အခန်း ၈၄၃
Vol. 57 Ch. 843
အခန်း (၈၄၃) - မျက်နှာဖုံးကို ဆွဲခွာခြင်း၊ နတ်မိမယ် ဖုန်းလင်၏ အိပ်မက်ဆိုး (၂)
အချိန်များက မြားတစ်စင်း လေခွင်းသလို ကုန်ဆုံးသွား၏။ စုယွီ၏ ပဉ္စမအဆင့် အနိမ့်ပိုင်း ဝိညာဉ်လှေပျံ၏ အရှိန်အဟုန်အောက်တွင် နေ့ဝက်ခန့် အကြာမှာပင် လူတိုင်းသည် ဆေးလုံးတောင်တန်း၏ အထက်သို့ ရောက်ရှိလာခဲ့ကြလေပြီ။ ဆေးလုံးတောင်တန်းမှ အဝင်အထွက် ပြုလုပ်နေကြသော ကျင့်ကြံသူများသည် ဝိညာဉ်လှေပျံ၏ ကြောက်မက်ဖွယ် ဖိနှိပ်မှု အရှိန်အဝါကို ခံစားလိုက်ကြရသည်။
သူတို့က မော့ကြည့်လိုက်ရုံမျှ ရှိသေးသော်လည်း ကောင်းကင်ထက်မှ ဝိညာဉ်လှေပျံက အရိပ်အယောင်ပင် မချန်ဘဲ ပျောက်ကွယ်သွားခဲ့၏။ ထိုကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် အရှိန်အဝါနှင့် ဝိညာဉ်ဖိအားများလည်း လွင့်စင်ပျောက်ကွယ်သွားတော့၏။
သို့ရာတွင် စုယွီက ဝိညာဉ်လှေပျံကို ပြန်လည်သိမ်းဆည်းလိုက်ပြီး စုဇီ၊ စုချင်းရှန်းနှင့် အခြားသူများကို ဦးဆောင်ကာ စု မျိုးနွယ်စုနယ်မြေအတွင်းသို့ ဝင်ရောက်လာချိန်၌ ဖြစ်၏။ တောင်အနောက်ဘက်ရှိ သင်္ချိုင်းသို့ သွားရောက်ကာ ယွီခယ်အာအား ဂါရဝပြုရန် ရည်ရွယ်ထားသော်လည်း သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
နေမင်းကြီးက ဝင်လုဆဲဆဲ ကောင်းကင်ယံထက်တွင် တွဲလွဲခိုနေ၏။ ရွှေရောင် ရောင်ခြည်များက တောင်တန်းများနှင့် လွင်ပြင်များကို ဖုံးလွှမ်းနေသော ဝိညာဉ်အပင်များပေါ်သို့ ဖြာကျနေ၏။
တောင်အနောက်ဘက် သင်္ချိုင်းသို့ သွားရာ လမ်းပေါ်တွင် စုယွီက စုဇီနှင့် အခြားသူများကို ဦးဆောင်ကာ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်လိုက်သည်။
သူ၏ အကြည့်များက အေးစက်စူးရှနေပြီး အရှေ့ဘက်ရှိ သင်္ချိုင်းမြေကို အချိန်အတန်ကြာ စိုက်ကြည့်နေတော့၏။
စုဇီ၊ နတ်မိမယ် ကုယွဲ့နှင့် အရက်ကြမ်း တာအို ဆရာမလေး တို့အားလုံး ကိုယ်ခန္ဓာများ တောင့်တင်းသွားကြ၏။ တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကို ရိပ်မိလိုက်သဖြင့် သူမတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများကို တိတ်တဆိတ် စုစည်းလိုက်ကြသည်။
စုယွီက အရှေ့ဘက်ရှိ သင်္ချိုင်းရှုခင်းကို စူးစိုက်ကြည့်နေပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"တာအိုမိတ်ဆွေ ဖုန်းလင်... မင်းက မီးဖီးနစ် ကောင်းကင် နန်းတော်ရဲ့ တာအိုမျိုးစေ့ တစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန် နေနေတာကို... ဘာဖြစ်လို့ ငါ့စုမိသားစု သင်္ချိုင်းထဲမှာ လူတွေနဲ့အတူ ပုန်းအောင်းနေရတာကို သဘောကျနေရတာလဲ..."
