← Chapters

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း (၈၄၁) - အင်မော်တယ် တစ်သောင်း နန်းတော် ၏ အဖြစ်အပျက်များ.. ယွီခယ်အာ ကွယ်လွန်ခြင်း (အပိုင်း- ၄)

ကောင်းကင်အပျက်အစီး ခန်းမ မှ သတင်းရရှိချက်အရ အင်မော်တယ်တစ်သောင်း နန်းတော်က 'ကြယ်ခူးမျှော်စင်' နှင့် 'လညွှန်နန်းတော်' မှ အဆောင်လက်ဖွဲ့ ဆရာများကို အန္တရာယ်အများဆုံး စစ်မျက်နှာများသို့ စေလွှတ်လိုက်ပြီး သူတို့၏ ကိုယ်ပိုင်လူများကိုမူ နောက်တွင် ထားရှိရန် ကြံစည်နေကြောင်း သိရှိရ၏။

ထိုအကြောင်းကြောင့်သာ နန်းတော်သခင်က တာအိုဆရာ ထျန်းယွီကို အင်မော်တယ်တစ်သောင်း နန်းတော်သို့ သွားရောက်ကာ ပညာရှင်အားလုံးကို ပြန်လည် ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

စုယွီ၏ မျက်ခုံးတို့ အနည်းငယ် တွန့်ကွေးသွား၏။

သူတို့က မိစ္ဆာမျိုးနွယ်စုတို့၏ ပြင်းထန်သော ရေလှိုင်းကြီး နှင့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် မြေကမ္ဘာ အင်မော်တယ် စံအိမ်ထံမှ 'ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်' ရုပ်တုကို ထုတ်ပေးစေချင်နေသည်ပေါ့။

သူတို့ကိုယ်သူတို့ အတော်လေး အထင်ကြီးနေကြပုံပင်။

စုယွီ အေးစက်စက် လှောင်ရယ်လိုက်၏။

တာအိုသခင်ကြီး ဟုန်ယွဲ့၏ ဂုဏ်ပြုပွဲ အခမ်းအနား၌လည်းကောင်း၊ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းစဉ် အခိုက်အတန့်၌လည်းကောင်း ထိုသူတို့အား တစ်စုံတစ်ရာ မပြုလုပ်ဘဲ သည်းခံခဲ့ခြင်းမှာ အကြောင်းရှိသည်။

မဟုတ်ပါက အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ယခင်က ဖြစ်ပွားခဲ့သော ရန်ငြိုးများ၊ ထိုနေ့က သူတို့၏ လုပ်ရပ်များကိုသာ အခြေခံကြည့်မည်ဆိုလျှင်...

ထိုနေ့၌ပင် အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင် တစ်ပါးကို သူ အသက်ပျောက်စေခဲ့မည်မှာ သေချာသည်။

သို့သော် ယခင်က မလုပ်ခဲ့သည့်အတွက် ယခုအခါတွင်မူ အခြား အင်အားစုများအားလုံးနှင့် ရန်သူဖြစ်မသွားဘဲ ဖြည်းဖြည်းချင်း အကွက်ချ တိုက်ခိုက်သွားရန် အချိန်တန်ပြီ ဖြစ်၏။

ခြေလှမ်းချင်း စီစဉ်သွားမည်ဆိုလျှင် မကြာမီ မြေကမ္ဘာ အင်မော်တယ် စံအိမ်က အင်မော်တယ်တစ်သောင်း နန်းတော်ကို တစ်ခုလုံး ဝါးမြိုပစ်လိုက်လိမ့်မည်။

'ကူရှောက်ခွန်းကတော့ အစပျိုးခြင်းပဲ၊ နောက်တစ်ဆင့်မှာ အင်မော်တယ်တစ်သောင်း နန်းတော်က မူလဝိညာဉ်အဆင့် ဘိုးဘေးတွေကို ဖြေရှင်းရမယ်’

စုယွီက ထိုအတွေးကို ခေတ္တ ဖယ်ရှားလိုက်၏။

သူ့တွင် ယခုလောလောဆယ်၌ ထိုကိစ္စများကို လုပ်ဆောင်ရန် အချိန်မရှိသေးပေ။

မူလက သူသည် မိစ္ဆာ ဒီရေလှိုင်းကြီး မည်သို့ ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ ယခုမူ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် ကျင့်ကြံခြင်း ကမ္ဘာ၏ တုံ့ပြန်မှုမှာ အတော်လေး ခိုင်မာနေသည်။

