← Chapters

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း (၈၄၂) - မျက်နှာဖုံးကို ဆွဲခွာခြင်း၊ နတ်မိမယ် ဖုန်းလင်၏ အိပ်မက်ဆိုး

ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ တာအိုဆရာ ထျန်းယွီအား အရှင်သခင် ယွမ်ရှို့ ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ တာအိုကိုယ်ပွားသည် ယနေ့တိုင်အောင် မြေကမ္ဘာအင်မော်တယ်စံအိမ်၌ အကျဉ်းချခံထားရဆဲ ဖြစ်သောကြောင့်တည်း။

အရှင်သခင် ယွမ်ရှို့၏ မျက်လုံးများမှ အေးစက်သော အလင်းရောင်များ ဖြာထွက်လာ၏။ ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း အရှိန်အဝါများက သူ၏အရှေ့တွင် ရပ်နေသော တာအိုဆရာ ထျန်းယွီထံသို့ တင်းကျပ်စွာ ဖိနှိပ်ထားလိုက်၏။

သူတို့၏ ပတ်ပတ်လည်တွင် အင်မော်တယ် တစ်သောင်းနန်းတော်မှ အခြားသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် လေးပါးက ဝန်းရံထားပြီး တာအိုဆရာ ထျန်းယွီအား အလယ်ဗဟို၌ ပိတ်လှောင်ထားသည်။

တာအိုဆရာ ထျန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်၏။

"အရှင်သခင် ယွမ်ရှို့... ခင်ဗျား ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ..."

အရှင်သခင် ယွမ်ရှို့က အေးအေးဆေးဆေးပင် တုံ့ပြန်လာ၏။

"ကျွန်မတို့ ဘာမှ လုပ်ဖို့ အကြံအစည် မရှိပါဘူး... တာအိုဆရာ ထျန်းယွီဆိုတာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ ရှားပါးလှတဲ့ ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီး တစ်ပါးလေ... ဒါ့အပြင် ဆေးပညာရှင်၊ အင်းကွက်ပညာရှင်နဲ့ လက်နက်ဖန်တီးသူ တစ်ဦးလည်း ဖြစ်သေးတယ်... အခုလို မိစ္ဆာမျိုးနွယ်စုတွေ ရိုင်းစိုင်းကြမ်းကြုတ်နေတဲ့ အရေးကြီး အချိန်ကာလမှာ ကျွန်မတို့ အင်မော်တယ် တစ်သောင်းနန်းတော်က တာအိုမိတ်ဆွေကို ဒီမှာပဲ နေပြီး မိစ္ဆာတွေကို နှိမ်နင်းရာမှာ ခွန်အားတွေ ကူညီပေးဖို့ တောင်းဆိုချင်ရုံပါ..."

တာအိုဆရာ ထျန်းယွီက အရှင်သခင် ယွမ်ရှို့အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

"အင်မော်တယ် တစ်သောင်းနန်းတော်ကသာ ဒီလိုလုပ်ရဲရင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝ ပြတ်သွားလိမ့်မယ်..."

သို့သော် အရှင်သခင် ယွမ်ရှို့က နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ချိတ်ဆွဲလျက် ရယ်မောလိုက်သည်။

"အင်မော်တယ် တစ်သောင်းနန်းတော်က ဘာများ လုပ်လို့လဲ... ရှင်တို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား... ကျွန်မတို့ အင်မော်တယ် တစ်သောင်းနန်းတော်ကလည်း အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ခုပဲလေ..."

"ကျွန်မတို့ အင်မော်တယ် တစ်သောင်းနန်းတော်ကို လက်တစ်ဖက်ငှား ကူညီခိုင်းတာ ဘာများ မှားနေလို့လဲ... ဒါမှမဟုတ် ရှင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားကို အသုံးချပြီး ကျွန်မတို့ အင်မော်တယ် တစ်သောင်းနန်းတော် ခြေမွခံရတာကို လက်ပိုက်ကြည့်နေချင်တာလား..."

