အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈)
ဆိုးလ်အစိုးရအဆောက်အဦးက MOGEFရဲ့ အိမ်ကွင်းပါပဲ။
လမ်းဘေးကခွေးတောင် သူ့နယ်မြေထဲသူဆို အစွမ်းပြနိုင်တယ်ဆိုတဲ့ စကားရှိတယ်မလား။ ဒါကြောင့် ဒီနေရာကို ခြေချရတာက ရန်သူ့နယ်မြေရဲ့ နှလုံးသားထဲကို တည့်တည့် လျှောက်ဝင်သွားရသလိုပဲ ဖြစ်စေမှာပါ။
လေထုက ပုံမှန်ထက် ပိုပြီးတင်းမာနေသလိုမျိုး ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျွန်တော့်ရဲ့စိုးရိမ်စိတ်က စကားစစ်ထိုးပွဲမှာ နိုင်ပါ့မလားဆိုတာထက် အိမ်ကိုရော ဘေးကင်းကင်းနဲ့ ပြန်နိုင်ပါ့မလားဆိုတာကိုပဲ တွေးမိနေတာပါ။ ရုတ်တရက်ဆိုသလို အမေနဲ့ အယ်လီတို့ကို လွမ်းမိသွားတယ်။
အစိုးရအဆောက်အဦးရှေ့မှာ အုပ်စုအသီးသီး စုရုံးနေကြပါပြီ။ တချို့က MOGEFနဲ့ ပတ်သက်တဲ့သူတွေဖြစ်ပြီး တချို့ကတော့ ပုဂ္ဂလိကအဖွဲ့အစည်းတွေပေါ့။ နဖူးစည်းစာတန်းတွေကလည်း လေထဲမှာ တလူလူလွင့်နေပါတယ်။
[ဂိမ်းစည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ပါ]
[ဂိမ်းကြောင့် တစ်နှစ်ကို ရာဇဝတ်မှုပေါင်း ၅၀၀ ဖြစ်ပွားနေတယ်]
[သတ်ဖြတ်ရတဲ့ဂိမ်းတွေက သင့်ကို လူသတ်သမားဖြစ်အောင် လုပ်နေတယ်]
[ဂိမ်းဆော့ခြင်းက အမှတ်တွေကို ကျဆင်းစေပြီး ဦးနှောက်ကို ပျက်စီးစေတယ်]
[မိဘတွေက တောင်းဆိုနေကြပြီ။ ပြင်းထန်တဲ့ ဂိမ်းစည်းမျဉ်းတွေကို ချက်ချင်းအကောင်အထည်ဖော်ပါ]
သူတို့ရှေ့မှာတော့ 'ကလေးတွေကို ဘေးကင်းစွာပျိုးထောင်ခြင်း မိဘများအဖွဲ့' ရဲ့ ဥက္ကဌ အန်နာကီလို့ အမည်ပြောင်ပေးထားတဲ့သူက မိုက်ကရိုဖုန်းနဲ့ အော်ဟစ်နေတယ်။
"ကျွန်မကလေး ကျောင်းကပြန်လာရင် ထမင်းလည်းမစားဘူး၊ စာလည်းမဖတ်ဘူး၊ ဂိမ်းပဲဆော့နေတာ။ ကွန်ပျူတာမှာလည်း ဂိမ်းဆော့တယ်၊ ဖုန်းထဲမှာလည်း ဆော့တယ်၊ တီဗီရှေ့မှာလည်း ဆော့တယ်။ သွားတားရင် အော်ဟစ်ပြီး ပြန်လုပ်တယ်၊ အပြာကားတောင် တစ်ခါမှမကြည့်ဖူးဘဲ စာပဲသိတဲ့ ကျွန်မကလေးကို ဂိမ်းတွေက ဖျက်ဆီးပစ်လိုက်တာ"
ကားထဲကနေ ကြည့်နေတဲ့ တက်ဂယူက ပြောတယ်။
"သူ့သားကြည့်ရတာ ပရိုဂိမ်မာကောင်းတစ်ယောက် ဖြစ်မယ့် အလားအလာ ရှိတယ်"
အံ့ဩဖို့ကောင်းတာက ဆန့်ကျင်ဘက်အခြမ်းမှာတော့ ဂိမ်းကုမ္ပဏီတွေက အရောင်းဆိုင်လေးတွေ ဖွင့်ထားပြီး အဲဒီရှေ့မှာ ဂိမ်းဆော့တဲ့သူတွေ စုဝေးနေကြတာပါပဲ။
လူပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။
လူသိန်းချီ ဆန္ဒပြလေ့ရှိတဲ့ ကိုရီးယားမှာတော့ ဒါက သိပ်မများဘူးလို့ ထင်ရပေမယ့် ဂိမ်းဆော့တဲ့သူတွေ ဒီလောက်အများကြီး စုရုံးဖို့ဆိုတာ ရှားပါတယ်။ သူတို့က ကျွန်တော်တို့ MOGEFထဲ ဝင်သွားတာကို အားပေးဖို့ ရောက်နေကြတာ... မဟုတ်ပါဘူး။ အကန့်အသတ်နဲ့ထုတ်တဲ့ ဝတ်စုံကူပွန်တွေ ပေးနေတယ်ဆိုလို့ ရောက်လာကြတာပါ။