နယ်မြေ အနှံ့ ပျံ့နှံ့မှု မများသလို ဆုံးရှုံးမှုများလည်း မများလှပေ။

ထို့ကြောင့် ခေတ္တမျှ စိတ်ချထားနိုင်၏။

သူ့၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီမှာ အင်မော်တယ်တစ်သောင်း နန်းတော်သို့ သွားရောက်ထားသည် ဖြစ်သည့်အတွက် သူ့ကို ခေတ္တမျှ တွေ့ဆုံနိုင်မည် မဟုတ်ပေ။

စုယွီက လက်ကို ဝှေ့ယမ်းကာ ထျန်းပေါင်ကုန်သွယ်ရေး အသင်းမှ စစ်သားရုပ်သေးတပ်ဖွဲ့ကို မှော်လက်နက် နန်းတော်ထဲသို့ သိမ်းလိုက်ပြီးနောက် နန်းတော်၏ အဓိက တောင်ထိပ်ဆီသို့ ဦးတည်သွားသည်။ ယခုအခါ မြေကမ္ဘာ အင်မော်တယ် စံအိမ် တံခါးဝ၌ လစ်လပ်နေသော နေရာများစွာ ရှိနေပြီး အကြီးအကဲများ နှင့် တပည့်များမှာ တပ်မတော်ဖွဲ့ကာ မိစ္ဆာမျိုးနွယ်စုတို့၏ ရေလှိုင်းကြီးကို သုတ်သင်ရန် စစ်မျက်နှာသို့ ထွက်ခွာသွားကြလေပြီ။

အဓိက တောင်ထိပ်သို့ ရောက်ရှိသွားသည်တွင် တပည့်အချို့ကိုသာ သူ တွေ့လိုက်ရသည်။

အုပ်ချုပ်ရေး ခန်းမ၏ အကြီးအကဲဖြစ်သူ အရှင်သခင် ချန်ပိုင်ယွီမှာ အင်မော်တယ် ဂိုဏ်းချုပ်ကြီး၏ ခန်းမမှ ထွက်လာရင်း စုယွီကို တွေ့လိုက်ရ၏။ သူက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အံ့ဩပျော်ရွှင်စွာဖြင့် အလျှင်အမြန် လာရောက် နှုတ်ဆက်သည်။ “အကြီးအကဲ စု... ခရီးသွားရင်း ပြန်ရောက်လာပြီပေါ့။ အကြီးအကဲကို မတွေ့ရတာ ကြာပြီနော်။”

စုယွီက ပြုံး၍ ခေါင်းညိတ်သည်။ “အကြီးအကဲ ပိုင်ယွီ... နန်းတော်သခင် အထဲမှာ ရှိလား။”

ချန်ပိုင်ယွီက အမြန် ပြန်ဖြေသည်။ “ရှိပါတယ်၊ ရှိပါတယ်။ အထဲမှာပဲ။ အကြီးအကဲ စု... ဒီဘက်ကို ကြွခဲ့ပါ။”

စုယွီ အင်မော်တယ် ဂိုဏ်းချုပ်ကြီး၏ ခန်းမထဲ ဝင်သွားသည်ကို ကြည့်ပြီးနောက် ချန်ပိုင်ယွီ၏ မျက်ဝန်းတို့မှာ နက်ရှိုင်းစွာ တွေးတောနေမိ၏။ သူ ခေတ္တမျှ ရပ်စောင့်နေပြီးနောက်တွင်တော့ တစ်ဖက်သို့ လှည့်ထွက်သွားတော့၏။

အကြီးအကဲ စု။

နောက်ဆုံးတော့ ပြန်ရောက်လာပြီပင်

ဒါဆိုလျှင် အခြားသော အင်မော်တယ် ဂိုဏ်းများကကော ဤကာလအတွင်း ပြုလုပ်နေသကဲ့သို့ ဆက်လက်၍ မာန်ပါနေကြဦးမည်လော။

ထိုသို့ တွေးလိုက်မိသည်နှင့် ချန်ပိုင်ယွီ၏ ရင်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာတော့၏။

စုယွီက အင်မော်တယ် ဂိုဏ်းချုပ်ကြီး၏ ခန်းမထဲသို့ ဝင်သွားပြီး မကြာမီမှာပင် ပုံရိပ်တစ်ခု လျှပ်ခနဲ ရောက်ရှိလာ၏။

ဖန်ရှောင်၏ မျက်နှာမှာ ပြန်ရောက်လာသော စုယွီအား မြင်လိုက်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

“ဦးလေးငယ်... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။”

သူမက အံ့ဩစွာဖြင့် အော်လိုက်၏။

စုယွီက ဖန်ရှောင်အား လေးစားစွာ နှုတ်ဆက်သည်။

“နန်းတော်သခင်။”