တာအိုဆရာ ထျန်းယွီ၏ အတွေးများက လျှပ်စီးပမာ ပြေးလွှားသွား၏။ အင်မော်တယ် တစ်သောင်းနန်းတော်သည် ကြယ်ခူးမျှော်စင်နှင့် လညွှန်နန်းဆောင်တို့မှ အခင်းအကျင်း ပညာရှင်များကို ပြန်လွှတ်ပေးမည့် အရိပ်အယောင်မျှ မပြသည့်အပြင် သူ့ကိုပါ ထိန်းသိမ်းထားရန် ကြံရွယ်လာသည်အထိ ရူးသွပ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိချေ။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် အင်မော်တယ် တစ်သောင်းနန်းတော်၏ ရည်ရွယ်ချက်က အဘယ်နည်း။

သူက တာအိုကိုယ်ပွား တစ်ခုကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဤတာအိုကိုယ်ပွားသည် အရှင်သခင် ယွမ်ရှို့ကဲ့သို့ အကျဉ်းချခံရလျှင်ပင် မြေကမ္ဘာအင်မော်တယ်စံအိမ်အတွက် ဆုံးရှုံးမှု ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။

သို့ဖြစ်သော်ငြားလည်း အင်မော်တယ် တစ်သောင်းနန်းတော်၏ ဤလုပ်ရပ်က မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် ဆက်ဆံရေး ပြန်လည်ကုစား၍ မရနိုင်အောင် ပျက်စီးသွားစေလိမ့်မည်။

'အင်မော်တယ် တစ်သောင်းနန်းတော်က ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို မျက်နှာအပျက်မခံရဲဘူးလို့ တွေးပြီး ဒီခါးသီးတဲ့ ရှုံးနိမ့်မှုကို တိတ်တဆိတ် အောင့်အည်းသွားလိမ့်မယ်လို့ လောင်းကြေးထပ်နေတာလား...'

တာအိုဆရာ ထျန်းယွီက ရင်တွင်း၌ တွက်ကိန်းထုတ်လိုက်၏။

'မိစ္ဆာမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှု ခြိမ်းခြောက်နေတဲ့ အရေးကြီး အချိန်ကာလမှာ ပြည်တွင်းစစ်ကို ဖန်တီးတဲ့သူတိုင်းက တာ့ချန်ကျင့်ကြံခြင်းကမ္ဘာရဲ့ အပြစ်သား ဖြစ်လာလိမ့်မယ်...'

'မြေကမ္ဘာအင်မော်တယ်စံအိမ်နဲ့ အင်မော်တယ် တစ်သောင်းနန်းတော်တို့ အချင်းများပြီး မိစ္ဆာမျိုးနွယ်စုတွေက ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို သောင်းကျန်းသွားမယ် ဆိုရင်... မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ ရပ်တည်မှုက အန္တရာယ်ရှိလာပြီး တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာလည်း တည်မြဲနိုင်တော့မှာ မဟုတ်ဘူး...'

'သေချာတာကတော့ အင်မော်တယ် တစ်သောင်းနန်းတော်က ဒါကို အခွင့်ကောင်းယူပြီး အခုလို အတင့်ရဲနေတာပဲ...'

သို့ဆိုလျှင် မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် မည်သို့ တုံ့ပြန်သင့်ပါသနည်း။

တစ်ဖက်တွင် တာအိုဆရာ ထျန်းယွီ၏ တာအိုကိုယ်ပွားက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ခေါင်းမာစွာ မခုခံတော့ရန် ရွေးချယ်လိုက်လေ၏။ မည်သို့ပင်ဖြစ်စေ မိစ္ဆာသားရဲများကို ရင်ဆိုင်ရခြင်းသာ ဖြစ်ရာ အချိန်တိုအတွင်း ထိုမျှ လွယ်လွယ်ကူကူနှင့် သေဆုံးသွားမည် မဟုတ်ချေ။

အခြားတစ်ဖက်တွင်မူ သူ၏ ခန္ဓာကိုယ် အစစ်အမှန်က အင်မော်တယ်ဂိုဏ်းထံသို့ ဤဖြစ်ရပ်ကို သတင်းပို့လိုက်တော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုလုံး ဒေါသမီးများ တောက်လောင် ပွက်လောရိုက်သွားတော့၏။

...

တာ့ယွဲ့ နယ်မြေ။

စုယွီ၊ စုဇီ၊ နတ်မိမယ် ကုယွဲ့၊ အရက်ကြမ်းတာအိုဆရာမလေး နှင့် စုမိသားစုမှ ပါရမီရှင် လူငယ်နှစ်ဦးတို့သည် တာ့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက် ဂူကောင်းကင် နယ်မြေ အတွင်းမှ ထွက်ခွာလာကြ၏။

လူငယ်နှစ်ဦးစလုံးမှာ အသက်အရွယ် နုနယ်ပျိုမြစ်သေးပြီး အသက် (၅၀) ပင် မပြည့်ကြသေးချေ။

သို့သော် သူတို့နှစ်ဦးစလုံးက မြေကမ္ဘာအဆင့် ဝိညာဉ်ကြောများကို ပိုင်ဆိုင်ထားကြသဖြင့် သူတို့၏ ကျင့်ကြံခြင်းများက အမြုတေတည်ဆောက်ခြင်းအဆင့်၏ ပထမအလွှာသို့ပင် ချိုးဖြတ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။