ဒီပွဲအကြောင်း ကြားဖူးပေမယ့် ဒီလောက်အစွမ်းပြလိမ့်မယ်လို့ မထင်ထားမိဘူး။ သူတို့က ကြွေးကြော်သံတွေအော်ပြီး အားပေးမနေပေမယ့် ဒီလိုစုနေတာကို မြင်ရုံနဲ့တင် စိတ်ထဲမှာ အားရှိသွားသလိုပါပဲ။
ကျွန်တော်တို့ ဆွေးနွေးပွဲခန်းမထဲ ဝင်လိုက်တယ်။
မူလကတော့ အစည်းအဝေးခန်းမကြီးပါပဲ၊ ဒါပေမဲ့ စကားစစ်ထိုးပွဲအတွက် ပုံစံပြောင်းထားတာပါ။ အထဲမှာ လူတွေအများကြီး ရောက်နေကြပါပြီ။ စကားစစ်ထိုးပွဲ စားပွဲရဲ့ ညာဘက်ခြမ်းမှာတော့ ဝန်ကြီး ရှင်ဂျွန်မီ အပါအဝင် လူလေးယောက် ထိုင်နေပြီး အလယ်မှာတော့ အစီအစဉ်တင်ဆက်သူ ရှိနေပါတယ်။
အစီအစဉ်တင်ဆက်သူက MOGEFက ဦးစီးတဲ့ ဆွေးနွေးပွဲတွေကို အဓိကလုပ်ပေးနေကျသူဆိုတော့ သူတို့ဘက်ကလို့ပဲ သတ်မှတ်ရမှာပေါ့။ ပရိသတ်တွေထိုင်တဲ့နေရာမှာတော့ မိဘတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက လူပေါင်း ၃၀ လောက် ထိုင်နေကြပါတယ်။
OTK Company ပါဝင်ပတ်သက်လာကတည်းက ဂိမ်းစည်းမျဉ်းကိစ္စက လူထုစိတ်ဝင်စားမှု အတော်လေးရနေတာပါ။ ဒါကြောင့် MOGEFက ခွင့်ပြုထားတဲ့ သတင်းထောက်တွေလည်း ရောက်နေကြပါတယ်။ လူပုံအလယ်မှာ မျက်နှာမပြချင်တဲ့ တက်ဂယူအတွက် ကင်မရာရှုထောင့်ကို သူ့အသံပဲကြားရအောင် စောင်းပြီး ရိုက်ပေးထားပါတယ်။
ကြောက်စိတ်ဝင်နေတဲ့ ကျွန်တော်နဲ့မတူဘဲ တက်ဂယူကတော့ လုံးဝအေးဆေးပါပဲ။ သူ ဘေးမှာရှိနေတာက တကယ့်ကို စိတ်သက်သာရာရစေပါတယ်။
စကားစစ်ထိုးပွဲမစခင် ကျွန်တော်တို့ နှုတ်ဆက်ကြတယ်။ အစီအစဉ်တင်ဆက်သူက ကြေညာတယ်။
"အခုဆိုရင် လူငယ်တွေရဲ့ အင်တာနက်ဂိမ်းများကို ကျန်းမာစွာအသုံးပြုခြင်းနှင့် ဂိမ်းစွဲလမ်းမှု ကုသခြင်းဆိုင်ရာ ဆွေးနွေးပွဲကို စတင်ပါတော့မယ်"
ပထမဆုံး စကားပြောတဲ့သူကတော့ လူငယ်ကျန်းမာရေး အမျိုးသားမဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌ မင်ဟတ်ဂယူ ဖြစ်ပါတယ်။ သူက MOGEFဘက်က တစ်ဦးထဲသော အမျိုးသားအဖွဲ့ဝင်ပါ။ သူက ဂိမ်းတွေရဲ့ ဆိုးကျိုးတွေကို စာရင်းပြုစုပြီး ပြောသွားတယ်။
"...ဒါကြောင့် ဂိမ်းတွေရဲ့ စွဲလမ်းစေမှုနဲ့ လောင်းကစားဆန်တဲ့ အစိတ်အပိုင်းတွေက ပြင်းထန်ပါတယ်။ Kangwon Land (ကိုရီးယားရဲ့ပြည်သူတွေဝင်ရောက်နိုင်သော ကာစီနို)ကို ကြည့်လိုက်ပါ။ Kangwon Landကို အစိုးရရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းအောက်မှာ လည်ပတ်နေတာပါ။ ဒါဆို ဂိမ်းစည်းမျဉ်းကိုကျတော့ ဘာလို့ ဒီလောက်ဆန့်ကျင်နေကြတာလဲ"
ကျွန်တော်ကတော့ စကတည်းက ဆွံ့အသွားရတယ်။
"ဂိမ်းနဲ့ လောင်းကစားက အတူတူမလို့လား"
သူက သဘာဝကျကျပဲ ပြန်ဖြေတယ်။
