်းမျဉ်းတွေကို ဖျက်ဆီးပစ်လိုက်ပါ။

- Gáe Bolg မဟုတ်ဘူးလား။

- Gungnir က Gáe Bolg ထက် ပိုပြီး ဖျက်အားပြင်းတယ်။

- ဝါးချွန်က အကောင်းဆုံးပဲ။ ဝါးချွန်ရှေ့မှာ အားလုံးက တန်းတူပဲလေ။ မင်းအတွက် တစ်ချက်၊ ငါ့အတွက် တစ်ချက်။

- အားလုံးပဲ။ ငါတို့ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးမလား။ သွားပြီး အားပေးကြရအောင်။

- အကြံကောင်းပဲ။ ဂိမ်းကစားသူတွေရဲ့ စွမ်းအားကို ပြလိုက်ကြရအောင်။

- အလကားပဲ။ ငါတို့ သွားလည်းနိုင်မှာ မဟုတ်ဘူး။

- ဂိမ်းတစ်ခုထဲ ကစားတဲ့ကောင်တွေတောင် Guild(အဖွဲ့) တွေ၊ လူမျိုးတွေမတူရင် အချင်းချင်း ချနေကြတာပဲလေ။ သူတို့က စည်းလုံးမှာတဲ့လား။

- စည်းလုံးတာနဲ့ရကြေးဆိုရင် ဝန်ကြီးဌာနက ဂိမ်းတစ်ခုထဲကိုပဲ ဒီလို လာနှောင့်ယှက်နေမှာ မဟုတ်ဘူး။

- အိမ်ကနေ ထွက်ဖို့တောင် ပျင်းစရာကြီး။ အဲဒီအချိန်မှာ ဂိမ်းပဲ ထိုင်ကစားနေတာ ပိုကောင်းတယ်။

- ရာသီဥတုက အေးနေသေးတာ၊ အအေးမိရင် ဘယ်လိုလုပ်မလဲ။ ဒီရက်ပိုင်း ဖုန်မှုန့်တွေကလည်း ဆိုးနေတယ်။ စောင်ထဲမှာပဲ ကွေးနေတာ အန္တရာယ်အကင်းဆုံးပဲ~

- လူ ၁၀ ယောက်လောက် ရောက်လာရင်ပဲ ကံကောင်းလှပြီ။

ဂိမ်းစည်းမျဉ်းတွေကို ထောက်ခံတဲ့ အဖွဲ့အစည်းအမျိုးမျိုးကတော့ ဆိုးလ်အစိုးရအဆောက်အဦး ရှေ့မှာ အကြီးအကျယ် ဆန္ဒပြဖို့ စီစဉ်နေကြတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဂိမ်းကစားသူတွေကတော့ အိမ်ကနေ ထွက်ဖို့တောင် မစဉ်းစားကြပါဘူး။

ဒါပေမဲ့ နှီးနှောဖလှယ်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာတော့ OTK Games Korea နဲ့ ထိပ်တန်းဂိမ်းကုမ္ပဏီ ၅ ခုကနေ သူတို့ရဲ့ သက်ဆိုင်ရာ အွန်လိုင်းဂိမ်းတွေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ ဇာတ်ကောင်ဝတ်စုံတွေကို ဝေမျှမယ့် ပွဲတစ်ခုကို ကြေညာလိုက်တယ်။ အပြင်က တကယ်ဝတ်တဲ့ အင်္ကျီတွေကို ပေးတာမဟုတ်ဘဲ ဂိမ်းထဲက ဇာတ်ကောင်တွေ ဝတ်ဖို့အတွက် Coupon ကုဒ်တွေကို ပေးမှာပါ။

ဂိမ်းအကြောင်းမသိတဲ့ လူတွေကတော့ အဲလိုအရာမျိုးအတွက် ဘယ်သူက လာမှာလဲဆိုပြီး လှောင်ပြောင်ကြတာပေါ့။

ဒါပေမဲ့ ပွဲနေ့ရောက်တဲ့အခါမှာတော့ ဂိမ်းကစားသူတွေဟာ ဆိုးလ်အစိုးရအဆောက်အဦး ရှေ့ကို တိမ်တိုက်ကြီးတစ်ခုလို အုပ်စုလိုက်ကြီး ရောက်လာကြတယ်။ နွေဦးနှောင်းပိုင်းရဲ့ အအေးဓာတ်ကော၊ လေထုထဲက ဖုန်မှုန့်တွေကော သူတို့ကို မတားဆီးနိုင်ခဲ့ပါဘူး။

All Chapters