“ဝှီး…”
သူတို့အရှေ့ရှိ တည်ငြိမ်နေသော ဟင်းလင်းပြင်က ရုတ်တရက် လှိုင်းထသွား၏။ နောက်တစ်စက္ကန့်မှာပင် ပုံရိပ်များ တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာကာ စုယွီ၊ စုဇီ၊ နတ်မိမယ် ကုယွဲ့နှင့် အခြားသူများကို ဝန်းရံလိုက်ကြတော့၏။
ထူးခြားသော အခင်းအကျင်း အလံများပင် စိုက်ထူထားကြလေပြီ။ မဟာအခင်းအကျင်းကြီး တစ်ခု အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီး၏ ဟင်းလင်းပြင်က ရုတ်ချည်း တုန်ခါသွား၏။ အထူးစွမ်းအားတစ်ခုက ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို အဆပေါင်းများစွာ ပိုမို တည်ငြိမ်သွားစေသည့်အလားပင်။ ကောင်းကင်နှင့် မြေကြီးကို ချိတ်ပိတ်လိုက်လေပြီ။
စုယွီ မော့ကြည့်လိုက်သောအခါ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးကို မြင်တွေ့လိုက်ရသည်။ နှစ်ပါးက ကနဦး အဆင့်မှာ ရှိပြီး တစ်ပါးမှာ စတုတ္ထအလွှာ အလယ်အလတ်အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်ပုံ ရ၏။ သူတို့၏ စစ်မှန်သော တာအိုကိုယ်ပွားများနှင့်အတူ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားခြင်း ဖြစ်သည်။
အရှေ့ဘက်တွင် ပဉ္စမအဆင့် အခင်းအကျင်း နှစ်ခုကို ခင်းကျင်းထားပြီး စုယွီ ကျော့ကွင်းထဲသို့ ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ သို့သော် သူ သတိထားမိသွားမည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့ကြောင့် ထိုလူများမှာ အခင်းအကျင်းဖြင့် ဖိနှိပ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပြီး အတင်းအကျပ် အင်အားသုံး၍ လှုပ်ရှားလာရတော့၏။
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးက ဝိုင်းရံလိုက်ပြီးနောက် သင်္ချိုင်းသို့ သွားရာ လမ်းကလေးပေါ်တွင် အလွန် လှပ အထက်တန်းကျသော ပုံရိပ်တစ်ခုက ခြေဗလာဖြင့် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ မြေပြင်မှ တစ်ပေခန့် အကွာတွင် လွင့်မျောနေပြီး ပန်းရောင်ဖျော့ဖျော့ ဝတ်ရုံလေးက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသည်။ မူလဝိညာဉ်အဆင့် သတ္တမအလွှာ၏ အရှိန်အဝါများကို နည်းနည်းမျှပင် ဖုံးကွယ်ထားခြင်း မရှိချေ။
အတော်အတန် အားကောင်းသော မူလမီးတောက် တာအို နယ်မြေ စွမ်းအားက ကောင်းကင်နှင့် မြေကမ္ဘာ၏ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
စုဇီ၏ ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားမှုနှင့် နှိုင်းယှဉ်လျှင် နတ်မိမယ် ဖုန်းလင်သည် သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိပေ။ သူမ၏ အသားအရေက နှင်းပွင့်များပမာ ဖြူဖွေးနေဆဲ ဖြစ်ပြီး ခပ်ရေးရေး အနီရောင်အလင်းများပင် ဖြာထွက်နေ၏။ မြူခိုးများကဲ့သို့ အင်မော်တယ် အလင်းတန်းများက သူမ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေပြီး နောက်ဘက် ကောင်းကင်ယံတွင် ကောက်ကြောင်းတစ်ခုကို ဖန်တီးထားသည်။ မြေကမ္ဘာကို အပေါ်စီးမှ ကြည့်ရှုနေသော မီးလျှံဖီးနစ်ငှက်ကြီး၏ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
စုယွီနှင့် အခြားသူများထံ ချဉ်းကပ်လာရင်း နတ်မိမယ် ဖုန်းလင်က စုယွီနှင့် စုဇီတို့ကို ကြည့်လိုက်၏။ အထူးသဖြင့် စုယွီကို ဖြစ်သည်။ သူမက ပါးစပ်ကို ကွယ်ကာ လှောင်ပြောင်သည့် အရိပ်အယောင်ဖြင့် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဆိုလိုက်၏။
"တာအိုမိတ်ဆွေစု... နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့ပြီနော်... ထျန်းဖုန်းနန်းတော် အပျက်အစီးနယ်မြေမှာ ကျွန်မတို့ နောက်ဆုံး ဆုံတွေ့ခဲ့ပြီးကတည်းက ဘေးကင်းလုံခြုံစွာ ရှိနေရဲ့လား..."