"သူတို့ရဲ့ အနှစ်သာရက အတူတူပါပဲ။ နှစ်ခုလုံးက 'စွဲလမ်းစေတဲ့ အရာကြီး ၄ ခု' ထဲမှာ ပါဝင်ပြီး ဂိမ်းစွဲတဲ့သူတွေရဲ့ ဦးနှောက်က လောင်းကစားစွဲတဲ့သူတွေရဲ့ ဦးနှောက်နဲ့ ထပ်တူပဲဆိုတဲ့ သုတေသနတွေ ရှိပါတယ်"
လောင်းကစားဆိုတာ ကိုယ်တိုင်က ဘာတန်ဖိုးမှ ထပ်တိုးမပေးနိုင်ပါဘူး။ ဖဲချပ်နံပါတ်တွေအပေါ် မူတည်ပြီး ငွေကြေးတွေက တစ်ဖက်ကနေ တစ်ဖက်ကို ကူးပြောင်းသွားရုံပါ။ ဖြစ်နိုင်ရင် လုံးဝဖျက်သိမ်းပစ်တာ အကောင်းဆုံးဖြစ်ပေမယ့် ခက်ခဲတဲ့အတွက် မြင်းပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲနဲ့ ကာစီနိုလိုမျိုးတွေကို အစိုးရက သေချာထိန်းချုပ်ပြီး လုပ်ဆောင်နေတာပါ။
ဒါပေမဲ့ ဂိမ်းလုပ်ငန်းကတော့ ကြီးမားတဲ့ တန်ဖိုးတွေကို ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံအများအပြားက သူတို့ရဲ့ ဂိမ်းလုပ်ငန်းတွေကို မြှင့်တင်ဖို့ ကြိုးစားနေကြတာပါ။
သူတို့က ဂိမ်းနဲ့ လောင်းကစားကို စကတည်းက အတူတူပဲလို့ မြင်နေမှတော့ ဒီစကားစစ်ထိုးပွဲက အဓိပ္ပာယ်ရှိပါဦးမလား။
"ဂိမ်းအများကြီးဆော့ရင် သုက်ပိုးအရေအတွက် ကျဆင်းစေတယ်ဆိုတဲ့ သုတေသနလည်း ရှိသေးတယ်"
"...ဟမ်"
ဒါက ကျွန်တော့်ဘဝမှာ ကြားဖူးသမျှ အံ့ဩစရာအကောင်းဆုံး သုံးခုထဲက တစ်ခုပါပဲ။ တက်ဂယူကတော့ မကျေမနပ် ဖြစ်သွားပုံရတယ်။
"တကယ်ကြီးလား။ ဂိမ်းဆော့ရုံနဲ့ ပန်းသေပန်းညှိုးဖြစ်တာ ဒါမှမဟုတ် ကလေးမရနိုင်တာ ဖြစ်သွားရောလား"
"ဒါက ဂျပန်က ယုံကြည်စိတ်ချရတဲ့ ပညာရှင်တစ်ယောက်ရဲ့ သုတေသနရလဒ်ပါ။ ဂိမ်းတွေ အလွန်အကျွံဆော့ရင် ဦးနှောက်အရှေ့ပိုင်းကို ပျက်စီးစေပြီး သိမြင်နိုင်စွမ်းတွေကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ဦးနှောက်က သူငယ်ပြန်ရောဂါသည်တစ်ယောက်လို ပြောင်းလဲသွားပြီး အကြမ်းဖက်မှုနဲ့ လူသတ်လိုစိတ်တွေကို တိုးပွားစေပါတယ်။ ဒီသုတေသနကို အသေးစိတ်ရေးထားတဲ့ စာအုပ်တောင် ဂျပန်မှာ ထုတ်ဝေခဲ့ပြီးပြီ"
ဒါသာ အမှန်ဆိုရင် နိုဘယ်ဆု ရသင့်နေပြီလေ။ ဒါပေမဲ့ ဒါက လုံးဝအဓိပ္ပာယ်မရှိတဲ့အရာဖြစ်ပြီး ဂျပန်မှာတောင် အမှိုက်လို စာအုပ်လို့ သတ်မှတ်ခံထားရတာပါ။ ဒါကို ကိုရီးယားအထိ ယူလာပြီး ဂိမ်းစည်းမျဉ်းတွေအတွက် အကြောင်းပြချက်အဖြစ် သုံးနေကြတာပဲ။
"ဒါဆို ပရိုဂိမ်မာတွေအားလုံးက ဦးနှောက်ပျက်စီးနေကြတာလား"
တက်ဂယူရဲ့အမေးကို ဒါရိုက်တာ မင်ဟတ်ဂယူက ခေါင်းညိတ်ပြတယ်။
"မှန်တယ်။ သူတို့က ပရော်ဖက်ရှင်နယ်အဖြစ် လေ့ကျင့်ထားလို့သာ နည်းနည်းပိုခံနိုင်တာပါ။ စာရင်းဇယားတွေအရ ကျောင်းသားဖြစ်နေတုန်း ပရိုဂိမ်မာလုပ်တဲ့သူတွေက တခြားကျောင်းသားတွေထက် စာမေးပွဲအမှတ်တွေ နည်းနေတာ တွေ့ရပါတယ်။ ဒါက သူတို့ဦးနှောက်မှာ ပြဿနာရှိနေတယ်ဆိုတဲ့ သက်သေပါပဲ"
"..."