တစ်ဦး၏ အမည်မှာ စုချင်းရှန်း ဖြစ်ပြီး အခြားတစ်ဦးမှာ စုရိဟယ် ဖြစ်သည်။

မျိုးဆက်အရ တွက်ကြည့်မည်ဆိုလျှင် သူတို့သည် စုယွီ၏ မြစ်များနှင့် တီများပင် ဖြစ်သည်။

ယခုအခါ စုမိသားစု၏ ဘိုးဘေးကြီးများမှာ နှစ်ဦးတည်းသာ ကျန်ရှိတော့၏။ တစ်ဦးမှာ အမြင့်မားဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ.. သူ၏ မှန်းဆရခက်သည့် တာအိုပုံရိပ်ကို စုမိသားစု မျိုးဆက်များက ကြည်ညိုလေးစားကြသည့် စုယွီ ပင်။

အခြားတစ်ဦးမှာမူ မူလဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး သူမ၏ သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့သော စုဇီ ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း မူလဝိညာဉ်အဆင့်သို့ ရောက်ရှိလာချိန်တွင်တော့ စုဇီ၏ ပါရမီစွမ်းရည်များက အနည်းငယ် လိုအပ်ချက် ရှိနေသည်မှာ သိသာထင်ရှားလှသည်။

စုယွီ ထောက်ပံ့ပေးထားသော အလွန်ကောင်းမွန်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိနေသည့်တိုင်အောင် သူမ၏ ကိုယ်ပိုင် တိုးတက်မှုက ကြီးကြီးမားမား မရှိခဲ့ပေ။ ထို့ပြင် သူမ၏ အသက်အရွယ် ကြီးရင့်လာမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ သက်တမ်းအတွင်း မူလဝိညာဉ်အဆင့် အလယ်အလတ်အဆင့်သို့ ချိုးဖြတ်နိုင်မည်လား ဆိုသည်မှာ သံသယဖြစ်ဖွယ် ကောင်းနေတော့၏။

ထိုသို့ဖြစ်နေလင့်ကစား စုဇီသည် ယခုအချိန်တွင် စုယွီမှလွဲ၍ မူလဝိညာဉ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သော စုမိသားစု၏ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။

ဝိညာဉ်လှေပျံပေါ်တွင် စုယွီက သူ၏အရှေ့ရှိ စုချင်းရှန်း အမည်ရ လူငယ်လေးအား အနည်းငယ် မှင်သက်နေသည့် အမူအရာဖြင့် ကြည့်နေမိ၏။ အကြောင်းမူကား ထိုလူငယ်လေးသည် ယခင် မိသားစုဝင် တစ်ဦးဖြစ်သော စုချင်းယီ နှင့် အနည်းငယ် ဆင်တူနေသော

ကြောင့်ပါ။

သူ၏ ပြောင်းလဲသွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ စုဇီက တိုးတိုးလေး ကပ်ပြောလိုက်၏။

"ချင်းရှန်းက ချင်းယီရဲ့ မျိုးဆက်က လာတာလေ..."

[ချင်းယီက စုချင်းယီပါ။ ]

စုယွီက အကြည့်လွှဲလိုက်ပြီး အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စုဇီအား မေးလိုက်၏။

"အစ်မ... ဒီကမ္ဘာကြီးမှာ ဝင်စားတာ ဆိုတာကို ယုံလား..."

စုဇီမှာ ယခင်ကဲ့သို့ နုနယ်ပျိုမြစ်သော အသွင်အပြင်မျိုး မရှိတော့ဘဲ လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသော သူမ၏ အစိမ်းဖျော့ရောင် ဝတ်ရုံနှင့်အတူ လောကရေးရာများကို စွန့်ခွာထားသည့် အသက် (၃၀) အရွယ် နတ်သမီးလေး တစ်ပါးနှင့် ပိုတူနေလေပြီ။

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် စုဇီက ပြန်ဖြေလိုက်၏။

"ရှိကောင်း ရှိနိုင်ပါတယ်... တာအိုဆရာမ ချင်းချွမ်တောင် ဝင်စားပြီး ပြန်လာတဲ့ပုံ မပေါက်ဘူးလား..."

စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး ဆိုလိုက်၏။

"သူ့ကိစ္စက တကယ်တော့ ဝင်စားတာ မဟုတ်ပါဘူး..."