သို့သော် စုယွီက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"မလုံခြုံပါဘူး... ပြဿနာကြီးကြီး ကြုံနေရတယ်..."
နတ်မိမယ် ဖုန်းလင်က တခစ်ခစ် ရယ်မောလိုက်ပြီး မေးလိုက်၏။
"ဘာလဲ... တာအိုမိတ်ဆွေစု နောင်တရနေပြီလား..."
"ရှင် အခု နောင်တရတယ် ဆိုရင်တောင် ထျန်းဖုန်းနန်းတော်ကနေ ရှင် ရခဲ့တဲ့ အမွေအနှစ်တွေနဲ့ အခွင့်အရေးတွေကို လွှဲပြောင်းပေးလို့ ရသေးတယ်..."
"ကျွန်မတို့ရဲ့ အတိတ်က အကြောင်းတွေကို ထောက်ထားပြီး တာအိုမိတ်ဆွေစုကို အသက်ရှင်ဖို့ လမ်းစတစ်ခု ကျွန်မ ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်..."
စုယွီက စိတ်ဝင်စားသွားသည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
"ဘယ်လို အသက်ရှင်ဖို့ လမ်းစမျိုးလဲ..."
နတ်မိမယ် ဖုန်းလင်၏ မျက်လုံးများက သဘောကျမှုကြောင့် အရောင်လက်သွားပြီး သူမ၏ ရဲရဲနီသော နှုတ်ခမ်းအစုံ ပွင့်ဟသွားသည်။
"ကျွန်မရဲ့ လက်အောက်ခံ ဖြစ်လာပြီး အခုကစလို့ ကျွန်မရဲ့ အမိန့်ကိုပဲ နာခံရမယ်..."
စုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နတ်မိမယ် ဖုန်းလင် ဘာကြောင့် ဤနေရာတွင် ပေါ်လာကာ သူ့ကို စောင့်ကြိုနေရကြောင်း နားလည်သွားတော့၏။ သူမက ယွီခယ်အာ သေဆုံးသွားကြောင်းကို သိထားပြီး သူ သေချာပေါက် လာရောက် ဂါရဝပြုမည်ကို ရိပ်မိထားခဲ့ခြင်း ဖြစ်ရမည်။ သို့ကြောင့် ဒီနေရာကို အထူးတလည် လာရောက် စောင့်ဆိုင်းနေခဲ့ခြင်းကိုး။
ဒီအရာအားလုံးက ထျန်းဖုန်းနန်းတော်က အခွင့်အရေးအတွက်နဲ့... တန်လို့လား။
ထို့အပြင် တစ်ဖက်လူသည် ထိုအချိန်က သူ ဖြစ်ကြောင်း အသေအချာ သိခဲ့မည် မဟုတ်ချေ။ သူတို့က ခန့်မှန်းရုံသာ ခန့်မှန်းခဲ့ခြင်းသာ။ သို့သော် ခန့်မှန်းချက် တစ်ခုတည်းကပင် သူ့ကို ခြုံခိုတိုက်ခိုက်ရန်အတွက် မီးဖီးနစ် ကောင်းကင် နန်းတော်မှ အရှင်သခင်ကြီး သုံးပါးကို ခေါ်ဆောင်လာရန် လုံသော တွန်းအား ဖြစ်စေခဲ့လေပြီ။
ဤမိန်းမက ရက်စက်ရန် လုံးဝ ဝန်မလေးချေ။
"ဟူး..."
စုယွီက နတ်မိမယ် ဖုန်းလင်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ငါ.. မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့သားပဲ... တာအိုမိတ်ဆွေ ဖုန်းလင် မင်းက ဘယ်လိုလုပ် သေခြင်းနဲ့ ရှင်ခြင်းကို ဒီတောင် နားမလည်နိုင်ရတာလဲ..."
"မင်းသာ ကျုပ်ကို တောရိုင်းထဲမှာ ခြုံခိုတိုက်ခိုက်ခဲ့မယ် ဆိုရင်... ကျုပ်တို့ရဲ့ အတိတ်ကို ထောက်ထားပြီး မင်းကို တစ်ခါ ခွင့်လွှတ်ပေးမိကောင်း ပေးမိလိမ့်မယ်..."
"ဒါပေမဲ့ မင်းက ဒီနေရာကို မလာသင့်ဘူး... ငါ့စုမိသားစုက သေဆုံးသွားသူတွေရဲ့ ငြိမ်းချမ်းမှုကို လာပြီး အနှောင့်အယှက် မပေးသင့်ဘူး..."