ပရိုဂိမ်မာအလုပ်နဲ့ စာသင်တာကို တွဲလုပ်နေရတဲ့သူက အမှတ်မကျရင်ပဲ ထူးဆန်းနေမှာ မဟုတ်ဘူးလား။
ကျွန်တော် သူ့ကို မေးလိုက်တယ်။
"ဒါဆို အခု ခင်ဗျားပြောချင်တဲ့ အဓိကအချက်က ဂိမ်းက အမှတ်တွေကို ကျဆင်းစေတာလား ဒါမှမဟုတ် လူသတ်မှုကို ဖြစ်စေတာလား"
"နှစ်ခုလုံးပါပဲ။ မကြာသေးခင်က ဖြစ်သွားတဲ့ ယုံချွန်ဒေါင်း PC bang လူသတ်မှုကို သိတယ်မလား။ တရားခံ ကင်ဂျောင်ဆုက လူမသတ်ခင် ၅ နာရီကြာအောင် အွန်လိုင်းဂိမ်းဆော့ခဲ့တာကို တွေ့ရတယ်။ ဒါကိုတောင် ဂိမ်းနဲ့ အကြမ်းဖက်မှုကြား ဆက်စပ်မှုမရှိဘူးလို့ ပြောနိုင်သေးလား"
တက်ဂယူက ပြန်ချေပတယ်။
"အခုပဲ PC bang တစ်ခုခုထဲ ဝင်ကြည့်လိုက်ပါ၊ ၅ နာရီထက်မက ဆော့နေတဲ့သူတွေ အများကြီးပဲ။ သူတို့အားလုံး လူမသတ်ကြပါဘူး။ ဟုတ်တယ်မလား"
"အမေရိကန် ကျောင်းတွင်းသေနတ်ပစ်မှုတွေမှာ ပါဝင်တဲ့ တရားခံတွေရဲ့ ၂၅ ရာခိုင်နှုန်းက FPS ဂိမ်းတွေကို ပုံမှန်ဆော့လေ့ရှိတယ်ဆိုတဲ့ စာရင်းဇယားလည်း ရှိပါတယ်"
သူတို့ ဘယ်လိုစစ်တမ်းကောက်ခဲ့လဲတော့ မသိပေမယ့် အဲဒီစာရင်းဇယားက မှားတော့မှားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့...
"တကယ်တော့ လူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းက ပုံမှန်အားဖြင့် FPS ဂိမ်းတွေကို ဆော့ကြတာပဲလေ။ အဲဒီယုတ္တိအတိုင်းဆိုရင် FPS ဂိမ်းတွေကို ပုံမှန်ဆော့ပြီး ကျောင်းတွင်းသေနတ်ပစ်မှု မလုပ်တဲ့လူငယ် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိတယ်ဆိုတဲ့ စာရင်းဇယားလည်း ရှိတာပဲ"
သူက စိတ်တိုတိုနဲ့ ပြန်အော်တယ်။
"ဒါက စကားကိုဗလောင်းဗလဲပြောပြီး ကစားရမယ့်နေရာမဟုတ်ဘူး"
ရှေးရိုးစွဲဝါဒီတွေနဲ့ တိုးတက်ပြောင်းလဲလိုသူတွေကြားက စကားစစ်ထိုးပွဲတောင် ဒီလောက်အထိ ဆန့်ကျင်ဘက် ဖြစ်မနေနိုင်ပါဘူး။ တက်ဂယူက ဆက်ပြီး ချေပတယ်။
"ဂိမ်းဆော့ပြီးတော့လည်း ထိပ်တန်းတက္ကသိုလ်တွေ ရောက်အောင် စာတော်တဲ့ ကျောင်းသားတွေ အများကြီးရှိတာပဲ"
ဒါရိုက်တာ မင်ဟတ်ဂယူက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်တယ်။
"မရှိဘူး။ အဲလိုကျောင်းသားတစ်ယောက်မှ မရှိဘူး"
တက်ဂယူက အကွက်တွေ့သွားတဲ့ပုံစံနဲ့ ချက်ချင်းပဲ ကျွန်တော့်ကို လက်ညှိုးထိုးပြတယ်။
"ဒီစကားကို ချေပဖို့ သိပ်လွယ်တာပဲ။ ဒီမှာရှိတဲ့ကောင်က ကျွန်တော်နဲ့အတူ PC bang တွေမှာ အမြဲတမ်း အွန်လိုင်းဂိမ်း ဆော့ခဲ့တဲ့ကောင်"
"..."