ဖန်ရှောင်က သူ၏ လက်မောင်းကို တွဲကိုင်ကာ ဘေးရှိ လက်ဖက်ရည်စားပွဲဆီသို့ ခေါ်ဆောင်သွားသည်။ မူလက ဖန်ရှောင်မှာ သူ၏ အခက်အခဲများကို စုယွီအား ရင်ဖွင့်ကာ တောင်ပေါ်တွင် အခြေချနေထိုင်ရန် တိုက်တွန်းလိုစိတ် ရှိနေခဲ့သည်။

သို့သော် သူစကား မပြောရသေးခင်မှာပင် စုယွီက စတင် စကားဆိုလာသည်။

“ငါ ဒီတစ်ကြိမ် ပြန်လာတာက မိစ္ဆာမျိုးနွယ်စုရဲ့ ရေလှိုင်းကြီးအကြောင်း ကြားလို့ စိတ်ပူပြီး ကြည့်ရှုဖို့ပါ။”

“ဒါပေမဲ့ ငါ အခုလေးတင် သိလိုက်ရတာက ယ်ွီခယ်အာ ကွယ်လွန်သွားပြီတဲ့။ မိသားစုရဲ့ သင်္ချိုင်းမှာ မြေမြှုပ်ထားတယ် ဆိုတာကိုလေ။”

“ဒါကြောင့် နန်းတော်သခင်ဆီကနေ ခွင့်ပြုချက် တောင်းဖို့ လာတာပါ။ ငါ အဲ့ဒီနေရာကို ပြန်သွားရလိမ့်မယ်။”

ဖန်ရှောင် အံ့အားသင့်သွား၏။

ယ်ွီခယ်အာ ဆိုသည်မှာ ဦးလေးငယ်၏ ပြင်ပ ကမ္ဘာ (တာ့ယွဲ့) ၌ ရှိနေသော တာအို လက်တွဲဖော် မဟုတ်ပါလော။

*

ခဏအကြာတွင်ကား။

စုယွီသည် နှုတ်ဆက် ထွက်ခွာလာခဲ့လေပြီ။ သူ၏ ဘေးတွင် ကောင်းကင် မိုးကြိုး ကြွက် မိစ္ဆာဘုရင်နှင့် မိစ္ဆာ သားရဲ အုပ်စုကြီး ခြံရံ လိုက်ပါလာကြပြီး မြေကမ္ဘာ တောင်တန်း အင်မော်တယ် မြို့ကို ဖြတ်သန်းကာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ဆီသို့ တိုက်ရိုက် ဦးတည် ချီတက်သွားတော့သည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အတွင်းရှိ ယွင်ရှောင် ဆေးလုံးစံအိမ်ကြီးမှာ တံခါးများ ပိတ်သိမ်းထားခဲ့သည်မှာ ကာလ အတန်ကြာမြင့်နေခဲ့ချေပြီ။

ထို့ကြောင့် စုယွီသည် အချိန်ဆွဲ တုံ့ဆိုင်းမနေတော့ပေ။ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်မှ ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့သော အရပ် တစ်ခုဆီသို့ တိုးဝင် သွားလိုက်၏။ ထိုမှတစ်ဆင့် မဟာ ဟင်းလင်းပြင် တာအို၏ စွမ်းအားကို လှုံ့ဆော် အသုံးပြုကာ ပိုင်ဟွာ ဂိုဏ်း၏ လျှို့ဝှက် ဂူကောင်းကင် နယ်မြေဆီသို့ လျှပ်တစ်ပြက် ကူးပြောင်း သွားလေတော့သည်။

စုယွီ တစ်ယောက် တာ့ယွဲ့ နယ်မြေဆီသို့ အပြေးအလွှား ပြန်လည် ရောက်ရှိနေချိန် တစ်ပြိုင်နက်တည်းမှာပင် အင်မော်တယ် တစ်သောင်း နန်းတော် ၌ကား။

မိစ္ဆာ မျိုးနွယ်စုကြီး၏ ကြမ်းကြုတ် ရက်စက်သော ဒီရေလှိုင်းကြီးများ အဆက်မပြတ် ထွက်ပေါ်လာရာ ဟင်းလင်းပြင် လမ်းကြောင်းနှင့် မိုင်ပေါင်း (၁၀၀၀၀) ပင် မကွာဝေးသော နေရာ တစ်ခု ၌။

ထိုအရပ်ဆီသို့ ယခုလေးတင်မှ ဆိုက်ရောက်လာသော တာအိုဆရာ ထျန်းယွီ တစ်ယောက် ရုတ်တရက်..အင်မော်တယ် တစ်သောင်း နန်းတော်မှ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ အချို့၏ ထက်ကြပ်မကွာ ဝိုင်းရံ ပိတ်ဆို့ခံလိုက်ရလေတော့သည်။

All Chapters