ထိုစဥ် နတ်မိမယ် ဖုန်းလင်၏ မျက်လုံးများထဲတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ပေါ်ထွက်လာ၏။
ထျန်းဖုန်းနန်းတော် အပျက်အစီးနယ်မြေရှိ ဖြစ်ရပ်များကို သူမ ပြန်လည် အမှတ်ရသွားသည်။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် သူမသည် ထိုသူ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး တစ်စက်ကလေးမျှပင် မရခဲ့ချေ။ အပျက်အစီးနယ်မြေထဲမှ ဖရိုဖရဲ ထွက်ပြေးခဲ့ရပြီး မီးဖီးနစ် ကောင်းကင် နန်းတော်သို့သာ ပြန်သွားခဲ့ရသည်။
သို့ရာတွင် နှစ်ပေါင်းများစွာ အံကြိတ်သည်းခံခဲ့ပြီးနောက် မီးဖီးနစ် ကောင်းကင် နန်းတော်၏ ဒုတိယမြောက် တာအိုမျိုးစေ့ ဖြစ်လာခဲ့ကာ နန်းတော်သခင်၏ ပလ္လင်နှင့် အနည်းငယ် ပိုမို နီးစပ်လာခဲ့လေပြီ။
သူမ၏ စိတ်နှလုံးထဲရှိ ထိုအားနည်းချက်ကို ပြုပြင်ရန်အတွက် ခြေတစ်လှမ်းသာ လိုတော့၏။ ထိုသို့ဆိုလျှင် မူလဝိညာဉ်အဆင့်၏ အထွတ်အထိပ်သို့ မကြာမီ ချိုးဖြတ်နိုင်မည် ဖြစ်ပြီး ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံခြင်းဆီသို့ တက်လှမ်းနိုင်မည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဘိုးဘေးကြီး သုံးပါးကိုပါ ကူညီရန် ခေါ်ဆောင်လာခဲ့ပြီးမှ... သူမ အောင်မြင်နိုင်ရမည်လေ။
"အဲဒီနေ့က တကယ်ပဲ တာအိုမိတ်ဆွေစု ဖြစ်နေခဲ့တာကိုး..."
နတ်မိမယ် ဖုန်းလင်က သူမ၏ အပြုံးကို ဖျောက်ဖျက်လိုက်ပြီး မျက်လုံးများ အေးစက်သွားကာ ပြောလိုက်၏။
"ဘယ်လိုလဲ တာအိုမိတ်ဆွေစု... မီးဖီးနစ် ကောင်းကင် နန်းတော်က အရှင်သခင် ဘိုးဘေးကြီး သုံးပါးရဲ့ လက်ထဲကနေ ရှင် တကယ်ပဲ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
စုယွီ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ထိုအခိုက်အတန့်မှာပင် နတ်မိမယ် ဖုန်းလင်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများ ထောင်ထသွားပြီး သေမတတ် အန္တရာယ်ကြီးတစ်ခု ကျရောက်လာပြီ ဖြစ်ကြောင်း ပင်ကိုယ်သိစိတ်အရ ခံစားလိုက်ရတော့၏။
“ဝရော …”
မည်သည့် သတိပေးချက်မှ မရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကြီး တစ်ခုက ရုတ်ချည်း ကျဆင်းလာတော့၏။
နတ်မိမယ် ဖုန်းလင် မြင်လိုက်ရသည်မှာ စုယွီ၏ ဖျော့တော့သော အပြုံးလေးတစ်ခုသာ ဖြစ်၏။ ထိုအပြုံးက အခြားသော ကျင့်ကြံသူများစွာ၏ အပြုံးထက် ပိုမို ဆွဲဆောင်မှု ရှိနေပြီး သူမ၏ ကိုယ်ပိုင် စိတ်နှလုံးကိုပင် အနည်းငယ် လှုပ်ခတ်သွားစေနိုင်စွမ်း ရှိသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူမ၏ ဝိညာဉ်က ကမ္ဘာကမ္ဘာကြီး တစ်ခုလုံး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရ၏။
နတ်မိမယ် ဖုန်းလင် မျက်ဖြူလန်သွားကာ မြေပြင်မှ တစ်ပေခန့်အကွာတွင် လွင့်မျောနေသော သူမ၏ ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ပျော့ခွေ လဲကျသွားပြီး သတိလစ်သွားတော့၏။