ကျွန်တော့်ကို ဘာလို့ ဆွဲထည့်တာလဲ။
ပရိသတ်ထဲက မိဘတွေက တိုးတိုးတိုးတိုးနဲ့ ပြောဆိုလာကြတယ်။ ကျွန်တော်က ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဘွဲ့ရထားသူဆိုတာ အားလုံးသိကြတာပဲလေ။ ကိုရီးယားတက္ကသိုလ်ဆီ ကိုယ့်ကလေးကိုပို့နိုင်ဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက် မဟုတ်ဘူးလား။
ကျွန်တော် အေးအေးဆေးဆေးပဲ စကားပြောလိုက်တယ်။
"ကျွန်တော်က ထိပ်တန်းအထက်တန်းကျောင်းက ဆင်းလာတာလည်း မဟုတ်ဘူး၊ ကျူရှင်တွေအများကြီးလည်း မတက်ခဲ့ရဘူး။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနကို တက်ခွင့်ရခဲ့တယ်။ အကြောင်းရင်းကတော့ စာကျက်လို့ မောပန်းလာတဲ့အခါ ဂိမ်းဆော့ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချခဲ့လို့ပဲ"
အမှန်တကယ်တော့ အထက်တန်း ဒုတိယနှစ်ကစပြီး ဂိမ်းတွေကိုဖြတ်ကာ အရူးအမူး စာကျက်ခဲ့တာဖြစ်ပေမယ့် အဲဒါကိုတော့ ထည့်မပြောတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ စကားမစပ်၊ ကျူရှင်ဆရာနဲ့ သီးသန့်မသင်ခဲ့ရပေမယ့် စာသင်ဝိုင်းတွေတော့ သေချာတက်ခဲ့ပါတယ်။ ဖတ်စာအုပ်တွေနဲ့ EBS တင် ကြည့်ပြီး ကိုရီးယားတက္ကသိုလ် ရောက်သွားတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။
"တက္ကသိုလ်တက်နေတုန်းကလည်း အတန်းဖော်တွေ၊ စီနီယာတွေနဲ့အတူ PC bang သွားပြီး တိုက်ခိုက်ရေးဂိမ်းတွေ ခဏခဏ ဆော့ဖြစ်တယ်။ ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေထဲမှာ ဂိမ်းမဆော့တတ်တဲ့သူ သိပ်မရှိပါဘူး"
တခြားတက္ကသိုလ်က ကောင်တွေနဲ့ အသင်းလိုက်ပြိုင်ရင် အမြဲတမ်းရှုံးတာကိုတော့ ထည့်မပြောတော့ပါဘူးလေ။ တက္ကသိုလ်ဝင်ခွင့် ရမှတ်နည်းလေ ဂိမ်းပိုတော်လေပဲလို့ ပြောရင်တော့ ရပါတယ်။
မိဘတွေက ကျွန်တော့်စကားကို အသေအချာ နားထောင်နေကြတယ်။ 'နာမည်ကြီးတက္ကသိုလ်' ဆိုတဲ့ ဂုဏ်ပုဒ်က တကယ်ကို အစွမ်းပြတာပဲ။ အားလုံးက ကိုရီးယားတက္ကသိုလ်ဆိုပြီး ဘာလို့ ဒီလောက်အုန်းအုန်းထနေကြလဲ ဆိုတာ နားလည်သွားပါပြီ။
မင်ဟတ်ဂယူကတော့ ပျာပျာသလဲ ဖြစ်သွားတယ်။ ဂိမ်းလည်းဆော့ပြီး ကိုရီးယားတက္ကသိုလ်လည်း တက်ခဲ့တဲ့သူက ရှေ့တည့်တည့်မှာ ရှိနေတော့ သူ့ယုတ္တိက ပျက်ပြယ်သွားပြီလေ။ သူက တက်ဂယူကို လက်ညှိုးထိုးပြီး အော်တော့တယ်။
"ဒါပေမဲ့ အတူတူဂိမ်းဆော့ခဲ့တဲ့ ဒုတိယဥက္ကဌကျတော့ တက္ကသိုလ်တောင် မတက်ခဲ့ဘူးမလား"
တက်ဂယူက မျက်နှာပျက်မပျက်ဘဲ ကြွားလုံးထုတ်လိုက်တယ်။
"ဒါက ကျွန်တော်က စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိလို့လေ။ ဘီလ်ဂိတ်လိုမျိုး ဟားဗတ်ကနေ ကျောင်းထုတ်ခံပြီးမှ ကုမ္ပဏီထောင်တာထက်စာရင် ချက်ချင်းပဲ တိုက်ရိုက် ထောင်လိုက်တာ ပိုကောင်းမယ် ထင်လို့ပါ။ ဂိမ်းဆော့ရင်းနဲ့ စီးပွားရေးလုပ်မယ့် အိပ်မက်ကို မွေးမြူခဲ့တာ။ ကန်ဂျင်ဟူ ကိုရီးယားတက္ကသိုလ် ရောက်တာရော၊ OTK Company ဖြစ်လာတာရော အားလုံးက ဂိမ်းကြောင့်ပဲ"
ဒါရိုက်တာ မင်ဟတ်ဂယူက ပြန်အော်တယ်။
"လိမ်မနေနဲ့"
ကျွန်တော် ဝင်ပြောလိုက်တယ်။