စုဇီ အံ့အားသင့်သွားပြီးနောက် ဆက်ပြောလိုက်၏။

"အင်း... အဲဒါ တကယ် ရှိနေဖို့ မျှော်လင့်ပါတယ်..."

စုချင်းရှန်းနှင့် စုရိဟယ်တို့သည် ကျင့်ကြံရန်အတွက် တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ၏ ဗဟိုနယ်မြေများသို့ စုဇီ၏ နောက်မှ လိုက်ပါသွားကြခြင်း ဖြစ်ပြီး ယေဘုယျအားဖြင့် ပိုင်ဟွာဂိုဏ်း အတွင်း၌ လေ့ကျင့်ကြမည် ဖြစ်သည်။

ဤသည်မှာ သူတို့နှင့် စုယွီ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။

သူ၏အရှေ့တွင် မလှုပ်မယှက် ရိုသေစွာ ထိုင်နေကြသော လူငယ်နှစ်ဦးကို ကြည့်ရင်း စုယွီ၏ ရင်ထဲတွင် လှုပ်ရှားသွားကာ သူတို့ကို လက်ယပ်ခေါ်လိုက်၏။

"ဒီကို လာကြ... မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေကို ငါ စစ်ဆေးကြည့်ရအောင်..."

ဝိညာဉ်လှေပျံက ဆေးလုံးတောင်တန်း သို့ ပြန်လည် ထွက်ခွာလာစဉ် စုယွီသည် လူငယ်နှစ်ဦး၏ ကျင့်စဉ်နှင့် ကျင့်ကြံခြင်းတို့ကို သေချာစွာ စစ်ဆေးခဲ့၏။ ထို့နောက် ဓာတ်ကြီးငါးပါး တာအိုနယ်မြေကို ထုတ်ဖော်၍ သူတို့ တစ်ဦးစီအတွက် သီးခြား ကျင့်ကြံခြင်း နေရာတစ်ခုကို ဖန်တီး

ပေးလိုက်သည်။

၎င်းမှာ သူတို့နှစ်ဦးအား သူ၏ တာအိုကို နားလည်စေရန် မဟုတ်ဘဲ တာအိုနယ်မြေ၏ ဖိအားမှတစ်ဆင့် ကျင့်ကြံခြင်းတွင် မှန်ကန်သော အခြေအနေကို ရှာဖွေနိုင်ရန်

တွန်းအားပေးကာ သူတို့၏ မြေကမ္ဘာအဆင့် ဝိညာဉ်ကြောများ၏ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိစေရန် ဖြစ်သည်။

ထိုဖိနှိပ်မှုအောက်တွင် တရားထိုင်စဉ်အတွင်း သူတို့သည် ဟန်ချက်ညီမှုကို ရှာဖွေရန် ကျင့်စဉ်များကို လည်ပတ်စေကာ လေ့ကျင့်မှုတွင် တိုးတက်လာစေမည် ဖြစ်၏။

အကယ်၍ စိတ်ကိုသာ တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး ထိုဖိအားအောက်တွင် ချီစွမ်းအားများကို ကျင့်ကြံနိုင်မည် ဆိုပါက လူငယ်နှစ်ဦး၏ အခြေခံအုတ်မြစ်သည် အသွင်ပြောင်း တိုးတက်မှု တစ်ခုကို သေချာပေါက် တွေ့ကြုံရမည်ပင်။

အမြုတေတည်ဆောက်ခြင်းအဆင့်တွင် လူတစ်ဦး ကျင့်ကြံရမည့်အရာမှာ မိမိ၏ ကိုယ်ပိုင် ချီစွမ်းအား အခြေခံအုတ်မြစ်ပင်။

နှမြောစရာ ကောင်းသည်မှာ ဤလူငယ်နှစ်ဦးသည် ရွှေအမြုတေများ မဟုတ်ဘဲ စစ်မှန်သော အမြုတေများကိုသာ စုစည်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

မူလဝိညာဉ်အဆင့်သို့ ရောက်ရှိမည့် သူတို့၏ အနာဂတ် အောင်မြင်မှုများကပင် ထူးကဲနေပြီ ဖြစ်သော်လည်း ဝိညာဉ်ခွဲထွက်အဆင့်အတွက် မျှော်လင့်ချက်ကတော့ နည်းပါးလှသည်။ အရာအားလုံးက သူတို့၏ ကိုယ်ပိုင် ကံကြမ္မာအပေါ်တွင်သာ မူတည်နေတော့၏။

All Chapters