"Facenote ရဲ့ စီအီးအို မိုက် ဂိုးဒန်းဘက်တောင် သူသာ ဂိမ်းမဆော့ခဲ့ရင် Facenote ကို ထောင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်”
သူ တကယ်ပဲ အဲလိုမျိုး ပြောခဲ့ဖူးပါတယ်။ သူကိုယ်တိုင်က ဟားဗတ်တက်ခဲ့တာ ဆိုပေမယ့်ပေါ့လေ။ အောင်မြင်မယ့်သူကတော့ ဘာလုပ်လုပ် အောင်မြင်တာပဲ ထင်ပါတယ်။
မင်ဟတ်ဂယူ ရှုံးနိမ့်သွားတော့ ရှေ့နေ ပတ်ဟဲဂျင်က ရှေ့ထွက်လာတယ်။ သူက Ze ဥပဒေရေးရာကုမ္ပဏီရဲ့ ကိုယ်စားလှယ်ရှေ့နေဖြစ်ပြီး ဟိုချန်မင်းရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ဥပဒေအကြံပေးအဖြစ် လုပ်ခဲ့ဖူးသလို လက်ရှိမှာလည်း ကျား၊မ တန်းတူညီမျှမှုမြှင့်တင်ရေးဌာနရဲ့ အတိုင်ပင်ခံရှေ့နေအဖြစ် ဆောင်ရွက်နေသူပါ။ သူက ပြတ်သားတဲ့လေသံနဲ့ ပြောတယ်။
"ဂိမ်းဆော့တဲ့သူ အများစုက ရာဇဝတ်မှုမကျူးလွန်ကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ကို ရာဇဝတ်ကောင်တွေနဲ့ သီးခြားစီလို့ သတ်မှတ်သင့်သလား။ ဒါက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံငုံမမြင်နိုင်တဲ့ အမြင်လို့ ကျွန်မ ထင်တယ်"
ကျွန်တော် ဆွံ့အပြီး မေးလိုက်တယ်။
"ဒါက အပြစ်ရှိသူနဲ့ ပတ်သက်မိရုံနဲ့ လူဆိုးလို့သတ်မှတ်တဲ့စနစ်လား ခင်ဗျာ"
"ဟုတ်တယ်လေ။ ဒါကြောင့်ပဲ ကျွန်မတို့က ဂျပန်ဆီက ဘာလို့ တောင်းပန်မှုတွေ တောင်းဆိုနေကြတာပေါ့။ ဂျပန်ရဲ့ လက်ရှိမျိုးဆက်က စစ်ရာဇဝတ်ကောင်တွေ မဟုတ်ဘူးလေ။ အဲဒါကို အခု ဘာလို့ သွားတောင်းပန်ခိုင်းနေတာလဲ"
ကျွန်တော် အော်ပစ်ချင်စိတ်ကို အောင့်အီးထားလိုက်ရတယ်။ ဘာလို့ ဂျပန်ကို ဆွဲထည့်လာတာလဲ။
"ဂျပန်ရဲ့ လက်ရှိမျိုးဆက်က စစ်ရာဇဝတ်ကောင်တွေရဲ့ လုပ်ရပ်အတွက် တောင်းပန်ပြီး နောင်တရတယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို ဆက်ပြီး အပြစ်တင်နေလို့ မရဘူးမလား။ အလားတူပဲ ဂိမ်းဆော့တဲ့သူ အများစုကလည်း ရာဇဝတ်ကောင်တွေကို အားမပေးကြဘူး၊ ဒါဆို သူတို့က ဘာလို့ အပြစ်တင်ခံရမှာလဲ"
"ကျွန်မတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကြည့်ရမယ်။ လက်တွေ့မှာ မြင်နေရတဲ့ ဒီအပိုင်းလေးတစ်ခုထဲကိုပဲ ထုတ်နှုတ်ပြီး မဟုတ်ပါဘူးလို့ ပြောလို့ရမလား။ ကင်ဂျောင်ဆု သတင်းစာရှင်းလင်းပွဲမှာ ဆင်ခြေတွေပေးနေတာကို ကြည့်လိုက်ဦး"
"သူက ရာဇဝတ်ကောင်မလား"
"သူနဲ့ တခြားဂိမ်းဆော့တဲ့သူတွေက လုံးဝမပတ်သက်ဘူးလို့ ပြောလို့ရမလား"
"ဒါဆို ဘာပတ်သက်မှု ရှိလို့လဲ ခင်ဗျာ"
"သူတို့က ဂိမ်းတစ်ခုထဲကို အတူတူဆော့ခဲ့ကြတာလေ"
" ကျောင်းတူတူတက်ခဲ့တဲ့ကျောင်းသားတွေ၊ ဆိုင်တစ်ဆိုင်ထဲမှာ တူတူစားခဲ့တဲ့သူတွေ၊ အဆောက်အဦးတစ်ခုထဲမှာ နေတဲ့သူတွေကိုတောင် ဘာမှပြောကြတာမဟုတ်ဘူးဘူး။ မိသားစုတွေကိုတောင် အပြစ်တင်နေကြတာမဟုတ်ဘူးလေ။ ဂိမ်းတစ်ခုထဲ ဆော့မိရုံနဲ့ ဘာလို့ အတူတူ တာဝန်ယူရမှာလဲ"
"ရှင်းနေတာပဲလေ၊ ဂိမ်းက ပြဿနာမလို့ပေါ့"
ကျွန်တော် ပြန်မချေပရသေးခင်မှာပဲ သူက တခြားအကြောင်းအရာတစ်ခုကို ထပ်ပြောလာတယ်။
"နောက်ပြဿနာတစ်ခုကို ကြည့်ရအောင်။ မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဂိမ်းတွေထဲမှာ ကျား၊မ ခွဲခြားဆက်ဆံမှုနဲ့ အမျိုးသမီးမုန်းတီးရေးစိတ်ဓာတ်တွေက ပြင်းထန်တဲ့အဆင့်ကို ရောက်နေပြီ"
"ဒီဆွေးနွေးပွဲက ဂိမ်းစွဲလမ်းမှုနဲ့ စည်းမျဉ်းတွေအကြောင်း ဆွေးနွေးရမှာ မဟုတ်ဘူးလား ခင်ဗျာ"
အစီအစဉ်တင်ဆက်သူက ကြားဖြတ်ပြောတယ်။
"ဒီပြဿနာကလည်း ဒီဆွေးနွေးပွဲထဲမှာ ပါဝင်ပါတယ်။ ကျေးဇူးပြုပြီး ဆက်ပြောပေးပါ"
ကျွန်တော် ဆွေးနွေးပွဲစာရွက်စာတမ်းတွေကို လှန်ကြည့်လိုက်တယ်။ တကယ်ပဲ ဂိမ်းထဲက ကျား၊မ ခွဲခြားမှုမေးခွန်းမှာ ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်က 'ပြင်းထန်တယ်' သို့မဟုတ် 'အလွန်ပြင်းထန်တယ်' လို့ ဖြေထားကြတာပါ။
"ဒီစစ်တမ်းကို ဘယ်မှာ ကောက်ယူခဲ့တာလဲ ခင်ဗျာ"
"ဆွန်းဒုတ်အမျိုးသမီးတက္ကသိုလ်မှာ ကောက်ယူခဲ့တာပါ"
"...ဒါဆို စစ်တမ်းဖြေတဲ့သူတွေက သဘာဝအတိုင်း အားလုံးအမျိုးသမီးတွေပေါ့"
ကျွန်တော် မအံ့ဩတော့ပါဘူး။ ရှေ့နေ ပတ်ဟဲဂျင်က ကျွန်တော့်စကားကို နားမထောင်ဟန်ဆောင်ပြီး ဆက်ပြောတယ်။
"Warclass ဂိမ်းကိုပဲ ဥပမာထားကြည့်ရအောင်။ ဒီမှာပါတဲ့ ဂိမ်းဇာတ်ကောင်တွေက အားလုံးအမျိုးသားတွေပဲ၊ အမျိုးသမီးဇာတ်ကောင်တွေကတော့ အကူအညီပေးတဲ့ အခန်းကဏ္ဍတွေမှာပဲ အများဆုံး ပါဝင်နေရတယ်"
Warclass က လက်ရှိ နာမည်ကြီးနေတဲ့ မိုဘိုင်းဂိမ်းတစ်ခု ဖြစ်ပါတယ်။ တက်ဂယူက မျက်တောင်ခတ်ရင်း ပြောလိုက်တယ်။
"အဲ့ဒါက စစ်ပွဲဂိမ်းမလား။ ရောမခေတ်ကို အခြေခံထားပြီး စစ်သားတွေနဲ့ စစ်တိုက်ရုံပဲလေ"
"မှန်တာပေါ့။ အမျိုးသမီးတွေ တက်ကြွစွာမပါဝင်နိုင်တဲ့ ဒီလိုဂိမ်းမျိုးကို ဖန်တီးတာက ကျား၊မ ခွဲခြားဆက်ဆံမှုပဲ"
ကျွန်တော် စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
"ဒီဂိမ်းဇာတ်ကောင်တွေရဲ့ အချိုးအစားကို ၅၀ စီ ဖြစ်အောင်လုပ်ဖို့ ဘာလို့ အရေးကြီးတာလဲ ခင်ဗျာ"
"ဘာလို့ ၅၀ စီ ဖြစ်ဖို့ အရေးကြီးတာလဲ ဟုတ်လား။ ကျွန်မတို့ရဲ့ ပြဿနာနဲ့ မကျေနပ်မှုက အမျိုးသမီးဇာတ်ကောင်တွေရဲ့ အချိုးအစားက နည်းလွန်းနေတာ။ အမျိုးသမီးအချိုးအစားကို မြှင့်တင်လိုက်ရင် အဲဒီပြဿနာ ပြေလည်သွားမှာပဲ"
"နည်းနေတာက သီးခြားပြဿနာတစ်ခု ဖြစ်နေလို့လား ခင်ဗျာ"
"ဟုတ်တယ်။ အဲဒါက ပြဿနာပဲ"
"..."
ဒါက ဘယ်လို အကျိုးအကြောင်း ဆက်စပ်ပြနေတာလဲကွာ။
"ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်က အမျိုးသမီးတွေပဲ။ ဒါပေမဲ့ ဂိမ်းဇာတ်ကောင်တွေထဲမှာ အမျိုးသမီးတွေ နည်းနေတာက လူတန်းစားတည်ဆောက်ပုံကို ထင်ဟပ်နေတယ်"
"ဒါဆို ဂိမ်းထဲမှာပါတဲ့ ရောမနဲ့ ကာသေ့ဂျ်စစ်သားတွေကိုလည်း ယောကျ်ားတစ်ဝက်၊ မိန်းမတစ်ဝက် ပြောင်းရမှာလား ခင်ဗျာ"
"အဲဒါတွေက အဆင့်နိမ့်တဲ့ ရာထူးတွေပဲလေ။ လူမှုရေးအဆင့်အတန်း နိမ့်တဲ့ဇာတ်ကောင်တွေကိုတော့ ကျား၊မ တန်းတူဖြစ်အောင် လုပ်ဖို့ မလိုပါဘူး၊ ကြိုက်တဲ့ဇာတ်ကောင် ထည့်လို့ရတယ်။ ကျွန်မတို့ ပြောနေတာက စစ်သူကြီးလိုမျိုး အဆင့်မြင့်ပြီး အရေးကြီးတဲ့ ဇာတ်ကောင်တွေကိုပဲ ကျား၊မ တန်းတူ ဖြစ်စေချင်တာ"
"..."
ကျွန်တော်တစ်ယောက်ထဲပဲ ဒါကို နားမလည်တာလား။ တကယ်တော့ တက်ဂယူနဲ့ ကျွန်တော်ပဲ နားမလည်တာ ဖြစ်ပုံရတယ်။ တခြားပါဝင်သူတွေကတော့ ရှေ့နေ ပတ်ဟဲဂျင်ရဲ့ စကားကို ထောက်ခံတဲ့ပုံစံပါပဲ။ သူက အောင်နိုင်သူလို လေသံနဲ့ ပြောတယ်။
"တွေ့တဲ့အတိုင်းပဲ ဂိမ်းတွေထဲက ကျား၊မ ခွဲခြားမှုက ပြင်းထန်ပါတယ်။ ဒါကြောင့် MOGEFက စည်းမျဉ်းသတ်မှတ်ပိုင်ခွင့်အာဏာကို ယူပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်"
ကျွန်တော် ဆက်ပြီး နားလည်အောင် ကြိုးစားဖို့ လက်လျှော့လိုက်တယ်။
"ကောင်းပါပြီ။ နားလည်ပါပြီ။ ဒါနဲ့ စကားမစပ် ရှေ့နေပတ်၊ ခင်ဗျားရဲ့ Zeဥပဒေရေးရာကုမ္ပဏီမှာ ရှေ့နေ ၆ ယောက် ရှိတယ်နော်။ ကိုယ်စားလှယ်ဖြစ်တဲ့ ခင်ဗျားကို ဖယ်လိုက်ရင် အမျိုးသမီးရှေ့နေက ၁ ယောက်ပဲရှိပြီး ကျန်တဲ့ ၄ ယောက်က အမျိုးသားရှေ့နေတွေ ဖြစ်နေတယ်။ အဆုံးသတ်မှာ ၅ ယောက်ထဲက ၄ ယောက်က ယောကျ်ားတွေ ဖြစ်နေတော့ ၈၀ ရာခိုင်နှုန်းတောင် ရှိတာဗျ။ ခင်ဗျားက စောစောကတည်းက ဂိမ်းထဲက အဆင့်မြင့်ဇာတ်ကောင်တွေရဲ့ ကျား၊မ အချိုးအစားက တန်းတူဖြစ်ရမယ်လို့ ပြောနေတာမလား။ ဒါဆို ဘာလို့ ရှေ့နေ ပတ်ဟဲဂျင် ကိုယ်တိုင်က ကုမ္ပဏီရဲ့ ရှေ့နေအချိုးအစားကို ၈ အချိုး ၂ နဲ့ အမျိုးသားတွေကို ပိုခန့်ထားရတာလဲ။ ခင်ဗျားက နှုတ်ကသာ ကျား၊မ တန်းတူညီမျှမှုလို့ ပြောပြီး လက်တွေ့မှာတော့ ခွဲခြားဆက်ဆံပြီး အမျိုးသမီးတွေကို မုန်းတီးနေတာ မဟုတ်ဘူးလား"
အထိနာသွားတဲ့ သူက ပျာပျာသလဲ ဖြစ်သွားတယ်။
"ဘာ... ဘာပြောတယ်၊ ရှေ့နေတွေအကြောင်းပဲ ဘာလို့ ပြောနေတာလဲ။ အထွေထွေဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေ ပိုများ..."
တက်ဂယူက စိတ်လှုပ်ရှားစွာနဲ့ ကြားဖြတ်ပြောတယ်။
"အဆင့်နိမ့်တဲ့ ရာထူးတွေက အရေးမကြီးဘူးလေ။ လူမှုရေးအဆင့်အတန်း နိမ့်တဲ့ကဏ္ဍတွေမှာ ကျား၊မ တန်းတူဖြစ်ဖို့ မလိုဘူး၊ ကြိုက်တဲ့သူ ခန့်လို့ရတယ်မလား။ ဒါပေမဲ့ ရှေ့နေလိုမျိုး အဆင့်မြင့်ရာထူးတွေကျတော့ သေချာပေါက် ကျား၊မ တန်းတူဖြစ်ရမယ်လို့ ခင်ဗျားပဲ ပြောခဲ့တာလေ။ ဟုတ်တယ်မလား"
"အဲဒါ... အဲဒါက..."
သူ ဆင်ခြေရှာဖို့ ကြိုးစားပေမယ့် ရှာမတွေ့တော့ပုံရတယ်၊ ချက်ချင်း ထရပ်ပြီး အော်တော့တယ်။
"ရှင် ကျွန်မရဲ့ နောက်ကြောင်းကို စုံစမ်းစစ်ဆေးထားတာလား"
ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။
"ခင်ဗျားတို့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာတင် ဖော်ပြထားတာပဲလေ"
"သူများကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်တာ နောက်ကြောင်းစုံစမ်းတာပဲ။ ရှင်တို့ကို တရားစွဲမယ်"
သူက စာအုပ်ကြီးအတိုင်း လုပ်ရတာ ကြိုက်ပုံရတယ်၊ ရှေ့နေပီသပါပေတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်ကဲ့၊ တရားစွဲပါ ခင်ဗျာ"
[ပဉ္စမမြောက်သမ္မတနိုင်ငံခေတ် ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းကြောင်း မှာ အာဏာရှင်စနစ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အလွန်ပြင်းထန်ခဲ့တဲ့ ကာလတစ်ခုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
အတိအကျပြောရရင် ၁၉၈၁ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ (စစ်ဗိုလ်ချုပ်ဟောင်း ချန်ဒူးဟွမ် သမ္မတအဖြစ် အုပ်ချုပ်ခဲ့တဲ့ သက်တမ်း) ကာလကို ရည်ညွှန်းတာပါ။]